ငါးခြောက် အုန်းနိူ့နှပ်ကို ရန်ကုန်မှာ တစ်ခါမှ မစားဖူးပါဘူး။ စစ်ကိုင်းမှာနေတဲ့ အဖေ့ဘက်က အဖွားတို့ဆီမှာ အလှူလုပ်တုံးက စားဖူးတာပါ။ အဲသည်တုံးက အဘွားက လောဘကြီးပြီး ဟင်းတွေစုံနေအောင် ချက်တော့ ဟင်းတွေ အလှူမှာ မကုန်နိူင်ဘူး။ အလှူပြီးသည့်တိုင် အိမ်မှာ စားနေရသေးတာ မှတ်မိတယ်။ အဲဒီ ငါးခြောက်ချက်ကို အလှူမှာတုံးက မစားရပဲ အိမ်ကျမှ စားရတာ။ အဲဒီကတည်းက တော်တော်ကြိုက်လို့ စိတ်ထဲမှာ မှတ်မိနေတာ။
အညာအလှူဆိုလို့ မဆွိတီ ဆရာမဘဝက အမေဘက်က အဘွားလှူတဲ့ အညာအလှူလဲ ရောက်ခဲ့ဖူးတယ်။ ရွာအလှူပေါ့။ အမေတို့ရွာက မလှိုင်မြို့ကနေ တစ်မိုင်ကျော်လောက်ဝေးတဲ့ အင်မတန်ခေါင်တဲ့ ရွာလေးပါ။ လျှပ်စစ်မီးမရှိ၊ ဘာမရှိနဲ့ ခုချိန်ထိ မတိုးတက်သေးပါဘူး။ အညာအလှူဆိုတာ ရန်ကုန်အလှူလို ရပ်ကွက်ထဲ ရှိတဲ့ ၄-၅ ၁၀အိမ်လောက်နဲ့ မပြီးပါဘူး။ ကိုယ့်ရွာက လူကုန်အပြင် ရွာနီးချုပ်စပ် ရွာတွေအကုန်က ရွာလုံးကျွတ်လာကြတာဆိုတော့ ထမင်းတွေ၊ ဟင်းတွေအများကြီး ချက်ရတယ်။ ဆန် ဘယ်နှစ်တင်း၊ ဝက် ဘယ်နှစ်ကောင်ဆို အဲလိုပြောကြတာ။
အဘွားလှူတုံးကတော့ ဝက်သား၊ ကြက်သား မတတ်နိူင်လို့ ငါးခြောက်ကြော်၊ ပဲတီချဉ်သုတ်၊ ဗူးသီးဟင်းချို နဲ့လှူတာ။ အဲဒါ ရွာနီးချုပ်စပ်က လာစားကြတာများ၊ လူကမပြတ်ဘူး။ အဖွဲ့လိုက် တန်းစီပြီး တိုးတိုးကြိတ်ကြိတ် စားကြတာ။ တစ်ချို့ ရွာသူတွေ ဖိနပ်တောင်မပါဘူး။ အဲဒီငါးခြောက်ကြော်နဲ့ ထမင်းကို ၃-၄မိုင်လောက်ကနေ လမ်းလျှောက်ပြီး လာစားကြတာဗျာ။ ဘယ်ရွာ အလှည့်ရောက်ပါပြီဆို လော်ကြီးနဲ့ အော်ရသေးတာ။ ငါးခြောက်ကြော်တို့ ဘာတို့ဆိုတာ အလှူမတိုင်မီ ၂ပတ် -၃ပတ်လောက် အလိုကတည်းက ကြော်ပြီး မြေကြီးထဲ စဉ့်အိုးတွေနဲ့ တွင်းတူးမြှုတ်ထားရတာ။ အဲဒီတော့ ငါးခြောက်ကြော်တို့၊ ငါးခြောက်နှပ်တို့ဆိုတာ ကြက်သား၊ ဝက်သား မတတ်နိူင်သူတွေ အတွက်ပေါ့ဗျာ။ ဒါကကြုံလို့ ပြောပြတာပါ။
မဆွိတီတို့လဲ ရန်ကုန်ပြန်ထားတာ မကြာသေးတော့ အိမ်မှာ အမေတို့ ပေးလိုက်တဲ့ ငါးခြောက်တွေ ပေါနေတာနဲ့ အညာအလှူချက် ငါးခြောက်နဲ့ အုန်းနိူ့ နှပ်မယ် စိတ်ကူးရတယ်။ အိမ်ကကြီးတော်က သူတို့အလှူမှာချက်ဖူးတယ်ဆိုပြီး ချက်နည်းလေးပြောပြပါတယ်။ ချက်ရတာလဲ ဘာမှ ထွေထွေထူးထူးမရှိ အင်မတန်လွယ်ကူပါတယ်။
ငါးခြောက် အုန်းနိူ့နှပ်ကို အများအားဖြင့်တော့ ဆီငါးရောင်ခြောက်နဲ့ ချက်ပါတယ်တဲ့။ ဆီငါးရောင်ခြောက်တွေကို အငန်ပျောက်အောင် ၂ရက်လောက် ဖွဲပက်ထားရပါတယ်။ ဖွဲတွေကနေ ဆားရည်တွေ၊ အငန်ရည်တွေ စုတ်အောင်ပေါ့။ အိမ်မှာတော့ ငါးရံ့ခြောက်ပဲရှိလို့ ငါးရံ့ခြောက်နဲ့ပဲ ချက်လိုက်ပါတယ်။
ငါးရံ့ခြောက် ၂ပြားလောက်ကို အသားမြောင်းတွေချည်းရွေး လက်မလောက် အတုံးလေးတွေ တုံးထားပါတယ်။ အလှူဆိုရင်တော့ ဒီ့ထက်ကြီးကြီး တုံးပါတယ်တဲ့။ ငါးခြောက်ကို ဆနွင်းလေးနဲ့နယ်၊ ရေများများနဲ့ အငံရေတွေပျောက်အောင် ၅မိနစ်လောက်ပြုတ်ပြီး အရည်တွေကို စစ်ချပါတယ်။ အငံပိုလျော့ချင်ရင် ၂ခါလောက်ပြုတ်ပြီး ရေစစ်ပါ။ (အဲဒီအရည်တွေကို အလဟသ မဖြစ်အောင် သီးစုံချဉ်ရည်တို့ ဘာတို့ထဲ ထည့်ချက်ပေါ့နော်)
ကြက်သွန်နီ အလုံးကြီး ၃-၄လုံးလောက်ကို ပါးပါးလှီး၊ ကြက်သွန်ဖြူ ဥကြီးကြီးတစ်ဥကို ထောင်းပြီး ဆီ စားပွဲဇွန်း ၈ဇွန်းလောက်နဲ့ ဆီသတ်ပါတယ်။ ကြက်သွန်နီကို ကြွပ်တဲ့ အထိကြော်င်္ပြီး ဆီသတ်ရပါမယ်။ ငါးခြောက်ထည့်ခါနီး ဟင်းအရောင်လှအောင် အရောင်တင်မှုန့် စားပွဲဇွန်း တစ်ဝက်လောက်ထည့်ပါတယ်။

ငါးခြောက်ထည့်ပြီးမွှေးနေအောင် မွှေပေးပါတယ်။
ပြီးတော့ရေထည့်၊ အုန်းနိူ့တစ်ထုတ်ထည့်ပြီး နှပ်ထားလို့ရပါပြီ။ မီးအေးအေးနဲ့ အဖုံးပိတ်ပြီး နှပ်လို့ကောင်းအောင် အိုးစောက်နက်နက်ထဲ ပြောင်းထည့်ပြီးမှ နှပ်ပါတယ်။ ဟင်းအနှစ်ကို အရသာရှိအောင်၊ သကြားတစ်ဇွန်းခန့်နဲ့ ဟင်းခတ်မှုန့် သင့်ရုံထည့်ပါတယ်။
အုန်းနိူ့ cream တစ်ထုတ်လုံးထည့်ပါတယ်။

ငါးခြောက်တွေ နူးပြီး အိလာအောင် ရေကုန်တဲ့အထိ အဖုံးပိတ်ပြီး တစ်နာရီလောက် နှပ်ရပါတယ်။
အုန်းနို့တွေ ငါးခြောက်ထဲ စိမ့်ဝင်ပြီး အင်မတန်မှ စားကောင်းသော အုန်းနိူ့ငါးခြောက်နှပ်ရပါပြီ။ ဆီပြန်ရင် ချလို့ရပါပြီ။ ဆီပြန်ခါနီး မတူးအောင် မွှေပေးရပါတယ်။

အဆီနဲ့ အနှစ်ကိုက ထမင်းနဲ့ နယ်စားရင် မွှေးပြီး အရသာရှိလှပါတယ်။
မဆွိတီကတော့ သွေးတိုးမရှိတော့ ငါးခြောက်အုန်းနိူ့စားလို့ ဘာမှမဖြစ်ပေမဲ့ သွေးတိုးတတ်သူများနဲ့ မသင့်တော်ပါကြောင်း သတိပေးလိုက်ပါတယ်။