Tuesday, February 8, 2011
ပါစီပန်ဂျန်း ဘ၀ တစ်ဆစ်ချိုး ....
မဆွိတီ ကားမောင်းတတ်ခါစက ရုံးကိုမောင်းရင် ဦးခြိမ့်က AYE က မမောင်းရဘူးတဲ့။ AYE က ကားတွေ အရမ်းမောင်းလို့ စိတ်ပူပြီး west coast ဟိုင်းဝေးကနေ မောင်းခိုင်းတယ်။ အဲဒီလမ်းက ကားလဲအရမ်းရှင်းပြီး ကားကြီးတွေကလဲ သိပ်မြန်မြန်မမောင်းတော့ အန္တရာယ်ကင်းတယ်ပေါ့။ ပြီးတော့ လမ်းကလဲ အဖြောင့်ကြီးဗျာ။ မဆွိတီတို့ရုံးနားက ပါစီပန်ဂျန်းလမ်း (pasir panjang ) ကို ကူးတော့မယ်ဆိုရင် အဲလိုတစ်ဖြောင့်တည်းသွားနေရာကနေ ဘယ်ဘက်ကို လုံးဝကြီးကို ချိုးချလိုက်ရတာ။ အဲဒီလမ်းဆုံက ကားအရမ်းရှုပ်တော့ လမ်းချိုးနားရောက်ရင် လမ်းပြောင်းရတာ တော်တော်ကို ဂရုစိုက်ရတယ်။ ကွေ့ပြီးပြန်ရင်လဲ ညာဘက်ကို ချက်ချင်း ထပ်ချိုးရမှာဆိုတော့ ကားက၄လမ်းရှိတာမှာ ဘယ်အစွန်လမ်းကနေ ညာအစွန်ဆုံးလမ်းကို ထောင့်ဖြတ်ကြီးကို ဖြတ်ချရတာ။ အဲဒီတော့ west coast တလျှောက် တဖြောင့်တည်းမောင်းနေရာကနေ ပါစီပါဂျန်းလမ်းထဲဝင်ဖို့ရာ တစ်ဆစ်ချိုးက တော်တော်သတိထား မောင်းရတဲ့ အပြောင်းအလဲ၊ အချိုးအကွေ့ကြီးပေါ့ဗျာ။ ကားကလဲ မောင်းတတ်ကာစကိုး။
မဆွိတီတို့ လူ့ဘ၀မှာလဲ အဲသလို ဘ၀တစ်ဆစ်ချိုးတွေ၊ အချိုးအကွေ့တွေ အများကြီးရှိခဲ့ကြတယ် မဟုတ်လား။ တစ်ခါတစ်လေ လမ်းလေးဆုံရောက်တယ်။ ဘယ်လမ်းကိုသွားရမလဲ ရွေးရတယ်။ ဒါက ဘာနဲ့တူလဲဆိုတော့ ၁၀တန်းစာမေးပွဲနဲ့တူတယ်။ ဘ၀အသက်မွေးဝမ်းကျောင်းဖို့အတွက် ဆေးကျောင်းသွားမလား၊ စက်မှုသွားမလား၊ ၀ိဇ္ဖာသိပ္ပံလား၊ အီကိုလား လမ်းတွေကို ရွေးရတာ။ ဒါတောင် တစ်ချို့လမ်းတွေက ကိုယ်ဝင်ချင်တိုင်းတောင် ၀င်လို့မရဘူး။ ကန့်သတ်ချက်တွေ အရည်အချင်းတွေပြည့်စုံမှ ၀င်ခွင့်ရတာကလား။
မဆွိတီရဲ့ဘ၀ကို ပြန်ကြည့်မယ်ဆိုလဲ အဲလိုဘ၀တစ်ဆစ်ချိုးတွေ အများကြီး ရှိခဲ့ဖူးတယ်။ ၁၀တန်းအောင်တော့ လမ်းလေးဆုံကနေ ဘ၀အတွက် ကောင်းမယ်ထင်တဲ့ လမ်းတစ်လမ်းကို ချိုးကွေ့လိုက်ရတယ်။ ကျောင်းပြီးတော့ ဆရာမဘ၀ အချိုးအကွေ့ကတော့ ဒီလောက်ကြီး မပြောပလောက်ဘူး။ ခပ်ပြေပြေ အကွေ့လေးလို့ ပြောလို့ရမယ်။ ဒီကျောင်းမှာပဲ ဆရာမပြန်လုပ်၊ ကျောင်းသူဘ၀ နေခဲ့တဲ့ အဆောင်ဘေးက ဆရာမဆောင်မှာနေ၊ ၆နှစ်လောက်ကျင်လည်ခဲ့ဘူးတဲ့ အရပ်ဆိုတော့ အပြောင်းအလဲက သိပ်မသိသာလှဘူး။ ဟော မန္တလေး စက်မှုတက္ကသိုလ်ဘက် တစ်နှစ်ကတော့ မိဘတွေနဲ့ဝေး၊ ရတဲ့လစာကမလောက်နဲ့ တော်တော်တော့ ကသီလင်တနိုင်ခဲ့တယ်။ သူကတော့ ကျင်းတွေ၊ ခလုပ်တွေရှိတဲ့ လမ်းလေးထဲရောက်သွားသလိုဆိုတော့ ယိုင်လဲမသွားအောင်တော့ တန်းကို မြဲမြဲကိုင်ထားရတယ်ပေါ့။
မန်းလေးမှာ ဆရာမဘ၀ A1 ဆောင်ရှေ့
ရန်ကုန်ပြန်ရောက်ပြီး တစ်နှစ်လောက်ကြာတော့ နောက်ထပ်အချိုးအကွေ့တစ်ခုက အပေါ်ကပြောတဲ့ ပါစီပန်ဂျန်းအကွေ့လိုပဲ တစ်ဆစ်ချိုးကြီးပါပဲဗျာ။ အဲဒီတစ်ဆစ်ချိုးကတော့ လုံးဝမမျှော်လင့်ပဲ စင်္ကာပူမှာ ကျောင်းဆက်တက်ဖို့ရာ ဖြစ်လာတာပါပဲ။ အဖြစ်က နဲနဲထူးလို့ ပြောပြရဦးမယ်။ မဆွိတီ မန်းလေးကနေ ရန်ကုန်စက်မှုတက္ကသိုလ်ထဲ ပြန်ရောက်တော့ အခန်းဖော်နေတဲ့ဆရာမက အတန်းတူ၊ မေဂျာကွဲသူငယ်ချင်း။ သူက ကျောင်းမှာကထဲက စာတော်တယ်၊ လှလှပပ ကျော့ကျော့လေး နေတတ်တယ်။ သူ့ကို ချစ်စနိုးနဲ့ ပဲကြူလို့ ခေါ်ကြတယ်။ သူက သူ့ရဲ့အလုပ်ကိုလဲ တိတိကျကျလုပ်တယ်။ သူ့ဌာနမှာ စာသင်ကောင်းတယ်၊ တော်တယ်လို့လဲ နာမည်ကြီးတယ်။ နေတာထိုင်တာလဲ သန့်သန့်ရှင်းရှင်းနဲ့၊ သူနဲ့နေရတာ အခန်းသန့်ရှင်းရေးကတော့ လုပ်စရာမလိုဘူးဗျ။ မိုးလင်း အိပ်ရာက မနိုးသေးဘူး။ ကိုယ်အိပ်တဲ့ ကုတင်အောက် တံမြက်စည်းဝင်လှည်းနေတဲ့သူမျိုး။ သူက တစ်ချို့ကိစ္စတွေမှာ အင်မတန်ပျင်းတယ်။ ဥပမာ အစိုးရကိစ္စ၊ စာရွက်စာတန်းကိစ္စ၊ ဖောင်ဖြည့်ရမဲ့ကိစ္စ၊ အဲလိုဟာမျိုးတွေ သူပျင်းတယ်။ လှလှပပလေးဝတ်စား၊ ခလေးတွေကို စာသင်နဲ့ သူ့ဟာသူ ရောက်တဲ့ဘ၀မှာ အေးအေးနေချင်တဲ့သူမျိုး။ ခု မဆွိတီ စလုံးရောက်လာတဲ့ ကိစ္စကလည်း သူအဲဒါတွေ အပျင်းကြီးတာနဲ့ စပ်ဆက်နေတယ်။
RIT ဆရာမများဆောင်မှာ ... (ပဲကြူတံမြက်စည်းဝင်ဝင်လှည်းတဲ့ ကုတင်ပါခင်ညာ ... စောင်ကလဲ သူ့စောင်ကြီး ငှါးအုပ်ထားတာ ..)
တစ်ရက် ပဲကြူနဲ့ကျောင်းတုံးက အရမ်းတွဲခဲ့တဲ့ သူငယ်ချင်းတစ်ယောက် အဆောင်ကို ပေါက်ချလာတယ်။ သူက NUS မှာ ကျောင်းတက်ချင်လို့ ကျောင်းလျှောက်မလို့ဆိုပဲ။ ကိုယ်တွေက ဆရာမတွေ၊ ကျောင်းအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေဆိုတော့ တစ်ခုခုဆို အကူအညီ ပေးနိုင်တယ်လေ။ အဲဒါ ပဲကြူကို သူနဲ့အတူ ကျောင်းလိုက်လျှောက်ပြီး စာရွက်စာတန်းကိစ္စတွေ အတူလိုက်လုပ်ဖို့ ခေါ်တာ ပဲကြူက လုံးဝစိတ်မ၀င်စားဘူးဗျာ။ အဲလို စာရွက်စာတမ်း ဖောင်ဖြည့်ရမှာတွေ၊ နေပူထဲ သွားရ၊ လာရ၊ လုပ်ရမှာတွေ သူပျင်းတယ်။ အဲဒါ နင်အားရင် နင်ပဲ လိုက်လုပ်ပေးလိုက်ပါဟာတဲ့။ ပြောရရင် မဆွိတီကလဲ အဲဒီအချိန်မှာ စလုံးရောက်နေတဲ့ ဦးခြိမ့်နဲ့ ကန်ဇွန်းခင်းကလဲ ငြိနေပြီကိုး။ ဦးခြိမ့်ကို တိုင်ပင်တော့ NUS စကော်လာလေး၊ ဘာလေး ရလိုရငြား လျှောက်ကြည့်ပါလားဆိုတာနဲ့ အဲဒီသူငယ်ချင်းနဲ့ လိုအပ်တာတွေ လိုက်ကူညီရင်း အတူလျှောက်လိုက်ကြတာ။ အဲဒီအချိန်တုံးက ကျောင်းလျှောက်ရင် sponsor လိုတယ်ဗျ။ နိုင်ငံခြားငွေ amount (ဘယ်လောက်လဲတော့ မသိဘူး) ရှိတဲ့လူတစ်ယောက်ရဲ့ ဘဏ့်အကောင့်ကို ကော်ပီကူး။ စကော်လာမရခဲ့ရင်လဲ ကျောင်းတက်ဖို့ တာဝန်ယူပါတယ်ဆိုတာမျိုး ထောက်ခံစာ ရေးပေးရတာ။ ကိုယ့်ဟာကိုယ်လျှောက်ရင်တော့ အဲဒီစပွန်စာ ဘယ်ဆီက သွားရှာရမယ်မသိဘူး။ သူငယ်ချင်းမက သူဌေးတွေဆိုတော့ သူ့အမျိုး ဦးလေးတစ်ယောက်ဆီကနေ စပွန်စာတောင်းပြီး လျှောက်ကြတာ။ (အမှန်က သူငယ်ချင်းက သူ့အတွက်လိုလို့ တောင်းတာပါ။ မဆွိတီကသာ ကပ်လျှောက်တဲ့ သဘော။)
အဲဒါ NUS ၀င်ခွင့်တွေထွက်တော့ မဆွိတီသာ ကျောင်းတက်ခွင့်ရပြီး သူငယ်ချင်းကတော့ မရဘူးဗျာ။ ကိုယ်ကလဲ စကောလာတော့မရပါဘူး။ ကိုယ့်ပိုက်ပိုက်နဲ့ ကိုယ်တက်ပေါ့။ အဲဒီတုံးက ကိုယ်က နားမလည်၊ ပါးမလည်ဆိုတော့ စပွန်စာပေးတဲ့လူက ၂ယောက်ပူးကြီးကို စပွန်စာတစ်စောင်ထဲအတူတူ ကော်ပီပေးလိုက်လို့နဲ့တူတယ်ဆိုပြီး သူငယ်ချင်းမရတာ ကိုယ့်ကြောင့်ဖြစ်ရတယ်ဆိုပြီး စိတ်မကောင်းဖြစ်ရသေးတယ်။ အမှန်က သူမရတာက သူလျှောက်တဲ့ မေဂျာက လျှောက်တဲ့သူ တအားများလို့ ဖြစ်နိုင်တယ်ဆိုတာ နောက်မှ ဦးခြိမ့်ပြောလို့ သိရတယ်။ (ခုတော့ အဲဒီသူငယ်ချင်းရော၊ ပဲကြူရောပဲ စလုံးရောက်နေတာ ကြာပါပြီ။ ) ဒါနဲ့ပဲ မဆွိတီတို့အမေ အစိုးရအလုပ်က ရ ထားတဲ့ မြောက်ဒဂုံက အိမ်လေးပေါင်ပြီး စင်ကပူမြို့ကြီးကိုတဲ့ ... ယောင်လည်လည် ရောက်လာခဲ့တယ် ... မျက်လုံးလေး ကလည်ကလည် ဆိုသလို တောသူမြို့ရောက် မဆွိတီတစ်ယောက် လမ်းတစ်ဆစ်ချိုးကို အပြေးလေးကွေ့ဝင်လာပါတော့တယ်ခင်ဗျား။
တစ်ဆစ်ချိုးမှာ ဟိုဘက်မှာ ပြောပြောနေတဲ့ culture shock ဆိုတာကြီးကိုလဲ အလူးအလဲ ခံခဲ့ရပါတယ်။ မဆွိတီဟာ ဘ၀ကို တစ်ဆစ်ချိုးတာမှ နိုင်ငံရပ်ခြား ပြောင်းရတယ်၊ အိမ်ထောင်ကျတယ်၊ ကျောင်းတက်ရတယ်၊ အားလုံးတစ်ပြိုင်နက်တည်း။ ကျောင်းတက်ရတော့လဲ ကိုယ်က အင်္ဂလိပ်စာ သိပ်မကောင်းတော့ စာမေးပွဲအောင်ပါ့မလား၊ ဆရာတွေ ရှင်းပြတာ နားလည်ပါ့မလား တစ်ချိန်လုံး စိတ်ပူနေခဲ့တယ်။ အရေးထဲ အဲဒီအချိန်တုံးက မှတ်မှတ်ရရ အံဆုံးကပေါက်နေတော့ အဲဒါကလဲ နာပြီး တော်တော်ဒုက္ခပေးခဲ့တာ။ ဦးခြိမ့်နဲ့ မင်္ဂလာဆောင်တဲ့ နေ့က သွားကတချိန်လုံးကိုက်နေပြီး ပါးတစ်ခြမ်းတောင် ယောင်နေတယ်။ နောက် ခလေးမရအောင်ဆိုပြီး စားတဲ့ ဆေးက နှလုံးတွေတုန်၊ မောပန်းပြီး ရင်တလှပ်လှပ်နဲ့၊ ယောက်ျားဆိုတာကလဲ စာနဲ့ အဆက်အသွယ်သာရှိခဲ့ပြီး အပြင်မှာ ၃-၄ခါလောက်ပဲတွေ့ဘူးခဲ့သူ။ အစုံ အစုံပါပဲ။ ဒီအချိုးကွေ့ကလဲ ပါစီပန်ဂျန်း အကွေ့လိုပဲ တော်တော်ကြမ်းခဲ့ပါတယ်။ ၁၉၉၈ ဇူလိုင် ပါ။
ကျောင်းပြီးအလုပ်ဝင်တော့ နောက် အကွေ့ပြေပြေလေးပေါ့ခင်ညာ။ အဲဒီလမ်းကလဲ တစ်ခါတစ်ခါ မထင်မှတ်ပဲ ချိုင့်တွေ ကျင်းတွေထဲ ၀ုန်းကနဲ ပြုတ်ကျတတ်တာမျိုးတွေရှိတယ်။ အလုပ်က တစ်ခါတစ်လေ ပြသနာတက်လာတဲ့အခါ၊ ပြသနာကို အချိန်မီ မဖြေရှင်းနိုင်တဲ့အခါ ကိုယ့်ကိုကိုယ် သတ်သေချင်လောက်အောင်ကို stress တွေ များတာပါပဲ။ ပြုတ်မကျအောင် တန်းကို မြဲမြဲ ဆုတ်ကိုင်ထားရတယ်။ အဲဒီအချိန်ကျတော့ မှီစရာ၊ နွဲ့စရာ ဘေးမှာ ပုခုံးတစ်ခုက အပိုရှိနေတော့၊ (ပုခုံးကလဲ မှီနေကျ၊ ရင်းနှီးသွားပြီဆိုတော့ ပေါ့လေ) အရင်ကလောက်တော့ မကြမ်းခဲ့ဘူးပေါ့ခင်ညာ။ နောက်ပိုင်းတော့ stress တွေ မခံနိုင်တာနဲ့ အဲဒီပုခုံးကြီးပဲ မှီနေဖို့ရာ အလုပ်က ထွက်ပလိုက်တယ်။ ၂၀၀၂ ဧပြီလောက်ကပါ။ အလုပ်ကထွက်လိုက်လို့ အေးသွားလားဆိုတော့ မအေးပြန်ပါဘူး။ အဲဒီအချိန်က ဦးခြိမ့် လစာကလဲ သိပ်မကောင်း၊ ကိုယ်ကလဲ နဲနဲသုံးချင်၊ စွဲချင်၊ မိဘတွေကိုလဲ ထောက်ပံ့ချင်၊ ကိုယ်ပိုင်ဝင်ငွေကလဲမရှိတော့ depression ၀င်ပါတယ်။ တစ်နေ့တစ်နေ့ အိမ်အလုပ်တွေလုပ်၊ ထမင်းဟင်းချက်၊ မီးပူတိုက်ဘ၀နဲ့ အချိန်တွေ ကုန်ဆုံးသွားတာကို မကျေနပ်ပြန်ပါဘူး။
အဲဒီအချိုးအကွေ့အချိန်ကလဲ ပုခုံးကြီးသာရှိနေတာ တော်တော်တော့ ဘ၀င်မကျခဲ့ဘူး။ ဒါနဲ့ အလုပ်ပြန်ရှာ။ ရှာပြန်တော့ ဒီတစ်ခါတော့ stress မများအောင် ပေါ့ပေါ့ပါးပါး draft man လေးပဲ လုပ်မဟဲ့ဆို လိုက်ရှာတာ ဖနောင့်သာ ပါးသွားတယ်အလုပ်က ရှာမရပြန်ဘူး။ အင်တာဗျူး ၁၀ခုလောက်သွားပြီး ဘယ်အလုပ်မှ ကိုယ့်ကို ပြန်မခေါ်တော့ တစ်ခုခုများ မှားယွင်းနေသလားဆို ပြန်ဆန်းစစ်ယူရတယ်။ နောက်ဆုံးတရားခံက အလုပ်လျှောက်လွှာထဲမှာတော့ NUS မာစတာဆို ရေးထားပြီး လျှောက်တာက draft man ဆိုတော့ over qualify ဖြစ်လို့ မခေါ်တာထင်လို့ အရင်အလုပ် title အတိုင်း ပြန်လျှောက်တော့ အလုပ်က တန်းရခဲ့ပါတယ်။ အလုပ်က over qualify ဖြစ်ရင်လဲ ဒီလူဟာ ဒီလစာနဲ့ ဒီနေရာမှာ မြဲမြဲလုပ်ပါ့မလားဆို မယုံပါဘူး။ မခန့်ပါဘူးခင်ဗျာ။ မှတ်သားစရာပါ။
ဒီလို အလုပ်ရှာရတာတွေ၊ အင်တာဗျူးသွားရတာတွေ၊ လူအသစ်အသစ်တွေ၊ အလုပ်အသစ်အသစ်တွေ၊ software အသစ်အသစ်တွေနဲ့ ရင်ဆိုင်ရမှာ ကြောက်လွန်းလို့ မဆွိတီဟာ ခုလက်ရှိအလုပ်မှာပဲ ကျောက်ချပြီး လုပ်နေခဲ့တာ ၈နှစ်ကျော်ခဲ့ပြီ။ သမီလေး တစ်ယောက်ရလို့ ဘ၀ဟာလဲ တော်တော်လေး တည်ငြိမ်နေခဲ့ပါပြီ။ အလုပ်ကလဲ အရင်ကလောက် stress မများတော့ပဲ နေသားကျနေခဲ့ပါပြီ။ ၈နှစ်လောက် အလုပ်တစ်ခုတည်းမှာ လုပ်ခဲ့လို့ တစ်ခါတစ်ရံ အလုပ် ငြီးငွေ့တာတော့ ရှိပါတယ်။ အိမ်မှာဆိုလည်း သမီးကြီးတော်က အိမ်မှုကိစ္စ၊ သမီးဝေယျာဝစ္စတွေသာမက ဦးခြိမ့်ကိစ္စကပါမကျန် ဘာမှလိုလေသေးမရှိ လုပ်ပေးနေတော့ အိမ်မှာလဲ အတော်သက်တောင့်သက်သာ ရှိပါတယ်။ ဒါကြောင့်လဲ ဘလော့လေးရေးလိုက်၊ ဖိုရမ်ဝင်လိုက်နဲ့ မဆွိတီတို့ လပ်လျားလပ်လျားနေနိုင်နေတာပါ။
မဆွိတီဟာ ဒီလိုနေသားကျနေရာကနေ ခု နောက်ထပ်ဘ၀တစ်ဆစ်ချိုးတစ်ခုကို မဖြစ်မနေ ချိုးကွေ့ရတော့ပါမယ်။
အဲဒါကတော့ မဆွိတီတို့ လွန်ခဲ့တဲ့ ၃-၄နှစ်လောက်က ဆရာကန်တော့ပွဲမှာ ခင်မင်ခဲ့တဲ့ ဆရာတစ်ယောက်က ဦးခြိမ့်ဆီကို အမြဲအီးမေးလ်လေးတွေ ပို့ပေးနေရာက စပါတယ်။ တစ်ခါသားတော့ ဆရာက ဘာစိတ်ကူးပေါက်တယ်မသိ၊ ဦးခြိမ့်ကို အော်စီဘက်ကို ပြောင်းခဲ့ပါလား။ ဒီမှာနေရတာ life က ပိုအေးချမ်းတယ်။ ပိုသက်တောင့်သက်သာရှိတယ်။ အလုပ်အတွက်မပူနဲ့။ လူသာ အရင်ရောက်အောင်လာ ဆို ပြီး လမ်းစတစ်ခု ဖွင့်ပေးခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက အဲဒီကိစ္စ ခေါင်းထဲရှိနေခဲ့တာ၊ တစ်ခါတော့ ဦးခြိမ့်နဲ့အတော်ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက် ရုတ်တရက်ဆိုသလို တစ်မိသားစုလုံး စလုံးကနေ ကနေဒါဘက်ကို ပြောင်းကြပါတယ်။ အဲဒီကျမှ အဲဒီသူငယ်ချင်းဟာ ကနေဒါမှာ ပီအာရပြီး အလုပ်ရလို့ မိသားစုလိုက် ပြောင်းကြတယ်ဆိုတာ သိရပါတယ်။ နောက် ကနေဒါ PR ကို ဘယ်လိုလျှောက်ရတယ်၊ ဘယ်လိုလုပ်ရတယ်၊ လိုက်ခဲ့ပါ၊ လာခဲ့ပါဆိုပြောသွားလို့ ဦးခြိမ့်ကလဲ စိတ်ဝင်စားပြီး လျှောက်ပါတယ်။
နောက်တော့ ကနေဒါမှာရာသီဥတုက အင်မတန်အေးတယ်၊ ကြမ်းတယ်ဆိုတာ ကြားဘူးနားဝရှိနေတော့တော့ ရိုးရိုးတန်းတန်း အဲကွန်းနဲ့ ၂၅ ဒီဂရီလောက်ကို ခိုက်ခိုက်တုန်နေတဲ့ မဆွိတီက အပြင်းအထန် ကန့်ကွက်ပါတယ်။ တစ်ခါတော့ အိမ်မက်မက်ပါတယ်။ အိမ်မက်ထဲမှာ လူက အေးခဲနေတဲ့ ကနေဒါကို ရောက်နေပါတယ်။ လူသူပါးရှားခြောက်ကပ်တဲ့ အရပ်တစ်ခုမှာ ရာသီဥတုက မှိုင်းပြပြ မှူံရီရီနဲ့၊ အေးလွန်းလို့ သစ်ပင်တွေဟာ နှင်းတွေကိုက်ပြီး ညှိုးရော်ကျနေတဲ့ပုံက အိပ်ရာကနိုးတဲ့အထိ မျက်စိထဲမှာ မြင်ယောင်နေတော့တာပဲ။ မုန့်ဆီကျော်က ဘယ်နေတယ်မသိ၊ နှုတ်ခမ်းနာနဲ့တည့်ပါ့မလားပဲဆိုဆို အင်မတန် ပျင်းရိငြီးငွေ့စရာ အိမ်မက်ကိုမက်ပြီးသကာလ ဦးခြိမ့်ကို ကနေဒါလျှောက်မဲ့ အစားတော့ အော်စီဘက်ပဲ လျှောက်ပါလား ယောက်ျားရယ်ဆိုပြီး နားချပါတယ်။ နောက်ပိုင်းတော့ ဦးခြိမ့်ကိုယ်တိုင်ပဲ အစစ အရာရာ စဉ်းစား ချင့်ချိန်ပြီး အော်စီဘက်ကို ပီအာလျှောက်ဖြစ်ကြပါတယ်။ အကြောင်းကတော့အမျိုးမျိုးပါပဲ။ အဓိကကတော့ အော်စီက အသက်ကြီးလာရင် နေလို့ကောင်းတယ်။ လူ့အခွင့်အရေးတွေ စင်ကာပူထက်ပိုတယ်။ အလုပ်မှာလဲ သက်တောင့် သက်သာပိုရှိတယ်။ အစရှိသဖြင့်ပေါ့။ ဒါတွေတော့နောက်မှပဲ ပို့စ်တစ်ခု အကျယ်ရေးပါတော့မယ်။
ပီအာလျှောက်ဖို့ ပထမဆုံး လင်မယား၂ယောက်လုံး IELTS စဖြေရတယ်။ IS လို့ အတိုကောက်ပြောကြတယ်။ လင်မယား၂ယောက် အသက်ကြီးကာမှ စာအတူကျက်ကြ၊ မေးကြ ဖြေကြနဲ့ သူငယ်ပြန်သလိုတောင်ဖြစ်နေလို့ အဲဒီတုံးက ရယ်နေရသေးတယ်။ ကဲ ရှည်မှာစိုးလို့၊ ဒီလိုနဲ့ အတိုချုံးရရင် ပီအာလျှောက်ပြီး တစ်နှစ်လောက်နေတော့ ပီအာရကြောင်း စာရပါတယ်။ အော်စီသံရုံးမှာ တုံးထုပြီး ပထမဆုံး အ၀င်ပြဖို့ Perth ဆိုတဲ့ အော်စီက ဒေသတစ်ခုစီ မိသားစု အလည်သွားခဲ့ကြပါတယ်။ ၂၀၀၉ မေလပါ။
အဲဒီရောက်တော့ မဆွိတီဟာ အလွန်ပျင်းပါတယ်။ ပြောရရင် မဆွိတီဟာ စင်္ကာပူမှာ ပျော်ပါတယ်။ ရှော့ပင်းဝါသနာပါတော့ စလုံးမှာ လူစည်စည်နဲ့ ရှော့ပင်းလျှောက်သွားရတာကို ပျော်ပါတယ်။ မဆွိတီဟာ လူထူထူဆို အလကားနေရင်း ပျော်နေတတ်တဲ့ အစားမျိုးထဲကပါ။ ဒီမှာက တွေ့ရာနေရာ မြန်မာလူမျိုးကလဲ ပေါတော့ တစ်ခါတရံ ကိုယ့်တိုင်းပြည်ကိုယ် ပြန်ရောက်နေသလိုပါပဲ၊ မထူးတော့ပါဘူး။ အိမ်နားမှာလဲ ဦးခြိမ့်သူငယ်ချင်းတွေအပြင်၊ တခြား မြန်မာလူမျိုး မိသားစုတွေနဲ့ ရင်းနှီးနေပြီး၊ တစ်အိမ်ဝင် တစ်အိမ်ထွက်ကြ၊ အလှူလုပ်ကြ၊ အတူသွားလာကြနဲ့ ဒီက life မှာ တော်တော်ကို ပျော်ဝင်နေပါပြီ။ အစားအသောက်ကလဲ တရုတ်စာ၊ မြန်မာစာ၊ ကုလားစာ အကုန် အလွယ်တကူရတာကို သဘောကျတယ်။ လိုကယ်အစားအသောက်တွေနဲ့လဲ ရင်းနှီးပြီး ကြိုက်နေပါပြီ။
ဟိုမှာတော့ဗျာ လမ်းမှာကို လူတော်တော်နည်းပါတယ်။ ရှော့ပင်းစင်တာသွားရင်လဲ ကျီးနဲ့ဖုတ်ဖုတ် ဆိုသလိုပါပဲ၊ လူအင်မတန်ရှင်းပြီး ခြောက်ကပ်ကပ်ပါ။ ညနေ၆နာရီလောက်ဆို ရှိသမျှရှော့ပင်းစင်တာ အကုန်ပိတ်ပါပြီ။ ညကျ လမ်းမှာလဲ သူရဲခြောက်မှာတောင် ကြောက်ရပါတယ်။ ရာသီဥတုကလဲ ဆောင်းတွင်းဆို အရမ်းအအေးကြီးမဟုတ်ပေမဲ့ အသားအရည်တွေ အက်ကွဲတယ်။ နှတ်ခမ်းတွေခြောက်၊ အသားတွေပတ်ဖြစ်နေတာကိုလဲ မကြိုက်ဘူး။ နွေဆိုလဲ အရမ်းပူတယ်ပြောကြတယ်။ မှတ်မိတာ အဲဒီတုံးက တည်းတဲ့ အိမ်က အစ်မက ဘဲတွေ၊ ငန်းတွေ နေတဲ့ ရေကန်လေးတွေ၊ ပန်းခြံတွေ လိုက်ပြပါတယ်။ အဲဒီမှာလဲ လူသူမရှိတော့ မဆွိတီဟာ အလွန်ပျင်းရိငြီးငွေ့ပါတယ်။ တစ်ချို့တွေလဲ အဲလို နားအေးပါးအေး၊ အေးအေးဆေးဆေး နေချင်တဲ့သူတွေ အများကြီးပါ။ မဆွိတီအဖို့မှာတော့ တောင်တောရယ်သာ ... ဆိုပြီး ပျင်းပျင်းနဲ့ သီချင်းသာ အော်ဆိုလိုက်ချင်တော့တာပါပဲ။
အော်စီမှာ ကြိုက်တာတွေလဲ ရှိတာပေါ့။ အိမ်လေးတွေ လှတာကြိုက်တယ်။ စလုံးလို HDB apartment တွေ မဟုတ်ပဲ တစ်ထပ်အိမ်ပုပု၊ လှလှလေးတွေ ကို ကြိုက်တယ်။ အိမ်မှာ ကိုယ့်စိတ်ကြိုက် စားပင်၊ သီးပင်လေးတွေစိုက်ပြီး ခူးဆွတ်စားရတာကိုလဲ သဘောကျတယ်။ (အဲဒါကတော့ အရင် အသက်ကြီးရင် မြန်မာပြည်ပြန် အေးအေးဆေးဆေး ခြံစိုက်နေမယ်ဆိုတဲ့ စိတ်ကူးနဲ့ ထပ်တူပါပဲ။) အိမ်ရှေ့မှာ နှင်းဆီပန်းတွေ သဘာဝအလျောက် ရောင်စုံဖူးပွင့်နေတာကိုလဲ သဘောကျတယ်။ ကားတွေ ဈေးပေါပေါနဲ့ စီးနိုင်တာလဲ သဘောကျတယ်။ တမျှော်တခေါ် မြက်ခင်းစိမ်းစိမ်းတွေကိုလဲ ကြိုက်တယ်။ နေရာဒေသတစ်ခုမှာ အကောင်းနဲ့အဆိုးက ဒွန်တွဲနေတာပါပဲ။
Perth က ပြန်လာပြီး နောက် ၃-၄လလောက်ကြာတော့ ဦးခြိမ့်အလုပ်ကထွက်ပြီး ဆစ်ဒနီမှာ အလုပ်သွားရှာပါတယ်။ ၂၀၀၉ သြဂုတ်ပါ။ ၆လလောက်ကြာခဲ့ပေမဲ့ အလုပ်မရပဲ ပြန်လာခဲ့ပါတယ်။ အင်တာဗျူး ၂ခုလောက်ပဲသွားရပြီး အလုပ်မငြိတာနဲ့ ပြန်လာ၊ စလုံးမှာပဲ အလုပ်ပြန်ရှာ လုပ်ပါတယ်။ အဲဒီအချိန်ကလဲ တော်တော် ခလုပ်၊ကန်သင်းတွေများတဲ့ လမ်းချိုးထဲ ခဏရောက်သွားသလိုပါပဲ။ ကံကောင်းချင်တော့ လွန်ခဲ့တဲ့ ဒီဇင်ဘာကပဲ ဆစ်ဒနီက သူ့လုပ်ဖော်ကိုင်ဖက်ဟောင်း နိုင်ငံခြားသားတစ်ယောက်က သူ့တို့ဌာနမှာ လူလိုလို့ဆို လှမ်းခေါ်တာ၊ အလုပ်လျှောက်၊ အင်တာဗျူးကို ဖုန်းနဲ့၎ခါလောက်ဗျူးပြီးသကာလမှာ ဦးခြိမ့်အလုပ်ရပါတယ်ခင်ဗျား။ ခုတော့ ဦးခြိမ့် ဆစ်ဒ်နီမှာ အလုပ်ဝင်နေပါပြီ။
မဆွိတီတို့လဲ ဘ၀တစ်ဆစ်ချိုးရပါတော့မယ်။ ၀န်ထမ်းဘ၀နဲ့ ၁၁နှစ်လောက်လုပ်ခဲ့ရာကနေ အိမ်ရှင်မ ဘ၀ရောက်ပါတော့မယ်။ ဟိုမှာက စလုံးမှာလို အိမ်အကူခေါ်ဖို့ရာ လုံးဝမဖြစ်နိုင်တော့ သမီးတစ်ဖက်နဲ့ မဆွိတီ အလုပ်လုပ်ဖို့ရာ လောလောဆယ်တော့ လုံးဝမဖြစ်နိုင်ပါဘူး။ နေရာဒေသ အသစ်မှာ အိမ်ရှင်မဆိုတဲ့ ဘ၀အသစ်နဲ့ပေါ့။ (ဘ၀သာသစ်တာ ပုခုံးရှင်ကြီးကတော့ အဟောင်းကြီးပေါ့ဂျာ။ အပြစ်ကတော့ အဲဒီပုခုံးကြီး အားကိုးမိတာပါပဲ...း))
မဆွိတီတစ်ယောက် ဘ၀တစ်ဆစ်ချိုးအတွက် ခုချိန်ကတည်းက ပြင်ဆင်နေရပါပြီ။ ဒီက အိမ်ကို ငှါးခဲ့ဖို့၊ ပစ္စည်းတွေ ထုတ်ပိုးဖို့၊ ပြောင်းရွှေ့ဖို့၊ ဘယ်ပစ္စည်းသယ်မလဲ၊ ဘယ်ပစ္စည်းထားခဲ့မလဲ ရွေးရတာကိုက တော်တော် ဦးနှောက်စားပါတယ်။ ကားရောင်းဖို့၊ သမီးကျောင်းထွက်ဖို့ကိစ္စ၊ ကိုယ်တိုင်လဲ အလုပ်ထွက်ဖို့ကိစ္စ၊ ဟိုဘက်မှာ ကျောင်းရှာဖို့၊ ဟိုဘက်မှာ အိမ်ငှါးဖို့၊ ဒီက တယ်လီဖုန်း အကောင့်တွေ ဖျက်သိမ်းဖို့၊ တချို့အင်ရှူးရန့်စ်တွေရပ်ခဲ့ဖို့၊ လေယာဉ်လက်မှတ် ၀ယ်ဖို့၊ သမီးကြီးတော်ပြန်ဖို့ကိစ္စ၊ ငွေရေးကြေးရေး စီစဉ်စရာကိစ္စတွေ အစုံအစုံပါပဲ။
နောက်ထပ် ပါစီပန်ဂျန်း ဘ၀အချိုးအကွေ့ အကြီးကြီး မစ ခင် ပြင်ဆင်နေရပါတော့တယ်ခင်ညား။
(ပုံအချို့ကို google ကနေယူပါတယ်)
Subscribe to:
Post Comments (Atom)
လွမ်းလို့ ကျန်ရစ်ရတော့မှာပေါ့နော်...
ReplyDeleteအားငယ်ထှာ...း((
Congratulation!..............Could I ask you any information about applying Visa?Good Luck.
ReplyDeleteရွေးစရာများတော.လည်း ခေါင်းစားရတယ်။ ဟိုက ပိုကောင်းပါတယ် အမရယ်။ မကြာခင် အမလည်း အလုပ်ရမှာပါ။ ဘယ်ပဲသွားသွား ကိုယ်.အိမ် ကိုယ်.ယာ လိုဖြစ်နေတဲ. စလုံး ကို သတိရနေမှာ...ဟိုရောက်ရင်လည်း Comparison တွေ ဆက်ရေးပါအုံး...
ReplyDeleteအရှည်သဖြင့်တွက်ရင်တော့ ပိုကောင်းပါတယ်။ လူနေမှုပတ်ဝန်းကျင်ကွာတော့ စစချင်း ပျင်းခြောက်ခြောက်ဖြစ်မှာ။ ဒါလည်း ခဏပါပဲ။
ReplyDeleteနောက်ဆို အဲဒီက ပို့စ်တွေ ဖတ်ရတော့မှာပေါ့နော်။ :)
စူးနွယ်လေး
ပိုကောင်းဖို့ပဲရှိတာပဲမမရယ်.. အစပိုင်းပင်ပန်းတော့လဲ ခဏပေါ့.. အော်စီအတွေ့အကြုံလေးတွေ ဖတ်ရဦးတော့မှာပေါ့နော်..း)
ReplyDeleteလွမ်းပါတယ် တီဆွိရေ
ReplyDeleteဂျူဂျူလေး တောက်တက်တောက်တက်နဲ့ လမ်းလျှောက်တက်ခါစ ကျောပြောင်လေးနဲ့ လည်ပင်းမှာ ကြိုးလေးတချောင်းထဲ စီးဝတ်ရတဲ့ အင်္ကျီလေးနဲ့လေ... အမတို့အိမ်ကို လာလည်ခဲ့တာကို ပြန်မြင်ယောင်နေမိပါတယ်။
စာတော့ ဆက်ရေးမယ် မဟုတ်လား
အစစ အဆင်ပြေပါစေ
နေရာသစ်မှာ မိသားစုအားလုံး ပျော်ရွှင် ချမ်းမြေ့ပါစေ
ဘ၀အဆစ်ချိုးတွေများလိုက်တာတီဆွီရေ....
ReplyDeleteဖတ်ရင်နဲ့ တောင်မောမောလာတယ်...
သာယာအဆင်ပြေမယ့်နေရာရောက်ပြီးနောက်တော့လဲနေသားပြန်ကျသွား မှာပါ..
နောက်တော့လဲ ကိုအန်ဒီရေးသလို တီဆွိလဲ အလုပ်ပြန်ဝင်နိုင်မှာပါ။
I'm so glad to read it.
ReplyDeleteCongratulations ပါတီဆွိရေ။ အရမ်းကောင်းတဲ့ အစီအစဉ်ပါ၊ အားကျမိပါတယ်
ReplyDeleteဝမ်းသာရမလား ဝမ်းနည်းရမလား မိသိန်းကြည်ဖြစ်သွားပြီ
ReplyDeleteအားလုံးအဆင်ပြေ အောင်မြင်ပါစေ
ReplyDeletemmyoး အားကျလိုက်တာ
ReplyDeleteနန္ဒာက တီဆွိရဲ့ အမာခံစာဖတ်ပရိတ်သတ်ပါ။
ReplyDeleteအိမ်ရှင်မတယောက်ရဲ့ဘဝဖြတ်သန်းပုံတွေ၊ တီဆွိရဲ့ ဟင်းချက်တာတွေ၊ သမီးလေး ဂျူးဂျူးအကြောင်းတွေ ဖတ်ရင်း စိတ်ထဲရင်းနှီးနေမိတာ။
ကွန်မန့်တခါမှ မရေးဖူးပေမယ့် ဒီပိုစ့်မှာတော့ ကွန်မန့်ရေးခဲ့ပါတယ်။
ဘဝမှာ အချိုးကွေ့တွေများလေ ကိုယ့်အရည်အချင်းအစစ်တွေ ပိုထွက်လေလို့ ထင်ပါတယ်။ တီဆွိရဲ့ ဘ၀တစ်ဆစ်ချိုးကို ဖတ်သွားပြီး ကျေနပ်တဲ့ ခံစားမှု့လေး ရလိုက်တယ်။
နေရာသစ်ကို ရောက်တဲ့အခါ နေသားကျသွားတာနဲ့ ပျော်လာမှာပါ။ ရေရှည်အတွက် ဂျူးဂျူးလေးရော၊ လူကြီးတွေရဲ့ Life ရော အတွက် ပိုအေးချမ်းမှာ အမှန်ပါ။ လူ့အခွင့်အရေးလဲ အပြည့်ရှိတာမို့ အခြေကျတည်ငြိမ်လာတာနဲ့ ပိုသက်တောင့်သက်သာ ရှိလာတဲ့ အကျိုးအမြတ်ကို ခံစားလာရမှာ အမှန်ပါ။
ပစ္စည်းတွေ ထုတ်ပိုးရတာနဲ့ အိမ်အပြောင်းအရွှေ့ လုပ်လို့ရတဲ့ stress ကိုတော့ ကိုယ်ချင်းစာမိတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆို ကြုံတွေ့ရမယ့် နေရာသစ်က အတွေ့အကြုံလေးတွေ ဖတ်ရဦးတော့မှာပေါ့နော်..,
တီဆွိတို့ မိသားစု နေရာသစ်မှာ အစစအရာရာ အဆင်ပြေအောင်မြင် ပျော်ရွှင်ပါစေရှင်။
ခင်မင်လေးစားလျှက်
နန္ဒာ
Congratulations and wish you all the best!!! Looking forward to read posts regarding new experiences too.
ReplyDeleteအမ..အားကျလိုက်တာ..တောင့်ထားပါ.. ကျနော်တို့လည်း အော်စီမှာအခြေချဖို့တိုင်ပင်ထားကြတယ်..အမရေ..။
ReplyDeleteကောင်းသတင်းပါ..။
အမဒါဆိုစလုံးမှာလာ၇င် အမလက်၇ာစား၇တော့ဘူးပေါ့...
မြတ်နိုး
စလုံးလို အချိန်ရှားတဲ့ဆီကနေ သွားတာဆိုတော့ ရောက်ခါစမှာ အချိန်တွေ အများကြီးပိုနေတော့မယ်။ စာတွေ လှိမ့်ရေး။
ReplyDeleteကောင်းတဲ့ ပြောင်းလဲခြင်း မှန်သမျှ ကောင်းတယ် အစ်မရေ။
ReplyDeleteဘယ်လိုပဲ ဖြစ်ဖြစ် နည်းနည်းလှုပ်လိုက်ရင် အနည်တော့ ထလာတတ်တာ သဘာဝပဲ မဟုတ်လား။ ခဏနေရင်တော့ ပြန်ပြီး အနည်ထိုင်သွားမှာပါ။
ပျော်ရွှင် အဆင်ပြေပါစေဗျား။
ကိုဇော်
အဆင်ပြေ.ပျော်ရွင်ပါစေ။
ReplyDeleteတီဆွိ အားလုံးအဆင်ပြေပါစေ တောင်းဆုပြုလျက်
ReplyDeleteတီဆွိ .. ဒါဆို အော်ဇီ မှ သိကောင်းစရာများ ဆိုပြီး ဖတ်ရတော့ မှာ ပေါ့ နော် .. ပို့စ်အသစ်တွေ လဲ မျှော် နေမယ် .. အား လုံးအဆင်ပြေပါစေရှင် (တီဆွိရော ဦးခြိမ့် ရောနှစ်ယောက်လုံး တော်တာပဲဟာ .. အဆင်ပြေမှာ ယုံကြည်ပါတယ် ) ။ ဂျူဂျူး လေးက ကြီးတော်နဲ့ သူ့သူငယ်ချင်းတွေ နဲ့ခွဲ ရတော့ မှာ .. သနားပါတယ် )
ReplyDeleteအကို၊ အမတို့
ReplyDeleteဦးစွာပထမ အရွှေ့အပြောင်းလုပ်တဲ့နေရာမှာ အစစ အရာရာ အဆင်ပြေပါစေဆိုလို့ ဆုတောင်းပေးပါတယ်။
အခုပိုစ့်လေးမှာ ရေးသားတင်ပြပုံကောင်းလွန်းလှပါတယ်။ ပိုစ်ဖတ်ပြီး ဖြစ်ပေါ်လာတဲ့ စိတ်ကူးထဲမှာ ခေါင်းစဉ်ပေးပုံ က မြန်မာစာနယ်ဇင်း ၊ မဂ္ဂဇင်းလောကက ကဗျာဆရာတယောက်ရဲ့ ခေါင်းစဉ်ပေးပုံနဲ့ အကြောင်းအရာသယ်ယူပုံတို့ တူနေတယ်လို့ ခံစားရပါတယ်။
အတွေးတိုက်ဆိုင်တာလို့ ပြောလိုရင်းဖြစ်ပါတယ်။ ကောင်းတဲ့ဘက်က နေ၊ စာရေးခြင်းအတတ်ပညာ နဲ့ပတ်သက်ပြီးမှတ်ချက်ပေးချင်လို့ရေးလိုက်တာပါ။ အကြောင်းအရာနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာကို မှတ်ချက်ပေးချင်းမဟုတ်တာကို အကို၊အမတို့ ကောင်းစွာနားလည်ထားတယ်လို့ယုံကြည်ပါတယ်။
အော်စီအတွေ့အကြုံလေးတွေ မျှော်နေပါမယ်။
ReplyDeleteအစစအဆင်ပြေပျော်ရွှင်ပါစေတီဆွိရေ
မယ်ဆွိရေ....
ReplyDeleteရောက်စတော့ နေရထိုင်ရ သိတ်အံမဝင်သေးတော့ စိတ်ညစ်ရမယ်..တောင့်ထားငါ့နှမရေ..အချိန်ကြာလာတော့ အသားကျသွားလိမ့်မယ်၊ အကိုကြီးလဲ US ရောက်စက လာမိတာ မှားပြီတောင်ထင်မိတယ်၊ စလုံးနဲ့ ဘန်ကောက်က ဗမာပြည်နဲ့ သိတ်မကွာ..ဗမာတွေကလဲပေါ.. နေရတာကလဲ အသားကျနေပြီဆိုတော့ ဒီမှာနဲ့ သဟဇာတမဖြစ်သလိုပဲ..ဒါပေမဲ့ ကြာလာတော့သိလာတယ်..အာရှနိုင်ငံတွေက အဖြူနိုင်ငံတွေလို ကျန်းမာရေး..လူမှုဖူလုံရေး ဘာမှမရှိဘူး..စလုံးမှာကို မရှိဘူး၊ စလုံးမှာ နေမကောင်းလို့ ဆေးရုံတက်ရရင် CPF deposit အတင်းတောင်းတော့တာပဲ..ဒီမှာတော့ ငွေပါပါ မပါပါ ဆေးရုံက ကုပေးတယ်..လူကိုတန်ဖိုးထားတယ်..ပြောနေအရှည်ကြီးပါလေ..
ကဲ..ငါ့နှမ အစစ ချောမော အောင်မြင်ပါစေဗျာ...
Congratulations n all the best.Every changes have pain n gain.Hope to read ur Auz experience posts.
ReplyDeleteGyidaw
အမရေ.....
ReplyDeleteရေရှည်နေရင်.... အော်ဇီဟာ စလုံးထက်.... နှိုင်းမရအောင် သာတာ၊ နေပျော်စရာ ကောင်းတာ၊ ဘဝ အာမခံချက် ရှိတာ သိလာမှာပါဗျာ.... တောင့်ထား ကိုခြိမ့်ရေ..... (၃)ယောက်စာကို တယောက်ထဲ ရုန်းရအုံးမယ် ဆိုလို့..... :P
အစစ အရာရာ အဆင်ပြေ အောင်မြင်ပါစေ ဆုတောင်းရင်းးးးး
အဆင်ပြေ အောင်မြင်ပါစေ
ReplyDeleteအစစ အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်။ စာတွေပိုရေးအုံးနော်။
ReplyDeletemm
ရောက်ရာအရပ်မှာ အဆင်ပြေပါစေ ....
ReplyDeleteတီတီဆွိရဲ့ ဒီပိုစ့်လေးကိုဖတ်ပြီး အတွေးမျိုးစုံဖြစ်သွားတယ်..ကျေးဇူးတင်ပါတယ် တီဆွိ...ဦးခြိမ့်လည်းအစစအဆင်ပြေပြီး ဂျူဂျူးလေးနဲ့တီဆွိတို့သားအမိ ဟိုကိုလိုက်နိုင်ပြီး မိသားစုပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ လှိုက်လှိုက်လှဲလှဲဆုတောင်းပေးပါတယ်.. ဆုမြတ်ကတော့ ခုမှ ၂၂ တီဆွိရဲ့ စလုံးရောက်ခါစဘ၀လိုပဲရုန်းကန်တုန်းပဲရှိသေးတယ် ဘယ်လိုရင်ဆိုင်ရမလဲမသိဘူး ... ကျေးဇူးပါတီဆွိရယ်..ခုလိုဝေမျှပေးတဲ့အတွက်ပေါ့...။
ReplyDeleteအမရေ
ReplyDeleteမိသားစုအားလုံး သြဇီမှာလည်း အဆင်ပြေပါစေဗျာ။
ဆရာကန်တော့ပွဲတုန်းက နှုတ်ဆက်ခဲ့ရလို့သာ အပြင်မှာမြင်ဖူးခဲ့ရတာ။
အစစ အရာရာ အဆင်ပြေ ချေမွေ့ပါစေ။ စာတွေလည်း ဆက်လက်ရေးသားပါဦးနော်..
ReplyDeleteအဆင်ပြေပါစေ..မရေ..
ReplyDeleteဆစ်ဒနီ ကတော့..ပါ့သ် ထက် ပို လူရှုပ်ပါတယ်.. မ က..လူရှုပ်ချင်တယ်ဆိုတော့လေ..
ကျမတို့တုန်းကတော့..ဆဒ်နီ အရင်ဝင်ပြီးမှ..ပါ့သ် မှာ နေဖြစ်သွားတယ်။
စိတ်နှလုံးဖြူကြည်ရွှင်ပျတဲ့ မမတို့ အစစအရာရာအဆင်ပြေမှာပါး)
ReplyDeleteချစ်သယ်ရင်းကြီး အန်တီသက်ဝေကတော့ ချစ်သူငယ်ချင်းပီသပါပေတယ်။ တင်ပြီးပြီးချင်းကို ပထမဆုံးလာမန့်သွားတာ။ သွားတဲ့သူက ပိုလွမ်းမှာပါကွယ်။ ဟိုရောက်ရင် အထီးကျန်နေမှာ :(
ReplyDeleteယုယရေ ဗီဇာလျှောက်တဲ့ အကြောင်း ဦးခြိမ့်တစ်ခါရေးဖူးတယ်။ အော်စီက RIT ကျောင်းသားဟောင်း စာစောင်တစ်ခုမှာ ရေးထားတာ။ ဒါပေမဲ့ အဲဒါက ဒိတ်အောက်သွားပြီ။ အေးဆေးမှ ဦးခြိမ့်အားရင် update လုပ်ပြီး တင်ပေးပါ့မယ်။
ဇူလိုင်၊ အနောနီမတ်စ်၊ မြူးမြူး တို့ပြောသလို ကောင်းမယ်ထင်လို့ စွန့်သွားတာ။ ကိုယ့်အိမ်ယာလိုဖြစ်တဲ့ စလုံးကို အမြဲသတိရနေမှာ သေချာပါတယ်။
မသီတာ ပြောတာသတိရပါတယ် အစ်မ။သမီးလေးငယ်ငယ်က အစ်မတို့အိမ်အလှူလုပ်လို့ ရောက်လာတာ။ ခုတော့ လွမ်းစရာလေးတွေ ဖြစ်ကုန်ပေါ့အစ်မရယ်။
ကူးကူးရေ နောက်ထပ်တစ်ဆစ်ချိုးကရော ... မောရဦးမှာလား ... တစ်ခါတစ်လေ တွေးကြောက်ပါတယ်။
Rita, Evy, ကိုညီမူရာ၊ အနောနိမတ်စ် အားလုံး အားပေးတာ ကျေးဇူးနော်။
နန္ဒာရဲ့ ကွန့်မန့်လေးကို ဖတ်ရတော့ စာရေးရတာ တော်တော်အားရှိသွားတယ်။ စိတ်ချပါ။ နေရာအသစ်က အတွေ့အကြုံအသစ်တွေ ရေးဖြစ်မှာပါ။ ခုလိုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ညီမရေ။
ReplyDeleteMon Petit , Thanks for your encouragement.
ဧပြီမတိုင်မီလာရင် မှီပါသေးတယ် မြတ်နိုးရေ။ ဟိုမှာပြန်တွေ့ရင်တော့ လာလည်လေနော်။ တွေ့ဖို့ကံပါရင်တော့ ဟိုမှာလဲ ဆုံနိုင်ပါသေးတယ်နော်။
ဟုတ်တယ် ... ကိုကိုထက်ပြောသလို စာတွေလှိမ့်ရေးရမယ်။ စူပါမန်းတို့၊ မီးမီးချောတို့ သတိရနေတော့မှာပဲ။ မနေ့ကတောင် သမီးက စူပါမန်းအစ်မနာမည် ဘယ်သူလဲမေးနေသေးတယ်။
ဟုတ်တယ်ကိုဇော် ခုချိန်က အနည်ထ ... အဲ ဖုန်ထနေတဲ့ အချိန်။ ပစ္စည်းတွေ ထုတ်ပိုးနေတော့ ဖုန်ထတယ်လေ။ နောက်တာနော်။
အစ်မကြီးကွန်း ... မသွားခင်တစ်ခါလောက်တော့ တွေ့ချင်တယ်ဗျာ။ တွေ့ခွင့်ရတုံးလေး။ ဟိုရောက်ရင် တွေ့ဖို့မလွယ်တော့ဘူးလေနော်။
အနောနိမစ် ကျေးဇူး။
စိုးယုရေ သမီးလေးရော ကြီးတော်ရော ၂ယောက်လုံး အတွက် အစ်မအရမ်းစိတ်မကောင်းဖြစ်နေရတယ်။ အဲဒီအတွက် သမီးကို သနားတယ်။ ဘာမှလဲမတတ်နိုင်ဘူး။ ခဏတော့ ဒုက္ခရောက်မှာပေါ့။
အနောနိမတ်စ်သို့
အစ်မပုံလေးတွေကြားညပ်ပြီးရေးတာ ပြောတာနဲ့တူတယ်။ ကဗျာဆရာရေးတာတော့ အစ်မမသိဘူး။ ဘလောဂါ ဆရာအောင်ဒင်ရဲ့ သက်ခိုင်မှာ ဖတ်တဲ့သူမပျင်းရအောင် ပုံလေးတွေကြားညပ်ထည့်တဲ့ အိုင်ဒီယာကို ကြိုက်လို့ယူထားတာပါ။ ကျန်တာတော့ အစ်မကိုယ်ပိုင် အိုင်ဒီယာပါ။ ကွန့်မန့်အတွက် ကျေးဇူး။ စာရေးဖို့ အားပိုတက်သွားပြီ။
ကိုကြီးကျောက်ပြောတာ သဘောပေါက်ပါတယ်။ ပျော်ရာမှာထက် တော်ရာမှာနေရမယ်လို့ စကားရှိထားတယ်မလား ... အဟင့်း( ။ စလုံးမှာ အကြောက်ဆုံးက ရောဂါကြီးကြီးမားမား တစ်ခုခုဖြစ်မှာကိုပဲ။ ဖြစ်ရင်တော့ ရှိသမျှပြောင်မှာပဲ။
ReplyDeleteHerat museun
ပုခုံးရှင်ကြီးကိုတော့ အလုပ်ကြိုးစားဖို့ ပြောထားရတယ်။ ဆုတောင်းပေးတဲ့အတွက်ကျေးဇူး။
ငွေစန္ဒာ၊ အနောနိမတ်စ်၊ မောင်ကျော်ဇော၊ ကိုဇီ၊ ပီတိ အားလုံးကျေးဇူး။
မကေတို့နဲ့ ပြောင်းပြန်ဖြစ်နေပြီ။ ဦးခြိမ့်အလုပ်က Perth မှာ ရှားတယ်မကေရ။ ပါ့သ်မှာ ပျင်းဖို့ကောင်းတယ်ဆိုတာ မကေရှေ့မှာ ပြောမိသလိုဖြစ်နေပြီ။ အေးဆေးနေချင်သူတွေ အတွက် သိပ်ကောင်းပါတယ်။
မယ်ကိုးရေ မယ်ကိုးပြောတဲ့ အိမ်ပျောက်သူ၊ အိမ်ပြေးသူ ဇာတ်လမ်း အစကပြန်စသလိုဖြစ်နေပြီး)
Congrats bro and sis,keep in touch
ReplyDeleteThwe Thwe Khine
တီဆွိ သက်ခိုင်ရေးတာ မင်းဒင် ပါ။ ခု စာအုပ်တောင် ထွက်နေပြီ စွယ်စုံကျမ်းလောက်ထူတယ်။
ReplyDelete................
ကုတင်ကို သူများစောင်ကြီး ငှားအုပ်ထားတော့ ရုပ်တည်နဲ့ ဖတ်နေတဲ့ စာအုပ်ကြီးကရော သူများ စာအုပ်ကြီးလား။
................
ကလေးတွေ ခေါ်ပြီး လာလည်ဦးမယ်လေ။ မသွားခင် ပြောတာပါ။ အော်စီတော့ လေယာဉ်ခ မရှိလို့ လာနိုင်မယ် မထင် :P
ကိုထက်ရေးမှ ပြန်ဖတ်မိတယ်။ ကိုမင်းဒင်ကို ကိုအောင်ဒင်တဲ့ ရေးထားတာ။ ဆရာ ကိုမင်းဒင်ကို တောင်းပန်ပါတယ်။ မှားရေးမိတာ။
ReplyDeleteအင်မတန်ကောင်းတဲ့စာအုပ်ပါ။ PDF တွေတော့ အကုန်ဖတ်ပြီးသွားပြီး။
ဖတ်နေတဲ့စာအုပ်တော့ မမှတ်မိတော့ဘူး။ အဲဒါတော့ကိုယ်ပိုင်ပါဗျာ။
သွားခါနီးရင်ပြောပါ့မယ်။ စူပါမန်းတို့ မောင်နှမနဲ့တွေ့ရတာပေါ့နော။ အိုင်းရစ်လေပြေဦးရော ခေါ်ခဲ့ဦးနော်။
ဘ၀ဆိုတာ အဲဒီလိုပဲထင်ပါရဲ့အစ်မရေ။
ReplyDeleteဂျူဂျူလေး နဲ့ တီတီဆွိ ဘယ်တော့လာကြမှာလဲ ဒီရောက်လို့  ဂျူဂျူလေး မွေးနေ့လုပ်ရင် ဖိတ်ပါနော် တီတီဆွိရဲ့  စာတွေဖတ်ပြီ့း ဂျူဂျူလေး ကိုတွေဖူးချင်လို့ sydeny မှာ ဂျူဂျူ ပျော်မှာပါ
ReplyDeleteHello TT Sweet,
ReplyDeleteI would appreciate if you can spare time and write follow-up posts for your migration experience in Aussie.
My family is in SG and I am also thinking to migrate to Assuie or New Zeland.
I am 31 and working in petrochemical industry. My wife is trained in accountancy but she is a full-time home maker as we have 2kids - 7 year old boy and 1 yr old girl. Our income is around 5.5K SGD. And we are more or less settled down in SG. So, I am weighing the pros and cons of migrating elsewhere.
Please share your personal account of migrating to Aussie. This info will be of great use in my own decision making. Thanks in advance.
Maung Myo
အော်ဇီ ပီအာ လျှောက်တာ ကိုယ်တိုင်လျှောက်တာလား အေးဂျင့်နဲ.လျှောက်တာလား အစ်မ ကျွန်တော်လဲ ၂၀၁၁ ထဲလျှောက်မလို.။
ReplyDeleteကွန်ပြူတာ field နဲ.လျှောက်မလို.။ လျှောက်ပုံလျှောက်နည်း တော့ အနည်းအများတော့ သိထားပါတယ်။ ကိုယ်တိုင်လုပ်ရမလား အေးဂျင့်နဲ.လုပ်ရမလား မသိလို.။
ပြောပြပါဦးး)
I'm also waiting for your post how you applied Australia PR.
ReplyDeleteThanks in advance.
ဟယ်...ဆွိ...မသွားခင် တွေ့ကြရအောင်ပါဟယ်...တို့လည်း တူတူပဲ ဟိုမှာ ပျင်းစရာကြီးဆိုပြီး မသွားချင်တာ...ဟိုက သူငယ်ချင်းတွေက ခေါ်နေတာ ကြာပြီ.....
ReplyDeleteချစ်ကြည်အေး