မဆွိတီတို့ ငယ်ငယ်က စစ်ကိုင်းက အဘွားဆီသွားလည်ရင် အဘွားက သူ့မြေးမလေး ဘုတ်အီးမကို မန်းလေး ဘုရားကြီး ခေါ်ခေါ်သွားတယ်။ အဲဒီမှာ မြေးအဘွား၂ယောက် ဘုရားဖူးကြ၊ ရွှေသင်္ကန်းကပ်ကြ၊ လိပ်တွေအစာကျွေးကြ၊ ဘုရားကြီး စောင်းတန်းက ဆိုင်တွေပတ် ကြည့်ကြပေါ့။ ပြန်ခါနီးကျ မောပြီဆို အဘွားက လိပ်ကန်နားက မုန့်တီဆိုင်က မုန့်တီသုပ် အမြဲ ဝယ်ကျွေးတယ်။ အများအားဖြင့်တော့ ငါးဖယ်နဲ့စားလေ့ရှိတယ်။ ငါးဖယ်ကိုကြော်ပြီး ပါးပါးလေးတွေ လှီးချက်ထားတာ။ ပြီးတော့ မုန့်တီလုံးတွေက ရန်ကုန်က နန်းကြီးသုပ်လိုမဟုတ်ပဲ အလုံးပိုတုတ်တယ်။ မန်လေးဘက်ဆိုတော့ ပဲမှုန့်ကလဲ ကောင်းတော့ အဲဒီမုန့်တီက သိပ်အရသာရှိတာ။ ဆီအနီရောင်များများနဲ့ မုန့်တီသုတ်က အိပြီးဆီမ့်နေတာပဲ။ ဟင်းချိုကလဲ ပူပူနွေးနွေးနဲ့ အတော်ချိုတယ်။ အဲဒီမုန့်တီသုတ်ကို ခုချိန်ထိမမေ့ဘူးဗျာ။
မဆွိတီ မန်းလေးတောင်ခြေဖက် ဆရာမလုပ်တော့လဲ ဈေးချိုဖက်ရောက်တိုင်း စားဖြစ်တယ်။ တစ်ခါတစ်လေ ခေါက်ဆွဲနန်းပြားနဲ့လဲ ကောင်းတာပဲ။ ရန်ကုန်အိမ်မှာ အမေတို့သုပ်စားတဲ့ နန်းကြီးသုပ်ဆိုတာနဲ့ နဲနဲတော့ ကွဲတယ်။ ရန်ကုန်ကသုပ်တာတော့ နန်းလတ်ကို ငံပြာရည်တွေ၊ ကြက်သားဟင်း၊ သံပုရာသီး၊ ပဲမှုန့်တွေထည့်ပြီး အသုပ်စုံနယ်သလို နယ်သုပ်တာ။ မန်းလေးကတော့ နန်းကြီး အလုံးကြီးကြီးတွေထဲ ကြက်သားဟင်းကို ဆီများများထည့်၊ ပဲမှုန့်ထည့်ပြီး ဒီတိုင်းချပေးတာ။ မဆွိတီ ခုလုပ်စားတာက မန်းလေးစတိုင် မုန့်တီပါ။
မုန့်တီဖက်ကြီးကြီးတွေကတော့ ဂျပန်တွေစားတဲ့ ခေါက်ဆွဲတစ်မျိုးကို သုံးပါတယ်။ တစ်ထုပ်ကို ၄ကျပ်လောက်ပေးရတယ်။ စလုံးက NTUC မှာ ဝယ်လို့ရပါတယ်။ သူက နန်းကြီးထက်နဲနဲတော့ ပိုအိတယ်။ အလွမ်းပြေလောက်တော့ စားလို့ရပါတယ်။
ဟင်းချိုအတွက်
ကြက်ရိုး ၃-၄ကျပ်ဖိုးလောက်ဝယ် အပိုင်းကြီးကြီး ခုတ်ထစ်ပြီး ဆား၊ ငံပြာရည်နဲ့နယ်၊ စပါးလင်၊ ဂျင်း၊ ကြက်သွန်နီဥကြီး ၃လုံး လောက်ပစ်ထည့်ပြီး မီးအေးအေးနဲ့တည်ထားပါ။ နာရီဝက် ၄၅မိနစ်လောက်ကြာရင် ရေခမ်းရင် ရေထပ်ထည့် ပြန်ဆူအောင်တည် အပေါ့အငံမြည်း၊ ကြက်သားမှုန့်လေး ပိုချိုအောင်ထည့်၊ ငရုပ်ကောင်းလေး နဲနဲ မွှေးအောင်ထည့်ပြီး ချလို့ရပါပြီ။ (ကြက်ရိုးကဆီတွေထွက်လာရင် အဲဒါတွေကို ကြက်သားဟင်းအိုးထဲသာ ခပ်ထည့်လိုက်ပါ။)
ကြက်သားဟင်းအတွက်
ကြက်သား ရင်ပုံသား ၂ခုလောက်ကို အတုံးလေးတွေလှီးပြီး ဆနွင်းမှုန့်နိူင်နိူင်နဲ့ ငံပြာရည်၊ ဆားထည့်ပြီး နယ်ထားပါတယ်။ ဆနွင်းများမှ ဟင်းအနှစ်က ဝါဝါရဲရဲလေးနဲ့ ပိုကောင်းပါတယ်။ ကြက်သားအညှီနံ့လဲ ပျောက်တာပေါ့။

ကြက်သားဟင်းအနှစ်အတွက် ပြင်ဆင်ထားရမှာတွေပါ။ ကြက်သွန်နီ ဥကြီး ၃ လုံးလောက်ကို chopper နဲ့ chop လုပ်ထား၊ ခရမ်းချဉ်သီး ၃လုံးလောက်ကိုလည်း အနှစ်ရအောင် လှီးထား၊ ကြက်သွန်ဖြူ ဥကြီး တစ်ဥခန့် ထောင်းထား၊ ဂျင်းနဲ့ စပါးလင် ၃ချောင်းလောက်ကိုလဲ ပါးပါးလှီးပြီး ရောကြိတ်ထားပါ။ ခရမ်းချဉ်သီးကတော့ တစ်ချို့ကလဲ မထည့်ကြပါဘူး။ မထည့်လဲ စားလို့ ကောင်းပါတယ်။ ငရုပ်သီးအရောင်တင်မှုန့်ကိုလည်း ဆီပူထဲ ရုပ်တရက်ထည့်လိုက်ရင် တူးကုန်မှာစိုးလို့ ရေလေးနဲ့ ဖျော်ပြီးမှ ဆီသတ်တဲ့ထဲထည့်ပါတယ်။ စားပဲဇွန်း ၂ဇွန့်ခန့်ပါ။

ပြီးရင် ဆီသတ်လို့ကောင်းအောင် Non-sticker ဒယ်အိုးခပ်ကြီးကြီထဲ ဆီများများထည့်ပါတယ်။ ဟင်းကော်တဲ့ဇွန်းကြီးနဲ့ လူတစ်ယောက် တစ်ဇွန်းနှုံးနဲ့ ၁၀ဇွန်းလောက်ကို ထည့်ရပါတယ်။ ဆီကတော့ အများကြီးကုန်ပါတယ်ခင်ဗျ။

ဆီနဲနဲပူလာရင် ဆနွင်းမှုန့်လေး ဆီဝါတဲ့အထိ ပစ်ထည့်၊ ခရမ်းချဉ်သီးကလွဲလို့ အနှစ်ထောင်းထားတွေထည့်ပြီး မွှေပါတယ်။

မိနစ်ဝက် လောက်ကြာတော့ ကြက်သားလှီးထားတာတွေထည့်ပါတယ်။ အစာတွေ နဲနဲညှိုးတာနဲ့ကြက်သားကို ထည့်ပါတယ်။ ဒါမှ ကြက်သားလဲ အရည်ခွံတင်းတဲ့ အချိန်နဲ့ ဆီသတ်တာ မွှေးတဲ့အချိန် ကွက်တိပါပဲ။
ဆီသတ်တာ မွှေးပြီးကပ်လာရင် ငရုပ်သီးရည်ဖျော်ထားတာ ထည့်ပြီး ခြောက်သွားတဲ့ထိ မွှေပေးပါတယ်။ နောက်ဆုံးမှ ခရမ်းချဉ်သီးထည့် ပြီး ခရမ်းချဉ်သီး ပျောက်ပြီး အနှစ်ဖြစ်သည်အထိ ဆက်မွှေပေးပါ။ နောက်ဆုံး ကြက်ရိုးပြုတ်ရည်ထဲက အချိုရေကို မြုတ်အောင်ထည့်ပြီး မီးအေးအေးနဲ့ နာရီဝက်လောက်နှပ်ထားရပါမယ်။ ဆီခြောက်ပြီး ကပ်တဲ့အထိမထားပဲ ရေနည်းနည်းလေးကျန်တာနဲ့ ချပါတယ်။
ပြင်ဆင်ထားရမည့် အဆာပလာများ
ငရုပ်သီးအကျက်မှုန့်ကို ဆီနဲနဲသတ်ပြီး ပြန်ကြော်ပါတယ်။ ဟင်းအိုးထဲက ဆီမလောက်မှာကြောက်လို့ တစ်ခါတရံ ဆီဝါ၊ ဆီနီချက်ထားပါတယ်။ ကျန်တာတွေတော့ အားလုံးသိပြီးသားတွေ ဆိုတော့ ပုံမှာသာ ကြည့်ကြပါတော့။ ပုံထဲမှာ ပဲမှုန့်တောင် ကျန်သွားတယ်။ ပဲမှုန့်ကတော့ မွှေးတံဆိတ် အကျက်မှုန့်ကို သုံးပါတယ်။
ပွဲပြင်ဖို့ရာ
မန်းလေးစတိုင်ဆိုတော့ မုန့်တီဖတ်အလုံးကြီးတွေ အရင်ထည့်၊ အပေါ်က ကြက်သားဟင်းအနှစ်ကိုထည့် (ဆီများများထည့်ရပါတယ် ခင်ဗျာ) ပဲမှုန့်ကိုတော့ စားပွဲဇွန်း တစ်ဇွန်းလောက်ပဲ ထည့်ပါတယ်။ အပေါ်က ကြက်သွန်နီကြိုက်တတ်ရင်ထည့်၊ ကြက်ဥပြုတ်၂စိတ်လောက်ထည့်၊ နံနံထည့်၊ ပြီး မွှေစားလို့ရပါပြီခင်ဗျာ။

ကြက်ရိုးဗလာဟင်းချိုလေးကလည်း မွှေးပြီး ချိုနေတာပဲဆိုတော့ဗျာ။ ရှလွတ်။ သင်္ကြန်တွင်း စတုဒီသာပါဗျာ။ အန်တီသက်ဝေလို ဒုက္ခမရောက်ချင်ရင်တော့ အောက်ကပုံကို ၂ခါ မကလစ်ကြနဲ့ဂျာ။
Tag: မန္တလေးမုန့်တီ နန်းကြီးသုပ် မုန့်တီသုပ် မုန့်တီ နန်းကြီးသုတ်