Showing posts with label (၇- ၂) ဟမ်ဘာဂါ. Show all posts
Showing posts with label (၇- ၂) ဟမ်ဘာဂါ. Show all posts

Friday, April 30, 2010

ဟမ်ဘာဂါ ... ဟမ်ဘာဂါ ...



အဖွင့်ကတော့ ဒယ်အိုးနဲ့ စပါတယ်။ အမှန်က သူတရားခံပါ။ အဲဒီဒယ်အိုး ဝယ်ပြီးကထဲက ဘာလုပ်စားရရင်ကောင်းမလဲ စဉ်းစားနေတာ ... နောက်ဆုံးတော့ ဒေါ်ဆွိတီတို့ အကြံရသွားပါပြီ။ ဂျူဂျူအကြိုက်၊ ဂျူဂျူ့ အဖေအကြိုက် ဟမ်ဘာဂါ လုပ်စားကြဘို့။ အဓိကကတော့ ဟမ်ဘာဂါထဲညှပ်တဲ့ အသားကို ဘာဂါဆိုင်တွေကအတိုင်းတူအောင် ဘယ်လိုလုပ်ရလဲဆိုတာလေး မျှဝေပေးချင်ပါတယ်။ စားတဲ့၂ယောက်က တူတယ်လို့ ပြောလို့ပါ။ (ဤကား ကြော်ငြာ ... )

ပထမဆုံး လိုတဲ့ပစ္စည်းတွေကို အရင်ပြင်ထားဖို့ပါ။

အသားပြားအတွက်
ဝက်သား (သို့) ကြက်သားအကြေ ၄၀၀ ဂရမ်
ကြက်ဥတစ်လုံး
Bread Crumbs (ပေါင်မုန့်အကြေ) (စလုံးမှာဆိုရင် Giant လို စူပါမားကတ်တွေမှာ ရပါတယ်)
ကြက်သွန်အနီ တစ်လုံး သေးသေးလေးတွေ chop လုပ်ထားပါ။
ကြက်သွန်ဖြူ ၅မွှာ-၆မွှာခန့် ညက်နေအောင်ထောင်းထားပါ။
ကြက်သွန်မြိတ် ၃ချောင်းခန့် သေးသေးရိတ်ရိတ်လေးတွေ လှီးထားပါ။
ငရုပ်ကောင်းမှုန့် မညက်တညက်(Black Papper ) လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်
ဆားသင့်ရုံ
သကြား စားပွဲဇွန်း ၂ဇွန်းခန့်
ပဲငံပြာရည် အချိုရည် (အကြည်ရေ) လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်
မွှေးအောင် ပါစတာ spice လေးလဲ နဲနဲထည့်ပါတယ်။
အသားကင်ရန် သံလွင်ဆီ (Olive oil)

Bread Crumbs


ပါစတာ Spices



အထက်ပါပစ္စည်းတွေ အားလုံးရောပြီး နှံ့နေအောင်နယ်ပါတယ်။ ပြီးတော့ မကင်ခင် ၁နာရီခန့် နှပ်ထားပါတယ်။





ဒယ်အိုးကို မီးအနေတော် (Medium) နဲ့ တည်ပါတယ်။
သံလွင်ဆီ စားပွဲဇွန်း တစ်ဇွန်းခန့်ထည့်ပါတယ်။
လက်ကို သံလွင်ဆီ ရွှဲရွှဲသုတ်ပြီး အသားနယ်ထားတာကို လက်တစ်ကုတ်စာလောက်စီ အလုံးကြီးတွေ လုံးပါတယ်။ ပြီးတော့ပြားပါတယ်။ ။ဒယ်အိုးထဲ ထည့်ကင်ပါတယ်။ သံလွင်ဆီသုတ်တာကတော့ အသားတွေ ပြားအပြီးမှာ လက်က ခွါမရပဲ ကပ်နေမှာစိုးလို့ပါ။





ဟမ်ဘာဂါအတွက်
ဟမ်ဘာဂါစားဘူးရင် ဘယ်လိုလုပ်ရမလဲဆိုတာတော့ လူတိုင်းသိကြပါတယ်။ ပြည့်စုံသွားအောင် ဖြည့်ပေးလိုက်ပါတယ်။
ဟမ်ဘာဂါပေါင်မုန့် အလုံး တစ်ထုတ် (၄လုံးပါ ပါတယ်)
မယိုးနိစ် (Mayonnaise) တစ်ပုလင်း
ခရမ်းချဉ်သီး လပ်လပ်၂လုံး၊ အကွင်းလိုက် ပါးပါးလှီးထားပါ။
သခွါးသီး တစ်လုံး ပါးပါးလှီးထားပါ။
ချိစ်ပြား
ဆလပ်ရွက်
ဆော့စ်
French Fry (အာလူးချောင်းကြော်)
Coke အအေးဘူး




ပေါင်မုန့်ကိုအလည်က ခြမ်းပြီး ၂ဖက်စလုံး မရိုးနိစ် များများလေး သုတ်ပါတယ်။





အဲ့လက်ကလေး သေးသေးလေးကတော့ ဒီကားမှာ ... အဲလေ ... ဒီပို့စ်က ဖြတ်လျောက်မင်းသမီး မဂျူဂျူရဲ့ လက်ပါ။


ခရမ်းချဉ်သီး၊ သခွါးသီးတို့ကို တစ်ထပ်ချင်းထည့်၊ ချိစ်ပြားထည့်၊ အသားထည့်၊ ဆလပ်ရွက်အုပ်ပြီး အပေါ်က ပေါင်မုန့်အုပ် စားနိူင်ပါပြီ။ လက်နဲ့မြဲမြဲ ကိုင်ပြီး အားရပါးရ ကိုက်စားဖို့ရာပါ။ ဒီမှာ ဂျူဂျူတို့ ပြသနာစပါပြီ။ သူ့ရှေ့သွားအပေါ်၂ချောင်းလုံးက ကျိုးနေလေတော့ သမီးစားစား ကိုက်စားဆို သူဘယ်လို ကိုက်ပေမဲ့ ဟမ်ဘာဂါကတော့ မပဲ့ပါပြီ။ နောက်မှ "မေမေ ဂျူဂျူ က ကိုက်လို့ရဘူးလေ" ဆိုမှ ဒေါ်ဆွိတီတို့ သဘောပေါက်ပါတယ်။ ဒီတော့ သူ့ကို တစ်ခါစားစာစီ ဓားလေးနဲ့ လှီးပြီး ကျွေူးရပါတယ်။ ဓားနဲ့ လှီးအပြီးမှာ ကိုယ့်ရဲ့ ဟမ်ဘာဂါလဲ ပုံပျက်ပန်းပျက်ဖြစ်ရပါပြီ။ ဟမ်ဘာဂါ အပျိုရည်ပျက်ပြီး တစ်စစီဖြစ်နေတဲ့ ပုံတော့ လာဖတ်တဲ့ ပရိတ်သတ်ကြီး ဘာဂါကို စိတ်ကုန်သွားမှာစိုးလို့ တင်မပေးတော့ပါဘူး။



ဟမ်ဘာဂါတစ်မျိုးနဲ့ မတင်းတိမ်သူအတွက် အပိုလုပ်ပေးရပါသေးတယ်။ ဒီအကြောင်းနောက်မှ ရေးပါမယ်။ (ဟဲဟဲ ... ဒါလဲ ဒီဒယ်အိုးနဲ့ပဲ ...) သွားရေကျပိုကျ လိုသူများ ... အဲလေ ... ပုံကြီးကြီးကြည့်လိုသူများ ပုံကို ကလစ်ပါ။ ရဲရဲကြီး ကလစ်ပါ။ Life size chicken wing ဘာဘီကျူးပုံ တွေ့ရပါမယ်။