Tuesday, February 15, 2011

ကျွန်တော်နဲ့ ၁၀ ပုံရိပ်များ- ၂ နှင့် ၃



အခုတစ်ခေါက် မွေးရပ်မြေသို့ တစ်ညအိပ် နှစ်ရက်ခန့်သာ နေနိုင်ခဲ့သည်။ ပထမနေ့ နေ့လည်အိမ်ရောက်တော့ အိမ်တွင် ကူဖော်လောင်ဖက်အတွက် လွန်ခဲ့သောနှစ်နှစ်ခန့်အထိ အမအပျိုကြီးများနှင့် ဒိုးတူဘောင်ဖက် အတူတူလုပ်ကိုင်ခဲ့သော ညီမတစ်ဝမ်းကွဲနှင့် တူမနှစ်ဝမ်းကွဲ ကို တွေ့ရသည်။ သူတို့လေးတွေမျက်နှာကြည့်တော့ ပျော်ပျော်ရွင်ရွင် သူတို့ဘ၀ကို သူတို့ကျေနပ်နေသော အကြည်မျက်နှာလေးများနှင့်။ ညီမတစ်ဝမ်းကွဲက ဒီနှစ် ၃၇နှစ်ပြည့်ပြီ၊ တူမတစ်ဝမ်းကွဲကတော့ အသက် ၃၀ စွန်းနေပြီလို့ သိလိုက်ရသည်။ နှစ်ယောက်လုံး အပျိုကြီးများဖြစ်နေသည်။

ထူးဆန်းသည်က ထိုနှစ်ယောက်လုံး အမေရှိစဉ်ကတည်းက အိမ်မှာတူတူနေလာခဲ့ကြသည်။ အမေဆုံးပါးသွားတော့လည်း သူတို့မှာ သူတို့ရဲ့ အမကြီး၊ အဒေါ်အပျိုကြီးနှစ်ယောက်ကို သံယောဇဉ်တွယ်လျက် သူတို့ရွာကို မပြန်ကြပဲ အတူတူနေထိုင်ကြသည်။ အပျိုကြီးနှစ်ယောက်နဲ့ အတူတူ နေလာတာကြာတော့ သူတို့ နှစ်ယောက်လုံး အိမ်ထောင်ပြုရန် စိတ်ကူးတောင်ယဉ်ပုံမရ။

ပထမဦးဆုံး တူမကိုမေးမြန်းမိသည်။ တူမနှစ်ဝမ်းကွဲက သူမတွင် အဖေမရှိတော့။ သူရဲ့ အမေ၊ ကျွန်တော့်အမ၀မ်းကွဲ (ကျွန်တော့်အဖေရဲ့ တူမ) သည် ငယ်စဉ်ကတည်းက အဖေအမေဆုံးပါသွားမှု ရွာမှာပဲ ဦးလေးအိမ်များတွင် လှည့်ပတ်နေထိုင်သောကြောင့် ပညာကောင်းကောင်းမတတ်။ ကြုံသလို လုပ်ကိုင်စားသောက်နေရသောကြောင့် ကျွန်တော့်တူမနှစ်ဝမ်းကွဲကို အမေက ခေါ်ယူစောင့်ရှောက်ထားသည်။ အခုတော့ တူမလေးမှာလဲ အရွယ်ရောက်၊ ကျွန်တော်တို့အိမ်တွင်လည်း စီးပွားရေးအခြေအနေကြောင့် လူဦးရေ လျော့ကျလို့ တူမခင်ဗျာ ရွာပြန်အလုပ်လုပ်နေရသည်။

" ဟဲ့ ခင်မာအေး... ညည်းဘာလုပ်နေလဲ ..."

" ကျွန်မ အေလာလေဆိပ်မှာ ပန်းရံအုပ်သယ် မဆလာသယ် လုပ်နေတယ် " သူမရဲ့ အလုပ်ကို တုန့်ဆိုင်းခြင်း၊ နှောက်နှေးခြင်းမရှိ ဂုဏ်ယူဝင်ကြွားစွာ ဖြေကြားလိုက်သည်။

"နောက်တစ်ခါ ဦးခြိမ့်တို့ ပျဉ်းမနားလာရင် အေလာလေဆိပ်မှာ ဆင်းရမှာလေ ... အဲဒီအခါကျရင် ငါ့တူမဆောက်တဲ့ လေဆိပ်ကြီးဆိုပြီး လိုက်ကြွားလိုက် ... " ညီမ၀မ်းကွဲက ၀င်ရောက်နောက်ပြောင်သည်။

ကျွန်တော့်မှာ ရုတ်တရက် မရယ်ပြုံးနိုင်... ခင်မာအေးအတွက် စိုးရိမ်သွားသည်။

" ညည်း.. နေ့စားခ ဘယ်လောက်ရသလဲ.. လောက်ငှရဲ့လားဟဲ့ ... "

" ကျွန်မ တစ်နေ့ ၁၅၀၀ ရတယ် ဦးလေး... လောက်ပါတယ်။ အမေကလည်း မလုပ်နိုင်တော့ အိမ်မှာ ထမင်းဟင်းချက်ပေါ့။ ကျွန်မ ညီမနဲ့ ကျွန်မ တို့နှစ်ယောက် နေ့စားလုပ်တာ မိန်းကလေး ၃ ယောက်အတွက်တော့ လောက်တယ်။ လပြည့် လကွယ်နေ့ကျရင် အန်တီကြီးတို့ဆီလာပြီး ကူလုပ်ပေးတယ်လေ... အဲဒီကျရင် အန်တီကြီးက မုန့်ဖိုးပေးသေးတယ် ..."

ခင်မာအေးရဲ့ အပြောကတော့ သူဘ၀ကို ကျေနပ် ပျော်ရွင်စွာပြန်ဖြေသံကြားရပေမဲ့ ကျွန်တော် သက်ပျင်းချနေမိသည်။

" အမော်.. ညည်းကော ဘာလုပ်နေလဲ ..." ညီမ၀မ်းကွဲဖက် လှည့်ကာ ဆက်လက်ပြီး မေးခွန်းထုတ်လိုက်မိပြန်ပြီ။

" ကျွန်တော်ကတော့ သာကူဆနွမ်းမကင်းတို့၊ မုန့်ကျွဲသည်းတို့၊ ငှက်ပျောပေါင်းတို့ လုပ်ပြီး အေလာကျောင်းမှာ ရောင်းတယ်လေ ... ညနေကျရင် နေပြည်တော်ဈေးမှာလဲ ရောင်းတယ်။ တစ်နေ့ ၅ထောင် ၆ထောင်လောက်တော့ အမြတ်ကျန်တယ် ဦးခြိမ့်ရ ... "

တကျပ်ခွဲသားခန့် ရွှေဆွဲကြိုးကြီးဆွဲထားသော သူမက ပြန်ဖြေလိုက်တယ်။ တကယ်တော့ အမော့်တွင်လည်း အဖေမရှိတော့။ အမေမုဆိုးမကြီးနှင့် ကျန်းမာရေးမကောင်းသော အဖမဲ့ တူငယ်တစ်ယောက်ကို အမော်က စောင့်ရှောက်နေသည်တဲ့ ....

ဘာပဲ ပြောပြော ရန်ကုန်မြို့လည်မှာ ကုန်ဈေးနှုန်းတွေတက် စီးပွားရေး အဆင်မပြေဘူးဆိုတဲ့ အသံတွေကြားနေရပေမဲ့ တောလက် ကျေးရွာများတွင်တော့ သူတို့လေးတွေ သူတို့ဘ၀နဲ့ ပျော်ပျော်ရွင်ရွင် လမ်းဆက်လျှောက်နေကြသည်လို့ ကြားရတော့ စိတ်ထဲမှာ သူတို့အတွက် စိုးရိန်မှုတွေ အနည်းငယ်လျော့ပါးသွားသည်။

" အော်.. ဒါနဲ့ ညည်းတို့ တစ်တွေ ရွေးကောက်ပွဲမှာ မဲသွားပေးကြသေးလား ..."

"အားအား ယားယား ဦးလေးရာ.... ကိုယ်စားဖို့ ကိုယ်လုပ်နေတာ ဘယ်သူတွေ ပြိုင်လို့ ဘယ်သူတွေ နိုင်မှန်းတောင် မသိပါဘူး ..." ခင်မာအေးက သွက်သွက်လက်လက် ပြန်ဖြေလိုက်သည်။

ကျွန်တော် ဘာပြန်ပြောရမှန်းမသိတော့ ... နိုင်ငံရေးဆိုတာ ပြည်သူတစ်ရပ်လုံးနဲ့ဆိုင်တယ်။ ပြည်သူတွေကပါ ၀ိုင်းဝန်းပါဝင်ကူညီမှ တို့တစ်တွေ လိုအပ်တဲ့ ဒီမိုကရေစီ ရမယ်ဆိုတာကိုများ တီဗီထဲက သတင်းကြေငြာသလို လေသံနဲ့ ပြောလိုက်ရင် ခင်မာအေးနဲ့ အမော်တို့ နှစ်ယောက် ကျွန်တော့်ကို ဘယ်ကမ္ဘာကလာတဲ့ ဂြိုလ်သားလဲလို့ ဆိုပြီး ပြန်ကြည့်လေမလား... ဒါမှမဟုတ် သူတို့နှစ်ယောက် ကြောက်တဲ့ ကျွန်တော်ကို ကျေနပ်အောင် ဟုတ်ကဲ့လို့ပဲ ပြောမလား... တွေးရင်းနဲ့...

မောင်ခြိမ့်

4 comments:

  1. အဲဒီလို ပုံစံလေးတွေပဲ တွေးမိအောင် လုပ်နေတာပဲလေ။
    ဒီတော့လည်း အားလုံးက ဒီလိုပဲ ပုံစံကျသွားကြတာပေါ့။

    ReplyDelete
  2. နောက်ဆက်တွဲတွေပါ ဆက်တင်ပါဦး တီဆွိရေ..
    မြန်မာပြည်က မြန်မာလူမျိုးတွေရဲ့ အသံကို နားထောင်ရတာ စိတ်ဝင်စားစရာကောင်းတယ် :-)

    ReplyDelete
  3. အေလာမှာ လေဆိပ်ဆောက်နေပြီလား။
    ငယ်ငယ်တုန်းကနွေကျောင်းပိတ်ရက်ဆို အေလာ ဘဓရ စက်ရုံဝင်းထဲမှာ နေတဲ့ အဒေါ်မိသားစုဆီ သွားလည်ပြီး တနွေလုံးနေဖြစ်တယ်။ နေလို့ကောင်းတဲ့ နယ်မြို့ကလေးပါပဲ။
    များသောအားဖြင့် နယ်က လူတွေက ကိုယ့်ဘ၀နဲ့ကိုယ် ကျေနပ် ရောင့်ရဲ နေကြတာ များတယ်။ ဒါလဲ မင်္ဂလာတပါး ထင်ပါရဲ့နော်။

    ReplyDelete
  4. အေလာတွင်ဘွဲ့ရများစွာရှိ၏/ဘွဲ့မရများစွာလည်းရှိ၏။ အေလာတွင်နေ၏။ အေလာတွင်ပျော်၏။ အေလာတွင်ပင်ခေါင်းချ၏။ ကျွန်မတို့ ယခင်က ရန်ကုန်တွင် အလုပ်လုပ်နေတော့ ရုံးပိတ်ရက်ရှည် (ဥပမာ သင်္ကြန်ပိတ်ရက်ပေါ့) ဇာတိမြို့ အေလာကို ပြန်တော့ ကျောင်းနေဘက် သူငယ်ချင်းများက မေးတယ်။ အဆင်ပြေလား။ အေး ပြေတယ်ပေါ့။ နင်တို့လည်း တိုးတက်ရာတိုးတက်ကြောင်းသွားအလုပ်လုပ်ကြပါလားလို့ ပြောမိတယ်။ သူငယ်ချင်းပြန်ပြောတဲ့စကားကြောင့် ကျွန်မဆွံ့အခဲ့ဖူးတယ်။ သူပြောတာက " အောင်မလေး သူငယ်ချင်းရယ် နင်မိုလို့ မိဝေး ဖဝေး ဒီမှာ နေလည်း ထမင်းတစ်နပ်တော့ ဘယ်အိမ်တက်စားစား ရပါတယ်ဟာ" တဲ့။ သူပြောသလိုပဲ ကျွန်မကတော့ မိဝေးဖဝေးနဲ့ ခုထိ အိမ်မကပ်နိုင်သေး။

    ReplyDelete