Monday, September 20, 2010

အုန်းထမင်း ဇာတ်လမ်း ...


မဆွိတီတို့ ငယ်ငယ်က ဆင်းရဲတယ်။ မိဘတွေက သားသမီးတွေ ပူဆာတဲ့ မုန့်တွေ ဘာတွေ ဝယ်မကျွေးနိူင်ဘူး ။ တစ်ခါတစ်လေများ အိမ်မှာ အုန်းထမင်းနဲ့ကြက်သားဟင်းချက်ပြီဆို မဆွိတီတို့ မောင်နှမတတွေ သိပ်ပျော်တာ။ အစားကောင်းစားရမှာကိုး။ အဖေ အုန်းသီးခြစ်၊ အုန်းနို့ညှစ် ပြီဆို မောင်နှမတစ်တွေ အနားမှာ တဝဲလည်လည်နဲ့။ အဲဒါဆို ခလေးတွေ ခဏသွားဆော့ကြချေအုံး။ ကျက်ရင်ခေါ်လိုက်မယ်ဆို ပြောရတယ်။ အုန်းထမင်း၊ ကြက်သားဟင်းဆိုတာ အင်မတန် စားရခဲပါဘိတောင်း။

မဆွိတီ၈တန်းလောက်ကျတော့ အဖေကရာထူးတက်လို့ နယ်ပြောင်းရင် သားသမီးတွေ ပညာရေး ကသိကအောက်ဖြစ်မှာကြောက်လို့ဆိုပြီး မြို့စွန်နားမှာ အိမ်လေးတစ်လုံးဝယ်တယ်။ အဲဒီအိမ်မှာ အုန်းပင်၁၀ပင်ပါတယ်။ အပင်ကြီး ၄-၅ပင်လောက်က အသီးတွေအရမ်းသီးတယ်။ အဲဒီထဲမှာ နဂဘာရီအုန်းလို့ခေါ်တဲ့ အုန်းပင်တစ်ပင်က အုန်းသီးအဝါရောင်လေးတွေ။ အဆီများပြီး အုန်းထမင်းချက်စားလို့ သိပ်ကောင်းတာ။ အုန်းထမင်းကြိုက်တဲ့မောင်နှမတွေနဲ့ အကိုက်ပေါ့။

အဲဒီမှာ အုန်းထမင်းချက်မယ်ဆို ဝါးလုံးရှည်တစ်ချောင်းနဲ့ အုန်းသီးတွေကို ထိုးချရတယ်။ အုန်းသီးကျလာပြီဆို မောင်လေးက ဓားမတစ်ချောင်းနဲ့ အုန်းသီးအခွံတွေခွါရတယ်။ မောင်လေးမရှိရင်တော့ တစ်ခါတစ်လေ ကိုယ့်ဟာကိုယ် ရအောင်ခွါတာပဲ။ စစချင်း ခွါရအလွန်ခက်တယ်။ နောက်ပိုင်းကျွမ်းလာတော့ လွယ်သွားရော။ ပြီးတော့ အုန်းသီးခွဲ၊ အုန်းသီးခြစ်၊ ဆောင့်ကြောင့်ထိုင်ပြီးခြစ်ရတဲ့ အုန်းခြစ်ကြီးနဲ့ ချွေးဒီးဒီးကျအောင် ခြစ်ရပြန်ပါရော။ ပြီးတော့ ရေနွေးပူပူနဲ့ ဆားနဲနဲရော၊ အညာလက်သုတ်ပုဝါသန့်သန့်နဲ့ အုန်းရေညှစ်ရပြန်တယ်။ အုန်းနို့ညှစ်ပြီးကာစဆို လက်ကလေးတွေကိုရဲလို့ ။ အပူလောင်တာလေ။ ပြီးတော့မှ အုန်းထမင်းချက်ပေါ့။ ဟမ်မလေး ... အုန်းထမင်းလေး စားဖို့အရေး ပင်ပန်းလိုက်ပါဘိတောင်း။

ဟော ... အခုစလုံးမှာကျတော့ အုန်းနို့ရယ်ဒီမိတ်ထုတ်လေးတွေ ပေါလိုက်တာ။ ဘယ်နားကကုန်စုံဆိုင်မှာမဆို သွားဝယ်လို့ရတယ်။ အုန်းထမင်းစားချင်ပြီဆို အောက်ထပ်က ကုန်စုံဆိုင်မှာသွားဝယ် ... ၅မိနစ်တောင်မကြာဘူး ... ဟပ်ချလောင်း ... ဆို အုန်းနို့ထုတ် ပျစ်ပျစ်မွှေးမွှေး နဲ့ချက်ပါလေ့ အုန်းထမင်း။

အဲလိုလွယ်တဲ့အချိန်လည်းကျရော အိမ်က သွေးတက်မှာကြောက်တဲ့ ဦးမောင်ခြိမ့်တို့ မောင်နှမက အုန်းထမင်းချက်ရင် သူတို့မစားဆိုတော့ ကိုယ့်မှာ တစ်ယောက်စာတည်း ချက်စားရမှာလဲပျင်းစရာ။ ကိုယ်ကိုတိုင်ကလဲ ပိန်ချင်ရက် စက်စက်ယိုနေသူဆိုတော့ အုန်းထမင်းကို တော်တော်နဲ့ ချက်မစားဖြစ်တော့ဘူး။ ဒီမှာ တခြားစားစရာတွေက များနေတော့ သိပ်အာသီသလဲထားမနေတော့ဘူးလေ။

အုန်းထမင်းနဲ့ပတ်သတ်ပြီး ကိုယ့်ဘဝရဲ့ အဖြစ်အပျက် အတွေ့အကြုံလေးကို တွေးမိလို့ ချရေးမိပါသည်။

===============================================================================
အပေါ်က ပို့စ်လေးက အရင် ၂နှစ်လောက်က ဖိုရမ်မှာတင်ဖူးတဲ့ ပို့စ်လေးပါ။
မနေ့က အိမ်မှာ အုန်းထမင်းချက်စားလို့ တိုက်ဆိုင်နေတာနဲ့ ပို့စ်အဟောင်းလေးပြန်ရှာ တင်ပေးလိုက်တာပါ။
အုန်းထမင်းချက်တယ်မှတ်လို့ လာကြည့်သူတွေအတွက် အုန်းထမင်း ချက်နည်း ဓာတ်ပုံရိုက်ထားတာလေးပါ ရှယ်ပေးလိုက်ပါတယ်။ အုန်းထမင်းချက်မစားတာ တစ်နှစ်ကျော်လောက် ရှိပြီထင်ပါရဲ့။ ဂျူဂျူလေးကြီးလာတော့ သားအမိ၂ယောက် အုန်းထမင်းချက်စားဖို့ အဖော်ရလာတယ်။ သူကကြိုက်တယ်လို့ မပြောပေမဲ့ ချက်ရင်တော့ စားပါတယ်။

အုန်းနိူ့ထုတ်အသေးဝယ် ။ တစ်ဝက်ကို ကြက်သွန်အလုံးကြီးကြီး၂လုံးကို အစိတ်လေးတွေ စိတ်ပြီး ဆီသတ်ပါတယ်။ ဆီ စားပွဲဇွန်း ၆ဇွန်းခန့်နဲ့ ကြက်သွန်တစ်ဝက်ကိုမွှေးနေအောင် ကျွတ်သည်အထိသတ်ပြီး၊ တစ်ဝက်ကို မနွမ်းတနွမ်းထားပါတယ်။

ဆန် ၃ခွက်ကို ရေဆေးပြီး စစ်ထားပါတယ်။ ပြီးတော့ အပေါ်ကနေ ကြက်သွန်နဲ့ အုန်းနိူ့ ဆီသတ်ထားတာရယ်၊ အုန်းနိူ့အကျန်ရယ်၊သကြားစားပွဲဇွန်းတစ်ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် ထည့်ပါတယ်။



ရေ ၄ခွက်ခွဲ (၂း၃) ထည့်မွှေပြီး ထမင်းပေါင်းအိုးနဲ့ ချက်ပါတယ်။


ချဉ်ပေါင်မျှစ်ကြော်၊ ကြက်သားဟင်း နဲ့ အုန်းထမင်းနဲ့ လိုက်တယ်။ ငါးခြောက်ထောင်းကြော်နဲ့လည်း စားလို့ကောင်းတာပဲ။ အိမ်မှာ မျှစ်မရှိလို့ ချဉ်ပေါင်ချည်း ဝယ်ကြော်လိုက်ရတယ်။

23 comments:

  1. ကြိုက်တယ်... အုန်းထမင်း... စားဖို့အဖော်မရှိရင် ပူးတေကို နောက်တခါခေါ်လိုက်လေ... လာစားမယ်... :)

    ReplyDelete
  2. တီဆွိ ကျနော့်စိတ်ကိုသိနေတာလားမသိဘူး အုန်းထမင်းစားချင်လို့ ချက်နည်းဘယ်နားက ယူရမလည်းတွေးနေတာ ..အတော်ပဲ

    ReplyDelete
  3. လုပ်စားကြည့်ဦးမှ.....:)

    စူးနွယ်လေး

    ReplyDelete
  4. ဒီလိုမှန်းသိ လာကူစားပါတယ်.. စောစောကပြောရောပေါ့ မမဆွိရယ်.. အုန်းထမင်းဆို အရမ်းကြိုက်ပဲ..

    ReplyDelete
  5. ကျေးဇူးပဲဗျို့  ၊ ချက်စားကြည့်ဦးမယ် ၊ ဆီဘယ်လောက်ထည့်ရမှာလဲ ဒံပေါက်ချက်နည်းအရင်ကပို.စ်မှာမတင်ဖူးသေးရင် ဒံပေါက်ချက်နည်းကိုတင်ပါဦးဗျို.

    တကယ့်ကို “မှတ်သားသွားပါတယ်။ နာယူသွားပါတယ်”

    ခင်တဲ့

    Z

    ReplyDelete
  6. ကိုဇက်
    ဆီစားပွဲဇွန်းနဲ့ ၆ဇွန်းလောက် ထည့်ပါတယ်။ ဆီများများ ကြိုက်တတ်ရင် ပိုထည့်ပါ။ (မဆွိတီချက်တာ ဆီသိပ်မများပါ။ )
    အပေါ်မှာ မေ့သွားလို့ ခုပြန်ထည့်လိုက်ပါတယ်။ ဆန် ၃ခွက်စာ အတွက်ပါ။

    ReplyDelete
  7. ကျေးဇူးပါ ၊ ကျွန်တော်က အုန်းထမင်းကို အိမ်မှာချက် ၊ ချဉ်ပေါင်ကျော်ကို ပင်နစူလာက၀ယ် ၊ ကြက်သားကိုကုလားဆိုင်က ၀ယ်ပြီးတော့မှ အမပို.စ်မှာတင်ထားတဲ့ပုံနဲ.နည်းနည်းတူပြီး စားလို.ကောင်းမယ်ထင်တယ် ၊ ချဉ်ပေါင်ကျော်ချက်ရတာ တယ်လက်ဝင်တာပဲ ၊ ချဉ်ပေါင်ရွက်ကို စင်အောင်တော်တော်ဆေးရတယ် ၊ ပင်နာစူလာမှာပဲ အကုန်ဝယ်စားလိုက်တာကမှအေးရော ကျွန်တော် ဟင်းချက်တယ် ဆိုတာက အပျော် နဲ. သန်.သန်.ရှင်းရှင်း စားရလို.ပါ ကျန်းမာရေးနဲ.လည်းညီညွတ်တယ် ၊ ၀ါသနာပါရင်ပေါ့လေ stress ကိုတကယ်လျော့စေပါတယ်


    ခင်တဲ့

    Z

    ReplyDelete
  8. တီဆွိ..ကူးလဲအုန်းထမင်းကြိုက်မှကြိုက်..
    သွေးတိုးနဲ့တော့ အန်ကိုက်ဘဲ..
    ကူးဆိုရင်အုန်းသီးခွဲအရမ်းကျွမ်းတာ.. ငယ်ငယ်ကတည်းက ခွဲခဲ့တာ
    အုန်းသီးထဲက အုန်းဆံစားချင်လို့...
    အုန်းနို့ဆီသတ်ထားတာထည့်ချက်ရမှန်းမသိဘူး..
    ကျေးဇူးဘဲ..ဒီအပတ်အုန်းထမင်းချက်ပီး potluck ယူသွားမယ်.း)))

    ReplyDelete
  9. ဆီ စားပွဲဇွန်း ၆ဇွန်းခန့်နဲ့ ကြက်သွန်တစ်ဝက်ကိုမွှေးနေအောင် ကျွတ်သည်အထိသတ်ပြီး၊ တစ်ဝက်ကို မနွမ်းတနွမ်းထားပါတယ်။......
    ပြီးတော. ၂မျိုးလုံး ထမင်းချက်တဲ.ထဲ ထည်.လိုက်လား

    ReplyDelete
  10. ဆီသတ်တာမွှေးအောင် တစ်ဝက်ကိုကျွတ်အောင်သတ်ပြီး ကျန်တာတွေကို ထမင်းထဲ ချိုအောင် ဆီသတ်လို့ကျက်ခါနီးမှ နွမ်းအောင်ထည့်ပါတယ်။ အစိမ်းအတိုင်းထည့်ရင်လဲ ကြက်သွန်က မအိပဲ မာနေမှာစိုးလို့ပါ။ ပြီးတော့ အားလုံးကို ထမင်းချက်တဲ့အထဲထည့်ပါတယ်။

    ReplyDelete
  11. နေ့ခင်းက တခါ လာဖတ်ပြီးပြီ... သဘောကျပြီး ပြန်သွားတယ်...
    ပြီးတော့ မဆွီတီရဲ့သူငယ်ချင်းပီပီ စိတ်ကြီးတယ်... ခုနကပဲ NTUC ကနေ အုန်းနို့အထုပ်ဝယ်လာခဲ့တယ်... ဘာရမလဲ...
    အဲ... သွေးတိုးမှာ ကြောက်တဲ့သူကိုတော့ မကျွေးပဲထားရုံပေါ့...
    ဟုတ်ဖူးလား...း))

    ReplyDelete
  12. ဟီးဟီ.
    မသက်ဝေပြောတာဖတ်ပြီးရယ်နေပါတယ်။
    အုန်းထမင်း မချက်တတ်လို့အတော်ပဲ မဆွီတီရေ..။
    ကျနော်ချက်ဖြစ်ရင် တင်လိုက်အုန်းမယ်..။
    အုန်းနို့တော့ရှိနေတယ်..ကြက်သားမရှိသေး။


    ပေါက်

    ReplyDelete
  13. မစားရတာကြာပြီ။

    ReplyDelete
  14. အဘတို့က အသက်ကြီးပြီ...
    ခူတော့...စိတ်လျှော.....စိတ်လျှော့...အစားမငမ်းနဲ့လို့ သတိပေးနေရတယ်..

    ReplyDelete
  15. ဟုတ်တယ်ဗျ။ အသက်ကိုဥာဏ်စောင့်တယ်တဲ့။ အစားတစ်လုပ်နဲ့ တစ်ပတ်လောက် မခံစားနိုင်ဘူး။ ဆွိက အုန်းနို့ချက်ထားတာကို နည်းနည်းသွားမြည်းလိုက်တာ အဲဒီညက သွေးတွေတက်ပါရော။.... စိတ်လျော့ထားတာ အကောင်းဆုံးပဲ။

    မောင်ခြိမ့်

    ReplyDelete
  16. မတားနဲ့တော့ဗျို့.. မနက်ဖန်ပဲ ချက်တော့မယ်။ :))

    ReplyDelete
  17. ခင်ဗျားတို့လို သူများနိုင်ငံသွား ကျွှန်ခံနေရတာပျော်နေတဲ့ သူတွေအတွက် အမိမြန်မာပြည် ၀မ်းရည်စပ်တယ်ဗျာ ခင်ဗျားတို့ကို မြန်မာပြည်ကြီးကမွေးပေးခဲ့တာပါ စလုံးမှ အထင်ကြီးသလိုနဲ့ ခင်ဗျားတို့မရှက်ကြဘူးလားဗျာ

    ReplyDelete
  18. ခင်ဗျားတို့လို သူများနိုင်ငံသွား ကျွှန်ခံနေရတာပျော်နေတဲ့ သူတွေအတွက် အမိမြန်မာပြည် ၀မ်းရည်စပ်တယ်ဗျာ ခင်ဗျားတို့ကို မြန်မာပြည်ကြီးကမွေးပေးခဲ့တာပါ စလုံးမှ အထင်ကြီးသလိုနဲ့ ခင်ဗျားတို့မရှက်ကြဘူးလားဗျာ

    ReplyDelete
  19. စလုံးအထင်ကြီးတယ်လို့ တစ်လုံးမှလဲမပါရပါလား အပေါ်က အနောနိမတ်စ်ရယ်။ ခုချိန်ထိ အခွန်ဆောင်ပြီး မြန်မာနိုင်ငံသားတစ်ယောက်အဖြစ် နေနေဆဲပဲ။
    စလုံးမှာ ကျွန်ခံနေရတယ်ဆိုတဲ့စကားကလဲ မှားပါတယ်။ ဒီမှာ လုပ်ခအပြည့်အ၀၊ ခံစားခွင့်အပြည့်အ၀နဲ့ လူတန်းစေ့စေ့နေပြီး လူ့အခွင့်အရေး အပြည့်နဲ့ အလုပ်လုပ်နေတာပါ။ ကျွန်မတို့ဒီမှာဒီလိုရှာ ဒီလိုနေနိုင်နေလို့ ဟိုမှာကျန်ခဲ့တဲ့ ၂ဖက်မိသားစုတွေလဲ ၀မ်းဝနေကြတာ။ အဲဒီအတွက် ဂုဏ်ယူပါတယ်။ ရှက်စရာ မဟုတ်ပါဘူး။

    ReplyDelete
  20. အုန်းထမင်းထပ်တခေါက်ချက်မလို့..ထပ်လာကြည့်ပါတယ်..။


    ပုံ။။
    ပေါက်

    ReplyDelete
  21. 15 ယောက်စာဆို ဘယ်လောက်ချက်ရမလဲဟင်တီဆွိ။

    ReplyDelete
  22. ဆန်လူတစ်ယောက် တစ်ခွက်ခွဲနှုံးနဲ့ အုန်းနို့ 400ml ၂ဗူးစာလောက်ဆိုရမယ်ထင်ပါတယ်။

    ReplyDelete
  23. အုန်းထမင်းလည်း ချက်ပြီးပြီ...ကောင်းတာပဲ.....အန်တီကြောင့် ..သမီးလည်း မြန်မာစာတွေလုပ်တတ်လာခဲ့ပြီ... ကျေးဇူးပါအန်တီ.....

    ReplyDelete