Sunday, November 8, 2009

စင်္ကာပူတွင် ကားတိုက်မိခြင်း

ခေါင်းစဉ်တွေ့တော့ လာဖတ်သူတွေ ပြုံးမိမလားပဲ။ ဟိုတစ်လောကပဲ စင်္ကာပူတွင် ကားမောင်းသင်လိုရင် ဘာညာနဲ့ ပို့စ်တင်ထားခဲ့တာ မကြာသေးဘူးမလား။ ခုကားတိုက်မိပြီ ဆိုတော့လေ။

လွန်ခဲ့တဲ့ ၄-၅လလောက်က ဖြစ်ခဲ့တာပါ။ လိုင်စင်ကျပြီး တစ်လလောက်ကပေါ့။ ဖြစ်ပုံက ကိုယ်အစားငမ်းလို့။ အဲနေ့က အိမ်မှာ ငါးထမင်းချဉ် လုပ်စားတယ်။ ကိုယ့်အိမ်က လူကြီး ဈေးသွားတော့ ငါးထမင်းချဉ်ထဲထည့်ဖို့ မြန်မာဆိုင်ကနေ ပဲပုပ်ဝယ်ခဲ့ပါ ပြောတာ သူက နားကြားလွဲပြီး ပဲမှုန့်တွေ ၀ယ်ချလာတယ်လေ။ ငါးထမင်းချဉ်က ပဲပုပ်ထောင်းမပါပဲနဲ့ ဘယ်ကောင်းမလဲနော့။ အဲသာနဲ့ သမီးခေါ်ပြီး သားအမိ၂ယောက်တည်း ( အဲ့အချိန်က တစ်ခါမှ သမီးနဲ့ နှစ်ယောက်တည်း မမောင်းဘူးပါ။ မောင်းတတ်ကာစမှို့ ဦးခြိမ့်က စိတ်မချလို့ပါ။ ) အဲဒီရှော့ပင်းစင်တာကို မောင်းသွားတယ်ပေါ့။ ဟိုရောက်တော့လဲ ကား parking မပတ်တတ်တာနဲ့ လမ်းဘေးတွင် ခဏထိုးရပ်ထားခဲ့ပြီး အမြန် အပေါ်တက်ဝယ်တာ။ အပြန်ကျတော့ fine ချတဲ့ slip လေးက စောင့်ကြိုနေပါရော။ ဒါနဲ့ စိတ်ညစ်ညစ်နဲ့ ပြန်အလာ အိမ်နားရောက်ခါနီးမှ မီးပွိုင့်ဘေးက slip road ကို ကွေ့လိုက်တာမှာ ဘေးကလမ်းမကြီးက ကားတစ်စီး အမြန်မောင်းတာမမြင်မိဘူး။ အနားရောက်မှ တိုက်မှာစိုးလို့ ဘရိတ်အုပ်လိုက်တာ နောက်က Taxi က၀င်ဆောင့်ပါလေရော။ အသာလေးပါပဲ ။ ဘာမှတောင် မဖြစ်လောက်ဘူး ထင်တာ။ အဲဒီနေ့က တွတ်ပီတို့ ကံမကောင်းဘူး။

ဲဒါနဲ့ ကားကို ရှေ့က ဘတ်စ်ကားမှတ်တိုင်နား အသာထိုးရပ်တော့ နောက်က Taxi ဒရိုင်ဘာက ဆင်းချလာပြီး သူမှားတာပါ ... ဆိုပြီး မျက်နှာငယ်လေးနဲ့ ပြောရှာတယ်။ ကိုယ့်အဖေ ကိုယ့်ဦးလေး အရွယ်လောက် တရုတ်ကြီးပါ။ နောက်သူကလဲ မှားပါတယ်ပြောလာတော့ အရမ်းကို အားနာသွားတယ်။ ကိုယ်က ဘရိတ်ဆောင့်အုပ်လိုက်တော့ ကိုယ့်အမှားလဲ ပါတာကိုး။ အနောက်က တအားကပ်မောင်းပြီး ဘရိတ် အချိန်မီ မအုပ်လိုက်နိုင်တာက သူ့အမှား။ (တရားဥပဒေကြောင်းအရ ကားတိုက်မှုတစ်ခုဖြစ်ရင် နောက်ကနေ၀င်တိုက်တဲ့ ကားဘက်က အမှားဖြစ်ပါတယ်။ အမှားဖြစ်ဖို့ chance လဲ ပိုများပါတယ်။) ဒါနဲ့ဆင်းပြီး ကားကိုကြည့်လိုက်တော့ ကားနောက်က ဘန်ပါတစ်ခုလုံးပါမလာတော့ဘူး။ တိုက်တဲ့နားမှာ ပြုတ်ကျရစ်ခဲ့ပြီ။ ကြိုးတန်းလန်းတွေနဲ့ အထဲက ဘောဒီပါ ပိန်နေတာမြင်ရတော့ အတော်ပြာသွားတယ်။ တက္ကစီလဲ ရှေ့က နဲနဲ ပိန်သွားတယ်။ ဦးခြိမ့်မောင်းတာ ၅နှစ်ကျော်ရှိပြီ ။ ဒီလို တစ်ခါမှ မဖြစ်ဘူးပဲကိုး။ ဒါနဲ့ သူ့ကိုဖုန်းခေါ်ပြီး ဓာတ်ပုံတွေရိုက် IC တွေတောင်းပြီး တက္ကစီ ဒရိုင်ဘာနဲ့ ညှိကြတာပေါ့။

နောက်တော့ ဘန်ပါကြီး ကားထဲထိုးသိပ်ထည့်ပြီး ၀ပ်ရှော့ကိုသွားကြတယ်။ Sunday ဆိုတော့ ၀ပ်ရှော့ တော်တော်များများက ပိတ်တယ်။ ၀ပ်ရှော့တစ်ခုတွေ့ပြန်တော့ ပြင်ရင် ၁၅၀၀-၂၀၀၀ လောက်ကုန်မယ်။ ဒါပေမဲ့ အထဲက ဘော်ဒီပါ ထိသွားတော့ သူတို့မလုပ်ချင်ဘူး။ Insurance ကနေ တဆင့် လုပ်ပါပေါ့။ အဲဒါမှ သေချာလုပ်ပေးမှာဆို ပြောပါတယ်။ အဲဒါနဲ့ အင်ရှူးရန့်စ် ထိမှာကြောက်ရင် အခုငွေကိုပဲ ဦးလေးဘယ်လောက် စိုက်နိုင်လဲ မေးတော့ ၅၀၀လောက်ပဲ စိုက်နိုင်ပါသတဲ့။ အဲဒီတော့ ကိုယ်က ၁၀၀၀ကျော်လောက် ထပ်စိုက်ရမှာဆို မကိုက်သေးဘူးဆို အင်ရှုးရန့်စ်ကပဲ သွားကြဘို့ သဘောတူပါတယ်။ နောက်တော့ ဒရိုင်ဘာကြီးနဲ့ လမ်းခွဲခဲ့ကြပါတယ်။

ဒါနဲ့ Insurance ကို ဖုန်းခေါ်မေးတော့ IDAC ကိုသွားဆိုတော့ ဘုမသိဘမသိနဲ့ အဲဒီကို ရောက်သွားကြတယ်။ Independent Damage Assessment Centres လို့ခေါ်ပါတယ်။ ကားတိုက်လို့ ကိုယ့်ဟာကိုယ်ညှိလို့ မပြေလည်ရင်၊ အဲဒီမှာသွား report လုပ်ရပါတယ်။ အဲဒီမှာမှ တိုက်ထားတဲ့ကားတွေမှ ပုံစံမျိုးစုံနဲ့ ပိန်လိမ်နေတာပဲ။ ကိုယ့်ထက် အခြေအနေဆိုး ရုပ်ပျက်ဆင်းပျက်တွေ ရပ်ထားတာ တွေ့မှ ကိုယ်ကမှ တော်သေးဆို တွေးမိပါသေးတယ်။

ပထမဆုံး ဖောင်လေးတစ်စောင်ဖြည့်ရပါတယ်။ မောင်းသူဘယ်သူ၊ ကားအမျိုးအစား၊ အင်ရှူးရန့်စ်ရှိသလား၊ ဘယ်အင်ရှူးရန့်ကလဲ၊ နောက်က၀င်တိုက်တဲ့ ကားနံပတ်၊ မောင်းသူ၊ ဘယ်လိုဘယ်ပုံတိုက်မိသလဲ၊ ဆိုတာ ပုံကြမ်းလေးဆွဲပြပြီး ရှင်းပြရပါတယ်။ အဲမှာရယ်စရာတစ်ခုက ဘယ်လိုဆွဲရမလဲဆိုတာ နမူနာပြထားတဲ့ ပုံလေးနဲ့ ရေးပုံကလဲ ကိုယ်တိုက်တဲ့ ပုံနဲ့တစ်ပုံစံထဲ။ Slip road က အထွက်မှာ နောက်ကား ၀င်ဆောင့်တဲ့ ပုံလေးနဲ့ဆိုတော့ ကူးရေးလိုက်ရုံပါပဲ။ နောက်မှသိရတာက စလုံးမှာ အဲလိုပုံစံမျိုး ယာဉ်တိုက်မှုက အများဆုံးပါတဲ့။

ပြီးတော့ ကားပြင်ရအောင် ကိုယ့်မှာ ကိုယ့်စိတ်ကြိုက် work shop ရှိသလား။ သူတို့ပြောတဲ့ work shop နဲ့ပြင်ချင်သလားမေးပါတယ်။ ကိုယ်မှာမရှိတော့ သူတို့ပြောတာနဲ့ပဲ ပြင်ပါ့မယ်ပေါ့။ နောက်တော့ ကိုယ့်ကားက အနာအဆာတွေ စစ်ဆေး၊ ဓာတ်ပုံတွေလဲ အများကြီးရိုက်၊ ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်မလဲ ခန့်မှန်းတွက်ချက်ပေးပါတယ်။ ကားကို စစ်ဆေးနေတုံး ကားတစ်စီးမောင်းဝင်လာတယ်။ ကိုယ်တို့ကားလို မော်ဒယ်တူ အရောင်ကွဲ နီညိုရောင်လေးနဲ့ ။ ဆင်းလာတဲ့သူကတော့ သူတို့ပြောတဲ့ work shop က ကားပြင်ဆရာပါ။ တိုက်မိတဲ့ကားထဲက ပစ္စည်းတွေ ဟိုဘက်ကကား နီညိုရောင်ထဲ ပြောင်းထည့်ပေးပါပြောတော့ ကိုယ်မှာ နားမလည်ဘူး။ နောက်မှ ကား work shop ပို့ထားတုံး သုံးရအောင် အစားထိုးကားပါ တစ်ခါထဲ ယူလာတာဆိုတာ နားလည်ရပါတယ်။
IDAC က လုပ်ဆောင်တာတွေကို အသေးစိတ်ကြည့်ချင်ရင် အောက်က web page လေးကို ကလစ်ကြည့်ပါနော်။
http://www.gia.org.sg/IDAC/index.html
အဲဒီမှာ Non-injury ကားတိုက်မှုဖြစ်ရင် လုပ်ဆောင်ဖို့ အဆင့်ဆင့်ကို ရှင်းပြထားပါတယ်။




အတိုချုံးရရင် အဲဒီကပဲ ကိစ္စ၀ိစ္စတွေ အကုန်လုံးကို ကြားခံလုပ်ပေးခဲ့ပါတယ်။ ကိုယ်နားမလည်တဲ့ ကိစ္စတွေကို ကြားခံ ဆောင်ရွက်ပေးလို့ အစစ ချောချောမွေ့မွေ့နဲ့ ပြီးခဲ့ပါတယ်။ ကုန်ကျစံရိတ်အားလုံးကို တက္ကစီ ဘက်က အင်ရှုးရန့်စ်က ကျခံရမှာဖြစ်လို့ ကိုယ့်ဘက်ကတော့ ငွေရေးကြေးရေး တစ်ပြားမှ မစိုက်ရပေမယ့် ကိုယ့်ပရောဂကြောင့် ဒုက္ခရောက်သွားရတဲ့ တက္ကစီ ဒရိုင်ဘာကြီးအတွက် စိတ်မကောင်းဖြစ်ရတာ ပိုပါတယ်။

နောက်တစ်ပတ်နေတော့ ကားပြန်ရပြီး အဲဒီနေ့ရုံးက ဘောနပ်စ်ကလေးကလဲ ရလာတော့ ဟိုတက္ကစီ အဖိုးကြီးကို ပိုက်ပိုက် ၅၀၀ လောက်သွားပေးရအောင်လေဆိုတော့ ကိုယ့်အိမ်ကလူက ပြီးတာပြီးပါစေတော့၊ သူလဲမစိုက်ရပါဘူး။ Insurance ကပဲယူတာ ဆိုတော့ လက်လျှော့လိုက်ရတယ်။ ခုထိတော့ ကားတိုက်တုံးက အဲဒီ တရုတ်အဖိုးကြီး မျက်နှာကို မြင်ယောင်တုံး။ သနားတုံးရှိသေး။

7 comments:

  1. ဘုရား ဘုရား... အဲလိုကြီးလား...
    ကြည့်လဲ မောင်းပါ အဒေါ်ကြီးရယ်...

    ကိုယ်ကတော့ မြို့လယ်ခေါင် ကားရှုပ်ရှုပ်နေရာတွေရယ် ကိုယ်သိပ်မကျွမ်းကျင်တဲ့ နေရာတွေရယ်ကို မောင်းဖို့ နဲနဲဝန်လေးနေတုန်းပဲ...
    ကိုယ်ကျွမ်းတာက West Area လေ...

    ReplyDelete
  2. သိပ်လဲ အထင်တွေလဲ မကြီးပါနဲ့ဦး ကြီးတော်သက်ဝေရဲ့။ အဲ့ဒီ ဗမာဆိုင်ဆိုတာ အိမ်ကနေ ၅မိနစ်လောက်ပဲ မောင်းရတဲ့နေရာမှာ ရှိတာ။ အဝေးကြီးတွေ မမောင်းရဲသေးပါဘူးတော်။

    ReplyDelete
  3. ခေါင်းစဉ်ဖတ်ပြီး ပြုံးမိတယ်... ဟိုတနေ့ကမှ သင်ထားတာဆိုလို့လေ...

    နောက်က ဝင်တိုက်တာဆိုတော့ ကပ်လိုက်လာတဲ့သူ အမှားပေါ့... တော်ပါသေးရဲ့ မသေကောင်းမပျောက်ကောင်း...းP

    ဝပ်ရှော့ပို့ထားတုံး ကားတစီးအစားထိုးပေးတယ်ဆိုတာ ဖတ်ရတော့ အံ့သြမိတယ်...

းဝ)

    ReplyDelete
  4. Informative! Things to ponder before owning a car abroad. What a nice service they have.

    ReplyDelete
  5. If you don't want car replacement you will get cash 50$/day for compensation during repairing. This will charge back to third party's insurance cause of his/her fault.

    ReplyDelete
  6. ဟုတ်ပါတယ်။ အင်ရှုးရန့်ကနေပေးရတာ ပထမ ၀ပ်ရှော့က ပြောတဲ့ဈေးထက် ၂ဆလောက် ကျမယ်လို့ ခန့်မှန်းပါတယ်။
    အဲလို ကားအစားထိုးပေးတဲ့ အဖိုးအခတွေရော IDAC က ၀န်ဆောင်ခတွေရော အင်ရှုးရန့်ကပဲ သွားမှာပါ။ ဒါကြောင့် ပထမ အပြင်ဝပ်ရှော့မှာပဲ ကိတ်စတွေပြီးအောင် အရင်လုပ်ချင်တာပါ။ ကိုယ့်အတွက်မဟုတ်ပဲ တက်စီအဖိုးကြီး အတွက်ပါ။

    ReplyDelete
  7. Does taxi driver (his insurer) need to pay all cost?

    ReplyDelete