Saturday, July 17, 2021
Singapore style fried carrot cake (Chai Tow Kway), အော်ကေ့ကြည်
Monday, May 17, 2021
ရှမ်းမုန်ညင်းချဉ် (အလွယ်နည်း)
ပထမဆုံး ဆိုင်က မုံညင်းချဉ်နှစ်ထုပ်ကို တစ်လက်မကျော်ကျော် အရှည်လေးတွေ ဖြတ်ပြီး အချောင်းလေးတွေ ပြန်လှီးပါ။
ပြီးရင် မံညင်းချဉ်တွေကို ရေခဲသေတ္တာထဲ ခဏပြောင်းထည့်ထားပါ။
မုံညင်းချဉ် အရည်တွေကို လွှင့်မပစ်ပဲ မုံလာပန်းပွင့် တစိတ်၊ မုံလာဥနီ ၂ဥခန့် ပါးပါး အစိတ်လေးတွေလှီးပြီး ချဉ်အောင် ပြန်စိမ်ပါမယ်၊
.
အချဉ်ရည်မလောက်တတ်လို့ မုံလာဖတ်တွေ မြုတ်အောင် ရှာလကာရည် အနည်းငယ်၊ ရေ အနဲငယ် ရောထည့်နိူင်ပါတယ်။ သကြား စားပွဲဇွန်း တစ်ဇွန်း၊ ဆားအနည်းငယ်ထည့်ပြီး ၂ရက် ၃ရက်ခန့် ချဉ်လာသည်အထိ စိမ်ထားပါ။
မုံလာချဉ် စ နယ်ပါတော့မယ်။
ဇလုံ ခပ်ကြီးကြီး တစ်လုံးထဲကို ရေခဲသေတ္တာထဲ ထည့်ထားတဲ့ မုံညင်းချဉ်၊ မုံလာပန်းပွင့်၊ ဥနီအချဉ် စိမ်ထားတာတွေကို အရည်တွေစစ်ပြီး အားလုံးရောလိုက်ပါ။ အချဉ်ရေ အနည်းငယ် ပါအောင် ထည့်ပါ။
ပြီးရင် ကြံသကာအခဲ ချေပြီးသား စားပွဲဇွန်း တစ်ဇွန်းခွဲခန့် ၊ ငရုပ်သီး အကြမ်းမှုန့် စားပွဲဇွန်း တစ်ဇွန်း မောက်မောက်၊ ငရုပ်သီး အရောင်တင် (sweet paprika) စားပွဲဇွန်း တစ်ဇွန်း၊ နံနံမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းမောက်မောက်၊ ဇီယာ မှုန့် လက်ဖက်စားဇွန်း ၄ပုံတစ်ပုံ ခန့်တို့ကို သမအောင် ရောမွှေပေးပါ။
ပုံအချို့ကို google မှ ယူပါတယ်။ credit to original uploader.
Friday, December 4, 2020
Dan Dan Noodles
Dan Dan Noodles အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့
ဝက်သားအကြေ ကြော်အတွက်
ဝက်သားအကြေ ၄၀၀ ဂရမ်
မုန်ညင်းချဉ် ( pickle mustard ) ၃၀၀ ဂရမ် - chop လုပ်ထားပါ။
ဆီ 1/2 cup
ပဲငံပြာရည် အကြည်
ပဲငံပြာရည် အနောက်
သကြား စားပွဲဇွန်း တစ်ဇွန်း
ငရုပ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝ က်
ငရုပ်သီးအရောင်တင်မှုန့် စားပွဲဇွန်း တစ်ဇွန်း
ကြက်သွန်ဖြူ ၃ မွှာခန့် - chop လုပ်ထားပါ၊
ပြုလုပ်ပုံ
ဝက်သားအကြေ ကို ပဲငံပြာရည် အကြည်၊ အနောက်၊ ငရုပ်ကောင်းမှုန့် သကြားတို့ နဲ့ နယ်ထားပါ၊
ဒယ်အိုး ထဲကို ဆီထည့် ကြက်သွန်ဖြူဆီသတ်ပါ၊
ပြီးရင် ဝက်သားအကြေ ထည့်ကြော်ပါ။
ဝက်သား အရည်ကုန်ရင် မုန်ညင်းချဉ် ထည့်ပြီး အရည်ကုန်အောင် ဆက်ကြော်ပါ၊
ဆီပြန်လာရင် ငရုပ်သီး အရောင်တင်မှုန့်ထည့်ပြီး ဆားအပေါ့ အငံ အချို စိတ်ကြိုက်ပြင်ထားပါ။
------------------------------------------------
အရိုးပြုတ် အချိုရည်အတွက်
ကြက်ရိုး (သို့) ဝက်ရိုး - ၂ ကေဂျီ
ဆား သင့်သလို
သကြား သင့် သလို
ဂျင်း ၅ လွှာခ န့်
ကြက်သွန်မြိတ် အမြစ်ပိုင်း အနည်းငယ်
ပြုလုပ်ပုံ
ကြက်ရိုး (သို့) ဝက်ရိုး တွေကို ရေမြုပ်အောင်ထည့်၊ အပေါ်် က ingredient တွေထည့်ပြီး တစ်နာရီခန့် မီးအေးအေးနဲ့ အချိုရည်ထွက်လာသည်အထိ ပြုတ်ပါ၊
ပြီးရင် အရိုးတွေကို စစ်ချပြီး ဟင်းချိုရည်ကိုပဲ ယူထားပါ။
ဆား အပေါ့အငံ လိုအပ်သလို ပြင်ထားပါ။
-----------------------------------------------------------------
Chilli oil အတွက်
ဆီ 1 cup
ငရုပ်သီး အကြမ်းမှုန့် စားပွဲဇွန်း ၅ ဇွန်း
Sichuan pepper စားပွဲဇွန်း တစ် ဇွန်း - ညက်နေအောင်ထောင်းထားပါ။
နှမ်း စားပွဲဇွန်း ၂ဇွန်း
သစ်ဂျပိုးခေါက် တစ်ခု
နာနတ်ပွင့် ၇ ပွင့်
ကလ ဝေးရွက် ၇ ရွက်
Black Cardamom ၂ ခု
ပြုလုပ်ပုံ
ပန်းကန် စောက်နက်နက် တစ်လုံးထဲကို ငရုပ်သီးမှုန့် ၊ ဇီချွမ် ငရုပ်ကောင်းအမှုန့် ၊ နှမ်း တို့ကိုထည့်ထားပါ။
ဒယ်အိုးထဲကို ဆီထည့်ပါ။
ဆီကျက်လာရင် ဟင်းခတ် အမွှေးအကြိုင်တွေထည့်ပြီး မွှေးလာသည်အထိ ဆီသတ်ပါ။
ပြီးရင် စောနက ပြင်ထားတဲ့ နှမ်း၊ ငရုပ်သီးမှုန့်နဲ့ ဇီချွမ်း အမှုန့် တွေပေါ်် ကို စကာနဲ့ စစ်ပြီး ဆီပူပူကို လောင်းချပါ။
ဆီတွေ နှံ့ သွားအောင် ဇွန်းနဲ့ မွှေပေးပါ။
Flavour အပြည့်နဲ့ Chilli oil ရပါပြီ။
![]() |
| photo credit : google |
------------------------------------------------------------------
Dan Dan Noodle sauce အတွက်
Sesame paste စားပွဲဇွန်း ၂ဇွန်း
Peanut butter စားပွဲဇွန်း ၂ဇွန်း
ပဲငံပြာရည် အကြည်ရည် စားပွဲဇွန်း တစ်ဇွန်း
ပဲငံပြာရည် အနောက်ရည် စားပွဲဇွန်း တစ်ဝက်
Chilli oil စားပွဲဇွန်း ၃ ဇွန်း
အရိုးပြုတ်ရည် စားပွဲဇွန်း ၅ ဇွန်း
ပြုလုပ်ပုံ
အထက်ပါ ပစ္စည်းများကို ပန်းကန်ဇောက်နက် တစ်လုံးထဲထည့်ပြီး သမနေအောင် နာနာ မွှေပေးပါ၊
အောက်က ပုံလေးအတိုင်း လုပ်ရင်လဲ ရပါတယ်၊
| Photo credit : google |
-------------------------------------------------------------------
ခေါက်ဆွဲ အတွက်
ဂျုံခေါက်ဆွဲကို ပြုတ်ပြီး ရေစစ်ထားပါ။
-------------------------------------------------------------
ဟင်းရွက်များပြင်ဆင်ထားရန်
မုန်ညင်းရွက်ကို ၂လက်မလောက် အရှည် များ လှီးပြီး ရေနွေးဖျောပြီး ရေစစ်ထားပါ။
ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။
-----------------------------------------------------------
လိုအပ်သည်များ ပြင်ဆင်ပြီး ပွဲပြင်ရန်အတွက်
ပထမဆုံး ခေါက်ဆွဲကို ဇလုံ စောက် နက်နက်ထဲ အရင်ထည့်ပါ။
အပေါ် ကနေ ဟင်းရည် စားပွဲဇွန်း ၅ ဇွန်းခန့် အရင်ထည့် ပါ။
ဝက်သားအကြေ ၊ Sesame paste ၊ Chilli oil ၊ အရွက်များကို အပေါ်််််ကနေ လှအောင်ပြင်ဆင်ပါ။
အလွန် အရသာရှိတဲ့ Dan Dan Noodle ကို စားဖို့ အဆင်သင့် ဖြစ်ပါပြီ။
Monday, November 30, 2020
စင်္ကာပူစတိုင် Fried fish soup
စင်္ကာပူစတိုင် Fried fish soup အတွက် လိုတဲ့ ပစ္စည်းတွေက (လူ ၅ယောက်စာ အတွက်)
Ling fish fillet (သို့) Basa fillet (ငါးအသားချည်း ) - ၅၀၀ ဂရမ်
အကြော် မှုန့် - စားပွဲဇွန်း ၃ဇွန်းခ့န်
ငရုပ်ကောင်းမှုန့် (white pepper) အနည်းငယ်
ပဲပြား (soft tofu) - ၂ခုခန့်
ခရမ်းချဉ်သီး - ၂လုံး
ဆလတ်ရွက် တစ်ထုတ် (Iceberg lettuce )
မုန်ညင်းဖြူရွက် တစ်စည်း (Choy Sum)
ကြက်ဟင်းခါးသီး အထူသီး တစ်လုံး- အစေ့ ထုတ် ပါးပါးလှီး
ကြက်သွန်မြိတ် (Spring Onion)
နံနံ (Coriander)
ကြက်သွန်နီကြော်
ရေညှိ ခြောက်
နန်းလတ် မုန့် တီ အစို (မရှိရင်) အခြောက် တစ်ထုပ် (jiangxi rice stick)
ကြိုက်တတ်ရင် ငနီတူငါးခြောက်ကြော် ကိုလည်း အဆင်သ့ ပြင်ဆင်ထားပါ။
-----------------------------------------
ဟင်းချို အတွက်
ငါးရိုး ၅၀၀ ဂရမ် (မရလျှင်) ဆယ်လ်မွန် ငါးရိုး - 1 kg
ငါးနီတူငါးခြောက် ၂၀ ကောင်ခန့် (ikan bilis )
ပဲပိစပ် (Soy bean) -1 cup
ဂျင်း အနည်းငယ်
နွားနိူ့ အနည်းငယ်
-----------------------------------------------
မုန့်ဖတ် ပြုတ်ရန်
မုန့်ဖတ်အခြောက်ဆို ပြုတ်ပြီး ရေစစ်၊ အဆင်သင့်ဖြစ်အောင် အအေးခံထားပါ။
ဟင်းချို ပြင်ဆင်ခြင်း
ပထမ ဆုံး ငါးရိုးနဲ့ ငါးခေါင်း တွေကို အညှိ အချွဲတွေပျောက်အောင် ဆားနဲ့ နယ်ပြီး ရေ ၃-၄ ခါလောက် ဆေးချပါ။
အညှိတွေ ပျောက်သွားရင် ငါးနီတူ၊ ပဲပိစပ်၊ ဆား ၊ ဂျင်း ပါးပါးလှီးထားတာ ၃-၄ ပြားလောက်ထည့်ပြီး ရေမြုတ်အောင် ၄၅ မိနစ်ခန့်ပြုတ်ပြီး အချိုရည်ရအောင် ယူထားပါ။
ပြီးရင် နွားနို့ အနည်းငယ် ရော၊ ဆူပွက်နေအောင် ပြန်ကျိုပြီး ဟင်းချိုကို အပေါ့ အငံ အချို အနေတော်် ဖြစ်အောင်ပြင်ထားပါ။
အခြား ingredient များ ပြင်ဆင်ထားရန်
ငါးအသားကို လက်တစ်လုံးခန့် အထူလေးတွေ လှီးပြီး ဆား (အနည််းငယ်သာ) ငရုပ်ကောင်း မှုန့်တို့နှင့် နယ်ထားပါ။
ပြီးရင် အကြော် မှုန့်ကို ရေအနည်းငယ်နဲ့ ဖျော်ပြီး ငါးအသားလွှာ တစ်ခုလုံးနစ်အောင် နှစ်ပြီးမှ ကြွပ် နေအောင် ကြော်ပြီး ဆီစစ်ထားပါ။
ပဲပြားကို လက်မဝက်ပတ်လည် အတုံးလေးတွေ တုံးထားပါ။
ခရမ်းချဉ်သီးကို ၈စိတ်စိတ်ထားပါ။
ဆလတ်ရွက်ကို အရွက်လေးတွေ ခွါထားပါ။
မုန်ညင်းရွက်ကို နှစ်လက်မ အရှည်လေးတွေ ဖြတ်၊ ကြက်ဟင်းခါးသီးကိုလည်း အစိမ်းရောင် မပြတ် ရေနွေး ဖျောပြီး စစ်ထားပါ။
ကြက်သွန်မြိတ် နံနံပင်ကို ပါးပါးလှီးထားပါ၊
ပွဲပြင်ရန်အတွက်
ပထမဆုံး ဇလုံခပ်ကြီးကြီးထဲကို ဆလတ်ရွက်အလွှာတွေ ကို ခင်းလိုက်ပါ။
အပေါ် ကနေ မုန့်ဖတ် ကို သင့်တော် သလိုထည့်ပါ။
ပဲပြား၊ ခရမ်းချဉ်သီး၊ ရေညှိ၊ မုန်ညင်းရွက်၊ ကြက်ဟင်းခါးသီး ငါးကြော် အစရှိသည်တို့ကို မုန့်ဖတ်ပေါ်ကနေ လှအောင် စီထည့်ပြီး ဟင်းချို ပွက်ပွက်ဆူကို ဇွန်းနဲ့ လောင်းထည့်ပါ။
အပေါ်ကနေ နံနံ ၊ ကြက်သွန်မြိတ် ၊ ကြက်သွန်နီကြော်ဖြူးပြီး စားနိူင်ပါပြီ။
ကြိုက်တတ်ရင် ငနီတူကြော်ကိုလည်း ထည့်စားနိူင်ပါတယ်။
အလွန် အရသာရှိတဲ့ fried fish soup ဖြစ်ပါတယ်။
Thursday, November 5, 2020
Singapore စတိုင် Carrot cake လုပ်နည်း
Tuesday, April 21, 2020
မြန်မာ အကြိုက် မဆလာ ကြိတ်နည်း
မဆလာဆိုတော့ ဟိုးအရင် စင်္ကာပူမှာနေတုံးက ကုလားလေး မဆလာသုံးတယ်။ နောက် အဲဒါ သုံးရင်း ဟင်းချက်တိုင်း ဒီအနံ့ဆိုတော့ အနံ့က ငြီးငွေ့လာရော။ အဲဒီတော့ wet market တွေက မလေးဆိုင်တွေမှာ ရောင်းနေတဲ့ မဆလာ အစိုတွေ အရမ်းမွှေးတာ အဲဒါလေးတွေ ဝယ်သုံးတာ အဆင်ပြေလို့ပေါ့။ မျိုးစုံပဲ ဝယ်လို့ရတယ် လတ်လတ်ဆတ်ဆတ်တွေ။
...
ဒီဖက်ရောက်တော့ မဆလာလိုရင် ကုလားဆိုင်က လေးထောင့် စက္ကူဗူးလေးတွေနဲ့ ရောင်းတဲ့ နာမည်ကြီး Shan မဆလာဆိုတာဝယ်တယ်။ သူက ကံစမ်းမဲနှိုက်ရသလိုပဲ။ အစုံပဲ အမျိုးပေါင်း ၃၀ လောက်ကနေ ရွေးရတာ။ ကိုယ်နဲ့ကိုက်မယ်ထင်လို့ ကြက်သားမဆလာတို့၊ ပဲဟင်းမဆလာတို့၊ ဒန်ပေါက်မဆလာ အစရှိသဖြင့် ဝယ်လာ၊ ကြိုက်ပြီဆို မှတ်ထား၊ နောက်တစ်ခေါက်ကျ တွေ့ချင်မှတွေ့တာကိုး။ မတွေ့တော့ ဆင်တူမယ်ထင်လို့ ဝယ်ထားတာတွေက စပ်တဲ့ဟာက အရမ်းစပ်၊ အနံ့တွေကလဲ မကြိုက်နဲ့ အတော်ကို အဆင်မပြေလှဘူး။
...
မနှစ်က ဘုန်းကြီးကျောင်း ဈေးရောင်းပွဲအတွက် မုန့်ရေပါး လုပ်တော့ ဗမာမဆလာလိုတာနဲ့ အသိညီမတစ်ယောက်ဆီက သူမြန်မာပြည်က ယူလာတာဆို ခွဲပေးလာတာ၊ တော်တော်များတယ်။ နောက်အသိ ဆရာဆီကလဲ သူကြိတ်ထားတာဆို ပေးတာရော ၊ နောက် မလေးဆိုင်ကလဲ ဗမာမဆလာနဲ့ အတော်တူတဲ့ curry chicken မဆလာ ဝယ်သေးတယ်။ ဒါနဲ့ ဗမာ မဆလာနဲ့ မပြတ်ဘူး။
...
ဟိုနေ့က ဗယာကြော်လေးတွေ တော်တော်များများ ကြော်လိုက်တာနဲ့ ရှိတဲ့ ဗမာ မဆလာ လက်ကျန်လေးလဲကုန်၊ ကုလားမဆလာ တွေလည်း အရောင်တွေက အနီအဝါတွေ၊ စပ်ကလဲ စပ်လိုက်တာ၊ ဟင်းထဲ ဘယ်လိုမှ ထည့်ချက်လို့ မဖြစ်နိူင်တာနဲ့ ဒီနေ့ ပန်းသေးခေါက်ဆွဲလေး ချက်ဖို့ရာ ကိုယ့်တိုင် စမ်းကြိတ်ကြည့်ဦးမယ်ဆို ကြိတ်ဖြစ်သွားတာ။
....
အိမ်မှာ ဒန်ပေါက်က မကြာခဏ ချက်နေတော့ ဝယ်ထားတဲ့ spice တွေကလဲ အသုံးဝင်လာတယ်။ ရှမ်းခေါက်ဆွဲအတွက် ရှောက်ကော ၊ ပါးကောတွေကြိတ်ဖို့ ဝယ်ထားတဲ့ coffee grinder လေးကလဲ မထင်မှတ်ပဲ မဆလာကြိတ်ဖို့အတွက် အဆင်သင့်ဖြစ်နေတော့တယ်။
...
ကိုယ်တိုင်ကြိတ်တာဆိုတော့ မဆလာက လတ်ဆတ်လို့လား၊ တခြားအမှုန့်တွေ ဘာမှ ထပ်မရောလို့လား မသိ၊ ဆိုင်က မဆလာတွေထက် ပိုမွှေးတာကတော့ အမှန်ပဲ။
အဲဒီမဆလာနဲ့ ချက်တဲ့ ကြက်သားဟင်းကလဲ ငယ်ငယ်က အိမ်မှာ အမေချက်တဲ့ ကြက်သားဟင်းနံ့လေး ထွက်လာတော့ ငယ်ဘဝကိုတောင် သတိရသွားတယ်။
ကဲ ...အချီးလေးပြီးတော့ ကြိတ်နည်းလေးလာပါပြီ။
- Coffee grinder
- Cumin seeds (ဇီယာ) - 2 table spoon
- Coriander seeds (နံနံစေ့) - 2 table spoon
- Green cardamons (ဖာလာ) - 1 tea spoon
- Pepper corn ( ငရုပ်ကောင်း) - ၅ စေ့ခန့်
- Cinnamon ( သစ်ဂျပိုးခေါက်) - အသေး ၂ချောင်း
- Cloves ( လေးညှင်း) - 1 tea spoon
- Star Anise ( နာနတ်ပွင့်) - ၂ပွင့်
- Black cardamons ( စောကော) - တစ်လုံး (အကြီး)
- Bay leaf ( ကရဝေးရွက်) - ၂ရွက်
- Mustard Seeds ( မုံညင်းစေ့) - 1 tea spoon
...
- မကြိတ်ခင် အထက်ပါ ပစ္စည်းတွေကို ဒယ်အိုးထဲထည့်ပြီး မီးအနေတော်လောက်နဲ အရင် မွှေးအောင် လှော်လိုက်ပါ။ (မုံညင်းစေ့က အရင်တူးတတ်လို့ ချခါနီး နောက်ဆုံးမှ ထည့်ပါ)
(တချို့လဲ မလှော်ပဲ အစိမ်း ကြိတ်ကြတယ် ၊ မလှော်ရင်လဲ ရပါတယ်။ လှော်လိုက်ရင်တော့ ပိုမွှေးပါတယ်)
...
- လှော်ပြီးအအေးခံပါ။
...
- ပြီးရင် ပထမဆုံး သစ်ဂျပိုးခေါက်နဲ့ စောကောစေ့တို့က မာတော့ သူတို့ကို အရင် ကြိတ်လိုက်ပါ။
အကုန်မညက်ရင် အမှုန်တွေပဲ ယူပြီး ကျန်တဲ့ မညက်တာတွေ မထည့်ပါနှင့်။
...
-နောက်တော့ ကျန်တဲ့ ပစ္စည်းတွေ အကုန်ရောထည့်ပြီး အမှုန့်တွေ ရတဲ့ အထိ ကြိတ်ပါ။
...
အလွန်မွှေးကြိုင်တဲ့ မဆလာ ရပါပြီ။




Sunday, April 19, 2020
တရုတ် စတိုင် ဝက်စတူး
ဝက်သား သုံးထပ်သား ၆၀၀ ဂရမ်ခန့်ကို အတုံးလေးတွေ တုံးပြီး တရုတ်မဆလာ၊ ဆား၊ သကြား၊ တရုတ်ဟင်းချက်ဝိုင်၊ ပဲငံပြာရည် အပျစ်၊ အကျဲ တို့နှင့် သင့်အောင်နယ်ထားပါ။
ဒန်အိုးထဲ ဆီ စားပွဲဇွန်းတစ်ဇွန်း ထည့်၊ မီး medium နဲ့တည်ပါ။
ဆီကျက်ရင် သကြား စားပွဲဇွန်း ၂ဇွန်းခန့်ထည့်ပြီး သကြားတွေကို ထန်းလျှက်ရည်လို အညိုအရောင်သန်းလာသည်အထိ ပျော်သွားအောင်ထားလိုက်ပါ။
ပြီးရင် ဝက်သားနယ်ထားတာရယ်၊ သစ်ဂျပိုးခေါက် တစ်ခုရယ်၊ နာနတ်ပွင့် ၄ပွင့်လောက်ကို သကြားဆီချက်ထဲထည့်ပြီး ဆီသတ်ပါတယ်။
ဝက်သားတွေ အရည်ကုန်တဲ့အထိ အဆက်မပြတ်မွှေပေးနေပြီး မွှေးနေအောင်ဆီသတ်ပါ။
ရေကုန်သွားရင် ကြက်ဥ ၅လုံး ပြုတ်ပြီး အခွံခွါထားတာကိုထည့်ပါ။
ပြီးရင် ရေနွေးပူပူကို ဝက်သားတွေ၊ ကြက်ဥတွေ ရေမြုတ်တဲ့အထိ ထည့်ပါ။
သကြား စားပွဲဇွန်း၂ဇွန်း၊ ပဲငံပြာရည် အကြည် စားပွဲဇွန်း ၃ဇွန်းခန့်၊ ပဲငံပြာရည် အနောက် စားပွဲဇွန်း ၃ဇွန်းခန့် ထည့်ပြီး မီးအနည်းဆုံးနဲ့ ၄၅ မိနစ်ခန့် အဖုံးလုံးဝ မဖွင့်ပဲ တည်ထားပါ။ (slow cooker နဲ့ဆို ၄ နာရီလောက်)
မှတ်ချက် - ဝက်သားနုရင် ပိုကောင်းပါတယ်။ ဝက်သားရင့်ရင် အချိန်ပိုကြာအောင် တည်ရပါတယ်
(ဟိုနေ့က အိမ်မှာ ဝက်ပေါင်သားတွေ ဝယ်ထားတာ အများကြီးရှိနေလို့ အဲဒါနဲ့ပဲ ဝက်စတူးလိုက်ပါတယ်)
ပထမပုံ ကတော့ Google က ယူပါတယ်။ Credit















