Showing posts with label (၂ ၀၀) *** မြန်မာ မုန့်သရေစာများ ***. Show all posts
Showing posts with label (၂ ၀၀) *** မြန်မာ မုန့်သရေစာများ ***. Show all posts

Tuesday, April 19, 2022

ရွှေရင်အေး လုပ်နည်း

 





နှစ်သစ်ကူး သင်္ကြန်အချိန်အခါမှာ ကိုယ်ဝါသနာပါတဲ့ မုန့်လုပ်နည်းလေး ရှယ်လိုက်ပါဦးမယ်။

ရွှေရင်အေး လုပ်နည်းထဲကနေ အဓိက မုန့်လက်ဆောင်းဖတ် (cendol) လုပ်နည်း ကို ရှယ်ပေးချင်တာပါ။ 

အရင်က ထုံးရည်ကြည် နဲ့လုပ်တာ ၊ ခု ထုံးရည်ကြည် ကုန်သွားလို့ သူမပါပဲ လုပ်လဲ ကောင်းကောင်းဖြစ်ပါတယ်။





မုန့်လက်ဆောင်းဖတ်

လူ အယောက် ၂၀ စာခန့် မုန့်လက်ဆောင်းဖတ်လုပ်ဖို့ လိုတဲ့ပစ္စည်းတွေက

ယိုးဒယား ဆန်မှုန့် - ဆန်ချင်ခွက် ၃ခွက်

မတ်ပဲမှုန့် (Mung Bean starch) - ဆန်ချင်ခွက် တစ်ဝက်

ပလောပီနံမှုန့်  (tapioca starch) - ဆန်ချင်ခွက် တစ်ဝက်

ဆွမ်းမွှေးရွက် အနံ့ ( Pandan paste) - လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်

ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ရေ - ၁၀ ခွက်ခန့်

(ရေက လိုရင် ထပ်ထည့်ရအောင် ရေ‌နွေးလေးပွက်ပွက်ဆူ အဆင်သင့်တည်ပေးထားပါ။)

အချိုးက ဆန် ၃ချိုး ၊ (မတ်ပဲမှုန့် + ပလောပီနံမှုန့်)တစ်ချိုးပါ။

အမှုန့် တစ်ဆကို ရေ ၃ဆပါ။ ‌

စုစုပေါင်း အမှုန့်က ၄ခွက်ဆိုတော့ ရေက ၁၂ ခွက်ပါ။

ပထမဆုံးရေ ၁၀ ခွက်သာ အရင်ထည့် ကျိုပါ။

ရေမတော်လို့ များသွားရင် ပျော့ သွားတတ်ပါတယ်။

ရေနည်းနေရင် မွှေနေရင်းနဲ့ ရေနွေးပူ ထပ်ထည့်လို့ရပါတယ်။

ရေကို နောက်လိုရင် ထပ်ထည့်ရအောင် ရေနွေးဆူအောင်တည်ထားပါ။

Cendol maker or potato riser

Pandan essence

Mung bean starch


...

ပထမဆုံး ရောထားတဲ့အမှုန့်၊ ဆား ၊ Pandan essence နဲ့ ရေတွေကို ကျိုမဲ့အိုးထဲထည့် ပြီး မွှေတံလေးနဲ့ သမသွား

အောင် မွှေပေးပါ။

ပြီးတော့ မီးအနေတော်နဲ့ တည်ပြီး ယောင်းမနဲ့ အဆက်မပြတ် မွှေပေးနေပါ။ 

မုန့်တွေ ခဲပျစ်လာရင် ‌ရေ‌နွေးအနည်းငယ်ထည့် ပြီး အဆက် မပြတ် ထပ်မွှေပေးပါ။

၇မိနစ် ၈မိနစ်လောက်ကြာလို့ မုန့်တွေ ပျစ်ပြီး အရောင်ပြောင်လာရင် Cendol maker နဲ့ ရေခဲထည့်ထားတဲ့ ‌ရေအေးဇလုံထဲကို  ညှစ်ချပါ။ 

မုန့်တွေ ခေါက်ဆွဲလို အရှည်ကြီး မဖြစ်အောင် ဂရုစိုက်ပြီး ညှစ်ချပါ။

ပူနေတုံးမှာ ညှစ်ချရင် ‌အကောင်းဆုံးရပါတယ်။

....

မုန့်လက်ဆောင်းလှလှလေးတွေ ရပါပြီ။ ရေအနည်းငယ်ရောပြီး ရေခဲသေတ္တာထဲ  ဗူးနဲ့ သိမ်းထားပါ၊

Chandol making link from youtube (slightly different method, it is better recipe) https://www.youtube.com/watch?v=uIv4r7JV_rs&t=132s

 



အုန်းနို့ ကျောက်ကျော

အုန်းနို့ ကျောက်ကျော ကျိုနည်း ၂ထပ် အတိအကျရအောင် လုပ်နည်းက ရေးပြီးသားမှို့ အဲမှာပဲ သွားကြည့်လိုက်ပါနော်။

http://auntysweet.blogspot.com/search/label/%28%E1%81%82-%20%E1%81%88%29%20%E1%80%A1%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%82%8F%E1%80%AD%E1%80%AF%E1%82%94%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%80%E1%80%B9%E1%80%B1%E1%80%80%E1%80%BA%E1%80%AC





ကျောက်ကျော ရောင်စုံ

ကျောက်‌ကျောထုပ် တစ်ထုပ် (၄၂ ဂရမ်ခန့်) ကို ရေ ၄လီတာ ၊ သကြား ၃၀၀ ဂရမ်နဲ့ ကျိုပါ။

ကျောက်ကျောတွေ အားလုံးအရည်ပျော် သွားရင် အရောင် ၃မျိုးကို ဗူး၃မျိုးထဲမှာ အအေးခံပါမယ်။

တစ်ခါသုံး ဗူးလေးတွေနဲ့ အဆင်ပြေပါတယ်။

ကျောက်ကျောရည် သုံးပုံတစ်ပုံစီကို ကိုယ်ကြိုက်ရာ အရောင်လေးတွေ ထည့်‌မွှေပြီး ဗူးလေးတွေထဲမှာ အအေးခံထားပါ။ တီဆွိကတော့ အိမ်မှာ ရှိတဲ့ အဝါ၊ အစီမ်း၊ အနီကို သုံးပါတယ်။

ကျောက်ကျော ရောင်စုံလေးတွေ ခဲသွားရင် ကျောက်ကျော ချောင်းလေးတွေရအောင် လှီးထားပါ။



သာကူစေ့

ရေနွေးကို ပွက်ပွက်ဆူအောင်ကျိုပါ။

မီးကို အနေတော် ထား ၊ သာကူစေ့ ဆန်ချင်ခွက် ၂ခွက်ခန့်ကို ထည့်ပြီး မွှေပေးနေပါ။ 

သာကူစေ့တွေ မျက်ဆံပျောက်ပြီဆို ရေ စစ်ပြီး အေးသွားတဲ့ အထိ ရေအေးနဲ့ ဆေးချပါ။

အရောင် အစိမ်း အနီ အစရှိသဖြင့် မိမိ နှစ်သက်သလို အရောင်ဆိုးပြီး ရေရောကာ ရေခဲသေတ္တာထဲ သိမ်းထားပါ။



ကောက်ညှင်းပေါင်း

ကောက်ညှင်းဆန် ဆန်ချင်ခွက် ၃ခွက်ခန့်ကို တစ်ညရေစိမ်ပါ။ 

မနက်လင်းရင် ထမင်းပေါင်းအိုးက စကာထဲ ထည့် ပြီး ထမင်းပေါင်းအိုးနဲ့ ၄၅မိနစ်ခန့်ပေါင်းရပါတယ်၊

ပေါင်းနေစဉ် ရေကို အပေါ် ကနေ ၂ခါ ၃ခါခန့် ဖြန်းပေးရပါတယ်၊ ဒါမှ ကောက်ညှင်းက မမာပဲ အိအိလေးရပါတယ်။



အုန်းနို့ရည်

အုန်းနို့ရည် ready made ၆ဗူးခန့် (400 gm x6) ကို ရေ တစ်ဗူးစာခန့် ရော၍ ပွက်ပွက်ဆူအောင်ကျိုပါ။ ဆား

 လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ထည့်ပါ။ 

သကြားကို အချို စိတ်ကြိုက် မြည်းပြီး လိုသလောက်ထည့် ရောကျိုပါ။

 ရေခဲထည့်မယ်ဆို သကြားကို ပိုချိုအောင်ထည့်ရပါတယ်။

ပြီးရင် ရေခဲသေတ္တာထဲမှာ အေးနေအောင် အအေးခံထားပါ။





ပွဲပြင်ရန်

အပေါ်် က ပစည်းတွေကို တစ်ခုချင်းစီ ပန်းကန်လုံးထဲ စီထည့်ပြီး အုန်းနို့ရည် အေးအေးချိုချိုလေး အပေါ်် လောင်း

ထည့်လိုက်ရင် ရင်ကိုအေးစေမဲ့ ရွှေရင်အေးရပါပြီ။

(တချို့လဲ ရွှေရင်အေးကို ပေါင်မုန့်ထည့်စားတတ်ကြပါတယ်။ ပေါင်မုန့် အုန်းနို့ဆမ်းလဲ ခေါ်ကြ ပါတယ်၊)





(ပုံအချို့ မရိုက်ထားခဲ့လို့ google ကနေ ယူပါတယ်၊ credit to original uploader)

Monday, August 5, 2019

ယနေ့ နံနက်စာ မုန့်ပြားသလက်

Image may contain: food
မုန့်ပြားသလက် လုပ်မယ်ဆို ဘလော့ထဲ အရင်ရှာတာ၊ ရေးပြီးသားများ ရှိမလားလို့။
 မတွေ့တော့မှ မရေးရသေးပါလားဆို သတိရ။ ခုတော့ ကမန်းကတမ်းလေး ရေးလိုက်ပါပြီ။
မုန့်ပြားသလက်လုပ်နည်း (၁၀ခုစာခန့်)
100 Gram Rice Flour - Free Postage - Quality Made

Image result for dry yeast


ဆန်မှုန့် ဆန်ချင်ခွက် ၅ဗူး ကို ရေ ကြက်သီးနွေး ၆ဗူး (ဆန်မှုန့်ကို ချင်ရင် ခွက်ထဲကို သိပ် မထည့်ပါနဲ့)

Dry yeast လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ကြက်ဥ တစ်လုံးတို့ကို ရောပြီး နှံ့အောင် ကြက်ဥခေါက်တံနဲ့ နာနာမွှေပေးပါ။ ပြီးရင် တစ်ည သိပ်ထားပါ။ ချက်ချင်းစားရင်လဲ ရပေမဲ့မုန့်က သိပ်မပွပဲ နေပါ့မယ်။
နောက်နေ့မနက်ကျမှ non-sticker ဒယ်အိုး (သို့) ဆီ၀နေတဲ့ သံဒယ်အိုးထဲကို ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ထည့်ပြီး ဆီနှံ့သွားအောင် ဒယ်အိုးကို စောင်းပြီး လှည့်လိုက်ပါ။
မီး medium အနေတော်မှာ ဆီက မီးခိုးတွေထွက်လာပြီး ဆီကျက်သွားရင် ယောက်ချိုဇွန်းခပ်လတ်လတ်နဲ့ မုန့်နှစ်ကို မွှေခပ်လိုက်ပြီး စောနက ဆီထဲ လောင်းထည့်ပါ။ မုန့်ပစ်သလက် တစ်ခုစာလောက် မှန်းထည့်ပါ။ 
ပဲပြုတ်နဲ့ နံနံ ကြက်သွန်မြိတ် ပါးပါးလှီးထားတာလေးတွေ အပေါ်က ဖြူးပြီး အဖုံးအုပ်ထားလိုက်ပါ။


Image may contain: food
No photo description available.
ခဏနေရင် ဆီသုပ်ရအောင် ဆီခွက်လေး ဘေးမှာချပြီး ဇွန်းလေးနဲ့ မုန့်ပြားသလက် ဘေး၊ အပေါ်ကနေ ဆီသုပ်ပေးပြီး ပြန်အဖုံးအုပ်ထားပါ။ ဆီ ၀၀ သုပ်ပေးရပါတယ်။ တစ်ခုကို ဆီ လဖက်ရည်ဇွန်း ၃ဇွန်းလောက် ရှိမယ်။
မုန့်သားလေးတွေ ပွလာပြီ။ အဖြူရောင်ပျောက်ပြီဆိုချပြီး စားလို့ရပါပြီ။
(မုန့်နှစ် ပျစ်နေတယ်ထင်ရင် ရေထပ်ရောနိူင်ပါတယ်။ ဆန်မှုန့် အနေအထားပေါ်မူတည်ပြီး မုန့်နှစ်က အတိအကျ မရလို့ပါ။) 
Image may contain: food
အပေါ်က နှမ်းနဲ့ ဆားရောထောင်းထားတာလေး ဖြူးဖို့ မမေ့နဲ့ ဦးနော်။


Image may contain: food
Image may contain: food



Sunday, March 24, 2019

မုန့်လင်မယား

Image may contain: food
ဆရာ Eric ရဲ့ နည်းနဲ့လုပ်ထားတာ။
ဆရာရဲ့ video က ရှည်လွန်းလို့ အမြန်နည်း ရေးပေးလိုက်ပါတယ်။
အချိုမှုန့်မပါ၊ ဆော်ဒါမပါတာ ကြိုက်လို့ သူ့နည်းအတိုင်း လုပ်ကြည့်တာပါ။

မုန့်လင်မယားလုပ်နည်း (ဆရာ Eric နည်း)
ဆန်မှုန့် တစ်ခွက် ၊ ပဲမှုန့် တစ်ဇွန်း၊ ကောက်ညှင်းမှုန့် တစ်ဇွန်း၊ အကြော်မှုန့် တစ်ဇွန်းကို ရောပြီး စကာ အရင်ချပါ။
ပြီးရင် ရေ ကြက်သီးနွေး တစ်ခွက် နဲ့ အရင်ရောပြီး ကြက်ဥခေါက်တံနဲ့ တစ်ဖက်တည်းကို လှည့် မွှေပေးပါ။
ဆား လက်ဖက်ရည် ဇွန်းဝက်လျော့လျော့ ကိုလည်း ထည့်မွှေပေးပါ။
ကြက်သွန်မြိတ်ကိုလည်း ပါးပါးလေးတွေ လှီးပြီး မုန့်နှစ်ရည်ထဲ ထည့်မွှေပါ။
ရေ အရမ်းပျစ်နေရင် အခြေအနေကြည့်ပြီး ရေအနည်းငယ် ထပ်ထည့်နိူင်ပါတယ်။
မုန့်လုပ်တော့မယ်
မုန့်လင်မယား အိုးကို မီးအနေတော်နဲ့ တည်၊ ဆီအနည်းငယ်စီထည့် ၊ ဆီကျက်လာရင် မုန့်နှစ်ထည့်၊ ပဲပြုတ်ကို အပေါ်က ၄- ၅ စေ့လောက်ဖြူးပြီး ၃မိနစ်ခွဲလောက် စောင့်ရင် မုန့်လင်မယားလေးတွေကို ကော်လို့ရပါပြီ။
ကြွပ်ရွနေတဲ့ မုန့်လေးတွေကို ဆားနဲ့ နှမ်းရော ထောင်းထားတာလေးနဲ့ ဖြူးစားပါတယ်။
အင်မတန်အရသာရှိတဲ့ မြန်မာ့ရိုးရာ မုန့်လေးပါ။
(အန်တီဆွိက မုန့်မကြွပ်မှာ စိုးရိန်လို့ ကြက်ဥ ခေါက်ထားတာ တစ်ဇွန်းရယ် ၊ yeast 1/4 teaspoon ထည့်ထားပါတယ်)
ခွက် = အနောက်တိုင်း အတိုင်းအတာ 1 cup ပါ။
ဆရာ Eric ရဲ့ မူရင်း video file

Monday, November 26, 2018

ဖာလူဒါ ပြုလုပ်ခြင်း


ဖာလူဒါ လုပ်နည်းလေး မေ့သွားမှာစိုးလို့ ဒီမှာ လာမှတ်ထားလိုက်ပါတယ်။
 တီဆွိရဲ့ ပိတ်သတ်တွေလဲ လုပ်နည်းလေးသိတော့ လုပ်စားလို့ရတာပေါ့။
  လူ ၇၀ စာ ဖာလူဒါ အတွက်လိုအပ်တဲ့ ပစ္စည်းတွေကတော့
၁။ မုန့်လက်ဆောင်းဖတ်
၂။ ဘေဆယ်စေ့ (သို့) ပင်ပွား
၃။ သာကူစေ့
၄။ ကျောက်ကျောချောင်း ရောင်စုံများ
၅။ ကြက်ဥပူတင်း
၆။ နှားနို့
၇။ သကြားရည်
၈။ နိူ့စိမ်း (သို့) thick cream
၉။ vanilla ရေခဲမုန့်

၁။ မုန့်လက်ဆောင်းဖတ်လုပ်နည်း
အောက်ပါ youtube ကနေ reference ယူပါတယ်။
https://www.youtube.com/watch?v=gVF4nZxpzWA
ဆန်မှုန့် ဆန်ချင်ခွက် ၃ခွက်၊ tapioca အမှုန့် စားပွဲဇွန်း ၄ဇွန်းမောက်မောက်၊ pandan essence အရည် လဖက်စားဇွန်း ၂ ဇွန်းခန့်၊ ထုံးရည်ကြည် 500 ml တို့ကို ရောမွှေပြီး မီးဖိုပေါ် မီး medium နဲ့တည်ပါ။ အဆက်မပျက် မွှေပေးနေရပါတယ်။ မွှေနေရင်းနဲ့ ပျစ်လာရင် ရေအနည်းငယ်စီ လောင်းထည့်လိုက်၊ မွှေလိုက်နဲ့ မုန့်တွေ ပြောင်ချောလာပြီး ညောင်စေးကျလာရင်၊ sandal maker နဲ့ ရေခဲထည့်ထားတဲ့ ရေဇလုံထဲ ညှစ်ချပါ။ ရလာတဲ့ မုန့်လက်ဆောင်းဖတ်တွေကို ရေရောပြီး ရေခဲသေတ္တာထဲ သိမ်းဆည်းထားပါ။

၂။ ဘေဆယ်စေ့ (သို့) ပင်ပွား
sweet basil စေ့ အထုတ်ကို (ဆန်ချင်ခွက် တစ်ဝက်ခန့်) ဝယ်ပြီး ရေမြုတ်အောင် စိမ်ပါ။ ၅မိနစ်လောက်ကြာလို့ အစေ့လေးတွေက ပင်ပွားလေးတွေ ဖြစ်လာရင် အစိမ်းရောင် အရောင်ဆိုးဆေး လဖက်ရည်ဇွန်းဝက်ခန့် ထည့်ပြီး ခဏစိမ်ထားပါ။ ပြီးရင် အစိမ်းရောင်ဆိုးဆေးအရည်တွေကို ဆေးချ ၊ စစ်ချပြီး အစိမ်းရောင် ပင်ပွားလေးတွေကို ရေရောကာ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားပါ။

၃။ သာကူစေ့
ရေနွေးကို ပွက်ပွက်ဆူအောင် ကျိုလိုက်ပါ။ ဆူလာရင် မီးကို medium ကို လျှော့လိုက်ပြီး သာကူစေ့ ဆန်ချင်ခွက် နှစ်ခွက် လောင်းထည့်၊ အောက်မှာ မကပ်အောင် အဆက်မပျက်မွှေပေးပါ။ မွှေတဲ့အခါ သံဇွန်းဆိုပိုကောင်းပါတယ်။ အရည်က အရမ်းစေးကပ်ပြီး ပျစ်နေတယ်ဆို ရေနွေးကို နည်းနည်းချင်းလောင်းထည့်ပြီး ကျဲသွားအောင် ပြုလုပ်ပါ။ မွှေနေရင်းနဲ့ သာကူစေ့တွေ အဆံပျောက်ရင် စကာနဲ့ စစ်ပြီး ရေအေးနဲ့ လောင်းချပါ။ ရေအေးအေးနဲ့ ၂ထပ်ခန့် ဆေးချပါ။ သာကူစေ့တွေ အေးသွားပြီဆိုရင်  အနီရောင် အရောင်ဆိုးဆေး လဖက်ရည် တစ်ဇွန်းခန့်ထည့်ပြီး ခဏ စိမ်ထားပါ။ ပြီးရင် အနီရောင်ဆိုးဆေးအရည်တွေကို ဆေးချ ၊ စစ်ချပြီး သာကူတွေကို ရေမြုတ်အောင်ရောကာ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားပါ။

၄။ ကျောက်ကျောချောင်း ရောင်စုံများ
ကျောက်ကျောချောင်း ၂ထုတ် (70 gm ခန့်) ကို ရေ ဆန်ချင်ခွက် ၂၄ခွက်နဲ့ ရောကျိုပါ၊ သကြား ဆန်ချင်ခွက် တစ်ခွက်ထည့်ပါ။
ကျောက်ကျောကျိုနေစဉ် ကျာက်ကျော အရောင် ၃မျိုးအတွက် အအေးခံမည့် baking tray (သို့) လင်ပန်း ၃ခုကို အဆင်သင့်ပြင်ထားပါ။ အရောင်ဆိုးဆေး အစိမ်း၊ အနီ၊ အဝါ အဆင်သင့်ပြင်ထားပါ။
 ကျောက်ကျော ချောင်းများအားလုံး အရည်ပျော်သွားလျှင် အေးခဲမည့် လင်ပန်းတစ်ခုချင်းဆီမှာ ဆတူလောင်းထည့်ပြီး အရောင် တစ်မျိုးစီထည့်ပြီးမွှေပေးပါ။ အေးခဲသွားလျှင် ကျောက်ကျောကို အချောင်းသေးသေးရှည်ရှည်လေးတွေ လှီးထားပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားပါ။

၅။ ကြက်ဥပူတင်း
https://www.youtube.com/watch?v=AdhxJ9XcamM မုန့်ဖုတ်မည့် လင်ပန်းထဲသို့ သကြား ၅ဇွန်းမောက်မောက်ခန့် နှင့် ရေ ၁၀ ဇွန်းခန့်ထည့်ပြီး သကြားရည် ပျော်ဝင်သွားအောင်အရင်တည်လိုက်ပါ။ သကြားများ နီညိုရောင်သန်းလာပြီး အိုးမှာ ကပ်အောင် မီးအနည်းဆုံးနဲ့ တည်ပြီး အအေးခံထားပါ။
 ကြက်ဥ ၂၄ လုံး၊ နွားနို့ ဆန်ချင်ခွက် ၆ခွက်၊ နိူ့စိမ်း နှစ်ဗူး ၊ သကြား ဆန်ချင်ခွက် လေးပုံ၃ပုံ၊ vanilla အနံ့ အမွှေးရည် လဖက်ရည် ဇွန်း ၄ ဇွန်း ခန့်တို့ကို အားလုံးသမသွားအောင် စက်နဲ့ ၁၀ မိနစ်ခန့် မွှေပေးပါ။ ပြီးရင် မုန့်ဖုတ်မဲ့ လင်ပန်းထဲ လောင်းထည့်ပါ။ လင်ပန်း ၂ခုခန့်လိုမည်။ လင်ပန်းအကြီးထဲမှာ ရေတစ်ဝက်ခန့်မြှုတ်အောင်ထည့်ပြီး မုန့်ဖုတ်မည့်လင်ပန်းကို တင် အပူချိန် ၁၇၀ ဒီဂရီ စင်တီဂရိတ်နှင့် နာရီဝက်ခန့်ဖုတ်လျှင် ချိုမွှေးဆိမ့် အရသာရှိတဲ့ ပူတင်းရပါပြီ။ ပူတင်းတွေကို ဒါးဖြင့် လေးထောင့် အတုံးလေးတွေ လှီဖြတ်ပြီး ရေခဲသေတ္တာထဲ သိမ်းဆည်းထားပါ။

၆။ နှားနို့မှှေး
နွားနိူ့ ၂လီတာဗူး နှစ်ဗူးကို ဆူပွက်အောင်တည်ပြီး အအေးခံထားပါ။ အေးသွားလျှင် နှင်းဆီရည် (rose essence) လဖက်ရည်ဇွန်း ၄ဇွန်းခန့် ထည့်ပြီး မွှေပေးပါ။ ရေခဲသေတ္တာထဲ အအေးခံပြီး သိမ်းဆည်းထားပါ။

၇။ သကြားရည်
သကြား တစ်ကေဂျီထုတ် တစ်ထုတ်ကို ရေ 500 ml နဲ့ ရောကျိုပါ။ သကြား အရည်ပျော်သွားလျှင် နှင်းဆီရည် (rose essence) လဖက်ရည်ဇွန်း ၃ဇွန်း၊ အနီရောင် အရောင်ဆိုးဆေး လဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး သမအောင်မွှေကာ ရေခဲသေတ္တာထဲထည့်ကာ အအေးခံထားပါ။

၈။ နိူ့စိမ်း (သို့) thick cream
Thick cream ဗူးကြီး ၂ဗူးခန့်ဝယ်ထားပါ။ ( ဒီမှာတော့ Bulla တံဆိတ်က အကောင်းဆုံးပါ)

၉။ vanilla ရေခဲမုန့်
vanillaရေခဲမုန့် 2 litre ၃ဗူးခန့် ဝယ်ထားပါ။ (ဒီမှာတော့ Blue ribbon တံဆိတ်က အကောင်းဆုံးနဲ့ ဈေးအတော်ဆုံးပါပဲ)

ရေခဲမုန့်ပွဲပြင်ခြင်း
မတ်ခွက်လောက်ရှိတဲ့ အလှဖန်ခွက်ထဲကို ပထမဆုံး သကြား အနီရောင် အရည် စားပွဲဇွန်း ၂ဇွန်းထည့်ပါ။
ပြီးရင် နွားနို့ စားပွဲဇွန်း ၄ဇွန်းထည့်ပါ။ ကျန်တဲ့ ingredient တွေဖြစ်တဲ့  မုန့်လက်ဆောင်းဖတ်၊ ဘေဆယ်စေ့ (သို့) ပင်ပွား၊ သာကူစေ့၊  ကျောက်ကျောချောင်း ရောင်စုံများ ကို စားပွဲဇွန်း တစ်ဇွန်းဆီထည့်ပါ။ နို့စိမ်းကိုလည်း စားပွဲဇွန်းတစ်ဇွန်းထည့်ပါ။ ပူတင်း တစ်တုံး၊ ရေခဲမုန့် 1  scoop ကို အပေါ်ဆုံးကထည့်လိုက်ရင် စားချင့်စဖွယ် ဖာလူဒါ ရပါပြီ။





Monday, July 30, 2018

အုန်းနိူ့ သာကူပြင်



သူငယ်ချင်းတွေ မေးကြလွန်းလို့ "အုန်းနိူ့ သာကူပြင်" လုပ်နည်းလေး ရှယ်ပေးလိုက်ပါတယ်။
သာကူပြင်အတွက်
သာကူစေ့ ၃၀၀ ဂရမ်
သကြား ၁၅၀ ဂရမ် 
ရေ တစ်လီတာခွဲ
အုန်းနိူ့ cream ၂၀၀ ml (cream ဗူးကိုသုံးပါတယ်)
ဆား လဖက်ရည်ဇွန်း တစ်ဇွန်း
----------------------------------------





အပေါ်က အုန်းနိူ့ပြင်အတွက်
အုန်းနိူ့ cream ၇၀၀ ml (cream ဗူးကိုသုံးပါတယ်)
နွားနိူ့ ၄၀၀ ml
သကြား ၂၄၀ ဂရမ်
ဂျုံမှုန့် ၁၀၀ ဂရမ်
ဆား လဖက်ရည်ဇွန်း တစ်ဇွန်း
---------------------------------------------------
သာကူပြင်အတွက် ...
ပထမဆုံး ရေကို ဆူအောင်တည်လိုက်ပါ။
ရေဆူရင် သကြား၊ ဆားနဲ့ သာကူကို ထည့်ပြီး ကျိုပေးပါ။
မီးကို အရမ်းမပြင်းစေပဲ medium အနေအထားလောက်နဲ့ အဆက်မပျက်မွှေပေးပါ။
မမွှေရင် အိုးကပ်တတ်လို့ပါ။
သာကူလေးတွေ အစေ့ပျောက်ခါနီးလောက်ရင် အုန်းနိူ့ cream လေးထည့်ပြီး ထပ်မွှေပေးပါ။ သာကူတွေ မျက်စေ့ပျောက်ပြီး စေးကပ်လာပြီ (ညောင်စေးကျလာပြီဆို) ဆီသုပ်ထားတဲ့ ဗန်းထဲထည့် အအေးခံထားပါ။
အပေါ်က အုန်းနိူ့ပြင်အတွက် ...
သာကူပြင်ကို အအေးခံထားစဉ်မှာ အုန်းနို့ပြင်အတွက် Ingredient တွေ အကုန်လုံးကို ကြက်ဥခေါက်တဲ့ မွှေတံနဲ့ နာနာခေါက်ပေးထားပါ။
ပြီးရင် မီးကို အရမ်းမပြင်းစေပဲနဲ့ အပူပေးပြီး အဆက်အပြတ် မွှေပေးပါ။ မီးအရမ်းပြင်းရင် ဗြုတ်တွေ အရမ်းထလာပြီး မမွှေနိူင်ပဲ ဖြစ်တတ်လို့ပါ။
ပထမတော့ ဗြုတ်လေးတွေ နဲနဲတော့ ထလာပါမယ်။ စိတ်မပူပါနဲ့ ။
မွှေနေရင်း မုန့်သား တဖြေးဖြေး ချောမွေ့လာမှာပါ။
မွှေနေရင်းနဲ့ မုန့်တွေ ပျစ်လာပြီး ညောင်စေးကျလာပြီဆိုရင် စောနက ခဲထားတဲ့ သာကူပြင်ပေါ် ဇွန်းလေးနဲ့ ခပ်ပြီး အသာလေး လောင်းချပါ။ (သာကူပြင်က လုံး၀ မခဲသေးတဲ့ အနေအထားဆိုတော့ အပေါ်က အားနဲ့ လောင်းချရင် ပုံပျက်သွားမစိုးလို့ပါ)။
အပေါ်က မုန့်သားကို ဆီသုပ်ထားတဲ့ ဇွန်းလေးနဲ့ မျက်နှာပြင်ခောျပေးပြီး oven ထဲမှာ အပူချိန် ၂၀၀ ဒီဂရီ စင်တီဂရိတ် နဲ့ ၁၅ မိနစ်ခန့် အပေါ်မီး ပေးပါ။
အပေါ်ရံလေး ညိုပြီးတင်းလာပါလိမ့်မယ်။ ပြီးရင် oven ထဲက ထုတ်ပြီး ၃-၄ နာရီလောက် ထားပြီး လုံး၀ အေးခဲသွားမှသာ မုန့်ကို လှီးဖြတ် စားသုံးနိူင်ပါပြီ။

..................................................................
တီဆွိလုပ်တဲ့အချိုးက အုန်းနိူ့ပြင်က တော်တော်ထူပါတယ်။ အဲလိုလေးထူမှလဲ စားရတာ အရသာပိုရှိပါတယ်။
အောက်က ဗီဒီယိုကတော့ ကိုယ်ထည့်တဲ့ အချိုးအဆတွေနဲ့ နဲနဲကွဲလွဲပါလိမ့်မယ်။
ဒီဗီဒီယိုကနေ သာကူနဲ့ အပေါ်က အုန်းန်ိူ့့ပြင်ကို ဘယ်လို texture အခြေအနေအထိ ကျိုပြီး ချရမလဲ ဆိုတာ ကြည့်လို့ရတာပေါ့။
Credit to original up loader.
https://www.facebook.com/groups/103279369835301/permalink/1109559232540638/
အုန်းနိူ့ cream 1kg တစ်ဗူးဆို အတော်ပါပဲ။
ဆိုဖီယာရဲ့နည်းကို အခြေခံပြီး အုန်းနို့ပြင်ထူထူလေးရအောင် လိုတိုးပိုလျှော့လေးလုပ်ထားတာပါ။
(သာကူကျိုပြီးတာနဲ့ oven ကို အဆင်သင့်ဖြစ်အောင် preheat 180 ဒီဂရီလောက် ဖွင့်ထားပေးပါ။)

Friday, May 8, 2015

ကြက်ဥ ပူတင်း

အန်တီဆွိ ကြက်ဥပူတင်း လုပ်စားပေါင်း များလှပါပြီ။ တစ်ခါမှ recipe ကို မှတ်ထားတယ် မရှိလို့ လုပ်ခါနီးမှ ကမန်းကတမ်း ဂူဂဲမှာရှာ၊ အချိုးအစားပြန်ကြည့်ရတယ်။ ဒီတစ်ခါတော့ ဘယ်ရမလဲ။ မှတ်နေကျ ဘလော့ဂ် စာမျက်နှာလေးမှာ လာမှတ်ထားလ်ိုက်ပါပြီ။ အန်တီဆွိရဲ့ ပိတ်သတ်တွေလဲ အချိုပွဲလေး စားချင်ရင် လုပ်စားလို့ရတာပေါ့။ လုပ်ရတာ လွယ်ကူပြီး စားလို့လဲ သိပ်ကို အရသာရှိတဲ့ ကြက်ဥ ပူတင်းလေးပါ။

ကြက်ဥ ပူတင်း ၆ခုစာ အတွက် လိုတဲ့ ingredient တွေကတော့ ....

ကြက်ဥ ၅လုံး
နွားနို့ ၅၅၀ ml
သကြား ၈၀ ဂရမ်
Vanilla Essence 2 tea spoon
Bread Crumb ပေါင်မုန့် ၂ချပ်စာခန့် ( ပေါင်မုန့် ၂ချပ် ကို bread crumb  လို ဖြစ်အောင် blender နဲ့ မွှေလိုက်ရင်လဲ ရပါတယ်။)
ဆား 1/4 tea spoon
----------------------------------------------------------------
သကြား 8 table spoon (for caramel)

ပထမဆုံး oven ကို 200 deg C အပေါ်မီး၊ အောက်မီးနဲ့ pre-heat လုပ်ထားပါ။

အပေါ်က ingredient ၆ မျိုးကို mixing bowl ထဲကို ထည့်ပြီး မွှေစက် (mixer) ထဲကို အားလုံးသမသွားအောင် ၂ မိနစ်ခန့် မွှေပေးပါ။
Caramel အတွက် သကြား ၈ ဇွန်းကို ရေ ၃ ဇွန်းခန့်ထည့်ပြီး ညောင်စေးကျပြီး ရွှေဝါရောင်လေး ရသည်အထိ ကျိုလိုက်ပါ။ မီးအနေတော် medium နဲ့ ကျိုပါ။ ကျိုပြီးပြီးချင်း caramel အရည်ပျစ်ပျစ်လေးကို ပူတင်းမုန့်လေးတွေ ဖုတ်မဲ့ ပန်းကန်လုံးလေးတွေထဲကို စားပွဲဇွန်း တစ်ဇွန်းခန့်စီထည့်ပါ။ ပန်းကန်လုံး အောက်ခြေ မျက်နှာပြင်မှာ ညီသွားအောင် ပန်းကန်လုံးကို လက်ကလေးနဲ့ လှည့်ပေးပါ။ Caramel တွေက ချက်ချင်းခဲသွားတတ်လို့ အမြန်လုပ်ရပါမယ်။

ပန်းကန် ၆လုံး စလုံး အောက်ခြေမှာ caramel လေးတွေခဲသွားမှ အပေါ်ကနေ စောနက မွှေထားတဲ့ မုန့်နှစ်ရည် လောင်းထည့်ပါ။ ပန်းကန်လုံးရဲ့ လေးပုံ သုံးပုံခန့် ပြည့်အောင် မုန့်နှစ်ရည်တွေ လောင်းထည့်ရပါမယ်။ ကြက်ဥပူတင်းက ဖုတ်လိုက်ရင် ပွပြီး အပေါ်တက်လာလို့ နေရာ ချန်ထားရပါတယ်။ ပန်းကန်လုံး ၆လုံး စလုံး မုန့်နှစ်ဖြည့်ပြီးရင် မုန့်ဖုတ်တဲ့ သံလင်ပန်း ဇောက်နက်နက်ထဲကို ရေ တစ်စင်တီမီတာ အနက်ခန့် ထည့်၊ မုန့်ပန်းကန် ၆လုံးကို စီထည့်င်္ပြီး oven ထဲထည့် အပူပေးရပါမယ်။ မိနစ် ၄၀လောက်ဆိုရင် ပူတင်းကျက်ပါပြီ။ ပူတင်းကို မကြာခဏ စစ်ပေးပါ။ oven တစ်ခုနဲ့ တစ်ခု သိပ်မတူတတ်လို့ တူးသွားမှာ ကြောက်လို့ပါ။

ပူတင်းကို နည်းနည်း အအေးခံပြီး ခပ်နွေးနွေး အနေအထားကျရင် ပူတင်းလေးတွေကို ဓားအချွန်လေးနဲ့ အသာလှည့်ထုတ်ပြီး ပန်းကန်ပြားထဲထည့်ကာ စားနိူင်ပါပြီ။ အနံ့ အရသာနဲ့ ပြည့်စုံတဲ့ စားချင်စဖွယ် ကြက်ဥ
 ပူတင်း ရပါပြီ။
ဒီလငျ့ချ လေး အတိုငျး လုပျရငျလဲ ရပါတယျ။ https://www.youtube.com/watch?v=AdhxJ9XcamM




Saturday, February 21, 2015

မုန့်ဦးနှောက်








မုန့်ဦးနှောက် လုပ်ဖို့ လိုတဲ့ ပစ္စည်းတွေကတော့  ...
အုန်းဆီချက်ရန်
 coconut cream - 400 gm ၁ဗူး  
..
မုန့်လုပ်ရန်
ဆန်မုန့် - 2 cup
ရေ - 8 cup
အုန်းနို့ - 400 gm တစ်ဗူး
နို့စိမ်း (နွားနို့)  -  4 cup
သကြား - 1 cup 
ဆား - 1 tea spoon
သာကူစေ့ - 3/4 cup
ဆီ - 4 table spoon

..

အုန်းဆီချက်ရန်
အုန်းနို့ cream တွေကို အိုးတစ်လုံးထဲ ဆီလုံးဝ မထည့်ပဲ မီးအေးအေးနဲ့ တည်ပြီး မွှေပေးပါ။ ခမ်းပြီး တော်တော် ပျစ်လာပြီဆိုမှ အုန်းဆီ အနည်းငယ်၊ ဆား အနည်းငယ်ထည့်ပြီး ဆက်မွှေပေးပါ။ ပုံပါ အနေအထားရောက်သည်ဆိုရင် ချလို့ရပါပြီ။ 
(ဆီကို စောစောထည့်ထားလျှင် အုန်းဆီချက်က ပွက်ပွက်ဆူလာပြီး ဆီပေါက်တတ်လို့ ဆီကို နောက်မှ ထည့် ရန် အထူးသတိပြုပါ)



 မုန့်လုပ်ရန်အတွက် 
ဆန်မှုန့် 2 cup နဲ့ ရေ 2 cup ကို သမအောင် မွှေပြီး တစ်နာရီခန့် အနည်းဆုံး စိမ်ထားပါ။


ကျန်တဲ့ ရေ 6 cup ကို ပွက်ပွက်ဆူအောင်ကျိုပြီး သာကူစေ့တွေကို ထည့်ပြုတ်ပါ။ အောက်မှာ မကပ်အောင် အဆက်မပြတ်မွှေပေးပါ။ 



သာကူစေ့တွေ အစေ့ပျောက်ခါနီးလောက်ရောက်ရင် ဆန်မှုန့် ရေစိမ်ထားတာကို နည်းနည်းချင်းစီထည့်ပြီး အဆက်မပြတ် မွှေပေးပါ။ အုန်းနို့၊  နွားနို့ ၊ သကြားတို့ကိုလည်း ထည့်မွှေပေးပါ။ မုန့်နှစ်တွေ ပျစ်လာတဲ့ အထိယောင်းမနဲ့ စက်ဝိုင်းပုံ နာနာမွှေပြီး သမသွားအောင်ကျိုပါ။ ကျိုရင်းနဲ့ ဆီကိုလည်း မွှေလိုက် တစ်ဇွန်းထည့်လိုက်နဲ့ ၄ခါလောက် ခွဲထည့် မွှေပေးပါ။ နွားနို့ကိုလည်း ညောင်စေးကျသည့် အနေအထားရအောင် အနည်းငယ် လိုတိုး ပိုလျှော့ ထည့်ပေးရပါတယ်။

၁၀မိနစ် ၁၅ မိနစ်ခန့် မွှေပေးပြီး မုန့်တွေ ညောင်စေးကျလာရင်၊ သာကူစေ့တွေလဲ မျက်ဆံ ပျောက်ပြီဆို  အောက်က ဗန်းမှာ ဆီသုတ်၊ လောင်းချပြီးအအေးခံထားပါ၊ (မုန့်တွေက တို့ဟူးကျိုသလို ဗန်းထဲမှာ သူ့အလိုလို ပြင်ညီလေး ဖြစ်သွားမဲ့ အပျော့ အမာ အနေအထား ရှိရပါမယ် )





မုန့်များ အေးပြီး ခဲသွားလျင် ဓားဖြင့် လေးထောင့်တုံးများ ပုံဖော်လှီးပြီး ချိုဆိမ့်မွှေးသော မုန့်ဦးနှောက် စားနိုင်ပါပြီ။ အုန်းဆီချက်ကို မုန့်ကို လှီးပြီးမှ တစ်ခုချင်းဆီ အပေါ်် က ဖြူးပြီး စားနိူင်ပါတယ်။





အန်တီဆွိ စစ်ကိုင်းဖက်သွားတုံးက မုန့်ဦးနှောက်ဆိုတာကတော့ ဖက်ကလေးတွေနဲ့ ထုတ်ထားပြီး သကြားမပါပဲ ဆား နှမ်းထောင်းနဲ့ ဆီလေးနဲ့ အဆိမ့်စားရတာပါ။ အဲဒါကတော့ ဒီမှာ ဖက်ကရှားတော့ ဆွမ်းမွှေးရွက် အဆီလေးနဲ့ လုပ်ကြည့်ပါဦးမယ်။ နောက်အပတ်ပေါ့နော်။








Saturday, November 10, 2012

2nd prototype of အုန်းနို့ကျောက်ကျော ...

အန်တီဆွိတို့အလုပ်မှာ ကုန်ပစ္စည်းတွေ မထုတ်လုပ်ခင် CAD နဲ့ ဒီဇိုင်းအဆင့် ပြီးရင် ပစ္စည်းတွေ မှာပြီး အစမ်းဆင်ကြည့်ရတယ်။ Prototype လို့ခေါ်တယ်။ ပစ္စည်းတွေ တပ်ဆင်ရတာ လွယ်ကူရဲ့လား၊ တစ်ခုနဲ့တစ်ခု interference ဖြစ်နေသလား၊ အလွယ်တကူ ကျိုးပျက်လွယ်သလား၊ အစရှိသဖြင့်ပေါ့ စစ်ရတယ်။ တကယ့်တကယ်  mass production မလုပ်ခင် ၃-၄ခါလောက် အစမ်းထုတ်ဆို ဆင်ကြည့်ရတယ်။

အခု အန်တီဆွိလဲ အုန်းနိူ့ကျောက်ကျောလေး ကျိုတာကို အစမ်းလုပ်ကြည့်နေရတယ်။ အုန်းနိူ့ကျောက်ကျော ကျိုဖူးပေါင်းလဲ မရေမတွက်နိူင်ဘူး။ ကျိုတိုင်းလဲ အတိုင်းအဆ မှတ်ထားတယ်မရှိ၊ အဆင်ပြေသလို လုပ်လိုက်တာပဲ။ သူ့ဟာနဲ့သူတော့ ဖြစ်သွားတာပဲ။ အုန်းနိူ့ကျောက်ကျော ၂ထပ်ဖြစ်ချင်ဖြစ်မယ်၊ အုန်းနို့တွေများလို့ နို့ရောင်တစ်ရောင်တည်းကြီးနဲ့ မလှမပဖြစ်ချင်ဖြစ်မယ်။ အုန်းနိူ့က အထူကြီး ကျောက်ကျောအကြည်ထပ်လေးက ပါးပါးလေး ဖြစ်ချင်ဖြစ်မယ်။ စုံလို့ပဲ။ ခုတော့ အန်တီဆွိက အုန်းနို့နဲ့ ကျောက်ကျောအကြည်၂ထပ်ကို ညီညီလေးဖြစ်ချင်တာပါ။ (ကျောက်ကျောထုပ် အညွှန်းမှာပါတဲ့ ရေက ကိုယ်တွေအတိုင်းနဲ့ဆို နည်းနေတတ်ပါတယ်။) ခုအန်တီဆွိ ဝယ်တဲ့ အထုပ်ကတော့ အညွှန်းက တရုတ်လို ဘူးသီး၊ငါးပေါင်းကြော်စာတွေပဲ ပါလို့ ဘယ်လောက်ထည့်ရမလဲ လုံးဝမသိပါဘူး။

အုန်းနို့ကျောက်ကျော ၂ထပ်ဆိုတော့ လုံးဝမကျိုဖူးသူတွေက ၂ခါကျိုရတာလား ဘာလား ထင်ချင်စရာပါ။ အမှန်က ကျောက်ကျောရေထဲ အုန်းနို့ရောကျိုလိုက်တာပါပဲ။ ခဲသွားတော့ ပေါ့တဲ့ အုန်းနို့က အပေါ်တက်လာပြီး သူ့ဟာသူ ၂ထပ်ဖြစ်သွားတာပါ။ ကိုယ်လဲ ငယ်ငယ်က မသိတော့ ၂ခါ သတ်သတ်စီ ခွဲကျိုရတယ်ထင်နေတာ။

 ပြီးခဲ့တဲ့ အပတ် ဘုန်းကြီးကျောင်းပွဲမှာတော့ first prototype ကျောက်ကျောက အုန်းနို့တွေများလို့ တစ်ထပ်တည်းဖြစ်သွားတယ်။ ကျောက်ကျောက အရသာတော့ရှိပါရဲ့၊ လှတ ပတ မဖြစ်ဘူးပေါ့ဗျာ။ အဲဒါကို မကျေနပ်လို့ ခုနောက်တစ်ခါကျတော့ ရေနဲ့ အုန်းနို့ကို သေချာ တွက်ချက်ပြီး ၂ထပ်ကို အလယ်မှာ ညီညီလေးဖြစ်အောင် အစမ်းလုပ်ထားတာပါ။ နောက်ပိုင်း အလှူတွေ ပွဲတွေအတွက် အမြဲ ၂ထပ်ကျောက်ကျောလေးရအောင် စမ်းလုပ်ထားတဲ့ 2nd prototype ပေါ့ဗျာ။

လိုအပ်သောပစ္စည်းများ
ကျောက်ကျောချောင်း (၄၂.၅ ဂရမ်) အထုပ်တစ်ဝက် (ကျောက်ကျောချည်း ချိန်ကြည့်တာ ၁၇.၅ ဂရမ်ခန့်) 
အုန်းစိမ်းရည် ၃၅၀ ml  ၃ဗူးခွဲ (စုစုပေါင်း 1.2 liter ခန့်)
အုန်းနိူ့ ၆၀၀ ml
သကြား ၃၀၀ ဂရမ်
ဆား လက်ဖက်ရည် တစ်ဇွန်းမောက်မောက်

(ဒီမှာ သတိထားမိလားမသိဘူး။  Rule of thumb က ရေ ၂ဆ၊ အုန်းနို့တစ်ဆ  ပါ။ )

အန်တီဆွိက ကျောက်ကျောကျိုရင် အမြဲ ကျောက်ကျောချောင်းထုပ်ကိုပဲ သုံးပါတယ်။ နဲနဲပဲ စမ်းလုပ်ချင်တာဆိုတော့ ကျောက်ကျောထုပ်ရဲ့ တစ်ဝက်တိတိကို ကတ်ကြေးနဲ့ညှပ်လိုက်ပါတယ်။  ပြီးတော့ ကျောက်ကျောတွေကို ပျော့သွားအောင် ရေစိမ်ပြီး တစ်လက်မလောက်စီ သေးသေးလေးတွေဖြစ်အောင် ထပ်ညှပ်လိုက်ပါတယ်။ သေးသေးလေးတွေဆိုတော့ အကြာကြီး မကျိုရတော့ဘူးပေါ့။

ပြီးတော့ အိုးထဲမှာ အုန်းစိမ်းရေ ဗူး ၃ဗူးခွဲ ဖောက်ထည့်ပြီး ကျောက်ကျောကို ကျိုပါတယ်။ အုန်းစိမ်းရေက အုန်းသီးဆံဖတ်ကလေးတွေပါလို့ စကာနဲ့ အရင်စစ်ပြီးမှ ကျောက်ကျောအိုးထဲထည့်ပါတယ်။ (အုန်းစိမ်းရေထည့်တော့ အုန်းနိူ့ကျောက်ကျောက တော်တော်လေးကို မွှေးပြီး အရသာလဲ ပိုရှိပါတယ်။ ရေနဲ့ ကျိုတာနဲ့ လုံးဝကိုမတူပါ။ အုန်းသီးအစိမ်းရှိလို့ ခွဲထည့်ရင် ပိုတောင်မွှေးပါသေးသဗျာ။ )  သကြား ၃၀၀ ဂရမ်ကိုလဲ အစကတည်းက တစ်ခါထဲထည့်ကျိုပါတယ်။
အုန်းစိမ်းရေ ၃မျိုး- ၃ဗူးဝယ်လာတာ ဒါလေးက အကောင်းဆုံးပဲ။ တစ်ဗူးကို ၃၅၀ ml ပါတယ်။



၁၅မိနစ် နာရီဝက်လောက်ကြာလို့ ကျောက်ကျောတွေ ကြေသွားပြီဆို အုန်းနို့ထည့်မွှေပြီး ဆားထည့်ပါတယ်။ ဆားကလဲ အရေးကြီးပါတယ်နော်။ အုန်းနိူ့ကျောက်ကျောက ဆားမပါရင်လဲ စားရတာ ပေါ့ရွှတ်ရွှတ်နဲ့ ဘာလိုနေမှန်း မသိတဲ့ အဖြစ်မျိုး ကြုံဖူးပါတယ်။ နောက်ပြီး ဒီနေရာမှာ အုန်းနိူ့အရသာကို မြည်းကြည့်ပြီး ကိုယ်က ချိုချိုလေးကြိုက်တယ်ဆို သကြားထပ်ထည့်နိူင်ပါတယ်။ ဆားကိုလဲ လိုတိုးပိုလျှော့ ကိုယ့်စိတ်ကြိုက်ထည့်နိူင်ပါတယ်။ အန်တီဆွိပြောတဲ့ အချိုးက ကိုယ့်စိတ်ကြိုက် ဖြစ်ချင်မှဖြစ်မှာကိုး။

 အုန်းနို့ရောပြီး ကျိုထားတာ ပွက်ပွက်ဆူလာရင် ကျောက်ကျောခဲမဲ့ ခွက်ထဲထည့်ပြီး ခဲထားနိူင်ပါပြီ။ ကျောက်ကျောခဲရင်လဲ သိပ်အထူကြီးဖြစ်အောင်မလုပ်ပဲ ၃စင်တီမီတာ၊ ၄ စင်တီမီတာလောက် အထူဆို အလှူတွေအတွက် အချိုပွဲမှာ အတော်ပါပဲ။ ရွှေရင်အေး၊ ပေါင်မုန့်အုန်းနို့ဆမ်းတို့မှာလည်း ထည့်စားနိူင်ပါတယ်။


ကျောက်ကျောကျိုရတာ အင်မတန် လွယ်ကူပါတယ်။ ၂ထပ်လှလှလေးဖြစ်အောင်၊ အချိုအပေါ့ အလေး အနေတော်ဖြစ်အောင် အချိုးအဆ က သာ အရေးကြီးတာပါ။





Wednesday, September 28, 2011

ယနေ့မနက်စာ ဆီထမင်း မန္တလေးပဲကြော်

 
ညက ဖိုရမ်ထဲ လမ်းသလားနေစဉ် သူတို့တွေ ကောက်ညှင်း ဆီထမင်း အကြောင်း မစားရ ဝခမန်း ပြောနေကြသည်။ စိတ်ကြီးသော အန်တီဆွိမှာကား မနေနိူင်။ ချက်ချင်း ထကာ ကောက်ညှင်း တစ်ခွက်ခွဲ ရေစိမ်ထားလိုက်သည်။
 ------------------------------------------------------------------------------------------------------------

 မနက် အိမ်ရာနိူးတော့ ဒီနေ့ သမီး ပီယာနိူသင်တန်း ပို့ရမှာမှို့ စောစောထရန်သတိရသည်။

ကွန်ပြူတာက နာရီကြည့်လိုက်တော့ 8:14 ဟုပြနေရာ ဝုန်းကနဲ ထမိမလိုဖြစ်သွားသည်။ မျက်လုံးကို သေချာ ပွတ်ကြည့်မှ 6:14 ဖြစ်နေ၍ တော်ပေသေးသည်။

မျက်နှာသစ် ညက်ခုံးမွှေးဆွဲ၊ မီးဖိုထဲရောက်မှ ကောက်ညှင်းရေစိမ်တွေ့ရာ ဆီထမင်းထိုးရန် သတိရသွားသည်။

ကြက်သွန်နီလှီးသည်။ ဆီအိုးတည်သည်။ ဆနွမ်းထည့်သည်။ ကြက်သွန်နီထည့်သည်။ ကြက်သွန်ကြော်နေတုံး ကြက်သွန်ဖြူလေးတွေ ထောင်းထားသည်။

မန်းလေးပဲကြော်အတွက် ပဲတွေ ရေခဲသေတ္တာထဲကထုတ်၊ ပြန်နွှေးနေတုံး ကြက်သွန်နီတွေ  နဲနဲကျက်ကုန်တာနဲ့ ကြက်သွန်ဖြူဆီချက်လေးကိုပဲ ကမန်းကတန်း ထည့်ရတော့သည်။ ပုဇွန်ခြောက်မှုန့် တစ်ဇွန်းထည့်သည်။ မွှေသည်။

 ကောက်ညှင်းရေစိမ်ကို ရေတွေစစ်ကာထည့်သည်။ မွှေသည်။ ဖြူဖတ်ဖြူရော်ဖြစ်နေသည်နှင့် ဆနွင်းထပ်ထည့်သည်။ ဆား၊ ဟင်းခတ်မှုန့် ထည့်မွှေသည်။ စောနက မထည့်လိုက်ရသည့် ကြက်သွန်ဖြူထောင်းလေးတွေပါ ရောထည့်လိုက်သည်။

မွှေနေရာကနေ ကောက်ညှင်းအနည်းငယ်စေးလာတော့ ရေ ခွက်တစ်ဝက်ခန့် ဖြန်းကာ အဖုံးအုပ်ထားလိုက်သည်။

ကောက်ညှင်းနပ်ပြီလား စမ်းကြည့် မနပ်မချင်း ရေအနည်းငယ်တောက်ကာ မွှေပြီး၊ မီးအေးအေးနှင့် အဖုံးအုပ်ထားသည်။

ကောက်ညှင်းနပ်ပြီဆိုမှ အောက်က ဂျိုးတူးအောင် မီးအေးအေးနှင့် လှည့်ပေးရသည်။


ဟိုညက်ခုံးမွှေးလူကြီးသောက်ဖို့ ကော်ဖီဖျော်၊ မန်းလေးပဲကြော်လေး၄-၅ခုကြော်ပြီး ယနေ့နံနက်စာ အဆင်သင့်ဖြစ်ပါပြီ။


မန်းလေးပဲကြော်ကတော့ မနက် ကမန်းကတန်းနဲ့ ဓာတ်ပုံရိုက်ဖို့ အချိန်မရလို့ မရိုက်လိုက်ရပါ။ အရင် လုပ်ဖူးတာလေး တွေ့လို့ တင်ပေးလိုက်ပါသည်။ Red bean ကို တစ်ညရေစိမ်ပြီး rice cooker နှင့်ပေါင်းပါ။ (rice cooker အပေါ်မှ ပေါင်းအိုးနှင့် ကောက်ညှင်းပေါင်းသလို ပေါင်းပါ)။ ပြီးရင်လိုချင်သောအချိန် ထုတ်သုံးလို့ရအောင် ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါသည်။


ပဲ၊ ကောက်ညှင်းမှုန့် ကို ၂း၁ ရောပါသည်။  ပဲကို ချေပါသည်။ ဆား အနည်းငယ်၊ ဂျင်း များများ မီးအေးအေးနှင့်ကြော်ပါသည်။

ဂျင်းနံ့သင်းသင်းနှင့် မန္တလေးပဲကြော်၊ ကြီးတော်အခေါ် ကောက်ညှင်းပဲကြော်ရပါပြီ။

ဒါကတော့ ဒီနေ့မနက်ကြော်သော မန်းလေးပဲကြော်။