ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းနှင့် နှစ်ဆန်းပိုင်းတွင် 
ရန်ကုန်မြို့သို့ အလည်တစ်ခေါက် ရောက်ခဲ့ပါသည်။ ရန်ကုန်ရောက်ခိုက် ခဏ 
မိသားစု အနေနဲ့ မိမိလိုသလို သွားလာနိုင်ဖို့ သူငယ်ချင်းက 
သူ၏နံပါတ်ယူပြီးခါစ ကားအသစ်ကလေးကို ကျွန်တော်လက်အပ်ခါ လိုအပ်သလို 
အသုံးပြုဖို့ စေတနာဗလပွဖြင့် ပေးအပ်လာသောကြောင့် ကျွန်တော်ကလည်း အားမနာ 
လျှာမကျိုး ကောင်းကောင်းကြီးကို အသုံးချမိပါသည်။
ယာဉ်ကြောပိတ်ဆို့မှုများနှင့် ရန်ကုန်
 ရန်ကုန်မပြန်လာခင်က
 အွန်လိုင်း၊ ဖေစ်ဘွတ်ခ်၊ ဖော်ရမ် များ၏ ကောင်းမှုကြောင့် ရန်ကုန်မြို့အတွင်း 
မော်တော်ကားများလာလို့ ယာဉ်ကြောပိတ်ဆို့မှု (Traffic Jam) များ လာသည်ဟု 
ဆိုသောကြောင့် တတ်နိုင်သမျှ ယာဉ်ကြောနည်းမည်ထင်သော နေရာများဖြစ်သည့် 
လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင်နောင် စသည့်နေရာများကို တတ်နိုင်သမျှ 
ရှောင်ဖယ်ကာ မောင်းမိပါသည်။ မဖြစ်မနေ ရှောင်မောင်းလို့ မရမှသာ 
ထိုနေရာများကို မောင်းမိပါသည်။
ရန်ကုန်တွင် 
မော်တော်ကားများကို တင်သွင်းခွင့်ပေးလိုက်သည်နှင့်အမျှ မော်တော်ကား 
အရေအတွက် များလာသောကြောင့် ကားများပြည်ကျပ်လာသည်ဟု ဆိုကြပါသည်။ 
ကျွန်တော်အနေနဲ့ မှန်မှန်ကန်ကန် Statistically data collection တွေ 
မော်ဒယ်တွေ နဲ့ သေသေချာချာ တွက်ချက်ပြီး မှ မဟုတ်ပေမဲ့ ယိုးဒယား။ မလေးရှား၊
 ဆစ်ဒနီ စင်္ကာပူတို့တွင် ကားများကို ကြည့်က အပေါ်ယံသဘောဖြင့် ပြောရမယ်ဆိုလျင်
 ရန်ကုန်မြို့တွင် ကားများ ပြည့်ကျပ်မနေသေးပါ။ ရန်ကုန်မြို့ လူဦးရေ၊ 
လမ်းအရေအတွက် ကားပမာဏအရ ကားများပြည့်ကျပ်နေသည်ဟု ပြောနေသည်မှာ 
မဖြစ်နိုင်ပါ။ ကားမရှိသေးသော လမ်းများ တော်တော်များနေပါသေးသည်။
ကဲ
 ဆဲလိုလျင် ဆဲပါတော့။ ရိုးရိုးသားသား ပြောရရင်တော့ ကားကျပ်သည်မှာ မဟုတ်ပါ။ 
ကျွန်တော်တို့ ရန်ကုန်သူ/သားများ ယာဉ်စည်းကမ်း လမ်းစည်းကမ်း 
ဖောက်ဖျက်နေသောကြောင် ကားများ ပြည့်ကျပ်ခြင်း ယာဉ်တိုက်မှုများ 
ဖြစ်နေပါသည်။
မော်တော်ယာဉ်ရပ်နားရန်နေရာ
ကျွန်တော်
 သိရသမျှ ရန်ကုန်မြို့တွင် မော်တော်ယာဉ်ရပ်နားရန် သတ်သတ်မှတ်မှတ် 
တည်ရှိဆောက်ထားသောနေရာ မရှိလှပါ။ ရန်ကုန်မြို့ထဲတွင် လမ်းဘေးများတွင် 
ကားရပ်ကာ ကားရပ်ခ လိုက်လံကောက်သော သူများသာ ရှိပါသည်။ ထိုသူများကလည်း 
အဆင်ပြေသလို မော်တော်ကားများ နှစ်ထပ် ရပ်ခိုင်းသည့်အခါလည်း 
ရပ်ခိုင်းတတ်ပါသည်။ သူတို့၏ အဓိက ရည်ရွယ်ချက်မှာ ကားတစီးလျှင် ငွေ၂၀၀ကျပ် 
ကောက်ခံရန်သာဖြစ်သည်။ လမ်းစည်းကမ်း ယာဉ်စည်းကမ်း နားလည်သည်မရှိပါ။ 
ရန်ကုန်မြို့ထဲတွင် ပိုဆိုးသည်မှာ တချို့သော ဆိုင်များက မိမိဆိုင်ရှေ့ 
ကိုယ်ပိုင်ယာဉ်ရပ်ရန်နေရာဟု သတ်မှတ်ကာ (တချို့သည်လည်း စည်ပင်တွင် 
ငွေသွင်းထားသည်ဟု ဆိုပါသည်) မည်သည်ယာဉ်မျှ မရပ်အောင် 
လုပ်ထားသည်လည်း ရှိပါသည်။
ကျွန်တော်တို့ ယာဉ်မောင်းလိုင်စဉ် 
ဖြေစဉ်က မျဉ်းဖြူနီကျားတွင် ယာဉ်လုံးဝ မရပ်ရ၊ လူကူးမျဉ်းကျားနှင့် 
၃၀ကိုက်အတွင်းလားမသိ မည်သည်ယာဉ်မျှ မရပ်ရ၊ ဘတ်စ်ကားဂိတ်ဖြင့် ၃၀ကိုက်အတွင်း 
ယာဉ်လုံးဝမရပ်ရ စသည်ဖြင့် ယာဉ်စည်းကမ်းများကို စာမေးပွဲတွင် ဖြေခဲ့ရပါသည်။ 
ယခုတော့ ဘတ်စ်ကားဂိတ်လည်း မရှောင်၊ ဖြူနီကျားလည်းရပ်၊ 
လူကူးမျဉ်းကျားလဲမဖယ်ပေးနှင့် လုပ်ချင်သလို လုပ်နေတော့ ထိုရပ်ဆိုင်းထားသော 
ယာဉ်များကြောင့် မူလလမ်းများ ကျဉ်းမြောင်းသွားကာ 
ယာဉ်ကြောပိတ်ဆို့မှုများကို အထူးဖြစ်ပေါ်စေပါသည်။

 
ကျွန်တော်အနေဖြင့် စနစ်တကျ 
လေ့လာတွက်ချက်ထားသည်မဟုတ်ပဲ ကျွန်တော်စိတ်အထင် အကောင်းဆုံးဟု 
အကြံပေးလိုသည်မှာ ရန်ကုန်မြို့လည် ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္တုလလမ်း၊ 
ကုန်သည်လမ်း နှင့် ကမ်းနားလမ်း တို့ကို ၇ လမ်းမှ လမ်း၅၀ အတွင်း ထိုလမ်းမကြီးများတွင် မည်သည့်ကားမျှ ရပ်နားခြင်း မပြုသင့်ပါ။ နံပါတ် 
လမ်းများ (ဥပမာ လမ်း ၃၀၊ ၃၁၊ ရွေဘုံသာ၊ မောင်ထော်လေး စသည့် ကန်လန့် လမ်းများ) 
တွင် ယာဉ်ကြော တဖက်တည်းသာ ရပ်နားခွင့် ပြုသင့်ပါသည်။  ထိုသို့ 
ပြုလုပ်လိုက်လျင် ဘတ်စကားများ ရပ်နားရန် ရှင်းလင်းသွာြး့ပီး ကျန် 
အိမ်စီးမော်တော်ယာဉ်များအတွက် ယာဉ်ကြောပိတ်ဆို့မှု 
လျော့နည်းသွားမည်ထင်ပါသည်။ ထိုနည်းလည်းကောင်း အဓိက လမ်းမများဖြစ်သော 
အင်းစိန်လမ်း၊ ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်း သမိန်ဗရမ်းလမ်း တို့တွင် 
ယာဉ်ရပ်နားခွင့် မပေးပါက ယာဉ်ကြောပိတ်ဆို့မှု အလွန်အင်မတန် 
နည်းပါးသွားမည်ဟု ထင်ပါသည်။ 
ဘတ်စ်ကားများ စည်းကမ်းလိုက်နာ
ကျွန်တော်ကြုံတွေခဲ့သော
 ယာဉ်ပိတ်ဆို့မှု တစ်ခုကို ပြောပြပါမည်။ ထိုနေရာက 
ကမ္ဘာအေးဘုရားရှေ့ မှတ်တိုင်ဖြစ်ပါသည်။ ဘတ်စ်ကားဂိတ်ရှေ့တွင် ခရီးသည်များက 
ရပ်မစောင့်နေပါ။ ဘစ်ကားဂိတ်မတိုင်ခင် လူကူးမျဉ်းကြားမတိုင်ခင်လေးတွင် 
လူများရပ်နေပါသည်။ ထိုနားတွင် ကားတစ်စီး လမ်းကို ၄၅ဒီဂရီစောင်းကာ 
ရပ်ထားပါသည်။ မထသ ဘတ်စ်ကားကြီးက ရပ်ထားသောကားဘေးတွင် ကပ်လျက် ရပ်ကာ 
လူများကို တင်ပါသည်။ ကမ္ဘာအေး ဘုရားလမ်းမှာ တစ်ဖက် ၃ လမ်းသွားဖြစ်ပါသည်။ 
နောက်ထပ် ဘစ်ကား တစ်စီးမှာ ပထမရပ်ထားသော ဘစ်ကားနှင့် ယှဉ်ကာ 
ထပ်ရပ်လိုက်ပါသည်။ ထိုကြောင့် လမ်းကြော ၃ ခုလုံးပိတ်သွားပါသည် ထိုအခါ 
ဘယ်ဘက် အစွန်ဆုံးမှ မောင်းလာသော ဒိုင်နာမှ ထိုကားများကို ကျော်ရန် တစ်ဖက် 
ယာဉ်ကြောကို ၀င်ကာ မောင်းပါသည်။ တစ်ဖက် ယာဉ်ကြောမှ ဘစ်ကားတစီး လာပါသည်။ မအေ
 နှမ စုံအောင် ဆဲသံများ ကြားလိုက်ရပါသည်။ ထိုဖြစ်စဉ် တခုလုံးမှာ 
စည်းကမ်းမဲ့ ရပ်ထားသော ယာဉ်၊ စည်းကမ်းမဲ့ ဘတ်စ်ကားများ နှင့် တဖက် ယာဉ်ကြောထဲ 
ဝင်ရောက်မောင်းနှင်းမှုများ ဖြစ်ပါသည်။ ပြီးခဲ့တဲ့ နှစ်က 
ဘတ်စ်ကားတိုက်မှုများကို ကြည့်လိုက်လျင် 
တဖက်ယာဉ်ကြောထဲသို့မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုဖြစ်၊ ဘရိတ်ပေါက်လို့ 
ယာဉ်တိုက်မှု ဖြစ်ပွား စသည်ဖြင့် တွေ့ရပါသည်။  ၄င်းတို့သည် ဘတ်စ်ကားသမားများ၏ 
မဆင်မခြင်မှုများနှင့် မိမိယာဉ်၏ကြံခိုင်မှု မစစ်ဆေးခြင်းတို့ကြောင့် ဖြစ်ပါသည်။
ထိုကဲ့သို့
 ဖြစ်စဉ်မျိုးမှာ ထိုတနေရာထဲတင် မဟုတ်ပါ။ လှည်းတန်း၊ အင်းစိန် ဘူတာရုံလမ်း၊ 
သံလမ်း စိုက်ပျိုးရေး မှတ်တိုင် (Juntion square)၊ တော်ဝင်စင်တာ၊ 
လသာလမ်းမှတ်တိုင် မြေနီကုန်း လွစ္စလမ်းမှတ်တိုင်၊ အနော်ရထာ ဘားလမ်းမှတ်တိုင်၊
 ယုဇနပလာဇာ၊ မင်္ဂလာဈေး စသည် နေရာတ်ေတော်များများတွင် ကျွန်တော်အထက်က ပြောသော
 ဖြစ်စဉ်များ နေ့တိုင်းဖြစ်နေပါသည်။ မထသ (မော်တော်ယာဉ်ထိမ်းသိမ်းရေး 
အဖွဲ့)က ဘာတွေ ထိမ်းသိမ်းသလဲ မသိပါ။ ထိုကဲ့သို့ စည်းကမ်းမဲ့မှုများကို 
မျက်စေ့စုံမှိတ်ကာ ကြည့်နေကြသည်။နောက်ထပ်တခုက ဘစ်ကားများကို မြို့ထဲသို့ 
စုပြုံသွားနေသည် (Centralize) သယ်ယူပို့ဆောင်ရေး မျိုးမဟုတ်ပဲ ဖြန့်ကျက် 
သည့်သယ်ယူပို့ဆောင်ရေး ဖြစ်အောင် လုပ်နိုင်လျင် ကောင်းပါသည်။ 
Transportation Professional များဖြင့် တွက်ချက်ကာ စီစဉ်လျှင် 
တိုးတက်လာနိုင်သည်ဟု ထင်မိပါသည်။ ထိုကြောင့် မထသတွင် ဘတ်စ်ကားများကို 
တားကာပိုက်ဆံတောင်းနေသူများ ခန့်ထားသကဲ့သို့ ဘစ်ကားလိုင်းများ တိုးတက်ရန် 
လုပ်ဆောင်နိုင်သည့် ပညာရှင်များ ခန့်ထားရန်လည်း လိုအပ်ပါသည်။
မော်တော်ယာဉ်များ ကြံ့ခိုင်မှု
ကျွန်တော်တို့
 မိသားစု တနေကုန် လည်ပတ်ပြီး အိမ်ပြန်ချိန်က ညမိုးချုပ် မှောင်ချိန်ကျမှ 
အိမ်ကို ပြန်ရောက်သည်က များပါသည်။ ကျွန်တော်သည် ကားမောင်းရင်း ဘေး ဘယ်ညာ 
နောက်ကြည့်မှန်များကို ၁၀-၁၅ စက္ကန့်တခါ ကြည့်ချင်းအားဖြင့် 
ကိုယ်မောင်းနှင်မှု အန္တာရာယ် ကင်းရှင်းမှု ရှိမရှိ အမြဲကြည့်ပါသည်။ 
တစ်ညမှာတော့ ကျွန်တော့် ကားနောက် မှောင်ကြီးမည်းမည်းတွင် မော်တော်ကားသဏ္ဍာန် 
အရာတခု ကပ်ပါလာသဖြင့် လမ်းနဘေးသို့ ချပေးလိုက်ရာ ရှေ့မီး၊ နောက်မီး လုံးဝ 
မပါရှိသော တက္ကစီကားတစ်စီးဖြစ်သည်ကို သိလိုက်ရပါသည်။ အလွန်အန္တာရာယ်များရာ 
ထို တက္ကစီမှာတော့  ဘာမှ မဖြစ်သကဲ့သို့ မောင်းသွားပါသည်။ ဟိုတစ်ရက်က 
တက္ကစီကားအဟောင်းများကို စီးနင်းလိုက်ပါသူနည်းပါးလို့ ကွန်ပလိမ့်တက်နေတာ 
ဖတ်လိုက်ရပါတယ်။ ကျွန်တော်တွေ့ဖူးသည့် နိုင်ငံခြားက တက္ကစီသမားတွေကတော့ 
ခရီးသည်မရချိန် စောင့်ဆိုင်းနေချိန်မှာ ဒရိုင်ဘာများက မိမိကားကို 
သန့်ရှင်းအောင် သုတ်ခြင်း၊ မှန်များကို ပြောင်လက်အောင် တိုက်ခြင်း၊ 
ကားအတွင်း အနံအသက် ကောင်းအောင် လုပ်ခြင်းများ ပြုလုပ်ခြင်းဖြင့် မိမိကားကို စီးချင်စဖွယ်ဖြစ်စေပါသည်။ မြန်မာပြည်က 
တက္ကစီသမားများကတော့ အားနေချိန် ပိုက်ဆံပွတ်၊ ကွမ်းဝါး၊ နှစ်လုံးတွက် 
အလုပ်များဖြင့် မော်တော်ကားများက စီးချင်စရာမကောင်းအောင် 
ပျက်စီးနေပါတော့သည်။

 
ကျွန်တော်နေထိုင်ခဲ့ဖူးသော 
စင်္ကာပူနိုင်ငံတွင် မော်တော်ယာဉ်သက်တမ်း ၃နှစ်ကျော်ပါက တနှစ်တခါ 
လိုင်စင်ဝင်လျင် တာယာ၏ လမ်းပေါ်တွင် စိတ်ချစွာ ရှိနိုင်သော အခြေအနေ၊ ဘရိတ်၊ 
ကား ရှေ့မီး၊ နောက်မီး ဘရိတ်မီး၊ ကားအောက်ပိုင်း ဆီယိုမှု ရှိမရှိတို့ကို 
နွားများဖြဲကြည့်သကဲ့သို့ သေချာစွာ စစ်ဆေးသည်။ ထိုသို့ စစ်ဆေးမှု 
အောင်မြင်မှ လိုင်စင်တိုးခွင့် ရပါသည်။ ထိုနည်းလည်းကောင်း လက်ရှိနေသော 
နိုင်ငံတွင်လည်း ဘရိတ်နှင့် တာယာတို့၏ အခြေအနေကို စစ်ဆေးပါသည်။
၂၀၁၂
 ခုနှစ်က ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများတွင် မော်တော်ကားဘရိတ်ပေါက်၍ 
ဆိုသည့် အကြီးစားယာဉ်တိုက်မှုများဖြစ်ပွားသည်ကို တွေ့ရှိရမှာ ဖြစ်ပါသည်။ 
ထိုကြောင့် တစ်နှစ်တခါ မော်တော်ကားများ လိုင်စင်ဝင်ရောက်ပါက မော်တော်ယာဉ် 
ကြံခိုင်မှု မရှိသော မော်တော်ယာဉ်များကို ဌာနဆိုင်ရာများမှာ လာဘ်ငွေ 
စားသောက်ခြင်းမပြုလုပ်ပဲ မှန်မှန်ကန်ကန် ကောင်းမွန်မှ သက်တမ်းလိုင်စင် 
တိုးပေးသင့်ပါသည်။ ဌာနဆိုင်ရာမှ မလုပ်နိုင်လျင် ပြင်ပ လုပ်ငန်းများကို 
စည်းကမ်းသတ်မှတ်ပေးကာ စစ်ဆေးပြီးမှ ထိုလုပ်ငန်းများအနေဖြင့် တာဝန်ယူ 
အာမခံပေးမှ သက်တမ်းတိုးပေးသင့်ပါသည်။
မှန်ကန်တဲ့ ယာဉ်မောင်းလိုင်စင်
ကျွန်တော်
 ရန်ကုန်ုမြို့ထဲ မောင်းနှင်နေလျှင် ကျွန်တော်၏ ညာဘက်မှနေ မော်တော်ကားတစီးသည် 
အချက်ပြမီးမပေး ဟွန်းသံမပေးနှင့် ကျွန်တော်မောင်းနေသော လမ်းထဲသို့ 
အတင်း ၀င်ကပ်ကာ မောင်းပါသည်။ အကယ်၍ ကျွန်တော်ကသာ ဘရိတ်အုပ် 
အရှိန်မလျှော့လိုက်လျင် ထိုကားနှင့် ကျွန်တော်တိုက်မိမည်မှာ အသေအချာပင်။ 
ကျွန်တော်သည် ထိုကားကို နောက်မှလိုက်ကာ ကျော်တက်ကြည်လိုက်မိတော့ 
ထိုကားမောင်းသူ လူငယ်မှာ ဘေးမှန်၊ နောက်မှန်ကြည်ပုံမရပါ။ လမ်းစည်းကမ်းလဲ 
သိပုံမရပါ။ ရန်ကုန်မြို့ထဲတွင် မော်တော်ကားမောင်းနေသော ကားဒရိုင်ဘာများ အသက်
 ၂၀ မှ အသက် ၃၅ အတွင်း စစ်ဆေးလိုက်ပါက အနည်ဆုံး ၇၀% ခန့်မှာ 
ကားမောင်းလိုင်စင်ကို မှန်မှန်ကန်ကန် ရယူထားသည်မဟုတ်ပဲ ပိုက်ဆံပေး ရယူခြင်း
 ယာဉ်မောင်းလိုင်စင် ရုံး ဘယ်နေရာတွင် ရှိမှန်းမသိသည် လူတော်တော် 
များမည်ထင်ပါသည်။
ထိုကြောင့် မြန်မာနိုင်ငံတွင် 
မည်သည်နေရာတွင်ဖြစ်ပါစေ ယာဉ်စည်းကမ်း ဥပဒေကို မှန်ကန်စွာ 
သိနားလည်ဖြေဆိုခြင်း၊ ယာဉ်မောင်းလိုင်စင်ကို မှန်ကန်စွာ ဖြေဆိုပြီးမှ 
ပေးအပ်သည့်စနစ်ကို ကျင့်သုံးသင့်ပါသည်။ အစိုးရဌာနမှ ကျွန်တော်တို့ 
မှန်မှန်ကန်ကန် လုပ်ပေးနေပါသည် မပြောပါနှင့်၊ လာဘ်ငွေယူပြီး ထုတ်ပေးလိုက်သည်
 လိုင်စင်များမှာ ယာဉ်တိုက်မှုနှင့် အသက်ဆုံးရှုံးမှုများ 
ဖြစ်ပွားခဲ့ပါသည်။ ထိုအတွက်ကြောင့် ယာဉ်မောင်းလိုင်စင် ထုတ်ပေးသော 
ဌာနများတွင် အမှန်တကယ်တာဝန်အပြည့်ရှိပါသည်။
အိမ်မောင်း 
ယာဉ်လိုင်စင်သာမက ဘတ်စ်ကား လိုင်စင် ယူသူများကိုပါ ပညာပေးသင့်ပါသည်။ 
ကြုံကြိုက်လို့ ပြောရလျင် ဟံသာဝတီ အ၀ိုင်းမှ စတင်၍ ဘတ်စ်ကားတစီးသည် 
အဖြုရောင်ဖြတ်လမ်းကို အလယ်မှ ခွကာ မောင်းနှင် လာသည်မှာ မြေနီကုန်းအထိ 
ဖြစ်ပါသည်။ အဖြူရောင်ဖြတ်လမ်းအတွင်းမှ ယာဉ်များ မိမိယာဉ်ကြောအတွင်း 
မောင်းနှင်ပါက သာမာန်ယာဉ်တိုက်မှုကို ရှောင်ရှားနိုင်ပါသည်။ လိုအပ်၍ ကျော်တက် 
လမ်းပြောင်းလျှင်သာ အဖြူရောင်ဖြတ်လမ်းကို ကျော်ကူးခွင့် ရှိပါသည်။ အောက်မှ 
ပုံကို ကြည့်နိုင်ပါသည်။
|  | 
| စည်းကမ်းမဲ့ ဘတ်စ်ကားတစီး အဖြူရောင်မျဉ်းကို ခွမောင်းနေပုံ နှုင့် စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ | 
ယာဉ်ထိမ်းရဲများ ယာဉ်ကိုထိမ်း၍ လမ်းစည်းကမ်းလဲ လိုက်နာမယ်။
ကျွန်တော်
 ရန်ကုန်မှာ ရှိနေသည့် ကာလအတွင်း ယာဉ်ထိမ်းရဲအနေနှင့် ၂ခါ-၃ ခါလောက်သာ တွေ့ခဲ့ဖူးပါသည်။ 
ကျန်သည့် ယာဉ်ထိမ်းရဲများသည် မီးပွိုင့်များတွင် အခိုင်အမာ ဆောက်ထားသည့် 
အဆောက်အဦးထဲ ငြိမ်ပြီး ငွေရပေါက်ကိုပဲ ကြည့်နေသည်လား မပြောတတ်ပါ။ 
ယာဉ်ကြောပိတ်ဆို့မှုများသည် သူတို့နဲ့ လားလားမှ မဆိုင်သကဲ့သို့ပင်။ ယာဉ်ကျောတွေ မည်မျှပိတ်ပိတ် လာရောက်ရှင်းလင်းပေးဖို့ စိတ်ကူးရှိပုံမရပါ။ နောက်ပြီး 
သူတို့တတွေက မယောင်ရာဆီလူးနေသလားတော့ မပြောတတ်ပါ။ တစ်ခါက ချော်တွင်းကုန်း 
(န၀ဒေး မီးပွိုင့် အလွန်) လေးတွင် တစ်ပွင့်နဲ့ ယာဉ်ထိမ်းရဲ ၃ ယောက် 
ရပ်နေသည်ကို တွေ့ရသည်။ ထိုနေရာမှ တစ်ပြလောက်အထိ ကားက ရှင်းနေသည်။ 
နှစ်ပြလောက်နေတော့ ကားတွေပိတ်နေသည်ကို တွေ့ရသည်။ ကျွန်တော်ကားဆက်မောင်းရင်း တွေ့လိုက်သည်ကတော့ ကမ္ဘာအေး ဘုရားရှေ့တွင် ယာဉ်တိုက်မှု 
ဖြစ်နေသည်။  ကားမှန်တွေ တစစီကျနေသည်။ မည်သည့်ယာဉ်ထိမ်းရဲမှ အနားတွင် 
ရှိမနေပါ။ ရောက်မလာပါ။ ကျွန်တော်အံသြမိသည်က စောနက တွေ့သည့် ယာဉ်ထိမ်းရဲ ၃ ယောက်နှင့် ယခု 
ယာဉ်တိုက်မှုနေရာမှာ လမ်းလျှောက်လျှင် ၁၀မိနစ်နှင့် ရောက်နိုင်ပါသည်။ သို့ပေမဲ့ သူတို့ ဘာလို့ရောက်မလာလဲ ဆိုသည်ကိုတော့ အံသြမိသည်။
တစ်ခု
 သတိထားမိသည်က ရန်ကုန်မြို့တွင် ယာဉ်ကျော ပိတ်ဆို့မှုများကို ကာကွယ်ရန်၊ ယာဉ်မောင်းသူတွေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရန်၊ ပညာပေးရန်အတွက် 
ယာဉ်ထိမ်းရဲများ  များများခန့်ဖို့ လို့အပ်သည်ဟု ကျွန်တော်သတိထားမိလိုက်ပါတယ်။ 
ယာဉ်ထိမ်းရဲတွေ များများခန့်ပြီး ယာဉ်ထိမ်းရဲ ကိုယ်တိုင် ယာဉ်စည်းကမ်း 
နားလည်ရန်နှင့် ယာဉ်မောင်းများထံမှ ပေးစာကမ်းစာ မစားဖို့ လိုအပ်သည်ဟု အကြံပေးမိမှာအမှန်ပင်။
မြို့တော်စည်ပင်တွင်လည်း တာဝန်ရှိပါသည်။
မော်တော်ကားများ
 ကိုယ်လမ်းနှင့်ကိုယ် မှန်မှန်ကန်ကန် သွားလာနိုင်ရန် 
မြို့တော်စည်ပင်မှာလည်း လမ်းများတွင် အဖြူရောင်ဖြတ်မျဉ်း၊ အဖြူရောင်မျဉ်းသေ၊
 ပလက်ဖောင် ဖြူနီကျား၊ ကားမရပ်ရန်နေရာများကို သေသေချာချာ ထင်ထင်ရှားရှား 
ရေးဆွဲသင့်ပါသည်။ မဟာဗန္ဒုလလမ်း တစ်လျှောက် အဖြူရောင်မျဉ်းများ မရှိတော့ပါ။ 
အ၀ါရောင်မျဉ်းများ မရှိပါ။ ပျက်လျင် ပြန်ဆွဲဖို့ အချိန်မဆိုင်းပါနှင့်၊ 
စည်းကမ်းရှိစေလိုပါသည်။
ယာဉ်တွေ တင်မက လူတွေ နဲ့ ခွေးတွေပါ စည်းကမ်းရှိရပါမယ် ။
နောက်ထပ်
 စည်းကမ်းလိုက်နာသင့်သည်ကတော့ လမ်းလျှောက်သူများနှင့် ဈေးသည်များပဲ 
ဖြစ်ပါသည်။ လမ်းလျှောက်သူများကလည်း လမ်းစည်းကမ်း နားမလည် လျှောက်ချင်သလို 
လမ်းလျှောက်ကြသည်။ လမ်းများကို အလျင်းသင့်သလို ကူးကြပါသည်။ မီးပွိုင်များက 
ကူးဖို့ စိတ်ကူးထဲတွင် မထည့်ကြ။ ကြုံသလိုကူးကြသည်မှာ ငါတို့ကို ကားတွေက 
ကြည့်ရှောင်မယ်ဆိုသည် သဘောမျိုး မိမိကိုယ်ပိုင်လမ်းများကဲ့သို့ 
ပြုမူကြပါသည်။ နေ့လည် နေခင်း လင်းလင်းရှင်းရှင်းတွင်တော့ ဟုတ်ပါသည်။ 
ကားများက တတ်နိုင်သမျှ ရှောင်နိုင်သည်ပေါ့။ သို့သော် ညမှောင်မှောင် 
လမ်းကူးပြီး လမ်းခလယ်ကောင်တွင် တဖက်ကားသွားအလာ အရှင်း ရပ်နေကြတော့ 
ကျော်တက်လာသော ကားများက မမြင်ပဲ တိုက်မိကြသည်မှာလည်း ကြားဖူးနေကျဖြစ်ပါသည်။
တခါက
 ကျွန်တော် ယောက်ခမ အိမ်သို့ မော်တော်ကားဖြင့် မောင်းသွားပါသည်။ 
ကျွန်တော်ယောက်ခမ နေရာသည် မော်တော်ကား များများစားစား မလာပါ။ သို့သော် 
လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် ကယ်ရီများ၊ လမ်းသွားလမ်းလာများ 
အလွန်အင်မတန်များပါသည်။ ကတ္တရာလမ်းမတွင် လမ်းသွားလမ်းလာများက 
လမ်းလျှောက်နေသည်မှာ သူတို့အပိုင်ကဲ့သို့ပင်။ နောက်မှ ကားလာရောက်သည်ကို 
သိပါသော်လည်း ကားရှေ့မှ မဖယ်ပေးပါ။ ကျွန်တော်အနေဖြင့် ဟွန်းတီးရန် 
ဝန်လေးပါသည်။ ကားလာသည်ကို သိလျင် ဖယ်ပေးတန်ကောင်းရဲ့ဟု ထင်ရသော်လည်း 
မဖယ်သည့်အဆုံး ကားဟွန်းတီးမှ ဘေးသို့ ဆင်းပေးပါသည်။ လူများတင် 
မဖယ်ပေးသည်လားဟု မထင်လိုက်ပါနှင်။ ခွေးများကလည်း လမ်းမအလယ်ကောင်တွင် 
လဲလျောင်းနေသည်။ ကားလာသည်မှာ သူတို့ နှင့် မဆိုင်သလို၊ 
ကားဟွန်းလေးပုတ်လိုက်မှ ငေါက်ခနဲ ထပြီး လမ်းဘေးသို့ ဖယ်ပါသည်။
ကျွန်တော်တို့ နိုင်ငံတွင် လူများသာ လမ်းစည်းကမ်း မလိုက်နာသကဲ့သို့ ခွေးတိရိစ္ဆာန်များလည်း မလိုက်နာပါ။
နမူနာ
 အနေဖြင့် အောက်ကပုံ (The Voice Journal မှ ယူပါသည်။) 
|  | 
| အနော်ရထာ လမ်းမအလယ် 
လူကူမျဉ်းကျားပေါ်တွင် ဈေးရောင်းနေသာ စည်းကမ်းပျက် ဈေးသည် | 
အချုပ်အားဖြင့် ဆိုရသော်....
ရန်ကုန်မြို့တွင် 
ကားကျပ်နေသည်ဆိုသည်မှာ ကားများ အလွန်အင်မတန် များပြားလာသောကြောင့် မဟုတ်ပဲ 
မော်တော်ယာဉ်၊ ဒရိုင်ဘာ၊ မထသ၊ ယာဉ်ထိမ်းရဲ၊ စည်ပင်၊ လမ်းသွားလမ်းလာ၊ 
မှန်မှန်ကန်ကန် လိုင်စင်များ ပြုပြင်ရန် လိုအပ်နေသောကြောင့် ယာဉ်ကြောများ 
ပိတ်ဆို့ခြင်း ယာဉ်တိုက်မှုများဖြစ်ပွားနေခြင်း ဖြစ်ပါသည်။ 
မော်တော်ယာဉ်များ အရှိန်ပြင်းစွာ မောင်းနှင်သောကြောင့်လည်း မဟုတ်ပါ။ ရန်ကုန်မြို့တွင်း ကီလိုမီတာ ၆၀
 ထက်ကျော်အောင် မောင်း၍မရပါ။ စည်းကမ်းရှိမှသာ ထိုပြသနာများ 
ပျောက်ကွယ်မည်ဖြစ်ပါသည်။
တစ်ခု သိသည်က ကျွန်တော်ပြောတာထက် 
ပိုပြီး လိုအပ်တဲ့ အချက်တွေ အများကြီး ရှိနေဦးမှာပါ။ ယာဉ်စည်းကမ်းကို  တစ်ဦး၊တစ်ယောက် ထဲမှ မဟုတ်ပဲ ဘက်ပေါင်းစုံမှ ၀ိုင်းဝန်းမည်ဆိုပါက 
ယာဉ်အန္တာရာယ် အမှန်တကယ် လျော့နည်းလာမည်ဖြစ်ကြောင်း အကြံပေးလိုက်ရပါသည်။
မောင်ခြိမ့်
မှတ်ချက် - ပုံအချို့ကို google မှ ရယူပါသည်။ Credit to original up loader.