Saturday, January 23, 2010

ရတနာတုံးလေး မဂျူဂျူ (သို့) အကြွေးဆပ်ခြင်း

ဟိုနေ့က သူငယ်ချင်း ချစ်ကြည်အေးရဲ့ ဘလော့က ပို့စ်လေးဖတ်မိတော့ မှန်သားလို့ တွေးမိလို့ပါ။ သူကတော့ နောက်ပြီး ခလေးရှိတဲ့သူတွေက အရင်ဘ၀က အကြွေးတွေရှိခဲ့သတဲ့။ ဒါကြောင့်ဆပ်နေရတာတဲ့။ ဂျူဂျူရဲ့ အကြွေးတွေဆပ်နေတာရေးပြရဦးမယ်။
Primary 1 တက်နေစဉ် လစဉ် ဂျူဂျူ့ အကြွေးဆပ်ခြင်း
စားသောက်စံရိတ်ကုန်ကျငွေ ၁၅၀
ကြီးတော်ခေါ်ထားရလို့ ကုန်ကျစံရိတ် ၇၀၀
ကျောင်းကြီးမုန့်ဘိုး+ဖယ်ရီ ၇၀
တရုတ်စာ အိမ်ခေါ်ကျူရှင် ၁၀၀
တရုတ်စာ အပြင်ကျူရှင် ၆၅
အင်္ဂလိပ်စာ အိမ်ခေါ်ကျူရှင် ၁၅၀
သင်္ချာ ကူမွန်ကျူရှင် ၁၂၀
Piano သင်တန်းကြေး ၁၂၀
ရေကူးသင်တန်းကြေး ၅၀
ကျောင်း၊ကျူရှင်များမှ စာရွက်စာတန်းကြေး ၁၀၀
ခရီးစရိတ်၊ အ၀တ်အစားဝယ်၊ ကစားစရာဝယ် ၁၀၀ ပဲထားပါတော့။

စုစုပေါင်း စလုံး ဖွတ်ကလိဒင်္ဂါး ၁၇၃၅ ပြား တိတိ ရှိပါကြောင်း။ အဲဒါ သူ့အတွက်လစဉ် အင်ရှူးရန့် ၂၀၀ ဘိုး ၀ယ်ထားတာ မပါသေး။ ပြန်ရမှာဆိုပြီး။ ဘယ်တော့ပြန်ရမှာလဲ မမေးနဲ့။ ဂျူဂျူ တက္ကသိုလ်ရောက်ရင်။

ဂျူဂျူ သူငယ်တန်း တက်တုံးက သူ့သမီးလေးကို ကျောင်းလာလာပို့တဲ့ မလေးအမျိုးသမီးကြီး တစ်ယောက်ရှိတယ်။ ဘာလို့သတိထားမိနေလဲဆိုတော့ ခလေးအမွှာလေးကို တွန်းလှည်းအမွှာလေးနဲ့ တွန်းတွန်းလာလို့။ အဲဒီတော့ မျက်စိရှေ့တင် သူ့အကြွေးတွေက K2 ခလေးတစ်ယောက်ရယ်၊ အမွှာရယ် ၃ယောက်အပြင်၊ ဗိုက်ကလေးကလဲ စုံ့စုံ့လေးဆိုတော့ 3 and half ဖြစ်နေပြီ။ ဒါနဲ့ စပ်စုကြည့်တော့ အိမ်မှာ ၄ယောက် ကျန်နေခဲ့ပါသေးတယ်တဲ့။ မလေးလူမျိုးအချို့က ဘာသာရေးအရ ဘုရားပေးသမျှယူရမယ်ဆိုတဲ့ ဘာသာအယူသီးမှုတွေ ရှိလို့ပါ။ အော် သူ့မယ် ဟိုဘ၀က ကြွေးတွေ များချက်တော့။ ဆပ်လို့တောင်ကုန်ပါ့မလားပဲလို့ တွေးနေမိတယ်။ ဒီမယ်တစ်ယောက်တောင် မနဲဆပ်နေရလို့။

ဒီကြားထဲ ဂျူဂျူလေး တစ်ယောက်တည်း အထီးကျန်နေတာတွေ့ရင် နောက်တစ်ယောက် ထပ်မယူဘူးလား လာလာမေးကြတယ်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိမှို့ ... မချိပြုံးနဲ့ ခင်မို့မို့အေးလေသံလေးငှါးပြီး အစ်မက ခလေးရဘို့ခက်လို့ သမီးတောင် မနဲမွေးထားရတာ ဟင်း... ဟင်း .. ဟင်း ... လို့ပြောရတယ်။ တကယ်တော့ တစ်ဝက်ကလဲ မှန်ပါတယ်။ အကြွေူးက တစ်ယောက်စာပဲပါလို့ တော်သေးတယ်ပြောရမယ်။ တကယ်သာကျွေးနိုင်မွေးနိုင်၊ ပြုစုနိုင်ဆို ၅ယောက်လောက်ကို ယူချင်ပါတယ်။ မိသားစုကြီးကြီး ပျော်ပျော်ပါးပါးကြီးကိုကြိုက်ပါတယ်။ အဲလိုလဲနေချင်ပါတယ်။ ကိုယ်အဲလိုပြောရင် ကိုယ့်အိမ်ကလူကတော့ ထီတွေသာ ဖိထိုးတော့တာပဲ။

သားသမီးဆိုတာ ရတနာလို့လဲပြောကြတယ်။ ဒါဆိုလဲသမီးလေးဂျူဂျူက ကိုယ်တို့ရဲ့ ရတနာတွေ စုနေတဲ့ ရတနာတုံးလေးလို့လဲ ပြောလို့ရတယ်။ ရတနာတုံး ညိုညိုလေးပေါ့။အရောင်တွေ တောက်အောင်သွေးရဦးမယ်။

5 comments:

  1. အမလေး ..ဖွတ်ကလိဒင်္ဂါးတွေ အညားကြီးကုန်ပါလားနော်။
    တီဆွိရဲ့  မလေးမတွေက မွေးနိုင်တယ်။
    သူတို့ က အခွင့်ထူးခံကိုး စင်ကာပူမှာလည်း
    တရုတ်တွေထက် မလေးတွေက အခွင့် အရေးပိုရတယ်လေ။
    ကလေးကျောင်းထားလည်း ၂ပြားတစ်ပဲကုန်တာကိုး။
    ကလေးတစ်ယောက်မွေးတိုင်းလည်း ပိုက်ကရသေးတာ။
    အနော့်မိတ်ဆွေမလေးမဆို တပွတ်ပွတ်ပဲ ၊ အေးဆေးပဲတဲ့ ။ အစိုးရရှိတယ်ဆိုပဲ။

    ReplyDelete
  2. အစ်မရေ... ဒီမှာ ကလေး ၂ ယောက် Daycare ဖိုးချည်းပဲ တစ်လကို ၄ ထောင်နီးပါး လှူနေရတယ်... ရတာနာလေးတွေပေါ့.. Oops! စာလုံးပေါင်း သည်းခံ။

    ReplyDelete
  3. တော်သေးတာပေါ့ ။

    မချစ်ကြည်အေးရေးသလို ၆ ယောက်ကြီးများတောင်ဆို ခက်ရချည့်...

းဝ)

    ReplyDelete
  4. ဒီခေတ်ကြီးထဲမှာ ကလေးတယောက်စားရိတ်က မလွယ်ပါလား။ ကျနော့်မိဘများတုန်းကတော့ ၉ ယောက်တောင် မွေးခဲ့တာ။ သူ့ဟာနဲ့သူတော့ ဟုတ်လို့ပဲ။
    ခေတ်ကြီးက ပိုကြပ်လာတာလားမသိဘူးနော်။

    ReplyDelete
  5. ဟုတ်ပ ဆွိရယ်...တို့များအမေတွေ ဒီမှာသာ ကလေး ၆ယောက်မွေးရရင် ဒေဝါလီ ခံရလောက်တယ်...ဟား ဟား....:))

    ReplyDelete