Tuesday, September 29, 2009

တပွင့်တည်း ... ဒါပေမဲ့ ဂျူဂျူ

ဒီတစ်ခါတော့ ပန်းလေးတစ်ပွင့်တည်း တင်ပေးလိုက်ပါတယ်။




အိမ်ရှေ့က အပင်လေးတွေမှာ ပန်းလေးတွေပွင့်ပြန်ပြီ သမီးလေးရေ။ ပန်းတွေ မပွင့်တာတောင် အတော်ကြာပြီ မဟုတ်လားသမီးရယ်။

ခုလို ပန်းလေးတွေပွင့်လာတော့ သမီးလေး မေမေတို့ဆီ မလာသေးခင်အချိန် လွန်ခဲ့တဲ့ ရှစ်နှစ်တာ ပတ်ဝန်းကျင်ကို မေမေ့စိတ်တွေ ရောက်သွားခဲ့တယ်။
အဲဒီအချိန်က အိမ်ငှါးနေရတဲ့ ဘ၀ပေမဲ့ မေမေက ပန်းလေးတွေ ချစ်လွန်းလို့ အိမ်ရှေ့ ၀ရံတာမှာ အပင်လေးတွေ စုံအောင် အလှစိုက်ခဲ့တယ်။ ဒါပေမဲ့ ၀ယ်တုံးက ပန်းလေးတွေ ဝေေ၀ဆာဆာနဲ့အပင်လေးတွေဟာ နောက်ရက်တွေများကျတော့ ညှိုးရော်ပြီး ပန်းမပါတဲ့ အပင်တုံးတိဘ၀နဲ့ နှစ်ရှည်လများ ကျန်ခဲ့တယ်။ ပန်းလေးတွေက ထပ်ပွင့်မလာခဲ့ဘူး။ စံပယ်လည်း စံပယ်မို့၊ နှင်းဆီလည်းနှင်းဆီမှို့၊ မပွင့်ခဲ့ဘူး။ နောက်ဆုံး ဒီအရပ်မှာ အရမ်းပွင့်တဲ့ သစ်ခွပန်းလို ပန်းမျိုးတောင်မပွင့်ခဲ့ပါဘူးသမီးရယ်။

ဟုတ်တယ်။ မေမေလေ ပန်းမပွင့်တဲ့ သစ်ပင်လေးတွေ မြေဆွရင်း ကိုယ့်ကိုယ်ကို ၀မ်းနည်းလွန်းလို့ မျက်ရည်တွေ ပေါက်ပေါက်ကျခဲ့ဘူးတယ်။ သစ်ပင်တွေတောင် မသီး မပွင့်ပဲ မြုံနေတဲ့ ဒီပတ်ဝန်းကျင်မှာ မေမေ့ဆီကို သမီးလေးဆိုတဲ့ ပန်းပွင့်လေး ဘယ်လိုများ ရောက်လာနိုင်ပါ့မလဲလို့ စိတ်ဓာတ်တွေကျပြီး ၀မ်းနည်းခဲ့လို့ပေါ့။

သမီးရဲ့ဖွားဖွား မေမေရဲ့မေမေဟာ ၀ဋ်တို့ ကံတို့နဲ့ပတ်သတ်ရင် သိပ်အယူသီးတယ်။ မေမေငယ်ငယ်က သမီးရဲ့ဖိုးဖိုးက လမ်းဘေးကခွေးလေခွေးလွင့်တွေကို သနားလို့ကျွေးရင်းနဲ့ အိမ်မှာ ခွေးမလေးတစ်ကောင် သောင်တင်နေခဲ့တယ်။ အဲဒီခွေးမလေးက နှစ်တိုင်း သားတွေပေါက်တော့ ခွေးတွေတရုံးရုံးနဲ့အိမ်မှာ ဒုက္ခရောက်ရတယ်။ ဒီတော့ သမီးဖိုးဖိုးက အဲဒီခွေးမလေးကို ခလေးမမွေးနိုင်အောင်လုပ်လိုက်မယ် ဆိုတော့ သမီးဖွားဖွားက သူ့မှာသမီးလေး တစ်ယောက်တည်းရှိတာ ၀ဋ်လည်မှာစိုးလို့ဆိုပြီး ငိုပြီး အကြီးအကျယ်တားလို့ ပျက်ခဲ့တယ်။ သူ့သမီးလေး ခလေးမရနိုင်တဲ့ အမြုံလေးဖြစ်မှာကြောက်တယ်တဲ့လေ။

သမီးဖွားဖွားဘယ်လိုပဲ ကာကွယ်ခဲ့ပေမဲ့ မေမေနဲ့ ဖေဖေလက်ထပ်ပြီး ၃နှစ်လောက်ကြာတော့ အဲသည်ပြဿနာက ပေါ်လာခဲ့တယ်။ ပထမ၂နှစ်လောက်ကတော့ မေမေလဲကျောင်းတက် ငွေရေးကြေးရေးကလဲ အဆင်မပြေတော့ သမီးလေးကို မေမေတို့ မမျှော်ခဲ့ကြဘူးပေါ့။ မေမေလဲကျောင်းပြီးလို့ အလုပ်တွေရ ၊ သမီးအဖေလဲ အလုပ်အသစ်နဲ့ ငွေရေးကြေးရေးလေး ပြေလည်စပြုလာတော့ မေမေတို့ သမီးလေးကို မျှော်လာတတ်ခဲ့ပြီလေ။ plan တွေနဲ့ စကားအမြဲပြောတတ်တဲ့ သမီးရဲ့အဖေက paln တွေ တစ်သီကြီးချပြီးနေပြီ။ family paln တဲ့။

သမီးလေးက ဘယ်အချိန်လာမယ်။ ငွေကိုဘယ်လိုစုမယ်။ မေမေတို့ ပင်စင်ယူချိန်ကျရင် သမီးလေးက ဘယ်နနှစ်ရှိမယ်အထိပေါ့။
မေမေတို့ သမီးလေးလာချင်အောင် အားလုံးပြင်ဆင်ထားခဲ့ကြတယ်။ ဒါပေမဲ့ အချိန်သာ တစ်နှစ်ကျော်သွားခဲ့တယ် ၊ သမီးလေးက တုတ်တုတ်မျှတောင်မလှုပ်၊မေမေ တို့ဆီ ရောက်မလာခဲ့ပါဘူး။ ဒီတော့မှ မေမေတို့လဲ စဉ်းစားမိကြတယ်။ အရင် သမီးလေးကို မမျှော်ခင်တုံးကလဲ ဒီ၂နှစ်လောက် အချိန်အကြာကြီးအတွင်းမှာ သမီးလေးက မတော်မဆလေးတောင် မေမေတို့ဆီ လာဘို့ စိတ်မှမကူးခဲ့တာပဲ။ ဒီတော့ သမီးလေးလာချင်အောင်ကူညီပေးနိုင်တဲ့ ဆရာဝန်ကြီးတစ်ယောက်နဲ့ မေမေတို့ သွားတွေ့ကြတယ်။
ပထမမေမေတို့ ၂ယောက်လုံး ဆေးစစ်ကြတယ်။ဆရာဝန်ကြီးက ပြောတယ်။ ၂ယောက်လုံးက ဘာမှပြသနာမရှိဘူးတဲ့။

ဆရာဝန်က အားဆေးလိုဆေးမျိုးတွေ ၂ယောက်လုံးပေးပြီး ၃-၄လလောက် စောင့်ကြည့်တယ်။ အထူးသဖြင့် မေမေ့ကိုပေါ့။ သိပ်ထူးခြားမှုမရှိတော့ နောက်ထပ် ပိုကောင်းတဲ့ နည်းလမ်းနဲ့ ၆လလောက်စစ်ပြီး စောင့်ကြည့်ပြန်တယ်။ အဲသည်အချိန်ပဲပေါ့ သမီးရယ်။ မေမေငိုခဲ့တယ်။ အိမ်မှာ ပန်းတွေလုံးဝမပွင့်တဲ့ ပန်းပင်တွေကိုကြည့်ပြီး မေမေငိုခဲ့ရတာ။

နောက်ဆုံးတော့ ဆရာဝန်ကြီးက မေမေ့ဗိုက်ဗိုက်ကို laparoscopy လို့ခေါ်တဲ့ အဆင့်မြင့်ခွဲစိတ်နည်းပညာနဲ့ ခွဲစိတ်ပြီး သမီးလေးလာမဲ့လမ်းကြောင်းသေးသေးလေးကို ဖွင့်ပေးလိုက်တာပါပဲ။
ခွဲစိတ်ပြီး၃-၄လကြာတော့ သမီးလေးရဲ့ မမလား ကိုကိုလား မသိ အရင်ရောက်လာခဲ့လို့ မေမေတို့တွေ အပျော်ကြီးပျော်ခဲ့ကြသေးတယ်။ ဒါပေမဲ မေမေ့တို့ဆီမှာ မပျော်လို့လားတော့ မသိဘူး။ မေမေ့ဗိုက်ဗိုက်ထဲမှာတင် ၂လလောက်ကြာတော့ သူ့ဟာသူ ပြန်ထွက်သွားခဲ့တယ်။ မေမေငိုရပြန်ပြီပေါ့သမီးရယ်။

ဒီလိုနဲ့ နောက်၆လလောက်ကြာတော့ ရေချိုးခန်းမှာတောင် မေမေတို့ အိမ်သာထိုင်တိုင်း အပေါ်ကနေ ဘာမှန်းမသိတဲ့ ရေတွေ တစိမ့်စိမ့်နဲ့ကျနေတဲ့ ညစ်နွမ်းနွမ်း အိမ်ဟောင်းလေးမှာ ဆက်မနေချင်တော့ဘူး။ မေမေတို့ လက်ရှိအိမ်နဲ့ သိပ်မဝေးတဲ့ အရပ်တစ်ခုမှာ မေမေတို့ရဲ့ ပထမဆုံး dream house လေးကို ၀ယ်ပြီး ပြောင်းခဲ့ကြတော့တယ်။ apartment ပေမဲ့ အိမ်အတွင်းပိုင်းကို အနောက်တိုင်းစတိုင် country house ပုံစံလေး ပြင်ထားတာပါ။ Dawn light လေးတွေနဲ့ စိတ်ထဲမှာသိပ်လှတယ်လို့ ထင်ခဲ့တာပဲလေ။ မှတ်မှတ်ရရ ၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ မေမေတို့ ပြောင်းခဲ့ကြတယ်။

အိမ်ရောက်ပြီးနောက်တစ်နေ့ပဲ တိုက်တိုက်ဆိုင်ဆိုင် မေမေ့ဗိုက်ဗိုက်ထဲ သမီးလေး ရောက်နေပြီဆိုတာ သိလိုက်ရတယ် သမီး။ မေမေရော ဖေဖေရော ပျော်လိုက်ကြတာ။ ကြည့်စမ်းပါဦး အိမ်ဟောင်းမှာတုံးကတော့ ရောက်မလာပဲနဲ့ အိမ်အသစ်ကျမှ သူကအခန့်သား စွေ့ကနဲ ရောက်နေပြီလေ။ အကောင်းကြိုက်တဲ့ သမီး၊ လူလည်မလေးလို့တောင် မေမေတို့ ပြောနေကြသေးတယ်။

သမီးလေးရောက်လာပြီးတော့ အဲဒီအိမ်မှာ ပွင့်လိုက်တဲ့ ပန်းတွေသမီးရယ်။ တော်တော့်ကို ထူးဆန်းပါတယ်။ တိုက်ဆိုင်မှုလို့ပဲ ပြောရမလား။ မေမေ မပြောတတ်တော့ဘူး။ မေမေတို့ အဲဒီအိမ်ရောက်တော့ သစ်ခွပန်းလေးတွေ များများ စိုက်ဖြစ်ကြတယ်။ သမီးမွေးပြီး လမ်းလျောက်စအရွယ် ၊ စကားပြောတတ်တဲ့အရွယ်၊ သမီးလေးကြီးပျင်းလာတဲ့ အရွယ် အဆင့်ဆင့်မှာ ပန်းတွေပွင့်လိုက်တာ။ သမီးလေးတောင် အဲဒီပန်းတွေနဲ့ ဓာတ်ပုံလှလှလေးတွေရိုက်လို့။

ပန်းကလေးတွေနဲ့အတူ မေမေ့သမီးလေးလဲ ဖူးပွင့်လာခဲ့တာလေ။ ။

14 comments:

  1. အစ်မရေ ကြည်နူးလိုက်တာ
    နောက်ထပ် ပန်းလေးတွေလည်း ပွင့်ပါစေး)
    အိမ်လေးကလည်း သိပ်လှမယ့်ပုံပဲ

    ReplyDelete
  2. ဖတ်ပြီးခံစားလိုက်ရတယ် တီတီဆွီရေ ဂျူဂျူလေးလား ချစ်စရာလေးနော် တီတီဆွီ အသည်းလေးပေါ့ ဟုတ်လား ဟိဟိ

    ReplyDelete
  3. စာလေးဖတ်ပြီးတကယ်ကြည်နူးမိတယ်
    ဂျူဂျူးလေးက တကယ့်ကိုချစ်စရာလေးပဲ

    ReplyDelete
  4. အမ..အဲဒါတိုက်ဆိုင်မှုတော့ ဟုတ်ဖူး။
    အမတို့နဲ့ အရင်အိမ်က သဟဇာတ မဖြစ်တာ..။

    အခုအိမ်လေးက ကံကောင်းစေတော့ ဂျူဂျူလေးပါ ရောက်လာတာပေါ့..။

    ဂျူဂျူလေးက ဘယ်သူနဲ့တူလဲဟင်..

    လူကြီးလေးနဲ့တူတယ်နော်..။

    ReplyDelete
  5. ချစ်စရာ ဂျူဂျူလေး
    ရှု့မငြီးတဲ့ ချစ်သမီးပို့စ်တွေပါ ပြန်ဖတ်သွားတယ်။

    ReplyDelete
  6. လာခြင်းကောင်းသော သမီးငယ်ပေါ့။ သမီးက ရုပ်ရှင်မင်းသမီးလို ချောတာပဲ။ သူ့အဖေနဲ့ လည်း ဆင်တယ်။

    ReplyDelete
  7. တီတီဆွိ

    ဘလော့ဂ် ပြန်ရေးဖြစ်တာ ဝမ်းသာပါတယ်။

    ReplyDelete
  8. ချစ်စရာကောင်းလိုက်တာ..
    အဲလိုသမီးမျိုးရရင်တော့ လိုချင်ပါတယ်
    အရုပ်လေးလိုဘဲ..း)

    ReplyDelete
  9. သမီး ရဲ့ မပြုံး တပြုံးကြည့်နေပုံလေးက အရမ်း မိုက်တယ်။

    ReplyDelete
  10. မမဆွီရေးထားတာ ဖတ်ပြီး သမီးကလေး စရောက်လာတော့ အမတို့ ဘယ်လောက်ပျော်နေလိမ့်မလဲဆိုတာ တွေးရင်းနဲ့တောင် ကြည်နူးမိတယ်.. ကလေးရဖို့ဆိုတာ ကံနဲ့လည်း ဆိုင်တယ်နော်.. :)

    ReplyDelete
  11. ကြည်နူးစရာ post ကလေး

    ReplyDelete
  12. ပန်းမပွင့်နိုင်သေးတယ်ရင်ခွင်ပိုင်ရှင်တယောက်အနေနဲ့ ဖတ်သွားပါတယ်
    အမလိုပဲ တနေ့ ပွင့်မဲ့ပန်းလေးကို စောင့်စားရင်းပေါ့

    ReplyDelete
  13. ဖတ်ပြီးတာတော့ ဟိုး တင်တင်ချင်းနေ့ထဲကပါ...
    Comment သာ မရေးသွားဖြစ်တာ...။

    ပန်းကလေးတွေနဲ့အတူ ဖူးပွင့်လာခဲ့တဲ့ သမီးလေး...
    ချစ်စရာ... ကြည်နူးစရာ... ပြုံးရယ် ချိုမြ သမီးလှလေး ဂျူးဂျူး...
    ပန်းကလေးတွေလိုပဲ အစဉ်အမြဲ နူးညံ့ လှပ မွှေးကြိုင်နေပါစေ...

    ReplyDelete
  14. မမဆွိရေ...
    ဂျူဂျူလေးအကြောင်း ပို့စ်အဟောင်းတွေ ပြန်ဖတ်ရင်းနဲ့ ဒီပို့စ်ရောက်တော့ မျက်ရည်ပါဝဲရပါတယ်... ပူးတေတို့လဲ မျှော်နေတာလေ... ပူးတေအမျိုးသားဆို စကားပြောရင် family plan မပါရင် မပြီးတော့ဘူး... ဒါမျိုးပို့စ်လေး ရေးချင်လိုက်တာ.. ဘယ်တော့မှ ရေးရမယ်မသိ... ပူးတေလဲ ဂျူဂျူလို သမီးလေးပိုလိုချင်မိတယ်... အမျိုးသားကတော့ သမီးဖြစ်ဖြစ်သားဖြစ်ဖြစ်တဲ့... သူကပူးတေကိုလဲ စိတ်ပူတော့ ကလေးမွေးပြီးရင် အလုပ်မလုပ်ရတော့ဘူးတဲ့လေ.. သူ့ plan က။ ညကတင် သူ့ရဲ့ ပလန်တွေကို ထပ်ပြောပြနေသေးတာ...

    ReplyDelete