Thursday, February 17, 2011

ကျွန်တော်နဲ့ ၁၀ ပုံရိပ်များ- ၄ နှင့် ၅

ကျွန်တော်နဲ့ ၁၀ ပုံရိပ်များ- (၄)

ကျွန်တော့်အနေနဲ့ ကျေးဇူးပြန်ဆပ်ရမဲ့သူတွေ အများကြီးပဲ။ ကျွန်တော်ကို လူတစ်လုံး သူတလုံးဖြစ်အောင်မွေးပေးတဲ့ အမေရယ်၊ ကျွန်တော်အတွက် လိုလေသေးမရှိအောင် ပြုစုပေးထောင်ပေးခဲ့တဲ့ အန်တီကြီး၂ ယောက်ရယ်၊ ကျွန်တော်တို့မိသားစုတစ်ခုလုံးကို စားရေးသောက်ရေးကအစ ငွေကြေးကူညီပေးခဲ့တဲ့ ဦးလေး။ ကျွန်တော် သူတို့စိတ်ချမ်းသာအောင်ထားချင်ပါတယ်ဆိုတဲ့ အသက်၂၃ နှစ်အရွယ် ဘီအီးနောက်ဆုံးနှစ် ကျောင်းသားတစ်ယောက် ယစ်ရွှေရည်တွေယစ်မူးလာချိန်မှာ ကြွေကျနေတဲ့ စကားလုံးတွေနဲ့ ရှုပ်ထွေးနေပြီး ဘာတွေလုပ်ရမှန်းမသိပဲ တွေဝေနေသူတစ်ယောက်ကို ကျွန်တော် စကားလက်ဆုံကျခဲ့ပါတယ်။

ဦးလေးတစ်ယောက်အနေနဲ့ မင်းကျေးဇူးဆပ်တာတွေ နောက်ထားလို့ မင်းကျောင်းပြီးသွားရင် ဘာလုပ်မယ်လို့ စိတ်ကူးသလဲဆိုတာ သိချင်တယ်။ အစိုးရအလုပ်ပဲ ၀င်လုပ်မလား၊ အပြင်ပုဂ္ဂလိကမှာပဲ အလုပ်လုပ်မလား၊ နိုင်ငံခြားမှာပဲ ပညာဆက်သင်မလားဆိုတာ အဖြေပေးဆိုတော့... ပြတ်သားတိကျတဲ့ အဖြေကို မပေးနိုင်ပဲ၊ သူဘာလုပ်ရရင်ကောင်းမှာလည်း၊ သူလုပ်ချင်တာတွေကို လုပ်ဖို့ ဘယ်လိုလုပ်သင့်သလဲ မပြတ်မသား မေးခွန်းတွေ ပြန်မေးပါလေရဲ့။

ဟို လွန်ခဲ့တဲ့ ၁၇နှစ်လောက်က ကျွန်တော်တို့ နောက်ဆုံးနှစ်ကျောင်းသားဘ၀ကို ပြန်လည်တွေးမိတယ်။ ကျွန်တော်တို့ ခေတ်ကတော့ အဖြေက ရှင်းရှင်းလေးပဲ၊ အစိုးရ အလုပ်ဝင်လုပ်မယ်၊ ပရောဂျက်တွေနဲ့ အတူ သိပ်မကြာခင်မှာ သူဌေးလေးဖြစ်အောင်လုပ်မလား၊ နိုင်ငံခြားမှာ အလုပ်သွားလုပ်မလား၊ သင်္ဘောသား လုပ်မလား ဆိုတဲ့ ကိုယ်လုပ်ချင်တာကို ပြတ်ပြတ်သားသားရွေးပြီး ကိုယ်လျှောက်ခဲ့တဲ့လမ်းကို မှားမှားမှန်မှန်ရင်ဆိုင်ဖို့ အားတွေရှိခဲ့တယ်။

အခုတော့ ကျွန်တော်ရဲ့ တူအရွယ် အသက် ၂၀-၂၅နှစ် ငွေကြေးမပြည့်စုံတဲ့ မိဘက မွေးဖွားလာတဲ့ တချို့သော လူငယ်တွေမှာ ဘာလုပ်ရရင်ကောင်းမှာလဲဆိုတဲ့ တွေဝေမှုတွေ အပြည့်နဲ့ပေါ့။ ကျွန်တော်တူတစ်ယောက်ထဲတင်မက လူငယ်တော်တော်များများနဲ့ တွေ့ခဲ့ရတယ်။ ငွေကြေးချို့တဲ့မှု၊ လမ်းကြောင်းမပွင့်လင်းမှု၊ အကျင့်ပျက်ခြစားမှုတွေကြားထဲမှာ လူငယ်လေးတွေဘ၀ကို မရေရာတဲ့ အနာဂတ်လမ်းတွေ ကြိုဆိုနေလေရဲ့...

---------------------------------------------------------------------------------------------------------------------------------
ကျွန်တော်နဲ့ ၁၀ ပုံရိပ်များ- (၅)

ဒီတခေါက် ကျွန်တော်မြန်မာပြည်ပြန်တဲ့အခါမှ ခေတ်ပျက်သူဌေးခေါ်မလား၊ ခေတ်သစ်သူဌေးခေါ်မလား သူဌေးတော်တော်များများကို တွေ့ခဲ့တယ်။ အဲဒီခေတ်သစ်သူဌေးတွေထဲမှာ ကျွန်တော့်ငယ်ငယ်က သူငယ်ချင်းတစ်ယောက်လဲ ပါတယ်ပေါ့။

သူ့နာမည်က သိန်းဇော်တဲ့ မန္တလေးသိန်းဇော်ထက် အသက်နည်းနည်းငယ်ပေမဲ့ သူ့လို့ နုနုရွရွ သိန်းဇော်တော့မဟုတ်ဘူး။ ၉-၁၀တန်းဘ၀မှာကတည်းက ရန်ဖြစ်ပြီ၊ ရိုက်ပွဲဖြစ်ပြီဆိုရင် ပြေးမကြည့်နဲ့ သိန်းဇော်တို့ကတော့ ၀န်းထရံက နှစ်-တစ်လက်မကို ဆွဲဖြုတ်ပြီးရိုက်လို့ ၉-ချက်၊ ၁၀ချက်ချုပ်လိုက်ရတဲ့သူတွေ တော်တော်များပေါ့။ ၉-၁၀တန်းမှာ အရက်ဆိုတာ ၁၈နှစ်ပြည့်မှ သောက်ရတယ်လာမပြောနဲ့ အတတ်ပေါင်းစုံ အကုန်တတ်တယ်ပေါ့။ ဒါပေမဲ့ သိန်းဇော်က ကျွန်တော်တို့လို စာကြိုးစားပြီး အေးဆေးနေတဲ့ သူငယ်ချင်းတွေကို တော်တော်ချစ်တယ်။ ကျွန်တော်တို့ကို အနိုင်လာမကျင့်နဲ့ သိန်းဇော်တို့လက်စာမိမယ်ဟေ့ ဆိုပြီး ကျွန်တော်တို့ရှေ့က ကာကွယ်တတ်ပါတယ်။

သိန်းဇော်မှာ ခက်တဲ့ အကျင့်ကတော့ အရက်အရမ်းသောက်တယ်။ အခုတော့ သူ့မှာ မိဘနှစ်ပါးလုံးမရှိတော့ဘူး။ အိမ်ထောင်လဲ မပြုဘူး။ မောင်နှမတွေနဲ့ အမွေခွဲလိုက်တော့ ရန်ကုန် မန္တလေး လမ်းမပေါ်က ၀ပ်ရှော့ကို သူအမွေရတယ်။ အယ် ... နောက်တစ်ခုက ၁၉၇၈ လောက်က ကားပြင်ရင်းရတဲ့ ပိုက်ဆံလေးနဲ့ ၀ယ်ထားတဲ့ အိမ်ဝိုင်းလေး တစ်ဝိုင်းရှိတယ်။ အဲဒီခေတ်ကတော့ ကျွန်တော်တို့မြို့ရဲ့ အစွန်ဆုံး ပေါင်းလောင်းရပ်ကွက် တိုးချဲ့လိုက်တော့ သူ့မိဘတွေက သူရဲ့ကားပြင်ထားတဲ့ငွေနဲ့ အိမ်ဝိုင်းလေးကို ၀ယ်လိုက်တာ ၁၂၀၀ ကျပ်ပေးရတယ်။ ပေါင်းလောင်းရပ်ကွက် ၁၈ လမ်းမှာပေါ့။ ၁၉၈၅ ကျတော့ ပေါင်းလောင်းရပ်ကွက်ကို ဂရန်တွေချပေးမယ်ဆိုတော့ သူက ဂရန်လျှောက်လိုက်တာ ၃၅၀၀ ကုန်တယ်တဲ့။ ပေ ၄၀ပတ်လည် ၀ိုင်းလေးပါ။ အဲဒီမှာ မြေစိုက်တဲလေးတစ်လုံး ဆောက်ထားတယ်။ အဲဒီအိမ်လေးကို ဘယ်သူမှမနေတော့ ဒီအတိုင်းပစ်ထားတာ ကြာပြီပေါ့။

၂၀၀၀လောက်က သူမိဘတွေ မရှိတော့တဲ့အခါမှာ သူ့ရဲ့ညီမိသားစု နေစရာမရှိတော့ အဲဒီအိမ်လေးကို ပြင်ပြီး နေကြတယ်။ သူကတော့ ၀ပ်ရှော့မှာ အိပ်လိုက် အရက်သောက်လိုက်ပေါ့။

ဒီတခေါက်ပြန်တော့ သိန်းဇော်ကို တွေ့တယ်။ အိမ်ဝိုင်းဈေးတွေ ပြောရင်းနဲ့ သူ့ရဲ့အိမ်လေးကို လိုက်ပြတယ်။ သူ့ရဲ့ညီလေးတွေနေတော့ အိမ်လေးကိုတော့ သပ်သပ်ရပ်ရပ်လေး ပြန်ပြင်ထားတယ်။ အိမ်လေးကို လိုက်ပြရင်းနဲ့ "ဟားဟား ငါလည်း သိန်း ၂ထောင်ကျော် သူဌေးလေး ဖြစ်နေပါပြီကွ ... မင်းတို့လို နိုင်ငံခြားမသွားပေမဲ့ မနှစ်က ငါ့အိမ်ကို ရောင်းမလားဆိုပြီး ဈေးလာပေးတာ သိန်း ၂၂၀၀ ပေးမယ်တဲ့ကွာ"

ငွေ သိန်း ၂ထောင်ကျော်ဆိုတဲ့ အသံကြားတော့ ကျွန်တော်က မင်းရောင်းလိုက်ပါလားလို့ စကားတောက်တဲ့အခါမှာ...

"မောင်ခြိမ့်ရ ... ငါက အရက်သမားလေ... ငါ အသက်ရှင်နိုင်ရင် အလွန်ဆုံး နောက်ထပ် ၁၀နှစ်ပေါ့ကွာ ... ဒီအရက်နဲ့ပဲ ငါသေမှာပဲ ...ငါ့မှာလဲ မိန်းမနဲ့ကလေးမှ မရှိတာ ... ငါသေရင် ငါ့ညီမိသားစု သက်တောင်သက်သာ နေနိုင်ပါစေ ဆိုတဲ့ စေတနာပေါ့ကွာ...။ မသေသေးရင်တော့ ငါ့အတွက်စားဖို့သူတို့က ဂရုစိုက်တယ်လေ။ သောက်တာက ကားပြင်တာနဲ့ လောက်ပါတယ် ... မရောင်းပါဘူးကွာ.."

ခေတ်သစ် သိန်း၂ထောင်ကျော် ကျွန်တော်သူငယ်ချင်း အရက်သမားတစ်ယောက်ရဲ့ မေတ္တာကို သူမျက်နှာမှာ ဖတ်လိုက်ရတယ်။

ကျွန်တော်တို့ ပျဉ်းမနားမြို့စွန်မှာ အရင်တုန်းက ပစ်ထားတဲ့ အိမ်ဝိုင်းတွေက သိန်းပေါင်း ထောင်သောင်းချီပြီးတန်ဖိုးတွေနဲ့ သူဌေးတွေ ဖြစ်ကုန်ပြီပေါ့။ နေပြည်တော်နဲ့ သိပ်မဝေးတဲ့ ပျဉ်းမနားမြို့စွန်တစ်နေရာပေါ့....။

မောင်ခြိမ့်

(လောလောဆယ် ဦးခြိမ့်ရေးပြီးသမျှ အပိုင်း (၅) အထိ အကုန် တင်လိုက်ပါတယ်။ နောက်ပို့စ်များပြီးပါက နောက် တစ်သုတ် အေးဆေးမှ ထပ်တင်ပေးပါမည် ...)
(ပုံများကို ဂူဂဲမှ ယူပါတယ် ... Credit to original uploader.)

4 comments:

  1. အခု ဦးခြိမ့်ပြောသလိုပဲ ဟိုတလောကလည်း အစ်မတစ်ယောက်က ပြောတယ်ဗျ။ သူ ဟိုမှာ ဝယ်တဲ့ အိမ်က ဘာမှ ဈေးမတတ် မမြတ်ပေမဲ့ သူ့သူငယ်ချင်း တစ်ယောက်က မြန်မာမှာ ၁၂၀ နဲ့ ဝယ်လိုက်တာ အခုတော့ သိန်း ၃၀၀၀ ကျော် ဖြစ်နေပြီတဲ့။ ငါသာ မြန်မာမှာ ဝယ်ထားမိရင် ဆိုပြီး ခဏခဏ ငြီးပါ့။
    အခု ကိုသိန်းဇော် ရဲ့ မေတ္တာစိတ်ကိုတော့ နည်းနည်းထူးဆန်းတယ် ပြောရမယ်။ ဦးခြိမ့် ရေးထားသလို ဒါနဲ့ ရင်းနှီးချင်စိတ်မရှိ ၊ မလိုတာလည်း ဖြစ်မှာပေါ့။

    ReplyDelete
  2. ပုံရိပ်ကျောက်February 17, 2011 at 9:14 AM

    ဦးရှိမ့်တွေ့ခဲ့တဲ့ ကျောင်းပြီးခါနီးလူငယ်လေးလို ကျနော် တို့လဲ နောက်ဆုံးနှစ်လောက်ရောက်တော့ ဝေဝေဝါးဝါးနဲ့ အနာဂါတ်ပျောက်သလိုမျိုးခံစားရဖူးတယ်..ခေတ်ကလဲ မဆလခေတ်..နိုင်ငံခြားသွားတယ်ဆိုတာ ဒုလ္လလတရားလိုရခဲပါဘိခြင်း၊ အစိုးရကလဲ အလုပ်အကိုင်ဖန်တီးမပေးနိုင်..အသက်ကြီးလာတော့လဲ..သူဖြစ်ချင်ရာဖြစ်နေတာကို ကံလို့ပဲ ဗမာပီပီ ပုံချလိုက်တော့တာပါပဲ..

    ReplyDelete
  3. မဆွိ ရေ

    ဦးခြိမ့်စာတွေ ရော မဆွိ စာတွေရော ဖတ်ဖြစ်ပါတယ် မမန့်ဖြစ်လို့ပါ ကော်နက်ရှင် အဆင်မပြေဘူးလေ အခုတော့ အရမ်းအရမ်းကောင်းနေတယ် ဝဲလည်း ပျောက်လို့ မန့်လိုက်ပါတယ်
    စာတွေ ကိုဆက်လက်မျှော်လင့်နေပါမယ်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  4. သိပ် သဘောကျပါတယ် ဦးခြိမ့်ရေးထားတာတွေနဲ့ အတွေးလေးတွေကို ဆက်တင်ပါအုံးနော် တီတီဆွီ

    ReplyDelete