Sunday, June 24, 2012

အန်တီဆွိရဲ့ ကြုံရ ...ဆုံရ ...ဘုံဘ၀ မှာဖြင့် - အပိုင်း (၁)


တစ်နေ့သ၌ ...
တစ်နေ့သ၌ အန်တီဆွိသည် အိမ်အလုပ်များပြီးစီး၍ ပင်ပမ်းသည်နှင့် အိမ်ရှေ့ ဆိုဖာခုံပေါ်တွင် ထိုင်ကာ အနားယူလျက် ရှိသည်။

 ရုတ်တရက် ဖုန်းမြည်လာ၍ ကောက်ကိုင်လိုက်ရာ ကိုကိုခြိမ့်ထံမှ ဖုန်းဖြစ်နေသည်။  

" မိန်းမရေ ... ဒီနေ့ရုံးမှာ စာအိပ်တွေ လိုက်ပေးနေတယ် .... စာအိပ်ရတဲ့ သူတွေက နောက်ကုမ္ပဏီကို ပြောင်းရမယ်တဲ့ ။ မနက်ဖြန်ကစပြီး အလုပ်လာစရာမလိုပဲ  နောက်လ ၂၃ ရက်နေ့မှ နောက်ကုမ္ပဏီမှာ အလုပ်ပြန်ဆင်းရမယ်တဲ့  ... ခွင့်တွေကို force to leave ယူခိုင်းလိုက်တာ ... "

ကိုကိုခြိမ့်၏လေသံမှာ ခြောက်ခြောက်ကပ်ကပ်ရှိလှသည်။ ထိပ်လန့်တကြားရှိလှသည်။ သူတို့ကုမ္ပဏီမှာ အရင်ကတည်းက sister ကုမ္ပဏီနှင့် အမှုအခင်းဖြစ်လျှက်ရှိရာ ယိုင်နဲ့နဲ့ ဖြစ်နေတာကြာပါပြီ။ ခုလိုသတင်းမျိုး မျှော်လင့်ထားပေမည့် ဒီလောက်ကြီး ဒရောသောပါး ရုတ်တရက်ကြီး ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားပါ။

" ဟင် ... ဟုတ်လား ... အဲဒါဆို စာအိပ်မရတဲ့သူတွေက ဘာလုပ်ရမှာလဲ ... ဒီကုမ္ပဏီမှာပဲ ဆက်နေရမှာပေါ့ ဆက် အလုပ်ဆင်းရမှာပေါ့ ဟုတ်လား ... ဒါနဲ့ ကိုကိုခြိမ့်ရော စာအိပ်ရတယ်မလား ...."

"  ကိုယ် စာအိပ်မရဘူး .... ဒါပေမဲ့ ..... .............."

" ဟင် ... စာအိပ်မရဘူး .... ဟုတ်လား .... စာအိပ်မရတာများ အရင်ပြောပါတော့လား ယောက်ျားရယ် ... အဲဒါဆို ဘာသဘောလဲ ... စာအိပ်မရတော့ နောက်ကုမ္ပဏီအတွက် offer မရဘူးပေါ့ ... အဲဒါဆို စာအိပ်မရတဲ့ သူတွေက ဘာလဲ ... ဘာဆက်လုပ်ရမှာလဲ ..."

အန်တီဆွိ၏  ထိပ်လန့်တကြား အလန့်ထညက် ခြောက်ခြောက်ခြားခြား မေးလိုက်သံဖြစ်ပါသည်။ အန်တီဆွိ၏ အသံများသည်လည်း မိနစ်ပိုင်းအတွင်း ခြောက်ကပ်စေးထိုင်းသွားပါပြီ။

" ဆွိလေးကလဲ စကားကို ဆုံးအောင် နားမထောင်ဘူးကွာ ... ကိုယ်က စာအိပ်မရပေမဲ့ ကိုယ့်ကေ့စ်က သူများနဲ့မတူဘူး။ နဲနဲရှုပ်တယ်...  ပြောပြမယ် ... ကိုယ်တို့ တစ်ဋ္ဌာနလုံး ကိုယ်တစ်ယောက်တည်း မရတာ .... အဲဒါမဖြစ်နိုင်ဘူး ... စာရင်းမှားတာဖြစ်မယ်ပြောတယ် ... ကိုယ့် မန်နေဂျာရော၊ သူ့အထက်က မန်နေဂျာကပါ  ပြောနေတာကွ ... "

" သူတို့ အမှန်တကယ် မသိတာ ဖြစ်နိုင်ပါ့မလား ကိုကိုခြိမ့်ရယ် ..."

" ဟုတ်ပါတယ်ကွာ ... ကိုယ်သေချာသွားမေးထားတာ ... သူတို့ရဲ့ body language ကိုကြည့်လိုက်ရင် သိပါတယ် ... စာရင်းမှားတာပါ .."

" အဲဒီတော့ HR ကို မေးကြည့်ပါလား ... "

" အေး .... ခုတော့ နောက်ကျနေလို့ မေးလို့ မရတော့ဘူး ...  မနက်ဖြန်မှပဲ မေးလို့ရမယ်ပြောတယ်ကွ ... "

ကိုကိုခြိမ့်ကတော့ သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်ဖြင့် ပြောနေခြင်းဖြစ်ပါသည်။

Sister ကုမ္ပဏီ၂ခု ပြသနာ ...
အဖြစ်အပျက်မှာ sister ကုမ္ပဏီ၂ခု ပြဿနာတက်ပြီး patent ကိစ္စဖြင့် အပြန်အလှန်တရားစွဲကြရာ ကိုကိုခြိမ့်တို့ main ကုမ္ပဏီဖက်မှ ရှုံးလေသည်။ သူ့ patent တွေ အကုန်ပေးလိုက်ရပြီး အလုပ်သမားတွေပါ တာဝန်မယူနိုင်တော့၍ နောက်ကုမ္ပဏီကို (အချင်းချင်း သဘောတူညီချက်ဖြင့်) လွှဲအပ်လိုက်သည် ထင်သည်။ နောက်ကုမ္ပဏီမှာလည်း အလုပ်သမား အားလုံးကို လွှဲပြောင်းယူဖို့ မဖြစ်နိုင်ရာ အချို့သောသူများသာ လွှဲပြောင်းစာရင်းထဲ ပါလေသည်။ ထိုသူများ စာအိပ်ကိုယ်စီဖြင့် offer letter ရကြသည် ဆိုနိုင်သည်။ စာအိပ်မရသူ (offer letter မရသူ) ၀န်ထမ်း ၅၀-၆၀ ခန့်ရှိသည်ဆိုသည်။

HR မှ အဖြေ ...
စာအိပ်မရသူ ကိုကိုခြိမ့်နှင့် သူ၏ဇနီးဖြစ်သူတို့မှာကား ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေကြသည်။ အိမ်မြောင် အမြီးပြတ်သလို လှုပ်လှုပ်ရှားရှား ဂဏာမငြိမ်ဖြစ်နေကြသည်။ မရေရာသော အခြေအနေ တစ်ခုကို လိပ်ခဲ တည်းလည်းဖြစ်နေကြသည်။

"Complaint Queen" ဟု ကိုကိုခြိမ့်မှ နာမည်ပြောင်ပေးထားသော အန်တီဆွိမှာ တဖြစ်တောက်တောက် ပြောနေသည်။ 

"စာအိပ်မရတဲ့ သူတွေကို ဘာလုပ်မယ်၊  ဘယ်လိုအစီအစဉ်ရှိတယ်၊ ရုံးလာရမယ်၊ မလာရဘူး ..ဘယ်လိုဆက်လုပ်မယ် ...  ဒါတွေကို ဘာမှ မပြောတာတော့ ကုမ္ပဏီက တရားလက်မဲ့ လုပ်လွန်းတယ် ... ကိုယ်ချင်းမစာရာ ကျလွန်းတယ်  ထင်တာပဲ ... တော့ဟာက စာရင်းမှား တာရောသေချာလို့လား ကိုကိုခြိမ့်ရယ် ... ကျုပ် စိတ်တွေ ပူချက်တော် ..."

" အို ... ကိုယ်အထက်ကလူကို သေချာမေးပြီးပြီ ... သူတို့ကိုယ်တိုင်မသိပေမဲ့ ဒါဟာ ၁၀၀% စာရင်းမှားတာ ဖြစ်နိုင်ပါတယ်တဲ့ .... ဘယ့်နှယ့်ကွာ၊ တစ်ဋ္ဌာနလုံး ကိုယ်တစ်ယောက်တည်း ... ဖြစ်နိုင်ပါ့မလား ... "

နောက်နေ့ရုံးသွား HR ကို မေးပြန်တော့ သူတို့လဲ သေချာမသိပါတဲ့။ စာရင်းသည် အထက်က တိုက်ရိုက်  လာသည့်အတွက် အထက်ကို ပြန်မေးမှရမည်။ သို့ပေမဲ့ စာအိပ် မရသူတွေရော၊ ရသူတွေရော  force ဖြင့် ခွင့် တစ်လနီးပါး ယူခိုင်းကာ ယနေ့လည်း အလုပ်လာစရာမလိုပါဟု ပြောလိုက်သည်တဲ့။ ထိုနေ့က မနက် ၈နာရီအလုပ်ထွက်သွားသော ကိုကိုခြိမ့်သည် မနက် ၉နာရီခွဲလောက် အိမ်ပြန်ရောက်လာပါသည်။

Termination letter ...
ဒီကြားထဲ ကိုကိုခြိမ့်သည် အလုပ်လျှောက်ခြင်း၊ တစ်ဖက်မှ အခြေအနေကို စုံစမ်းခြင်း၊ စာအိပ်မရသူ အချင်းချင်း ဆက်သွယ်တိုင်ပင်ခြင်း၊ အားပေးခြင်း၊ စိတ်ပြေလက်ပျောက် အွန်လိုင်းတက်ခါ သတင်းဖတ်ခြင်း၊  ဘုရားရှိခိုး ဆုတောင်းခြင်း၊ အိမ်အလုပ်များကို စိတ်ပြေလက်ပျောက် ကူညီညာလုပ်ခြင်းများဖြင့် အချိန်များကို ကုန်ဆုံးစေပါသည်။

 နောက် တစ်ပတ်ခန့်ကြာသောအခါ HR မှ email တစ်စောင်ရောက်လာသည်။ ကိုကိုခြိမ့်အတွက် အလုပ်မှ "termination letter" ဖြစ်ပါသည်။ အမှန်တကယ် termination letter ဖတ်ရသောအခါ " ဒီတစ်ခါတော့ တကယ်ပြုတ်တာ မိန်းမရေ ... " ဆိုကာ ကိုကိုခြိမ့်၏မျက်နှာတွင် မယုံကြည်နိုင်ခြင်း၊ ယူကြုံးမရခြင်း၊ ၀မ်းနည်းခြင်း၊ ခံပြင်းခြင်း၊ မကျေနပ်ခြင်းတို့ဖြင့် ပြည့်လျှက်ရှိသည်။


အိပ်မက်သာ ဖြစ်ပါတော့ ...

အန်တီဆွိမှာလည်း ဒီအဖြစ်အပျက်တွေဟာ တကယ်လား၊ အိပ်မက်များမက်နေတာလားဟု ခဏခဏတွေးကာ " အော် ... အရင် အိပ်မက်ဆိုးတွေ မက်တုံးက မနက်မိုးလင်း အိပ်ရာက လန့်နိး ဇာတ်လမ်းကပြီးပြီ။ ခုတော့ တကယ့်အဖြစ်အပျက်၊ လန့်နိုးရအောင်လဲ အိပ်နေတာမဟုတ်တာ သေချာနေပြီ။ အော် ... ဒီလိုအဖြစ်မျိုး တို့ ကံကိုက ဆိုးလို့ပဲ၊ အော်ဇီမှာ ကုမ္ပဏီပေါင်း၊ အလုပ်ပေါင်း ထောင်သောင်းမကရှိရာ သူ့အလုပ်ကျမှ ဒီလိုအဖြစ်မျိုး ကြုံရခြင်း၊ တဋ္ဌာနလုံးမှာမှ တစ်ယောက်တည်း ဖြစ်နေခြင်းသည် ကံအတော်ညံ့နေလို့သာဖြစ်ရမည် ... " ဟုသာ ကောက်ချက်ချမိပါတော့သည်။


ကုမ္ပဏီမှ ဆွမ်းကြီးလောင်း ...

ကိုကိုခြိမ့်လို စာအိပ်မရသူတွေ၊ terminate လုပ်ခံရသူတွေ အချင်းချင်း စုံစမ်းကြည့်သောအခါ ကုမ္ပဏီတွင် လုပ်သက် ၂နှစ်နှင့်အောက်ဝန်ထမ်းများ၊ ကန်ထရိုက်စာချုပ်ဖြင့် လုပ်နေသူများသာ ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ကိုကိုခြိမ့် ဤကုမ္ပဏီတွင်အလုပ်လုပ်သည်မှာ တစ်နှစ်ကျော်သာ ရှိသေးသည်။

ဆန်းစစ်ကြည့်တော့ ဟိုဖက်က အလုပ်သမားတွေရဲ့ ၄ပုံ၃ပုံပဲ လက်ခံမည်ဆိုသည်နှင့် package (အလုပ်သမားလျှော်ကြေး) ပေးရ သက်သာသော လုပ်သက်နည်း ၀န်ထမ်းများကို ဆွမ်းကြီးလောင်းကာ ဖြုတ်လိုက်ဖြင်းဖြစ်ပါသည်။ သူတို့၏ လုပ်ရည်ကိုင်ရည်၊ ကိုယ်ရေကိုယ်သွေး၊ လုပ်ငန်းကျွမ်းကျင်မှု၊ ပညာအရည်အချင်း၊ မိသားစု အခြေအနေ အစရှိသည်တို့ကို ဘေးချိတ်ကာ ကိုယ်သက်သာပြီးရော  ပြီးစလွယ် ဆောင်ရွက်လိုက်ခြင်းဖြစ်ပါသည်။ ကိုကိုခြိမ့်သည် သူ့ဋ္ဌာနတွင် အလုပ်အကျွမ်းကျင်ဆုံး key performer တစ်ယောက်ဖြစ်ကြောင်း အချင်းချင်း သိကြပါသည်။ အလုပ်ပြုတ်သည့်သူများတွင် သူ့လို key performer တွေ အများကြီးပါနေကြောင်း ပြောပြနေပါသည်။

ကိုကိုခြိမ့် အထက်မှ အရာရှိ ၂ယောက်သည်လည်း မယုံနိုင်၊ စုတ်တသတ်သတ်ဖြစ်ကာ အလုပ်နှင့်ပတ်သတ်၍ အကူအညီလိုပါက တတ်နိုင်သလောက်ကူညီပါမည့်အကြောင်း ပြောကာ recommendation letter များရေးပေးခြင်း၊ အလုပ်ကူရှာပေးခြင်းများအပြင်၊ နောက်ကုမ္ပဏီမှ အကြီးအကဲကိုလည်း ကိုကိုခြိမ့်အား offer ပြန်ပေးစေလိုကြောင်း တိုက်တွန်းပြောပေးပါသည်။

Solely bread winner ...
တစ်ယောက်တည်းအလုပ်လုပ်သော မိသားစုတွင် ထို solely bread winner က အလုပ်ပြုတ်သောအခါ  ထိုမိသားစုသည် ဘယ်ကရသောငွေနှင့်  နေထိုင်စားသောက်ကြမည်လဲ။ ကိုယ့်အတွက်ပင်သာမက နောက်ပိုင်းက ၂ဖက် မိဘအတွက်ပါ ထည့်တွက်ကာ စိတ်ပူမိပါသည်။ စုဆောင်းထားသည့်ငွေလေးရှိပေမဲ့လည်း ထိုရှိစုမဲ့စုလေး ပွန်းပဲ့သွားမည်ကိုလဲ စိုးရိမ်ပါသည်။ ရသည့်ထောက်ပံ့ကြေးနှင့်တော့လဲ မလုံလောက်နိုင်ပါ။ နောက်အလုပ်အသစ်ရှာဖို့ဆိုတာကလည်း အော်ဇီဆိုသည်မှာ အလုပ်အလွန်ရှာရခက်သော နေရာဖြစ်ကြောင်း လူတိုင်းသိကြပါသည်။ အင်ဂျင်နီယာ အလုပ်တစ်ခုကို ၆လ-၁နှစ်နေမှ ရပါသည်။ ဒါတောင် မသေချာပါ။  ဒီကြားထဲ ကိုကိုခြိမ့်၏ အလုပ်ကလဲ အင်မတန်ရှားပါးရသည့်ကြားထဲ သူသည် အလုပ်အကိုင်နှင့်ပတ်သတ်လျှင် အင်မတန် ကံဆိုးတတ်ရာ အလုပ်သစ်ရဖို့က ဘယ်ဆီဘယ်ဝယ် ... ငွေပင်လယ်ဆိုသလို ဖြစ်နေပါသည်။ ကမ်းမမြင်လမ်းမမြင်သော ပင်လယ်ပြင်မှာ လင်မယား၂ယောက် လှေငယ်လေးတစ်စီးဖြင့် မြောနေကြပါပြီ။

 ရှေ့ ဆက် ဘာလုပ်ကြမည်နည်း။
အိပ်မပျော်သောညများကို ဖြတ်သန်းပြီး သကာလ ပထမခေါင်းထဲဝင်လာသည်မှာ ကော်ဖီဆိုင်လေးဖွင့်ကြဖို့ ဖြစ်သည်။ မနှစ်လောက်က သူငယ်ချင်း ရင်းရင်းနှီးနှီးထဲက တစ်ယောက် ကော်ဖီဆိုင်လေးဖွင့်ထားရာ တော်တော်အလုပ်ဖြစ်နေသည်။ ၀င်ငွေမဆိုး စားနိုင်၊ သောက်နိုင်လောက်တော့ အေးဆေးရသည်။ လက်ထဲရှိသည့် ငွေအရင်းအနှီးလေးကလဲ ကော်ဖီဆိုင်လေး တစ်ဆိုင် ဖွင့်နိုင်လောက်သည့် ပမာဏ ရှိနေသည်ကိုက ကံကောင်းနေသည်။ ဒီထက်ပိုငွေလိုပါကလည်း ချေးမည့်၊ ငှါးမည့် သူငယ်ချင်း၊ ကူညီမည့် သူငယ်ချင်းများကလဲ ရှိနေသည်က ကံကောင်းနေသည်။ ဒီကြားထဲ လင်မယား၂ယောက်လုံး အင်ဂျင်နီယာအလုပ်ရော၊ တခြား ရရာ အလုပ် ရှာကြည့်ကြမည်။ သင့်တော်သည့်အလုပ်ရလျှင်လည်း ၀င်လုပ်ကြမည်။

 အန်တီဆွိ ပြာယာခက်တယ် ...

အန်တီဆွိသည် အလွန်ပြာယာခတ်သည်။ အလုပ်ရှာရမည်ဆိုတော့ ချက်ချင်း Cover letter ထပြင်သည်။ CV ကတော့ အရင်ကတည်းက အဆင်သင့်ပြင်ပြီးသားဖြစ်၍ လိပ်စာလေးသာ ပြောင်းလိုက်သည်။ အွန်လိုင်းတက်ကာ seek, my career, career one အစရှိသော အလုပ် ၀က်ဘ်ဆိုက်များကိုသွားကာ ကိုယ့်အလုပ်နှင့် ကိုက်သည်ထင်သော အလုပ် ၃-၄ ခု ပြေးလျှောက်လိုက်သည်။ တစ်ဆက်တည်း "business for sale"  ဆိုသည်ကို ဂူဂဲကာ ကော်ဖီဆိုင်ရောင်းမည့်သူများကို လိုက်ရှာသည်။ 

စိတ်မပူုနှင့်တော့ ကိုကိုခြိမ့် ...
ကော်ဖီဆိုင်များကို အများအားဖြင့် ပွဲစားများက ကြော်ငြာကြခြင်းဖြစ်သည်။ အော်ဇီ၊ အဖြူလူမျိုးများသည် ကော်ဖီအလွန်သောက်ကြရာ ဆစ်ဒနီမြို့တွင် ကော်ဖီဆိုင်များ အလွန်များပြားရာ တစ်နေ့တစ်နေ့ ကော်ဖီဆိုင် ရောင်းသူ၊ ၀ယ်သူများမှာလည်း ၀က်ဘ်ဆိုက်များတွင်အပြည့်၊ လုပ်ငန်းရောင်းသည့် နေရာများတွင်လည်း၊ ကော်ဖီဆိုင်များမှာ အများဆုံးဖြစ်လေသည်။ ပွဲစားများမှ လုပ်ငန်းရောင်းထွက်အောင် မစားရ ၀ခမန်း ကြော်ငြာထားရာ ပထမတော့ အန်တီဆွိတို့ မှာ အမှန်တွေရေးထားသည်ထင်ကာ အင်မတန် အားတက်မိပါသည်။ အော်ဇီဒေါ်လာ ၈သောင်းတန်၊ တစ်သိန်းတန်လောက် ရင်းရုံမျှဖြင့် တစ်လကို ဒေါ်လာ ၅ထောင်မှ ၈ထောင်၊ တစ်သောင်း ၀င်နိုင်ကြောင်း ကိန်းဂဏန်းများ၊ စာရင်းဇယားများဖြင့် အတိအကျဖော်ပြထားရာ အန်တီဆွိမှ "ယောက်ျားရေ .... အလုပ်မရှိလဲ စိတ်မပူနဲ့ ... တို့ရှိတဲ့ ငွေလေးနဲ့ ကော်ဖီဆိုင်လေးဖွင့် ... ခုချိန်စားနိုင်သောက်နိုင်လောက်ပဲ ရတယ်ထားဦး၊ ရေရှည်အတွက် လုပ်ငန်း အတွေ့အကြုံလဲရ၊ အသက်ကြီးလာတော့ ကိုယ်ပိုင်လုပ်ငန်းနဲ့ ပူစရာတောင် မလိုဘူးတော့ ... ကျုပ်ကတော့ ကောင်းဖို့ရာ ဖြစ်လာတယ်လို့ သဘောထားတာပဲ .... " ဟူ၍ ပြောသည်အထိ ဖြစ်သည်။ ကြက်င်္ကြီးလည်လိမ်ထားသလို စိတ်အပျက်ကြီးပျက်၊ စိတ်ဓာတ်အကျကြီးကျနေသော ယောက်ျားကို အားပေးရင်း သူ့ဟာသူလည်း အားတင်းထားသည်။

မမျှော်လင့်သော ဖုန်း call ...
အန်တီဆွိသည် ထိုနေ့က ဤသို့ အခန်းထဲမှာ အလုပ်လေးလျှောက်လိုက်၊ ကော်ဖီဆိုင်ခန်းတွေကြည့်လိုက်နှင့်နေရာမှ အခန်းအပြင် ခဏထွက်လာရာ ဘုရားစင်ရှေ့ ဘက်ထရီ charger သွင်းထားသော ဟမ်းဖုန်းမှ ထမြည်သည်။ ကိုင်လိုက်တော့ နိုင်ငံခြားသားတစ်ယောက် ရှလွတ် ရှလွတ် ... ပလွတ် ပလွတ်နှင့် ... စကားတွေ ဒရဆက် အဆက်မပြတ် ပြောတော့သည်။

 အော်ဇီများ၏ အင်္ဂလိပ် accent ...
 ဤနေရာတွင် အော်ဇီလူမျိုးများရဲ့ accent စကားပြော အသံထွက်အကြောင်း ကြုံလို့ ပြောပါဦးမည်။ ကမ္ဘာပေါ်တွင် အင်္ဂလိပ်စကား အသံထွက်ကို နားလည်ရခက်အောင် ပြောသူများတွင် အော်ဇီလူမျိုးများထိပ်ဆုံးက ပါမည်ထင်သည်။ တစ်ခါတစ်ရံ တချိန်လုံးပြောသွားလို့ တစ်လုံးမှ နားမလည်ရကား ဒီလိုနားမလည်အောင် ဘယ်ပုံဘယ်နည်းများဖြင့် ဘယ်နှာလုပ်ပြောလိုက်ပါလိမ့်ဟု အံ့သြတကြီးပင်ဖြစ်မိပါသည်။ သူတို့သည် စကားက ၀ဲရသည့်ကြားထဲ၊ အသုံးအနှုံးတွေက အမေရိကန်လို မဟုတ်၊ စင်္ကာပူလိုလဲ မဟုတ်၊ လေယူလေသိမ်း ကလဲ မတူသည့်အပြင် စကားပြောလဲ အင်မတန်မြန်ရာ ကမ္ဘာပေါ်တွင် အော်ဇီစကားကို နားမလည်သူ အတော်များသည်ဟု ဖတ်ဖူးသည်။ အမေရိကန်လို အင်္ဂလိပ်စကား မွှတ်နေသူတွေပင် နားလည်ဖို့ခက်သည်ဟု ကြားဖူးပါသည်။ ကိုယ်တွေလို အော်ဇီရောက်ခါစ 2nd language သမားတွေ အတွက် ဆိုဖွယ်ရာမရှိပြီ။  ကိုယ်ကလဲ အစကတည်းက အလုပ်လဲ၊ လုပ်စရာမလိုဟုဆိုက native ဘာသာစကား accent  (listening) ကို ပင် ရင်းနှီးအောင် မလုပ်ထားမိ၍ ပိုဆိုးသည်။

အောက်ကလိအာ တီတီဆွိ ...
ဖုန်းထဲမှ ပြောနေသူကို "Excuse me", " I can't get you" , " sorry" , " can you tell me slowly"  တွေ တွင်တွင်ပြောကာ နိုင်ငံခြားသားနှင့် စကားရှည်ရှည် မပြောဖူးပဲ အိမ်တွင်းပုန်းနေသော အိမ်ရှင်မ၏ မီးကြိုးမောင်းပြတ် အင်္ဂလိပ်ဘာသာစကားဖြင့် အောက်ကလိအာ ပြန်ပြောနေသည်။ နောက်ပိုင်းမှ နားလည်သဘောပေါက်သည်မှာ ကိုယ်လျှောက်ခဲ့သည့် အလုပ်အတွက် အေးဂျင့်ကုမ္ပင်္ဏီမှ ဖုန်းဖြင့် အင်တာဗျူးခြင်း ဖြစ်လေသတည်း။ 

သဘောကောင်းသည့် အေးဂျင့် ...
အင်တာဗျူးသည့် အေးဂျင့်သည် သဘောကောင်းလှသည်။ ခဏနေတော့ တခြား မေးစရာကျန်လို့ဆိုကာ ဖုန်းခေါ်ကာ ထပ်ဗျူးပြန်သည်။ ကိုယ့်ဖက်ကတော့ ထုံးစံအတိုင်း မီးကြိုးမောင်းပြတ် အောက်ကလိအာ။ ကြည့်ဦးလေ၊ အင်တာဗျူးအတွက် (technical ပိုင်းအရရော၊ communication ပိုင်းအရပါ) ဘာတစ်ခုမှ မပြင်ဆင်ရသေးခင် အလုပ်လျှောက်ပြီး၊ အခန်းပြင်ဖက် ခဏထွက်ခါရှိသေး ဖုန်းဆက်ခေါ်ခြင်းဖြစ်သည်။ အန်တီဆွိ၏ CV မှာ ၁၀နှစ်ကျော် အလုပ်အတွေ့အကြုံနှင့် သေချာပြင်ဆင်ထားရာ CV အနေနှင့်တော့ အလွန်ကောင်းသည်ဆိုနိုင်ပါသည်။ ကိုကိုခြိမ့်ကတော့ သူ့ဆွိလေးရဲ့ အလုပ်ကံကို အံ့သြတကြီးဖြစ်နေသည်။ သူအလုပ်လျှောက်နေသည်မှာ ကြာပြီ။ မည်သူမှ သူ့ကို ဖုန်းနဲ့ အင်တာဗျူး မခေါ်ဖူးသေးဟုဆိုပါသည်။ (မှတ်ချက် ... အန်တီဆွိ၏ အလုပ်ကံကို စင်္ကာပူမှာကတည်းက ကိုကိုခြိမ့် ကြုံဖူးနေကျ၊ အံ့သြနေကျဖြစ်ပါသည်။)

Short List တွေကို ဖုန်းနဲ့ ဗျူး ...
 ဒီမှာ အေးဂျင့်တွေက ဖုန်းနဲ့ ခေါ်ပြီး short list တွေကို စကားပြောအဆင်ပြေမပြေ၊ technical ပိုင်းအရ အနည်းငယ်စစ်ဆေးပြီး သူတို့ကျေနပ်မှ သူတို့ customer ဖြစ်သူ company ဆီကို အင်တာဗျူးအတွက် စီစဉ်ပေးပါသည်။ တစ်ခါတစ်ရံလဲ အေးဂျင့်နဲ့ လူတွေ့ ဗျူးရပါသည်။ အထက်ပါ အေးဂျင့်သည် စူပါစိတ်ရှည်သူဖြစ်ပါသည်။ ခဏနေတော့ ဖုန်းထပ်ခေါ်ကာ သူ့ဘော့စ်နှင့် မိတ်ဆက်ပေးပြန်ပါသည်။ ထို့နောက် သူ့ဘော့စ်ဆိုသူက ဆက်ဗျူးပြန်ပါသည်။ သူ့ဘော့စ်ကတော့ သူ့လို စိတ်မရှည်ပါ။ အန်တီဆွိပြောသည်များကိုလည်း နားမလည်သည်လား ခဏခဏ ပြန်ပြန်မေးကာ နောက်ဆုံး technical ပိုင်းဆိုင်ရာ မေးခွန်းတစ်ခုနှင့် အဆုံးသတ်ပါသည်။ သူမေးသည်ကို ကိုယ်က နားကြားလွဲသွားကာ ဆင်တူရိုးမှားတစ်ခုကို ဖြေမိရာမှ သူစိတ်အပျက်ကြီးပျက်ကာ sorry ဆိုကာ ဖုန်းချသွားလေသတည်း ။

အင်တာဗျူး အတွေ့အကြုံ သင်္ခန်းစာ ...
အမှန်က ထိုအင်တာဗျူးသည် ကိုယ်သာ ကောင်းကောင်းမွန်မွန်ပြောဆှိုနိုင်ပါက နောက်တဆင့်တက်ဖို့ရာ ရှိပါသည်။ ယခုတော့ အန်တီဆွိ၏ အင်္ဂလိပ်စကား အောက်ကလိအာကို သူတို့ စိတ်ပျက်သွားပုံရပါသည်။ ထို ဖုန်း အင်တာဗျူးပြီးတော့ သဘောပေါက်မိသည်မှာ technical ပိုင်းအတွက်ရော၊ communication ပိုင်းအတွက်ပါ ပြင်ဆင်လေ့ကျင့်ထားရတော့မည်။ ဒီပုံအတိုင်းသာ ဆက်သွားလျှင် အေးဂျင့်တွေ ကိုယ့်ကို တစ်ယောက်ပြီးတစ်ယောက်စိတ်ပျက်ကာ နောက်ပိုင်းတွင် မပြောကောင်းမဆိုကောင်း black list လိုမျိုး၊ ကိုယ့် CV တွေ့တာနှင့် E အတော်ညံ့တဲ့သူဆိုကာ ပယ်ထားလျှင် မခက်ပြီကော။ ထို့နောက်တော့ အလုပ်မလျှောက်ဖြစ်တော့ပါ။ အေးဆေးမှ စာလေးတွေ၊ ယခင်အတွေ့အကြုံလေးတွေ ပြန်ဖတ်၊ notes ထုတ်၊ အော်ဇီ accent (listening) ကို ရင်းနှီးအောင်လုပ်မည်ဆိုကာ ခဏ ရပ်ထားလိုက်သည်။

ကော်ဖီဆိုင်လည်း ထင်သလောက် မဟုတ်ပြန် ...
 ကော်ဖီဆိုင်ဖွင့်ရေးအတွက် ပြန်အားသန်ကာ လင်မယား၂ယောက် ဆိုင်ခန်းတွေ သွားကြည့်ခြင်း၊ အေးဂျင့်တွေထံ ဖုံးဆက် စုံစမ်းခြင်း ၊ ကော်ဖီဆိုင်နှင့်ပတ်သတ်သော ဗဟုသုတစာအုပ်များ ဖတ်ရှုခြင်း၊ အသိကော်ဖီဆိုင်ကို သွားလေ့လာခြင်း၊ ကော်ဖီလုပ်ငန်းဆိုင်ရာ ရက်တိုသင်တန်းများတက်ခြင်း၊ Hospitality / food safety certificate များ အွန်လိုင်းမှ သင်တန်းတက် ရယူခြင်းများကိုပဲ အာရုံစိုက်လုပ်ပါတော့သည်။

ဤတော့မှ နောက်တစ်ခုအတွက် သဘောပေါက်မိသည်ကား ကော်ဖီဆိုင်၊ ကော်ဖီဆိုင်ဆိုပြီးလဲ ထင်သလောက်မလွယ်ကြောင်း၊ ဆိုင်ကောင်းနေရာကောင်းလဲ လူလာချင်မှလာမည်၊ လူမျိုးရေးခွဲခြားမှု အနည်းငယ်ကြောင့် လူမျိုးခြား(အေရှန်တွေ ဖွင့်သည့်) ဆိုင်ဆိုလျှင် မအောင်မြင်ဖို့ရာ ပိုများကြောင်း၊ ကြော်ငြာထားသည်မှာ ပျံနေပြီး တကယ်တန်း သေချာထိုင်ကြည့်တော့ လူသိပ်မလာသည့် ဆိုင်များ၊ ပိတ်လုဆဲဆဲဆိုင်များ၊ ဆိုင်ပိတ်ပြေး၍  "under management" ဆိုကာ အခန်းပိုင်ရှင်က အခန်းငှါးခရရုံ ဖွင့်ထားသောဆိုင်များ အစရှိသဖြင့် မီးကြိုးမောင်းပြတ်ဆိုင်တွေသာ များကြောင်း၊ အလုပ်သမားခ၊ ဆိုင်ခန်းခ၊ ပစ္စည်းဖိုးအရင်းအနှီး၊ အခွန်အခမျိုးစုံနှင့် စောစောက ထင်ထားသလောက်၊ ပွဲစားတွေ ကြော်ငြာထားသလောက် အမြတ်ရဖို့ရာလည်း မလွယ်ကြောင်း သိလာရပါသည်။

(အပိုင်း (၂) ဆက်ပါမည် ...။ )
အန်တီဆွိကို ပို့စ်အသစ်တင်ပါဟု ပြောလာသူ ပရိတ်သတ်များ အတွက် အသစ်တင်ပေးလိုက်ပါပြီဂျာ။ စိတ်ထဲ ဒါပဲ ရှိနေတော့ ဒါပဲ တင်ပေးလိုက်တယ်။ အပိုင်း (၂) ကိုလည်း ဆက်ဖတ်ကြပါဦးနော်။

 

8 comments:

  1. ကံကောင်းပါစေဗျာ

    ReplyDelete
  2. အစ်မရေ
    ပိုစ့်အသစ်တွေမတင်တော့ အစ်မများအလုပ်ရနေသလားလို့ ထင်နေတာ။ ဦးခြိမ့်အလုပ်ကိစ္စကြားရတာ ကျွန်တော်လဲ စိတ်ထဲမကောင်းဖြစ်ရပါတယ်။ ဒါပေမယ့် တီတီဆွိရေးထားသလိုပါပဲ ကိုယ်ပိုင်လုပ်ငန်းလေး အစပျိုးဖို့ ကံကဖန်လာတယ်လို့ ထင်ပါတယ်။ ဦးခြိမ့်လဲ ဒီထက်ကောင်းတဲ့အလုပ်သစ် ရနိုင်တာပါပဲ။ အကုန်အဆင်ပြေဖို့ မျှော်လင့်ပါတယ်ဗျာ။
    လီယို

    ReplyDelete
  3. မြန်မြန်ဆက်ပါဗျို့။
    ညီမလဲ အင်ဂလိပ်စာ တော်တော်အားနည်းနေတယ်။
    အလုပ်မှာ အင်္ဂလိပ်လို မသုံးတော့ ပိုဆိုးတယ်။

    ReplyDelete
  4. Very interesting. Wish you good luck and waiting for new post.

    ReplyDelete
  5. Waiting for part 2. Best of luck :)

    ReplyDelete
  6. တီဆွီ
    မြန်မြန်ရေးပါဗျို.။
    ဖတ်ရတာ အသက်တောင်မရှုဘဲဖတ်နေတာ၊ အောက်ဆုံးပို.စ်ပြီးခါနီးလောက်ကျရင်တော. happy ending ဖြစ်မှာပါဆိုပြီးအသက်အောင်.ပြီးဖတ်နေတာ၊ ပို.စ်က မပြီးသေးတော. ဆန်.တငံ.ငံ.နဲ.။
    စိတ်ပူလို.။ ဒါပေမယ်. ဘယ်လိုဘဲဖြစ်ဖြစ် တီဆွိတို.ဦးခြိမ်.တို. ကောင်းကောင်းကျော်လွှားနိုင်မယ်ဆိုတာတော. စိတ်ထဲအလိုလိုထင်နေမိတယ်။
    အခုလဲ အဲ.ဒီကိစတွေကျော်လွှားသွားပြီးမှ တီဆွိ ဒီပို.စ်ရေးတာလားဟင်။
    မြန်မြန်ရေးပါနော်။

    ReplyDelete
  7. လန့် တာ တီဆွိရယ် ..အပိုင်း ၂ သွားဖတ်အုံးမယ်

    ReplyDelete
  8. အပိုင်း ၂ ဖတ်လိုက်ဦးမယ်ဗျို့ 

    ReplyDelete