Sunday, July 26, 2009

ယုဇန လွမ်းချင်း ...............



ရုံးမှာ နေ့လည်ဘက် ထမင်းစားထွက်ပြီိဆို လမ်းမှာ ယုဇနပန်းနံ့လေးတွေ၊ ဧက္ကရာဇ်ပန်းနံ့လေးတွေ သင်းပျံ့နေတဲ့လမ်းလေးက နေဖြတ်လျောက်ရလေ့ရှိတယ်။ အဆင်းရနံ့တွေဟာ အတိတ်ကိုပြန်ဖော်နိုင်မယ်ဆို ဒီယုဇနပန်းရနံ့ရတိုင်း ကျွန်မအိမ်ကိုလွမ်းတယ်။ ဒီယုဇနပန်းနံ့သင်းသင်းမှာပဲ မိသားစုစုံညီ စကားဝိုင်းလေးတွေ ရှိခဲ့ဘူးတယ်။ ဒီယုဇနပန်းနံ့သင်းသင်းမှာပဲ ကျွန်မ အိမ်သန့်ရှင်းရေးလုပ်၊ သီချင်းတွေအော်ဆိုခဲ့တယ်။ ကျွန်မရဲ့ အချစ်တော် ကြောင်ကလေးတွေကို ထမင်းကျွေးခဲ့တယ်။ ဒီယုဇနပင်နား ပက်လက်ကုလားထိုင်လေးချပြီး စာတွေအော်ကျက်ခဲ့ဘူးတယ်။ ဒီယုဇနပန်းတွေ အဆုတ်အဆုတ်လိုက်ခူးပြီး ဘုရားတင်ခဲ့တယ်။ ပန်းမပွင့်ရင်တောင်မှ အစိမ်းရောင်ခပ်ရင့်ရင့်၊ တောက်ပြောင်နေတဲ့ ယုဇနခက်တွေက ဘုရားပန်း ပြတ်သွားချိန်မှာ ဘုရားစင်ကို စိမ်းလန်းစေခဲ့တယ်။

ကျွန်မခုနှစ်တန်းအောင်တဲ့နှစ် အဖေရာထူးတိုးလို့ နယ်ပြောင်းရမယ်ဆိုတော့ အမေက သူ့သားသမီးလေးတွေ ပညာရေး ကမောက်ကမဖြစ်မှာစိုးရိမ်သတဲ့။ ဒီလိုနဲ့ ဇနီးမောင်နှံနှစ်ယောက်တိုင်ပင်ပြီး မြို့အစွန်မှာ စီးပွားရေးအတွက် နှင်းဆီပန်းစိုက်ဖို့ ခြံတစ်ခြံရယ်၊ နေဖို့အတွက် အသင့်အတင့်ကျယ်တဲ့ အိမ်နဲ့မြေလေးရယ်ဝယ်ပြီး မိသားစု ပြောင်းနေခဲ့ကြတယ်။

အဲဒီအိမ်မှာပေါ့။ အုန်းပင်၊ ဒညင်းပင်၊ ပိန္နဲပင်၊ ငှက်ပျောပင်၊ ဒန့်သလွန်ပင် အစရှိသဖြင့် သစ်ပင်ပေါင်းစုံနဲစိမ်းလန်းခဲ့တယ်။ အိမ်ရှေ့အ၀င်နားမှာ စက်သီးနဲ့ကြိုးနဲ့ဆွဲရတဲ့ ရေတွင်းလေးရယ်။ ရေတွင်းဘေးမှာတော့ အစိမ်းရင့်ရောင်တောက်တောက် သစ်ရွက်သေးသေးလေးတွေနဲ့ လူ့အရပ်ကျော်လောက် သိပ်လှတဲ့ သစ်ပင်တစ်ပင်ရှိတယ်။ ဘာပင်မှန်းမသိ။ ရေတွင်းနားကအပင်ဆိုတော့ ရေပေါပေါရလို့လားမသိ။ အပင်က အမြဲစီမ်းလန်းတောက်ပလို့။

ဒီလိုနဲ့ ရောက်လို့မှ မကြာသေး အဲဒီအပင်မှာ အဖူးတွေ ဟိုနားဒီနား အစီအရီထွက်လာတယ်။ ဟော မိုးတစ်ပြိုက်နှစ်ပြိုက်ရွာတဲ့ တစ်မနက် မိုးလင်းလို့ သင်းပျံ့ပျံ့ရနံ့တစ်ခုက စောစောစီးစီး နှတ်အဆက်မှာ အနံ့မွှေးလွန်းလို့ အံ့သြစိတ်နဲ့ ပြတင်းတံခါးဖွင့်ကြည့်လိုက်တော့ ရေတွင်းနားက အမည်မသိ အစိမ်းရောင် သစ်ပင်ဟာ အပွင့်အဖြူရောင် အဆုတ်လိုက်တွေ အနားသတ်လို့ လှလိုက်တဲ့ဖြစ်ချင်း။ တစ်အိမ်လုံးလဲ လေလာတိုင်း ပန်းရနံ့တွေသင်းပျံ့လို့။ပန်းချစ်တဲ့ ကျွန်မ ပန်းတွေမော့ကြည့်ပြီး ပျော်လိုက်သည့်ဖြစ်ခြင်း။ ကျေနပ်လိုက်သည့်ဖြစ်ခြင်း။ အိမ်နားက အဒေါ်ကြီးက " ဟယ် ... ယုဇနပန်းတွေတောင်ပွင့်နေပြီကိုး ... မွှေးလိုက်တာဟယ် ... " ဆိုမှ ကျွန်မ ဒီအပင်ဟာ ယုဇနပင်မှန်း သိရတယ်။ ငယ်ငယ်က ယုဇနတန်းနဲ့ ဖဲကြိုးဝါဆိုတဲ့ ရုပ်ရှင် အချစ်ကားလေးကြည့်ပြီး ယုဇနပန်းကို ကဗျာဆန်တဲ့ပန်း၊ အချစ်ပန်းအဖြစ် သတ်မှတ်ဖူးတဲ့ကျွန်မ ယုဇနပင်တစ်ပင်လုံးကိုယ့်ရှေ့ရောက်ပြီး ဖူးပြ၊ ပွင့်ပြနေတာတောင် ယုဇနပန်းမှန်းမသိတဲ့ အဖြစ်။

ဒီလိုနဲ့ တစ်နှစ်ကို ၂ခါလောက်တော့ ယုဇနပန်းတွေပွင့်လေ့ရှိတယ်။ ပန်းပွင့်တိုင်း ဦးဦးဖျားဖျားဘုရားတင်၊ ဘေးအိမ်တွေဝေပေးနဲ့ အားမနာတမ်းခူးပေမဲ့ ပန်းတွေက ကုန်သွားတယ်မရှိ။ အတော်ကို ပွင့်နိုင်ကြတယ်။ အပင်ကလဲနိမ့်တော့ တံချူမလို ကိုင်းလေးအသာနှိမ့် ကိုယ်ကြိုက်တဲ့ ပန်းခက်ခူးရုံပဲကိုး။တစ်ရက်၂ရက်လောက်နေရင်တော့ ပန်းတွေကြွေပြီ။ သစ်ပင်အောက်မှာ အဖြူရောင်ပွင့်ချပ် သေးသေးလေးတွေ၊ ၀တ်ဆံရှည်လေးတွေ၊ ဖွေးနေပြန်ရော။ ကဗျာဆန်ဆန် လှတယ်လို့ စိတ်ကူးထဲ ထင်မိနေသေး။

ကျွန်မကျောင်းတက်တော့ အဆောင်နေ၊ ဆရာမဖြစ်တော့လည်း နယ်ပြောင်းရ၊ ဘာရနဲ့ အိမ်မှာအနေနည်းလာတယ်။ ဒါပေမဲ့ ကျွန်မအိမ်ပြန်တဲ့ အခေါက်တိုင်း ယုဇနပန်းပွင့်တာနဲ့ တိုးနေလေ့ရှိတယ်။ ကျွန်မရဲ့ ငယ်ချစ် ယုဇပန်းလေးတွေက အလွမ်းပြေများ ပွင့်ပေးနေသလားထင်ရ။ ဒီစင်္ကာပူကျွန်းရောက်ပြီး တစ်ခါသွားလည်ပြန်တော့ ယုဇနပင်လေး ကတုံးဖြစ်လို့ ၊အရွက်လေးတွေက တစ်ရွက်စ နှစ်ရွက်စ ထိုးထိုးထောင်ထောင်၊ အပင်အရမ်းကြီးသွားလို့ အကိုင်းအသစ်လေးတွေ ထွက်အောင် ချိုင်ပေးထားရတယ်လို့ အမေကပြောတယ်။ နောက်ပိုင်းတော့ ပြန်တိုင်း သမီးတစ်ဖက်၊ မတွေ့ရတဲ့ မိဘတွေ တစ်ဖက်နဲ့ အလွမ်းသယ်ရင်း ယုဇနပင်လေးလည်းမေ့နေခဲ့တယ်။ ရုံးရှေ့က ယုဇနပင်တန်းနားက ဖြတ်လျောက်ရင်တော့ အလွမ်းသည်မြဲ။ သတိရမြဲ။ ဒီတစ်ခေါက်ပြန်ရင်တော့ ယုဇနပင်လေးနဲ့ အမှတ်တရဖြစ်အောင် ဓာတ်ပုံရိုက်မယ် စိတ်ကူးထားတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာပြန်ရောက်တော့ အမေတို့အဖေတို့ နဲ့ မိသားစုဆွေမျိုးတွေနဲ့ စကားလက်ဆုံပြောမကုန်။ နေ့ခင်းဘက်ခဏနားတုံး ရေတွင်းနား တိတ်တဆိတ် သွားအကြည့်၊ ကျွန်မရဲ့ယုဇနပင်လေး ရှာမတွေ့တော့။ရင်ထဲမှာ ဟာတာတာ။ အုန်းပင်တွေလဲ မရှိတော့၊ ဒညင်းပင်တစ်ပင်လဲ ပျောက်သွားတယ်။ တစ်ပင်ကတော့ တစ်ခြမ်းပဲကျန်ခဲ့တယ်။ အားလုံးနာဂစ်ဒါဏ်ခံလိုက်ရတယ်ဆိုတော့ ယုဇနပင်လေးလဲ ပါသွားတယ်နဲ့တူတယ်လို့ တွေးနေဆဲ ... ဘေးမှာအမေရောက်လာပြီး ပြောပြတယ်။ ယုဇနပင်တော့ ပိုးတွေကိုက်လို့ တစ်ပင်လုံး ပင်စည်နားကနေ ဖြတ်ချလိုက်ရသတဲ့။ နောက်တော့ အိမ်ရှုပ်တာနဲ့ အမြစ်ပါတူးပြီး လွှင့်ပစ်လိုက်သတဲ့။

နှမြောသတစိတ်တွေ၊ အလွမ်းတွေနဲ့အတူ ကျွန်မအိမ်မက်တွေလဲ ပျောက်ဆုံး ... .... .... ....







11 comments:

  1. လွမ်းသွားတယ်.. အမနဲ့အတူ ပန်းရနံ့လေးကိုရောပဲ..

    ReplyDelete
  2. နှမျောလိုက်တာ...
    သစ်ပင်ပန်းပင်တွေကို ခင်တွယ်မိရင် တချို့က သားသမီးတွေလို ခံစားရသတဲ့...
    တီတီဆွိကို ကိုယ်ချင်းစာပါတယ်...

    (စာဖတ်ရင်း ယုဇနကိုတောင် သတိရသွားသေးတယ်... ပန်းတော့မဟုတ်းP)

    ReplyDelete
  3. ဟုတ်ပါ့ ဟဟဟဟ ဒီကထင်တာ အဆိုတော် ယုဇနပြောတယ် မှတ်တယ် ဟားးးးးးဟားးးးးးးးးးး

    ဒါနဲ့ ဂျူဂျူလေးကော နေကောင်းလား မမမေးတယ်လို့နော်

    ဘိုင်

    ReplyDelete
  4. ယုဇနပန်းပွင့်လေးတွေပါ တင်ပေးရင်သိပ်ကောင်းမှာပဲနော်

    ReplyDelete
  5. ပုံတင်မလို့ တင်မရဖြစ်နေပါတယ် ... ပုံ attach လုပ်တဲ့ icon ကို ပျောက်နေတာ ... နားလည်သူတွေ ကယ်ကြပါဦး ... ကူကြပါဦး ..

    ReplyDelete
  6. icon တွေ ဝယ်ပို့ပေးမယ်... ဘယ်နှကီလိုလောက် လိုမလဲသာပြောလိုက်...

း)

    ReplyDelete
  7. သူငယ်ချင်းရေ... တို့ ကတော့ လွမ်းရလွန်းလို့  အိမ်မှာ အပင်ပါစိုက်ထားလိုက်တယ်... ပထမတပင်လေးတုန်းက အတော်ကြီးမှ ပုရွက်ဆိတ်ကိုက်လို့  လွှင့်ပစ်လိုက်ရတယ်... ခုအသစ်တပင်လေးလဲ အရိပ်တကြည့်ကြည့်လုပ်နေရတယ်...အိမ်လာလည်လေ...ပန်းလက်ဆောင်ပေးမယ်

    ReplyDelete
  8. ကြိုက်တဲ့ပန်းလေးတွေထဲမှာ ယုဇနလည်းပါတာပေါ့။ အနံ့လေးတောင် မွှေးလာသလိုပဲ။ ဒီနေ့အဖို့ လွမ်းစရာပို့စ်တွေပဲ တွေ့နေရပါလား

    ReplyDelete
  9. မမဆွီရေ.. ဒီမှာယုဇပန်းတွေ့တော့ ကိုယ့်ဆွေမျိုးသားချင်းတွေ့ရသလိုပဲ ပျော်လိုက်တာ.. အိန္ဒိယဆိုင်မှာ နေ့လည်စာ သွားစားရင်း တွေ့ရတာ.. အပင်လေးက သေးသေးလေးရယ် ဒါပေမယ့်လေ ပန်းပွင့်နေတော့ အလွမ်းပြေ အပင်နားကပ်ပြီး မွှေးခဲ့လိုက်သေးတယ်.. ပန်းကို ခူးချင်နေတာ မကောင်းတတ်လို့ အသာလေး ပြန်လာခဲ့လိုက်တော့တယ်... :P

    ReplyDelete
  10. အန်တီဆွိ…

    ဒီပို့စ်ကို ဖတ်ပြီး ကျနော်စဉ်းစာမိတာက ကျနော်တို့ဟာ တချိန်က ကိုယ့်ပြည်ကိုယ့်ရွာမှာ Landed Property တွေနဲ့ အမြိုင့်သားနေလာခဲ့ကြပြီးမှ အခုအခါ စင်္ကာပူက ခိုအိမ်လေးတွေမှာ ဘ၀ကို Down-grade လုပ်ပြီး လာနေကြရသလိုပဲနော်။

    သြော်…. တကယ်တော့ ကျနော်တို့ စင်ကာပူက မြန်မာတွေရဲ့ ဘ၀ဟာ အထည်ကြီးပျက်တွေ လိုပါပဲလား။း-)

    မြန်မာပြည်ပြန်နေရင် ကိုယ့်မင်းကိုယ့်ချင်း နဲ့ နေရကိန်းရှိတယ်… ဟီး။

    ReplyDelete
  11. တီဆွိရေ..တီဆွိငယ်တုန်းကနေခဲ့ရတဲ့ အိမ်လေးကို စိတ်ကူးနဲ့ပုံဖော်ကြည့်တာ။ သိပ်အေးချမ်းပြီးပျော်စရာလေးနော်။
    အိမ်လေးတွေက အဲလိုသစ်ပင်ပန်းမာန်လေးတွေနဲ့မှနေချင့်စဖွယ်။
    တီဆွိမပြောနဲ့။ အနော်တောင်တီဆွိအစားအပင်လေးမရှိတော့လို့ နှမြောပါ့။

    ReplyDelete