မုန့်ဖက်ထုပ်ဆိုတာ မြန်မာပြည်မှာနေတုံးက ညအချိန်ကျမှ မုန့်ဖက်ထုပ်ပူပူလေးဆို အော်ပြီး တစ်အိမ်တက်ဆင်း ရောင်းတတ်ကြတာပါ။ မုန့်ဖက်ထုပ်က ဖက်နံ့သင်းသင်းလေးကို အလွန်ကြိုက်ပါတယ်။ ဒီရောက်တော့ မုန့်ဖက်ထုပ်လည်း မစားရတော့ပြီ။ မြို့ထဲဖက်ထွက်ဖို့ပျင်းတော့ ပင်နီစူးလားဘက်လဲ မရောက်တာကြာပြီ။ ရောက်ပြန်တော့လည်း စားစရာတွေ မျိုးစုံစားရင်းနဲ့ မုန့်ဖက်ထုပ်ဝယ်ဖို့ကမေ့ပြီ။
ဒါနဲ့ တစ်ခါတစ်လေ အရမ်းစားချင်လာတော့ သတိရတုံးလေး ကိုယ့်ဟာကိုယ်ပဲ လုပ်စားလိုက်ရသည်း)
အုန်းသီး တစ်ခြမ်းကို ကုန်အောင် ခြစ်ပါတယ်။ ဒါမှမဟုတ် ဆိုင်ကနေ ခြစ်ပြီးသားဝယ်ရင်လဲရပါတယ်။ ဒယ်အိုးထဲ မီးအနေတော်ထား၊ သကြားများများ နဲ့ အုန်းသီးကို ယိုထိုးပါတယ်။ ယိုဆိုပေမဲ့ ရေမပါအခြောက်ဆိုတော့ အုန်းမှန်ကူလို ကျွတ်ကျွတ်လေး ဖြစ်နေပါတယ်။ ရေပါရင် မုန့်အထဲထည့်တဲ့နေရာမှာ မုန့်နှစ်တွေရေပျော်ပြီး ထာပနာ မလုံမှာစိုးလို့ ခြောက်ခြောက်လေးလုပ်ထားရပါတယ်။
အုန်းယို ထာပနာ

အမှုန့်ထုတ်တွေက တော့ စလုံးမှာ အောက်ထပ်က ဆိုင်လေးတွေမှာ ဝယ်မလား၊ NTUC မှာ ဝယ်မလား အင်မတန်ပေါပါတယ်။

မုန့်လုံးရေပေါ် လုပ်နည်းကားအတိုင်း ကောက်ညှင်းမှုန့်၄ဆ၊ ဆန်မှုန့်တစ်ဆ ရေနဲ့နာအောင်ရောနယ်ပြီး ခဏနှပ်ထားပါတယ်။
ငှက်ပျောရွက်တွေကို ပထမဆုံး ပျော့သွားအောင် ရေနဲ့ပေါင်းပါတယ်။ ၅မိနစ်လောက် အဖုံးလေးပိတ်ပြီးပေါင်းပါတယ်။ နောက်မှို့ဆို ငှက်ပျောရွက်က မုန့်ထုပ်နေတုံး အထိမခံ အလွန်ကွဲလွယ်လို့ပါ။
ငှက်ပျောရွက်ကို ၇လက်မ ပတ်လည်လေးတွေ ကတ်ကြေးနဲ့ ညှပ်ထားပါတယ်။မုန့်ထုပ်တဲ့အခါ ဖက်ခွာတဲ့အခါမကပ်အောင် ဖက်ကို ဆီနဲ့ အရင် သုတ်လိမ်းပေးထားပါတယ်။

မုန့်နယ်ထားတာကနေ လက်တစ်ဆုတ်စာလောက် အနေတော်ယူပြီး လုံးပြီး အလည်မှာ အခေါင်းပေါက်လေးလုပ်ပြီး
အုန်းယိုထည့်ပါတယ်။ ချိုအောင် မုန့်ပေါ်ကို ပေါက်မထွက်တဲ့အထိ အုန်းယိုများများ ထာပနာထည့်ပြီး မုန့်နဲပြန်ပိတ်ပြီး ပြန်လုံးပါတယ်။

ငှက်ပျောရွက်ကို ကတော့လေးလုပ်ပါတယ်။ အောက်ဆုံးကအချွန်လေးကို မုန့်ဝင်အောင် အရင်ဖြည့်ပါတယ်။ နောက်တော့ မုန့်ထာပနာပြီးလုံးထားတာကို ကတော့ထဲထည့်ပါတယ်။ မုန့်ကို ကတော့ပုံသုံးမြှောင့်လေးဖြစ်အောင် အပေါ်ကနေ လက်နဲ့ အသာဖိပေးပါတယ်။ပြီးတော့ ပိုနေတဲ့ ငှက်ပျောရွက်အနားတွေနဲ့ ပုံမှာ ပြထားတဲ့အတိုင်း ပြန်ပိတ်ပြီး သွားကြားထိုးတံလေးနဲ့ အရွက်တွေ ပြေမသွားအောင်အသာလေးထိုးပြီး ပေါင်းမဲ့ စကာထဲ စီထည့်ပါတယ်။






ပြီးရင် အောက်က ရေခံအိုးထဲ ရေထည့် (အပေါ်က မုန့်ထုပ်ကို ရေမထိအောင် ဂရုစိုက်ထည့်ပါ) အပေါ်က မုန့်ဖက်ထုပ်စကာ တင်၊ အဖုံးလုံအောင်အုပ်ပြီး ပေါင်းနိူင်ပါပြီ။ အဖုံးလုံရင် နာရီဝက်လောက်ပေါင်းရင် ကျက်ပါတယ်။ အဖုံးမလုံရင်တော့ ၄၅ မိနစ်လောက်ပေါင်းရပါတယ်။ ပေါင်းအိုးနဲ့ပေါင်းရင် အကောင်းဆုံးပါပဲ။
ဒီလို ထမင်းပေါင်းအိုးက steam cooker လေးတွေနဲ့ ပေါင်းလဲ အလွန်မြန်ပါတယ်။



မုန့်ဖက်ထုပ် ဖက်နံ့သင်းသင်း ပူပူနွေးနွေး စားလို့ရပါပြီရှင်။ အားပေးကြပါဦး။