Showing posts with label (၅ ၀၀) *** တရုတ် အစားအသောက်များ ***. Show all posts
Showing posts with label (၅ ၀၀) *** တရုတ် အစားအသောက်များ ***. Show all posts

Sunday, October 8, 2023

  Dumpling with red chilli oil



ပထမဆုံး dumpling အတွက် တွေ ပြင်ဆင်ပါမယ်။

dumpling အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ 

Wanton wrapping (square shape)  တစ်ထုပ်

ဝက်သား အကြေ ၅၀၀ ဂရမ်

chives  တစ်စီး > နှုတ်နှုတ် စင်းထားပါ

ပုဇွန် ၃၀၀ ဂရမ် အသားချည်း  >နှုတ်နှုတ် စင်းထားပါ

ပဲငံပြာရည် အကြည်ရည် 4 tea spoon

သကြား 3 tea spoon

ငရုပ်ကောင်း မှုန့် 1/2 tea spoon

5 spice powder 1/2 tea spoon

corn stretch 1 table spoon

ကြက်ဥ တစ်လုံး

ဂျင်း တစ်ပြား >ညက်ညက်ထောင်းထားပါ

ကြက်သွန်ဖြူ  ၄ မြွှာ >ညက်ညက်ထောင်းထားပါ

နှမ်းဆီ 1 table spoon

ဆီ 1 table spoon

အထက်ပါ ပစ္စည်းတွေကို အားလုံး ရောသမမွှေ ပေးပါ။

ပြီးရင် dumpling အဖတ် (Wanton wrapping ) နှင့် dumpling လေးတွေ လုပ်ထားပါ။






..

Dumpling ပြုတ်ဖို့ soup အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့

ဝက်ရိုး တစ်ကေဂျီ

ဂျင်း ၃ပြားခန့်

ဆား

ကြက်သွန်မြိတ် အမြစ်ပိုင်း ၄ခုခန့်

ငရုပ်ကောင်း 1/2 tea spoon 

အထက်ပါ ပစ္စည်းတွေကို အားလုံး ကို soup အိုးထဲ ထည့်ပြီး ရေ ၄လီတာခန့်ထည့်ကာ တစ်နာရီခန့် ပြုတ်ထားပါ။

..

Chilli oil လုပ်ရန် လိုတဲ့ ပစ္စည်းတွေကတော့

ဆီ 500 ml

ငရုပ်သီး ခြောက် အကြမ်း မှုန့်  3 table spoon

 ငရုပ်သီး အရောင်တင်မှုန့် 1 table spoon

Sichuan pepper powder  အကြမ်း 1/2 tea spoon

နှမ်း 3 table spoon

ဆီကို ဒယ်အိုးထဲမှာ ပူနေအောင်တည်ပါ။ ဆီ အငွေ့ မထွက်မီ အကြမ်းမှုန့် အရင်ထည့် မွှေပေး၊ နောက်မှ အရောင်တင်မှုန့် ၊ နှမ်း နှင့် Sichuan pepper မှုန့် တို့ကို ထည့်ပါ။ ငရုပ်သီး မီးမတူးမီ ဆီကို စစ်ယူထားပါ။

Sichuan pepper နံ့ သင်းတဲ့  chilli oil ရပါပြီ။



...

ပဲငံပြာရည် sauce အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့

ပဲငံပြာရည် အကြည်ရည် 6 table spoon

ဝက်ရိုး ပြုတ်ရည် 8 table spoon

ငါး ငံပြာရည် 1 table spoon

သကြား 3 table spoon

အထက်ပါ ပစ္စည်းတွေကို အားလုံး ကို ရော သမ မွှေ ပေး လိုက်လျှင် ပဲငံပြာရည် sauce ရပါပြီ။

..

vegetable အတွက်  

အရွက်ကြိုက်တတ်လျှင် broccoli အရွက် (သို့) bok choi (သို့)  မုန်ညင်းဖြူရွက်ကို ရေနွေးဖျောထားပါ။

ကြက်သွန်မြိတ် ပါးပါး လှီးထားပါ။

..

Dumpling ပြုတ်ရန် အတွက်

Soup တစ်ဝက်ကို အရိုးများ ရေစစ်ပြီး အိုးငယ် တစ်လုံးထဲထည့် မီးဖိုပေါ် ပွက်ပွက်ဆူအောင် တည်ပါ။

Dumpling များကို ထည့်ပြုတ်ပြီး ကျက်လျှင် ဆယ်ထားပါ။


ပွဲ ပြင်ရန် အတွက်

ဇလုံ တစ်လုံးထဲကို Dumpling ၁၀ ခုခန့် စီထည့်ပါ။

အရွက်ကိုလည်း ဘေးဖက်မှာ လှအောင် ထည့်ပါ။

အပေါ််် မှ ပဲငံပြာရည် sauce 2 table spoonနှင့်  chilli oil 2 table spoon တို့ကို ထည့်ပါ။

ကြက်သွန်မြိတ် လှီးထားတာလေးတွေ အပေါ်က ဖြူးလိုက်လျှင် အလွန် အနံ့ အရသာနှင့် ပြည့်စုံတဲ့ Red Chilli oil Dumpling ကို စားသုံးနှိုင်ပါပြီ။

Soup ကြိုက်ရင် soup ထဲ ကြက်သွန်မြိတ်လေး ဖြူးကာ သောက်နိူင်ပါတယ်။

..

ငရုပ်သီးကြော််််််ကြိုက်က် လျှင် အောက်ပါ တံဆိပ် ငရုပ်သီး ကြော် ကြွပ် ကြွပ် လေး ထည့်စား ပိုကောင်းပါတယ်။















Friday, December 4, 2020

Dan Dan Noodles

 



Dan Dan Noodles အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့

ဝက်သားအကြေ ကြော်အတွက်

ဝက်သားအကြေ ၄၀၀ ဂရမ်

မုန်ညင်းချဉ် ( pickle mustard )  ၃၀၀ ဂရမ် - chop လုပ်ထားပါ။

ဆီ  1/2 cup

ပဲငံပြာရည် အကြည် 

ပဲငံပြာရည် အနောက်

သကြား စားပွဲဇွန်း တစ်ဇွန်း

ငရုပ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝ က်

ငရုပ်သီးအရောင်တင်မှုန့်  စားပွဲဇွန်း တစ်ဇွန်း

ကြက်သွန်ဖြူ ၃ မွှာခန့် - chop လုပ်ထားပါ၊

ပြုလုပ်ပုံ

ဝက်သားအကြေ ကို ပဲငံပြာရည် အကြည်၊ အနောက်၊ ငရုပ်ကောင်းမှုန့် သကြားတို့ နဲ့ နယ်ထားပါ၊

ဒယ်အိုး ထဲကို ဆီထည့် ကြက်သွန်ဖြူဆီသတ်ပါ၊

ပြီးရင် ဝက်သားအကြေ ထည့်ကြော်ပါ။

ဝက်သား အရည်ကုန်ရင် မုန်ညင်းချဉ် ထည့်ပြီး အရည်ကုန်အောင် ဆက်ကြော်ပါ၊

ဆီပြန်လာရင် ငရုပ်သီး အရောင်တင်မှုန့်ထည့်ပြီး ဆားအပေါ့ အငံ အချို စိတ်ကြိုက်ပြင်ထားပါ။



------------------------------------------------

အရိုးပြုတ် အချိုရည်အတွက်

ကြက်ရိုး (သို့) ဝက်ရိုး - ၂ ကေဂျီ

ဆား သင့်သလို

သကြား သင့် သလို

ဂျင်း ၅ လွှာခ န့်

ကြက်သွန်မြိတ် အမြစ်ပိုင်း အနည်းငယ်


ပြုလုပ်ပုံ

ကြက်ရိုး (သို့) ဝက်ရိုး တွေကို ရေမြုပ်အောင်ထည့်၊ အပေါ်် က ingredient တွေထည့်ပြီး တစ်နာရီခန့် မီးအေးအေးနဲ့ အချိုရည်ထွက်လာသည်အထိ ပြုတ်ပါ၊

ပြီးရင် အရိုးတွေကို စစ်ချပြီး ဟင်းချိုရည်ကိုပဲ ယူထားပါ။

ဆား အပေါ့အငံ လိုအပ်သလို ပြင်ထားပါ။

-----------------------------------------------------------------

Chilli oil အတွက်

ဆီ  1 cup

ငရုပ်သီး အကြမ်းမှုန့် စားပွဲဇွန်း ၅ ဇွန်း

Sichuan pepper စားပွဲဇွန်း တစ် ဇွန်း - ညက်နေအောင်ထောင်းထားပါ။

နှမ်း စားပွဲဇွန်း ၂ဇွန်း

သစ်ဂျပိုးခေါက် တစ်ခု

နာနတ်ပွင့် ၇ ပွင့်

ကလ ‌ဝေးရွက် ၇ ရွက်

Black Cardamom ၂ ခု


ပြုလုပ်ပုံ

ပန်းကန် စောက်နက်နက် တစ်လုံးထဲကို ငရုပ်သီးမှုန့် ၊ ဇီချွမ် ငရုပ်ကောင်းအမှုန့် ၊ နှမ်း တို့ကိုထည့်ထားပါ။

ဒယ်အိုးထဲကို ဆီထည့်ပါ။ 

ဆီကျက်လာရင် ဟင်းခတ် အမွှေးအကြိုင်တွေထည့်ပြီး မွှေးလာသည်အထိ ဆီသတ်ပါ။

ပြီးရင် စောနက ပြင်ထားတဲ့ နှမ်း၊ ငရုပ်သီးမှုန့်နဲ့ ဇီချွမ်း အမှုန့် တွေပေါ်် ကို စကာနဲ့ စစ်ပြီး ဆီပူပူကို လောင်းချပါ။

ဆီတွေ နှံ့ သွားအောင် ဇွန်းနဲ့ မွှေပေးပါ။

Flavour အပြည့်နဲ့ Chilli oil ရပါပြီ။

photo credit : google


------------------------------------------------------------------

Dan Dan Noodle sauce  အတွက်

Sesame paste စားပွဲဇွန်း ၂ဇွန်း 

Peanut butter စားပွဲဇွန်း ၂ဇွန်း

ပဲငံပြာရည် အကြည်ရည်  စားပွဲဇွန်း တစ်ဇွန်း

ပဲငံပြာရည် အနောက်ရည်  စားပွဲဇွန်း တစ်ဝက်

Chilli oil  စားပွဲဇွန်း ၃ ဇွန်း

အရိုးပြုတ်ရည် စားပွဲဇွန်း ၅ ဇွန်း

ပြုလုပ်ပုံ

အထက်ပါ ပစ္စည်းများကို ပန်းကန်ဇောက်နက် တစ်လုံးထဲထည့်ပြီး သမနေအောင် နာနာ မွှေပေးပါ၊

အောက်က ပုံလေးအတိုင်း လုပ်ရင်လဲ ရပါတယ်၊

Photo credit : google


-------------------------------------------------------------------

ခေါက်ဆွဲ အတွက်

ဂျုံခေါက်ဆွဲကို ပြုတ်ပြီး ‌ရေစစ်ထားပါ။



-------------------------------------------------------------

ဟင်းရွက်များပြင်ဆင်ထားရန်

မုန်ညင်းရွက်ကို ၂လက်မလောက် အ‌ရှည် များ လှီးပြီး ရေ‌‌နွေးဖျောပြီး ‌ရေစစ်ထားပါ။

ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။



-----------------------------------------------------------

လိုအပ်သည်များ ပြင်ဆင်ပြီး ပွဲပြင်ရန်အတွက်

ပထမဆုံး ခေါက်ဆွဲကို ဇလုံ စောက် နက်နက်ထဲ အရင်ထည့်ပါ။

အပေါ် ကနေ ဟင်းရည် စားပွဲဇွန်း ၅ ဇွန်းခန့် အရင်ထည့် ပါ။

ဝက်သားအ‌ကြေ ၊ Sesame paste ၊ Chilli oil ၊ အရွက်များကို အပေါ်််််ကနေ လှအောင်ပြင်ဆင်ပါ။

အလွန် အရသာရှိတဲ့ Dan Dan Noodle ကို စားဖို့ အဆင်သင့် ဖြစ်ပါပြီ။




Sunday, April 19, 2020

တရုတ် စတိုင် ဝက်စတူး

တရုတ်စတိုင် ဝက်စတူး ချက်နည်း
ဝက်သား သုံးထပ်သား ၆၀၀ ဂရမ်ခန့်ကို အတုံးလေးတွေ တုံးပြီး တရုတ်မဆလာ၊ ဆား၊ သကြား၊ တရုတ်ဟင်းချက်ဝိုင်၊ ပဲငံပြာရည် အပျစ်၊ အကျဲ တို့နှင့် သင့်အောင်နယ်ထားပါ။
ဒန်အိုးထဲ ဆီ စားပွဲဇွန်းတစ်ဇွန်း ထည့်၊ မီး medium နဲ့တည်ပါ။
ဆီကျက်ရင် သကြား စားပွဲဇွန်း ၂ဇွန်းခန့်ထည့်ပြီး သကြားတွေကို ထန်းလျှက်ရည်လို အညိုအရောင်သန်းလာသည်အထိ ပျော်သွားအောင်ထားလိုက်ပါ။
ပြီးရင် ဝက်သားနယ်ထားတာရယ်၊ သစ်ဂျပိုးခေါက် တစ်ခုရယ်၊ နာနတ်ပွင့် ၄ပွင့်လောက်ကို သကြားဆီချက်ထဲထည့်ပြီး ဆီသတ်ပါတယ်။
ဝက်သားတွေ အရည်ကုန်တဲ့အထိ အဆက်မပြတ်မွှေပေးနေပြီး မွှေးနေအောင်ဆီသတ်ပါ။
ရေကုန်သွားရင် ကြက်ဥ ၅လုံး ပြုတ်ပြီး အခွံခွါထားတာကိုထည့်ပါ။
ပြီးရင် ရေနွေးပူပူကို ဝက်သားတွေ၊ ကြက်ဥတွေ ရေမြုတ်တဲ့အထိ ထည့်ပါ။
သကြား စားပွဲဇွန်း၂ဇွန်း၊ ပဲငံပြာရည် အကြည် စားပွဲဇွန်း ၃ဇွန်းခန့်၊ ပဲငံပြာရည် အနောက် စားပွဲဇွန်း ၃ဇွန်းခန့် ထည့်ပြီး မီးအနည်းဆုံးနဲ့ ၄၅ မိနစ်ခန့် အဖုံးလုံးဝ မဖွင့်ပဲ တည်ထားပါ။ (slow cooker နဲ့ဆို ၄ နာရီလောက်)
၄၅ မိနစ်ပြည့်လို့ ဟင်းကို ကိုယ်လိုချင်တဲ့ အရသာ အနေအထားရှိမရှိ မြည်းကြည့်ပြီး လိုရင် ဆား၊ သကြား၊ ပဲငံပြာရည် အကြည်၊ အနောက်ထည့်၊ ကြက်သွန်ဖြူ အခွံမနွှာပဲ အလုံးလိုက် တစ်လုံး ထည့်ကာ၊ နောက်ထပ် ၂၅ မိနစ်လောက်ထပ်တည်ရင် စားချင်စဖွယ် ဝက်စတူး ရပါပြီ။
မှတ်ချက် - ဝက်သားနုရင် ပိုကောင်းပါတယ်။ ဝက်သားရင့်ရင် အချိန်ပိုကြာအောင် တည်ရပါတယ်
..............
(ဟိုနေ့က အိမ်မှာ ဝက်ပေါင်သားတွေ ဝယ်ထားတာ အများကြီးရှိနေလို့ အဲဒါနဲ့ပဲ ဝက်စတူးလိုက်ပါတယ်)
ပထမပုံ ကတော့ Google က ယူပါတယ်။ Credit
Image may contain: food

Wednesday, January 10, 2018

ဝက်နံရိုး အကြွပ်ကြော်


Image may contain: food
ဝက်နံရိုး ၅၀၀ ဂရမ် ကို တစ်လက်မ ပတ်လည်ခန့် အတုံးသေးလေးတွေ တုံးပါ။
ပြီးလျှင် တရုတ် ဟင်းချက်ဝိုင် ၃ဇွန်း၊ နှမ်းဆီ တစ်ဇွန်း၊ သကြား၃ ဇွန်း၊ ဟင်းခတ်မှုန့် ဇွန်း ၁/၄၊ ကြက်သွန်ဖြူ ညက်ညက်ထောင်း နှစ်ဇွန်း၊ ပဲငံြ့ပာရည် အကြည် ၄ ဇွန်း၊ ငါးငံပြာရည် တစ်ဇွန်း၊ ခရုဆီ တစ်ဇွန်း၊ ငရုပ်ကောင်း ဇွန်း ၁/၄ ၊ five spices power ဇွန်း ၁/၄၊ Corn flour (သို့) နှစ်သက်ရာ အကြော်မှုန့် ၈ဇွန်းခန့် တို့နနယ်ပြီး ၅နာရီခန့် နှပ်ထားပါ။ တစ်ညနှပ်လျှင် ပိုကောင်းပါသည်။
နှပ်ပြီးလျှင် ဒယ်အိုးထဲ ဆီမြုတ်အောင် ထည့်ကြော်ပါ။ (ဆီအရမ်း မပူခင်ထည့်ကြော်ပါ)
သကြားပါသောကြောင့် မီးပြင်းလျှင် တူးပြီး အရောင်မဲတတ်သောကြာင့်ဖြစ်သည်။ မီးအနေတော်ဖြင့်ကြော်ပါ။ မတူးအောင် အပေါ်အောက် မကြာခဏ လှန်ပေးပါ။ နံရိုးများ ကြွတ်လာလျှင် ဆီစစ်ပြီး စားလို့ရပါပြီ။
(ဇွန်း မှာ လဖက်ရည်ဇွန်း Tea spoon ဖြစ်ပါသည်)


Tuesday, September 13, 2011

ဝက်သားကုန်းဘောင်ကြီးကြော် (Kung Bao Pork)


ငယ်ငယ်က ကုန်းဘောင်ကြီးကြော် ... ကုန်းဘောင်ကြီးကြော် ..ဆိုတော့ အော် ကုန်းဘောင်ခေတ်က ဟင်းလိုလို၊ ဘာလိုလိုထင်နေတာ။ တရုတ်ဆိုင်တွေမှာ ရောင်းတာသိပေမဲ့ ဘာလို့ ဒီနံမယ်ခေါ်တယ်ဆိုတာလဲ မစပ်စုမိခဲ့ဘူး။ အဲဒီတုံးက ချက်တာလဲ ဝက်သားကို အတုံးသေးလေးတွေတုံး၊ ကြက်သွန်နီအကွင်းလိုက်တွေ အများကြီးထည့်ကြော် ပြီးတော့ ကြာညို့လို့ခေါ်တဲ့ ပဲငံပြာရည်တွေ မဲနေအောင်ထည့် ကုန်းဘောင်ကြော် ဖြစ်ကရောပဲ။ တစ်ခါတစ်လေ မွှေးအောင် ကုလားမဆလာလေးပါ အဆစ်ထည့်လိုက်သေး။ း) အဲဒါကိုပဲ အဖေတို့မယ် သူ့သမီးချက်တဲ့ဟင်း ကောင်းလှ ကောင်းလှဆို အားပေးရှာတယ်။ ရုံးသွားခါနီး အမေ့ခမြာ ကမန်းကတမ်းချက်ရတော့ ဟင်းတွေက တစ်ခါတစ်လေ ဆားထည့်ဖို့ မေ့လိုမေ့၊ တစ်ခါတစ်လေလဲ ဆားများသွားလို့ ငန်လိုငန်နဲ့ ။ အဖေ့မှာ အဲသလိုပဲ စားနေရတော့ ဘုတ်အီးမတို့ ကျောင်းပ်ိတ်လို့ အဆောင်ကပြန်မှပဲ သို့ဂလို ဟင်းထူး၊ ဟင်းဆန်းလေးတွေကို ဆားပြားမှန်မှန်ကန်ကန်နဲ့ စားရတာကိုး။

ဘုတ်အီးမလဲ နောက်ပိုင်းနိူင်ငံခြားရောက် ဟော်တယ်တွေ၊ ရက်စတောရန့်တွေမှာစားနဲ့ အဲဒီကျမှ ကုန်းဘောင်ကြော်အစစ်ကို စားဖူးပါတော့တယ်။ နောက် အင်တာနက်ထဲ မွှေနှောက်ကြည့်ရင်းမှ ကုန်းဘောင်ဆိုတာ ဘယ်ကုန်းဘောင်ခေတ်က ဟင်းရမလဲ။ တရုတ်ပြည် ဇီချွမ် (Sichuan) ပြည်က နာမည်ကြီးဟင်းလျှာ Kung Bao ဆိုတာ သိတော့တယ်။ အဲဒီဟင်းကို ကြိုက်နှစ်သက်တဲ့ ဇီချွမ်ပြည်က မြို့စား နာမည် Gōng Bǎo ကနေ အစွဲပြုပြီး ဟင်းအမည် Kung Pao ရယ်လို့ ဖြစ်လာပါသတဲ့။ နောက်ပိုင်းတော့ ဟင်းအမည်က အုပ်ချုပ်ရေး၊ နိူင်ငံရေးက လူတစ်ယောက်နာမည်နဲ့ စပ်ဆက်နေတာ မဖြစ်သင့်ဘူးဆိုပြီး "fast-fried chicken cubes" (hong bao ji ding) လို့ နာမည်ပြောင်းလိုက်ပါသတဲ့။ အဲဒီခေတ်ကတော့ ကုန်းဘောင်က ဝက်သားထက် ကြက်သားနဲ့ကြော်တာပါ။ နာမည်ကြီးတာက Kung Bao Chicken ပါ။ မြန်မာပြည်မှာတော့ ကြက်သားရှားလို့လားမသိ၊ ကုန်းဘောင်ကြော်ဆို ဝက်သားနဲ့ပဲ ကြော်ကြတာများသဗျ။ အန်တီဆွိတို့လဲ ဝက်သားနဲ့ပဲ ကြော်စားဖြစ်ပါတယ်။ ငယ်ငယ်ကလို ကြာညို့ချည်းပဲ မဟုတ်ပဲ Kung Pao sauce လေးစပ်ပြီး ကြော်တော့ ရက်စတောရန့်တွေက ကုန်းဘောင်ကြော်အတိုင်း ပိုစားကောင်းပါတယ်။ ချက်ရတာလဲ ဒီလောက်မခက်ပါဘူး။ ထမင်းစားခါနီးလေး ပူပူနွေးနွေးကြော်စားရုံပါပဲ။

လိုအပ်တဲ့ပစ္စည်းတွေက (လူ ၂ယောက်စာခန့်)



ဝက်သား အသားချည်း ၂၅၀ ဂရမ်ခန့် (လက်မဝက်ပတ်လည်ခန့် အတုံးသေးလေးတွေ တုံးပြီး ကြက်သားမှုန့်နဲနယ်ထားပါ)
ကြက်သွန်နီ တစ်လုံး(လက်မဝက်ပတ်လည်ခန့် လှီးပြီး အဖတ်လေးတွေ ခွါထားပါ)
ဂျင်း လက်၂ဆစ်ခန့် (ပါးပါးလှီးထားပါ)
ငရုပ်သီးခြောက် ၇တောင့်ခန့်
ကြက်သွန်မြိတ် ကြီးကြီး၂ချောင်း (နှစ်လက်မစီအရှည်ခန့် လှီးထားပါ)
မြေပဲဆံ (သို့) သီဟိုစေ့ အနည်းငယ် (လက်တစ်ဆုတ်ခန့်)( အိမ်မှာ အဲ့၂ခုလုံး မရှိလို့ မထည့်ဖြစ်ပါ)
ကြက်သွန်ဖြူ အမွှာကြီးကြီး ၂မွှာခန့် chop လုပ်ထားပါ။ (အိမ်မှာတော့ Garlic paste အလွယ်တကူရှိလို့ အဲဒါပဲသုံးပါတယ်)
ဆီ စားပွဲဇွန်း ၃ဇွန်းခန့်

Kung Pao sauce အတွက် အောက်ပါတ်ို့ကို ဇလုံအသေးတစ်လုံးနဲ့ အဆင်သင့်စပ်ထားပါ။
ပဲငံပြာရည် အနောက်ရည် စားပွဲဇွန်း၁ဇွန်း
ပဲငံပြာရည် အကြည်ရည် စားပွဲဇွန်း၁ဇွန်း
သကြား စားပွဲဇွန်း ၂ဇွန်း
ကြက်သားမှုန့် လက်ဖက်စားဇွန်း ၁ဇွန်း
တရုတ်ဟင်းချက်ဝိုင် စားပွဲဇွန်း၁ဇွန်း
ကော်မှုန့် လဖ္ဘက်စား၁ဇွန်း
ဆီ စားပွဲဇွန်းတစ်ဇွန်း
ခရုဆီ လဖ္ဘက်စားဇွန်း၁ဇွန်း

ပထမဆုံး ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်၊ မြေပဲ (သို့) သီဟိုစေ့တွေကို ကြွပ်နေအောင် မီးအေးအေးနဲ့ ကြော်ပြီး ဆယ်ထားပါ။
ကျန်တဲ့ ဆီထည့် ငရုပ်သီးခြောက်များ ကြော်ပြီး ဆယ်ထားပါ။
အဲဒီဆီထဲကိုပဲ ဂျင်းထည့် ပြီး မွှေးနေအောင် အရင်ကြော်လိုက်ပါ။
ပြီးရင် ဝက်သားထည့်ပြီး ကြော်ပြီး မကပ်အောင် အသာမွှေပေးပါ။
ဝက်သားအနည်းငယ်မာလာရင် ကြက်သွန်ဖြူထည့်ပြီး မွှေးနေအောင် ကြော်ပေးပါ။
ဝက်သားအရောင်ညိုပြီး ကြွပ်လာရင် ကြက်သွန်နီထည့်ပါ။
ကြက်သွန်နီ အနည်းငယ်နွမ်းလာရင် Kung Bao sauce ထည့်ပြီး မွှေပေးပါ။
ကြက်သွန်မြိတ်၊ ငရုပ်သီးခြောက်ကြော်ထားတာနဲ့ သီဟိုစေ့ကြော်ထားတာတို့ကိုထည့်မွှေပေးပါ။ အပေါ့အငံမြည်း၊ လိုတာထပ်ထည့်ပြီး ကြက်သွန်မြိတ်နွမ်းရင် ချလို့ရပါပြီ။





ချားလို့ရပါပြီ ... အဲလေ စားလို့ရပါပြီခင်ညာ။ ထုံးစံအတိုင်း ထမင်းဖြူလေးနဲ့ သူ့ချည်းလဲ ကောင်းတာပါပဲ ခင်ည။


(အထူးသတိပေးချက် ... အန်တီသက်ဝေလို စိတ်မခိုင်သူများ၊ စိတ်ကြီးသူများ ပုံကို ၂ခါမကလစ်ပါနှင့်။ း))

Wednesday, August 3, 2011

black bean sauce- ရွှေပဲသီးကြော်

မဆွိတီတို့ ဒီကျွန်းကြီးဖက်ရောက်တော့ ဈေးဝယ်ရတာ တော်တော်ဒုက္ခရောက်သဗျ။ အကြောင်းကတော့ သူတို့ရဲ့ package တွေက အရမ်းကြီးလို့ပါပဲ။ အသီးအနှံတို့၊ ဟင်းသီးဟင်းရွက်တို့ ဝယ်မယ်ဆို တစ်ကေဂျီ-၂ကေဂျီ ထုတ်ပြီးသားတွေပဲ ရောင်းတာ။ မိသားစုများတဲ့သူတွေအတွက် ကောင်းပေမဲ့ မဆွိတီတို့လို မိသားစုနည်းသူတွေကျတော့ အဲဒါတွေကို ရေခဲသေတ္တာထဲထည့်၊ မကုန်မချင်းစားပေရော့ပဲ။ ရေခဲသေတ္တာထဲလဲ အထုတ်ကြီးတွေနဲ့ ပြည့်သိပ်နေတာပဲ။ အသီးအရွက်တွေက ၂ပတ်-၃ပတ်ထက် ပိုထားလို့လဲ မကောင်း၊ လွှင့်လဲ မပစ်ချင်တော့၊ ဟင်းတွေက ထပ် ထပ်လာတယ်။ တစ်ခါလာလဲ အစိမ်းကြော်၊ တစ်ခါလာလဲ ပဲသီးကြော်၊ တစ်ခါလာလဲ ပန်းပွင့်ကြော် ဆိုတော့ ဦးခြ်ိမ့်ခမြာ "ရွှေချဉ်ပေါင်တုံးကာမှ မောင်ဖုန်းပြန်ခဲ့မယ် " ဆိုသလိုဖြစ်နေတယ်။ (ရွှေချဉ်ပေါင်ဆိုမှ သတိရသွားတယ်ဂျာ။ ဒီမှာ ချဉ်ပေါင်ရွက် ရှာမရလို့ ရှိသူများ သတင်းပေးကြပါဦးနော်၊ ဘယ်မှာရနိူင်မလဲဆိုတာ၊ အပင်နော် ... အရွက်ခြောက် မဟုတ်)
အသားငါးတော့ ကြိုက်သလို ချိန်ဝယ်လို့ရလို့ တော်သေးတယ်။ ဒီမှာ အသားက စလုံးမှာထက် ဈေးပိုချိုတယ်။ အသီးအနှံတော့ နဲနဲပိုဈေးကြီးတယ်ထင်တာပဲ။

အစားအသောက်တွေ ရောင်းတာလဲ အဲ့လိုပဲ။ သြော်ဇီမှာတဲ့ အပြင်မှာ ဝယ်စား သိပ်ဈေးကြီးတယ်တဲ့ ပြောကြတယ်။ ဈေးကြီးတာလဲ မပြောနဲ့ဦး။ တရုတ်ဆိုင်တွေမှာ ဟင်းတစ်ပွဲ ၈ကျပ် ၁၀ ဝယ်စားရင် ချလာတာ ဇလုံကြီး၊ ပန်းကန်အကြီးကြီးတွေနဲ့ မနိူင်မနင်းပဲ။ သြော်ဇီတွေက သူတို့ရဲ့ ခန္ဒာကိုယ်ကလည်းကြီးတော့ စိတ်ကြီးတယ်နဲ့တူတယ်း) သူတို့စားတဲ့ ပမာနကလဲ အများကြီးပဲ။ ကိုယ်လို အာရှကလာတဲ့သူတွေ၊ လူကောင်သေးသူတွေကတော့ တစ်ပွဲကို ဘယ်လိုမှ မကုန်နိူင်ဘူး။ ၃ယောက်စားရင် ၂မျိုးမှာပြီးစားမှ အတော်လောက်ပဲ။ ဒါတောင်ကိုယ်တွေက လူကောင်သိပ်သေးသူတွေ မဟုတ်ဘူးနော်။ စစ်ကိုင်းမျိုးကွး)

စကားကို လိုရင်းဆက်ရရင် ဒီအပတ်လဲ Eastwood ဖက် ဈေးဝယ်ထွက်တာ ပဲသီးလေးစားချင်လို့ဝယ်တာ တစ်ကေဂျီ အထုတ်လိုက်ကြီး ၃ကျပ်တဲ့ ဆို ဝယ်လာရတယ်။ ဒါကို ဒီတိုင်းအစိမ်းကြော်လေးကြော်စားလိုက်၊ မြန်မာလို ရိုးရိုးပဲသီးကြော်လေး ကြော်စားလိုက်ဆို ကုန်နိူင်ဖွယ်မမြင်ဘူး။ ဒါချည်းနေ့တိုင်းကြော်မယ်ဆိုလည်း ဦးခြ်ိမ့် အိမ်ပေါ်ကဆင်းသွားလိမ့်မယ်။ ဒါနဲ့ နေ့ခင်းဖက်တွေမှာ မဆွိတီ ထမင်းလေးနဲ့ အဆာပြေစားရအောင်ဆို black bean sauce လေးနဲ့ ကြော်ကြော်စားတာ တော်တော်အရသာရှိသဗျ။ လွယ်လဲလွယ်တယ်။ စားလို့လဲ ကောင်းတဲ့ ပဲသီးကြော်မှို့ ချက်နည်းလေး ရှယ်ပေးလိုက်ပါတယ်။




ပဲသီးကို ၂လက်မလောက်အရှည်ဖြစ်ဖြစ် ဖြတ်ထားပါ။ အတောင့်လိုက် အရှည်လေးတွေအတိုင်း ကြော်လဲ ကောင်းတာပဲ။



Spicy Black bean sauce အဆင်သင့်ပြင်ထားပါ။
ဝက်သားအကြေ လက်တစ်ဆုတ်လောက် အသင့်ပြင်ထားပါ။ (မပါရင်လဲ စားလို့ကောင်းပါတယ်)



ကြက်သွန်ဖြူ တစ်မွှာ နုတ်နုတ်စင်းထားပါ။ အန်တီဆွိကတော့ အလွယ် ready made garlic paste ကို သုံးပါတယ်။



ဒယ်အိုးထဲကို ဆီစားပွဲဇွန်းတစ်ဇွန်းထည့် မီးပြင်းပြင်းနဲ့ ပဲသီးတွေကို ကြွပ်ခါနီးအထိကြော်ပါ။ အစိမ်းရောင်မပျက်ပါစေနှင့်။ ကြက်သားမှုန့်လေး အနည်းငယ်ထည့်ကြော်ပါ။



ပဲသီး အထဲကပါကျက်ရင် ကြက်သွန်ဖြူ၊ ဝက်သားအကြေထည့်ကြော်ပါ။



ဝက်သားကျက်ရင် မီးပိတ်၊ ပူနေတုံးမှာ black bean sauce စားပွဲဇွန်း တစ်ဇွန်းမောက်မောက်ထည့်ပြီး မွှေပေးပါ။




ကဲ ... မလွယ်ဘူးလား။ ထမင်းဖြူ ပူပူလေးနဲ့ လိုက်မှလိုက်။

Sunday, June 26, 2011

ဝက်သားလုံး ချိုချဉ် ...

အန်တီဆွိလဲ ဘန်နာမှာ ဟင်းချက်နည်းလေးတွေ ရှယ်ပေးမယ် ဆိုရေးထားပြီး ဟင်းချက်နည်းတွေ မတင်ဖြစ်တာကြာပေါ့။ ဒီနေ့တော့ အိမ်မှာ ဝက်သားလုံးချိုချဉ်လေး ချက်စားဖြစ်လို့ ဟင်းချက်နည်းလေး တင်လိုက်ပါဦးမယ်။

မဆွိတီ ခုတလော ဟင်းတွေချက်တာ အဲလို Instant ကြော်စား၊ ချက်စားရတာတွေပဲ ချက်ချင်၊ စားချင်နေတယ်။ ဒါမှ လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး စားလို့ရတာပေါ့။ ဦးခြိမ့်ကတော့ အန်တီဆွိ ပင်ပန်းမှာကြောက်လို့ ဟင်းတွေ တစ်ပတ်စာ တစ်ခါထဲ ၃-၄မျိုး ချက်ထား၊ ရေခဲသေတ္တာထဲထည့်ထား၊ စားခါနီးမှ မိုက်ခရိုဝေ့ဖ်လေးနဲ့ နွှေးစားဆို အကြံပေးတာ။ ကိုယ်ကလဲ ကြီးကျယ်တာတော့ မဟုတ်ဘူး။ အဲလို ဟင်းတွေကို ခဲပြီးနွှေးစားရတာကို ဘယ်လိုမှ စားလို့မရဘူး။ အလုပ်မအားတဲ့ အလုပ်တစ်ဖက်နဲ့ အိမ်ရှင်မတွေကိုတော့ အားနာပါတယ်။ ကိုယ်က ခုလောလောဆည်တော့ အားနေတော့ တစ်နေ့တစ်ခါ လတ်လတ်ဆတ်ဆတ် ချက်စားလို့ရတာတွေပဲ ချက်စား၊ ကြော်စားမိနေပါတယ်။ ကိုယ်လဲ အလုပ်ပြန်လုပ်ဖြစ်မယ်ဆိုရင်တော့ ဦးခြိမ့်ပြောတဲ့ နည်းအတိုင်းပဲ ချက်ရတော့မှာပေါ့နော်။

ဝက်သားလုံးကြော်ရန်
ဝက်သားလုံးချိုချဉ် ၂ယောက်စာ အတွက် ပထမဆုံး ဝက်သားအကြေ ၂၅၀ ဂရမ်ကို သကြား တစ်ဇွန်း၊ ဟင်းခတ်မှုန့် (ကြက်သားမှုန့်+ ငရုပ်ကောင်းအဖြူ+ ဆား)တစ်ဇွန်း၊ ကြက်သွန်ဖြူ ၂မွှာ ညက်ညက်ထောင်း၊ ပဲငံပြာရည် အကြည်ရည် တစ်ဇွန်း၊ ငရုပ်ကောင်း( black pepper)အနည်းငယ်(one pinch)၊ တရုတ်မဆလာ အနည်းငယ် (one pinch)၊ Corn flour တစ်ဇွန်း၊ Bread crumbs တစ်ဇွန်း၊ ဆီ တစ်ဇွန်းထည့် နယ်ပြီး အလုံးလေးတွေ လုံးထားပါ။ လုံးတဲ့နေရာမှာ ဆီကို လက်မှာ အရင်ရွှဲရွှဲသုတ်ပြီးလုံးရင် အလုံးလေးတွေလဲ လှတယ်။ လက်မှာလဲ မကပ်တော့ဘူးပေါ့ဂျာ။ (ဇွန်းဆိုတာကတော့ လ္ဘက်ရည်ဇွန်း ဖြစ်ပါတယ်။)





ပြီးရင် ဒယ်အိုးထဲမှာ မီးအနေတော်ထား၊ ဆီကို ဝက်သားလုံး တစ်ဝက်မြုတ်ရုံလောက်ထည့်ပြီး ကြော်ပေးပါ။ ဆီအများကြီးမလိုလို့ တစ်ဝက်နဲ့ပဲကြော်ပါတယ်။ င်္ဆီတွေက ကြော်ပြီးရင် အပိုတွေအများကြီး ဖြစ်နေမှာကြောက်လို့ပါ။


ဝက်သားလုံးလေးတွေ အနည်းငယ် မာလာရင် အကျက်ညီအောင် အသာလေးမွှေပေးပါ။ အရောင်အနည်းငယ်နီပြီး ကြွပ်လာရင် ဆယ်ထားလိုက်ပါ။



အသီးအနှံများ အဆင်သင့်ပြင်ထားရန် (၂ယောက်စာ)
မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ တရုတ်နံနံအကြီးစား (celery)၊ ကြက်သွန်နီ တစ်လုံး၊ ခရမ်းချဉ်သီး တစ်လုံး၊ ကြက်သွန်မြိတ် အစရှိသည်တို့ကို ပုံပါအတိုင်း ခပ်သေးသေး လှီးဖြတ်ထားပါ။ ဂျင်းလက်တစ်ဆစ်လောက်ကို အချောင်းသေးသေးလေးတွေ လှီးထားပါ။ ကြက်သွန်ဖြူ၂မွှာလောက်ကို chop လုပ်ထားပါ။ နာနတ်သီးဗူးမှ နာနတ်သီးတုံးလေးတွေလဲ ကြိုက်ရင်ထည့်နိူင်ပါတယ်။


ချိုချဉ် ဆော့စ် ဖျော်ရန် (၂ယောက်စာ ကြော်ရန်)
ရေ ၁၅၀ ml
နာနတ်သီးဗူးမှ အချိုရည် ၅ဇွန်း
ခရမ်းချဉ်သီးဆော့စ် ၅ဇွန်း
ပြောင်းမှုန့် (သို့) ကော်မှုန့် တစ်ဇွန်း
သကြားတစ်ဇွန်း
ပဲငံပြာရည်အကြည်ရည် တစ်ဇွန်း
ကြက်သားမှုန့် ဇွန်းတစ်ဝက်
သံပုရာရည် (သို့) ရှာလကာရည် တစ်ဇွန်း
(ဇွန်းဆိုတာကတော့ လ္ဘက်ရည်ဇွန်း ဖြစ်ပါတယ်။)
အပေါ်ကပစ္စည်းတွေ အားလုံးကို ကြွေပန်းကန်လုံးတစ်ခုမှာ ရောပြီး သမအောင် မွှေပေးပါ။ ကော်မှုန့်နဲ့ ရေကို အရင်သမအောင် မွှေပေးစေလိုပါတယ်။ ပြီးမှ ကျန်တာတွေထည့်မွှေပါ။ ပြီးရင် မီးဖိုပေါ်တင်ပြီး ပျစ်လာအောင်တည်လိုက်ရင် ချိုချဉ်ဆော့စ် (sweet and sour sauce) ရပါပြီ။



ချိုချဉ်ကြော် ကြော်တော့မယ်


ဒယ်အိုးကို မီး medium ထားပြီး စောနက ဝက်သားလုံးကြော်ထားတဲ့ဆီ စားပွဲဇွန်း ၂ဇွန်းခန့်ထည့်ပါ။ ဂျင်းအချောင်းလေးတွေ အရင်ထည့်ပါ။ ကြက်သွန်ဖြူထည့်ပါ။ ကြက်သွန်ဖြူ နီညိုရောင်သန်းလာရင် ဟင်းသီးဟင်းရွက်တွေထဲက ပိုကြာကြာကြော်ရမဲ့ မုံလာဥနီနဲ့ ပန်းဂေါ်ဖီအရင်ထည့်ကြော်ပါ။ ပဲငံပြာရည်အချိုရည် ၂ဇွန်း၊ ဟင်းခတ်မှုန့် တစ်ဇွန်း တို့ကိုလည်း ထည့်မွှေပေးပါ။ ခဏနေရင်ကြက်သွန်နီ၊ တရုတ်နံနံ ခရမ်းချဉ်သီးတိို့ကိုပါထည့်ပါ။ အသီးအရွက်တွေ ကျက်ခါနီးမှာ ဝက်သားလုံးထည့်ပါ။ ငရုပ်ကောင်းထည့်မွှေပေးပါ။




နောက်ဆုံး ချိုချဉ်ဆော့စ်ကို လောင်းထည့်ပြီး မွှေပေးပါ။ မီးကို လျှော့ပေးပါ။ ဆော့စ်က ပူလို့ အရည်ခမ်းသွားရင် ရေလိုသလောက်ထပ်ထည့်ပါ။ ကြက်သွန်မြိတ်ကို စိမ်းနေအောင် နောက်ဆုံးမှထည့်ပါ။ တစ်မိနစ်လောက်ကြော်ပေးပြီးရင် ချိုချဉ်ကြော် စားဖို့ အဆင်သင့်ဖြစ်ပါပြီ။ ပြင်ထားတာ အမြင်လှအောင် ပန်းကန်ပြားအကြီးထဲကို လောင်းချပါ။



လိုက်ဖက်တဲ့ ဟင်းကတော့ ကြက်ဥမွှေကြော်ပါ။ ကြက်ဥ၄လုံးကို ဖောက်၊ ကြက်သွန်နီပါးပါးလှီး၊ ခရမ်းချဉ်သီး တစ်ဝက်ကို chop လုပ်၊ ကြက်သွန်မြိတ် ပါးပါးလှီး၊ ငရုပ်ကောင်း၊ ဟင်းခတ်မှုန့် တို့နဲ့ ကြွပ်ပြီး အချပ်ကြီးတွေဖြစ်အောင် ကြော်ပါတယ်။


ထမင်းဖြူပူပူလေးရယ်၊ ကြက်ဥကြော်ရယ်၊ ချိုချဉ်ကြော်ရယ်၊ ရေနွေးကြမ်းရယ် ဒီနေ့ ဦးခြိမ့် ၂ပန်းကန်စားပါသဗျား။

Thursday, September 16, 2010

ကျူနာငါးသေတ္တာသုတ်၊ ဝက်ရိုးကြာစွယ်ဟင်းချို

အသိတစ်ယောက်အိမ်သွားလည်တုံးက စားဖူးတဲ့ ကျူနာငါးသေတ္တာသုတ်ပါ။ အဲဒီတုံးက စားလို့ကောင်းလို့ နည်းလေးမှတ်ထားတာ ခုမှသုတ်စားဖြစ်ပါတော့တယ်။

သုတ်စားတဲ့ ကျူနားငါးသတ္တာမှာ ၂မျိုးရှိတယ်။ ရေစိမ်ထားတာနဲ့ ဆီစိမ်ထားတာနဲ့ပါ။ အဲဒီနေ့က မှားဝယ်လာလို့ ရေစိမ်ထားတာနဲ့ပဲ သုတ်လိုက်ရပါတယ်။ အမှန်က ဆီစိမ်ထားတဲ့ဘူးထဲက ဆီလေးတွေပါ ထည့်သုတ်ရင် ပိုစားလို့ကောင်းပါတယ်။


ကြက်သွန်နီ၊ ခရမ်းချဉ်သီးတွေကို သေးသေးလေးတွေ chop လုပ်၊ ငရုပ်သီးစိမ်း၊ နံနံပင်၊ ကြက်သွန်မြိတ်တွေကိုလည်း ရိတ်ရိတ်လှီးပါတယ်။ သံပုရာရည်ဆမ်း၊ ငရုပ်ကောင်း (မညက်တညက်) နဲ့ သုတ်ပါတယ်။ ဆား အချိုမှုန့် သင့်သလို ထည့်သုတ်ပါ။






လိုက်ဖက်တဲ့ဟင်းကတော့ ဝက်နံရိုး (သို့) ဝက်ခြေထောက်ကို ကြာစွယ်နဲ့ (lotus root - ကြာမြစ် ခေါ်မလားမသိ ) စွတ်ပြုတ်လုပ်ထားတာနဲ့ပါ။ ဝက်ရိုးကို ဂျင်း၊ကြက်သွန်ဖြူ၊ ပဲငံပြာရည် အချို နဲ့ အချိုရည်ထွက်လာသည်အထိ ပြုတ်ပြီး ချခါနီး ၁၀မိနစ်လောက်မှာ ကြာစွယ်ခပ်ပြီးစားတာပါ။ ကြာစွယ်က ဝါးလိုက်ရင် ထုတ်ထုတ်-ထုတ်ထုတ်နဲ့ စားလို့သိပ်ကောင်းပါတယ်။


ကြာစွယ်မမြင်ဖူးသူများအတွက်

original picture link