(ဂျူဂျူရဲ့ ပရိတ်သတ်များအတွက် ... )
အချိန်တွေများ ကုန်လွယ်လိုက်တာ ။ ဘာလိုလိုနဲ့ ဂျူဂျူတောင် ငယ်သွားလဲတဲ့အရွယ် ရောက်နေပြီ။
သူ့ပထမဆုံးသွားကျိုးတော့ ၀မ်းသာအားရနဲ့ အော်ဟစ်ပြီး သူ့သွားလေးကိုင်ပြီး မအေလက်ထဲလာထည့်တယ်။ သွားကလဲ နှဲ့နေတာကြာပြီ။ တော်တော်နဲ့ မကျိုးဘူးကိုး။ အဲဒါကိုယ့်လက်ထဲကသွားကို သူ့ဂျီးတော်က ရုတ်တရက်ကြီးယူပြီး အိမ်ရှေ့ ၀ရမ်တာကနေ အောက်ကို ပစ်ပေါက်ချလိုက်တာ တားချိန်ကိုမရလိုက်ဘူး။ သူ့တူမ နောက်ပေါက်တဲ့သွား ကြွက်သွားလေးတွေလိုလှအောင် ပါးစပ်က တစ်ခုခုဆိုပြီး ခေါင်းပေါ်ကနေ လက်နောက်ပြန်ပစ်ပေါက်ရသတဲ့။ သူတို့ငယ်ငယ်က အယူအဆပေါ့လေ။
ခဏတော့ သမီးကသူ့သွား ဘယ်မှာလဲလာမေးတော့ ဂွကျပါလေရော။ သမီးအဒေါ်လွှင့်ပစ်လိုက်ပြီပြောတော့ ဂျူဂျူ့သွားလေး Tooth fairy ကိုလာယူခိုင်းမလို့ဟာကိုဆိုပြီး စိတ်ဆိုးပြီး ငိုနေတယ်။ သူတို့တွေကဒီက story bookု တွေထဲကအတိုင်း သွားလေးကို ခေါင်းအုံးအောက်ထားအိပ်ရင် ညကျ Tooth fairy ဆိုတဲ့ သွားစောင့်နတ်သမီးက လာယူပြီး exchange အနေနဲ့ ပိုက်ဆံအကြွေစေ့လေး ပြန်ထားခဲ့တယ်ပေါ့။
ဟိုတစ်နေ့က စလုံးကျူးပစ်တွေ့ဆုံပွဲမှာပေါ့။ သွားနောက်တစ်ချောင်းကျွတ်တော့ ထုံးစံအတိုင်း အော်ဟစ်ပြီး အမေလက်ထဲ ၀မ်းသာအားရ လာပေးပြန်တယ်။ သေချာသိမ်းထားပေးပါတဲ့။ ဒါနဲ့အိမ်ရောက်တော့ သူ့သွားလေး ခေါင်းအုံးအောက် ထည့်အိပ်ပါလေရော။ မနက်ကျ ခေါင်းအုံးအောက်လှန်ကြည့်ပြီး ၀မ်းနည်းပက်လက်နဲ့ မေမေ Tooth fairy က ဂျူဂျူ့သွားလေး ယူသွားဘူးတဲ့ ဆို ပြောရှာတယ်။ ဒီတော့မှ ဥာဏ်ကြီးရှင် ဒေါ်ဆွိတီက ဒါဟာမိခင်တွေရဲ့ သမိုင်းပေးတာဝန်တစ်ရပ် ဆိုတာကို သိလိုက်ရတယ်။ ဒီသွားကို ဘယ်က Tooth fairy က တကယ်လာယူမှာလဲ။ သူတို့မနိုးခင် အမေတွေကပဲ ပိုက်ဆံလေးနဲ့ လဲထားပေးထားတာ နေမှာပေါ့။ ဒါနဲ့ ဒီလိုဆိုလဲ နောက်နေ့ကျ ထပ်ထားပေါ့သမီးရယ်။ လာယူမှာပေါ့လို့ နှစ်သိမ့်လိုက်ရတယ်။
နောက်နေ့ ခရီးထွက်မှာဆိုတော့ သူ့သွားကို တခုတ်တရ စက္ကူလေးနဲ့ပတ်ပြီး သူ့ကျောပိုးအိပ်ထဲ မပျောက်အောင် သေချာထည့်ရသေးတယ်။ သွားတစ်ချောင်းပါတဲ့ ကျောပိုးအိပ်ကြီးလွယ်လို့ မဂျူဂျူတို့ ခရီးထွက်တယ်ပေါ့။ လေယာဉ်ပေါ်တောင် သူ့သွားပါရဲ့လား မေးနေသေးတယ် ။ ကျောပိုးအိပ်ထဲပါတယ်ဆိုမှ စိတ်ချလက်ချဖြစ်သွားတယ်။
ဟိုရောက်တော့ ညကျသူပဲ အမှတ်ရတယ်။ သွားကို ခေါင်းအုံးအောက် သေချာထားအိပ်တယ်။ မိုးလင်းတော့ မအေလုပ်သူက ချက်ချင်းသတိမရဘူး။ သူနိုးခါနီးအချိန်လောက်မှ သတိရပြီး ငွေအကြွေတောင်မရှာနိုင်ပါဘူး။ ကမန်းကတမ်းနဲ့ မိခင်တို့ရဲ့ တာဝန်ဝတ္တရားအတိုင်း သူ့ခေါင်းအုံးအောက်က သွား ကို အသာနှိုက်စမ်းပြီး ယူထားလိုက်တယ်။ နိုးသွားမှာကြောက်လို့ သူခိုးခြေလှမ်းလို ခြေဖွဖွနင်း၊ အသာလေး ယူရတာပေါ့။
ခဏလေးနေတော့ မရွှေဂျူဂျူ နိုးလာပြီး မျက်လုံးဖွင့်ကြည့်တယ်။ သမီးရေ သမီးသွားလေးတော့ Tooth fairy ယူသွားလောက်ပြီနဲ့တူတယ်။ ကြည့်လိုက်ဦးဆိုတော့ ခေါင်းအုံးအောက် လှန်ကြည့်ပြီး မတွေ့တော့ အတော် ၀မ်းသာသွားမယ်ထင်တာ။ မရွှေချောက ဘာပြောတယ်မှတ်တုံး။
"ဂျူဂျူသိသားပဲ ... အဲဒီ Tooth fairy က မေမေပဲမဟုတ်လား ... မေမေ ဂျူဂျူု့ကို မညာနဲ့ " တဲ့။
ကဲ ကောင်းကြသေးလား။...
Wednesday, August 26, 2009
Saturday, August 15, 2009
ပန်းတို့ရဲ့ အလယ်မှာ ...

ဟိုတလောက စင်္ကာပူ botanical garden သွားတာ ပန်းလေးတွေ လှလို့ ဓာတ်ပုံ ရိုက်လာခဲ့တယ်။ botanical garden မရောက်တာ ၈နှစ်လောက်ရှိရောပေါ့။ သမီးလေးပျော်အောင် လိုက်ပြရင်း မိသားစုတွေ တောထဲတောင် လမ်းလျှောက်ကြသေးတယ်။ တောတောင်သဘာဝတွေ ချစ်တတ်သူမှို့ လားမသိ ။ အဲလိုသွားရတာ သိပ်ပျော်ပါတယ်.... သစ်ခွဥယျာဉ်မှာ ၀င်ကြေး ငါးကျပ်ပေးပြီး ဓာတ်ပုံတွေ အ၀ရိုက်လာခဲ့တာ။ ပန်းလေးတွေ လှလွန်းလို့ ဓာတ်ပုံရိုက်ရတာနဲ့ကို တန်ပါတယ်။
ညနေစောင်းတော့ တီးဝိုင်းအဖွဲ့ဖြေဖျော်တဲ့ နားက မျက်ခင်းပြင်စိမ်းစိမ်းပေါ် လဲလျောင်း အနားယူပါတယ်။ တစ်ပတ်လုံး ပင်ပန်းတာတွေတောင် တော်တော် ပျောက်သွားပါတယ်။ ပန်းပုံတွေအများကြီး ရှိသေးတယ်။ နောက်မှ နောက်ဆက်တွဲ ဆက်တင်ပေးမယ်နော်။ ပုံကြီးကြီး ကြည့်ချင်ရင် ပုံကို ကလစ်ကြည့်ပါနော်။ resolution ကောင်းကောင်းနဲ့ တင်ပေးထားပါတယ်။
Friday, August 14, 2009
ခုတလော ...
ချစ်သူငယ်ချင်း မသက်ဝေမှ tag လာလို့ ရေးပါတယ်။
တွေးနေမိတာက
ဒီနေ့ တစ်ပတ်လုံးပင်ပန်းလွန်းလို့ ဒီနေ့တော့ခွင့်ယူထားပါတယ်။ ပို့စ်တွေတင်ရင်ကောင်းမလား၊ သမီးလေးနဲ့အတူဆော့ရင်ကောင်းမလား။
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ဘလော့မှာဆို သူများtag ထားတာတွေ မရေးဖြစ်တော့ အားနာလို့ ရေးအုံးမှပါလေ။ သူငယ်ချင်းတွေဆီ ဖုန်းမခေါ်ဖြစ်တာလဲ အပြစ်တစ်ခုလို။
ကျန်းမာရေး
ဒီတစ်ပတ်လုံးကောင်း၊ အလုပ်ပင်ပန်းလို့ တကိုယ်လုံး ညောင်းကိုက်နေတာမှလွဲလို့။
ဖတ်ဖြစ်တဲ့စာအုပ်တွေက
အွန်လိုင်းတက်ကတည်းက စာအုပ်တွေ သိပ်မဖတ်ဖြစ်တော့တာ ၀န်ခံပါတယ်။
ရောက်နေဖြစ်တာက
သမီးလေးကို ပျော်ရွှင်စေမဲ့ နေရာတွေ။ ပြီးခဲ့တဲ့ အပတ်က မလက်ကာ၊ Botanic garden
ရေးဖြစ်နေတာက
ဖိုရမ်ထဲမှာ သူများမေးထားတဲ့ ဟင်းချက်နည်း နည်းနည်းပါးပါး။ စာရေးရမှာ ပျင်းနေပြီး လိုက်ဖတ်နေရတာကိုပဲ သဘောတွေ့နေပါတယ်။
နားထောင်ဖြစ်နေတာက
ခုခေတ်ခလေးတွေ ပြန်ဆိုထားတဲ့ ရေဒီယိုသီချင်းလေးတွေ။ ရေဘက်ကာဝင်းတို့ ဘာတို့ပေါ့။
ရွတ်နေမိတဲ့ကဗျာက
ကဗျာသိပ်ဝါသနာမပါတာ ၀န်ခံပါတယ်. သမီးနဲ့အတူ ခလေးကဗျာလေးတွေပဲ ရွတ်မိတယ် ... ဟီဟိ။ ကဗျာသမားများ စိတ်မဆိုးကြပါကုန်။
ဖြစ်ချင်နေတာက
စိတ်မအား လူမနား အခြေအနေက လွတ်ချင်တယ်... (ဒါက မသက်ဝေဆီက ထပ်တူတပ်မျှကူးချထားတာ ... ထပ်တူပါပဲ သူငယ်ချင်း ... ခုတလော ရုံးမှာ အလုပ်ရှုပ်လွန်းလို့)
စားဖြစ်နေတတ်တာက
နဲနဲ ၀ နေတယ်ထင်လို့ diet လုပ်နေပါတယ်... နေ့လည်စာ အသီးအနှံပဲစားဖြစ်ပါတယ်...ညစာတော့ အိမ်ချက်ဟင်းဆိုတော့ စားမိတယ် ... စားမိပါတယ်။
သနားနေမိတာက
အမိမြေမှ သားကောင်းများ ... အစိမ်းဝတ်တွေမဆိုလိုပါ။ စားဝတ်နေရေးအတွက် ရုန်းကန်လှုတ်ရှား၊ ကျပ်တည်းဆင်းရဲနေသူ လူထုအား ဂုဏ်ပြုခေါ်ဆိုပါသည်။
လွမ်းနေမိတာက
ကျန်ခဲ့တဲ့ မိသားစု၊ အဖေ၊အမေ၊ အဖွား၊ အကိုတွေ...
မေ့လျော့ပစ်နေမိတာက
သူငယ်ချင်းတွေဆီ ဖုန်းဆက်ဖို့၊
ခါးသက်နေမိတာက
ဖတ်ရတဲ့ သတင်းတွေ၊
တမ်းတနေမိတာက
stress ကင်းပြီး ကိုယ်စိတ်ပါရာ၊ ၀ါသနာပါရာလေးတွေအတွက်ပါ အချိန်ပေးနိုင်တဲ့ ဘ၀။ သမီးအတွက် အချိန်တွေ အများကြီး ပေးနိုင်တဲ့ မေမေတစ်ယောက်အဖြစ်
ကြိတ်ပြီးချီးကျူးနေမိတာက
နေ့စဉ် ဘလော့လေးကို ပို့စ်လေးတွေနဲ့ ဝေဆာအောင် စာရေးနိုင်သူတွေ။
ကြိတ်ပြီးအထင်သေးနေမိတာက
မရှိ။
ဆန္ဒမရှိတဲ့နေရာ
ခုစဉ်းစားလို့မရပါ။
ဆန္ဒရှိနေတဲ့ကိစ္စ
ကိုယ့်အိမ်ကလူ လကုန်မှာ နိုင်ငံခြားတိုင်းပြည်မှာ အလုပ်ရှာရင်း အသိုက်ပြောင်းဖို့။ အစစ အဆင်ပြေစေချင်တယ်။
မုန်းတီးနေမိတာက
အာဏာကို အလွဲသုံးစားလုပ် ... အပေါ်ဖား အောက်ဖိတွေ။
ချစ်နေတာက
သမီးလေးပေါ့။
စိတ်ပျက်နေမိတာက
အလုပ်တွေများပြီး stress တွေများတဲ့ ဘ၀ကို။
စွဲလန်းနေမိတာက
အွန်လိုင်း။
လိုအပ်နေတာက
စိတ်တွေကို လျော့ဖို့။ စိတ်အေးအေးနေတတ်ဖို့။
တောင်းနေမိတဲ့ဆု
အားလုံးအဆင်ပြေ ပျော်ရွှင်ကြပါစေ။ သမီးလေး လက်နာနေတာ အမြန်ပျောက်ပါစေ။
ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက
မရှိ။
ဝန်ခံချင်တာက
I am a bit lazy guy.

Subscribe to:
Posts (Atom)