Wednesday, November 11, 2009

သင်းမက်


" ဒီအိမ်က သင်းမက် နံ့ ရတယ်ဟေ့ "

" ဒီနားကဖြတ်သွားတိုင်း သင်းမက် နံ့ ကို သင်းနေတာပဲ ... "

မဆွိတီတို့ ငယ်ငယ်က အိမ်နားက ဖြတ်သွားဖြတ်လာကြတဲ့ အိမ်နီးနားချင်းတွေက စ သလိုလို နောက်သလိုလိုနဲ့ ပြောသွားလေ့ရှိတဲ့ စကားသံလေးပါ။

သင်းမက် ဆိုတာဘာလဲ ...

သင်းမက်ဆိုတာ အင်္ဂလိပ် အမည်တစ်ခု။ အနံ့အင်မတန်ပျင်းတဲ့ အင်ဒရင်းလို ပိုးသတ်ဆေးတစ်မျိုးဆိုရင် စာဖတ်ပရိတ်သတ်တွေ အတွက်ထူးဆန်းနေတော့မှာ။

ဟုတ်ပါတယ်။ မဆွိတီတို့ငယ်ငယ်က အဖေရော အမေရော ၀န်ထမ်းဆိုတော့ သားသမီး ၅ယောက်ကို ကျောင်းထားနိုင်ဘို့ ဆိုတာ လစာတစ်ခုတည်းကို အားကိုးနေလို့ မရပါဘူး။ ဘေးပေါက်ဝင်ငွေရအောင် ကိုယ့်တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး မွေးမြူရေးလေးတွေ လုပ်ပြီး မိသားစုခါးလှဘို့ စီးပွားရှာရသေးတယ်။ စနေနဲ့ ဗုဒ္ဓဟူး ရူးတောင်ထမင်းမငတ် ဆိုတာ မှန်တယ်လို့ အဖွားပြောတတ်တာ သတိရတယ်။ ဗုဒ္ဓဟူးသားအဖေနဲ့ စနေသမီးအမေတို့ ဘာစီးပွားရေးလုပ်လုပ် အတူတူလုပ်တာချင်း သူများထက် အမြဲတစ်ပန်းသာနေခဲ့တယ်။ မိသားစုတွေ မခိုမကပ်ပဲ ကျိုးကျိုးစားစား တက်ညီလက်ညီလုပ်ကြတာလဲပါမယ် ထင်ရဲ့။ စံပြမိသားစုလို့ ခေါ်တာတောင် ကြားခဲ့ ရဘူးတယ်။

ဝက်တွေမွေးတုံးကလဲ အရမ်းဖြစ်တာ။ ဘယ်လောက်တောင်အကျိုးပေးသလဲဆို တစ်ခါ သား ၀က်သားလေးတွေပေါက်တော့ ၀က်မကြီး မှာရှိတဲ့ နို့တိုင်ထက် ၀က်ကလေးတစ်ကောင်ပိုနေလို့ နို့တိုက်ချိန်တိုင်း တစ်ကောင်ကို လက်ထဲမှာထိမ်းထားပြီး အလှည့်နဲ့ တိုက်ရတယ်။ နောက်မို့ ဆို တစ်ကောင်နဲ့တစ်ကောင်နို့လုရင်း ကိုက်ရင် အနာတွေဖြစ်တတ်လို့။ အဖေဆို ၀က်တွေမွေးရင်းနဲ့ ၀က်မလေးတစ်ကောင်ကို အတော်သံယျောဇဉ်ရှိတာကလား။ သူမြို့ထဲမှာ တစ်လသင်တန်းသွားတက်တော့ အဲဒီဝက်မလေးကို သင်တန်းခေါ် သွားတာ။ သူ့ဝက်မက ရင်ကျပ်လို့တဲ့ ။ ကြားဘူးကြလားတော့ မသိဘူး ။ အခုပြန်တွေးရင်တော့ ရယ်ချင်စရာကြီး ။ တစ်ခါကြည့်ရဘူးတဲ့ အင်္ဂလိပ်ကားထဲက ၀က်ကလေးပွေ့ထားတဲ့ ခရီးသည်ကိုမြင်ပြီး ရယ်ချင်နေတယ်။

ဝက်တွေမွေးရာကနေ နောက်ပိုင်း နှင်းဆီပန်းတွေစိုက်တာ ခေတ်စားလာပြန်တယ်။ အိမ်နားက တောတောင်အရိုင်းတွေကို ရှင်းလင်းခုတ်ထွင်ပြီး စိုက်ကြရတာ။ တစ်ခါသား ရှင်းရင်းနဲ့ အရင်လူဟောင်းတွေ စိုက်ခဲ့တဲ့ အာတာလွတ်ဥခင်းက ရလာတဲ့အာတာလွတ်ဥ ဖြူဖြူနုနုထွားထွားကြီး တွေကို ပြုတ်ပြီး ဆီဆားလေးနဲ့ တို့စားကြတာ သိပ်အရသာရှိတာပဲ။ ခုထိမမေ့ဘူးရယ်။

နှင်းဆီပန်းစိုက်တယ်ဆိုတာ ပြောတော့သာလွယ်တာ။ အတော်ပင်ပန်းတဲ့ အလုပ်ပါ။ အဖေတွေ အကိုတွေက ရေထမ်းပြီး ရေလောင်းရတယ်။ တစ်ပတ်တစ်ခါ ပိုးသတ်ဆေးဖြန်းပေးရတယ်။ ဓာတ်မြေသြဇာ၊ ကြက်ချေး၊ နွားချေး၊ အစရှိုသည် ထည့်ပေးရတယ်။ နှင်းဆီပင်တွေက အပွင့်ကလေးတွေကသာ လှတာ။ သူတို့က ကြက်ခြံတွေကရတဲ့ ကြက်ချေးဖွဲလို့ ခေါ်တဲ့ စပါးခွံတစ်ဝက် ကြက်ချေးတစ်ဝက်ရောထားတဲ့ မြေသြဇာကို သိပ်ကြိုက်တာ။ အဲဒါများထည့်ပြီးရင် အပွင့် တွေက အရောင်ကလေးတွေ တောက်ပြီး အပင်ကလည်းသန်လာတာ မြေစို့ ကြီးတွေက မျှစ်စို့ပေါက်ကြီးတွေကျလို့။

အဲဒီ ကြက်ချေးမြေသြဇာကြောင့်လားတော့ မသိဘူး။ နှင်းဆီပင်ကို အမြဲဖျက်ဆီးတဲ့ ပိုးတစ်မျိုးရှိတယ်။ ပင့်ကူနီလို့ ခေါ်တယ်။ သူက အရွက်အောက်ကို လှန်ကြည့်လိုက်ရင် အနီရောင် ကြက်သန်းလောက်အရွယ် မွှားမွှားလေးတွေ ။ မွစာကျဲလို့ ။ အဲလို နှင်းဆီပင် ပင့်ကူနီကျပြီဆို ခြံတိုင်းလိုလို အားလုံးအတူ ကျကြတာပဲ။ သူကအရွက်ကနေတဆင့် သစ်ပင်က အဟာရတွေ အကုန်စုတ်တာဆိုတော့ သစ်ပင်ကအားပြတ်ပြီး ပန်းတွေကလဲ သိပ်မပွင့်တော့ဘူး။ အရင်ကတော့ အင်ဒရင်းနဲ့ဆို တော်ရုံဟာနိုင်ပေမဲ့ အဲဒီတစ်ခါတော့ ပန်းစိုက်သမားတွေ အားလုံးငိုရတယ်။ ကမ္ဘာ့စီးပွားပျက်ကပ် စိုက်သလိုပဲ။ အဖေတို့ ပန်းစိုက်သူတွေ အတွက် စီးပွားပျက်ကပ်ပဲပေါ့။

အဲဒီမှာ အဲဒီပိုးကို နိုင်တဲ့ ဆေးတစ်မျိုးကို တစ်ယောက်ယောက်က ရှာဖွေတွေ့ရှိသွားတယ်။ အင်္ဂလိပ်စာ မတောက်တစ်ခေါက်တတ်တဲ့ မဆွိတီတို့ အမေဟာ နိုင်ငံခြားက သူ့သူငယ်ချင်းပို့တဲ့ နှင်းဆီပန်း စိုက်ပျိုးရေး စာအုပ်လေး ဖတ်ရင်း တွေ့သွားတာပါ။ အဲဒီဆေးများ ဖြန်းလိုက်ရင် ပိုးတွေသေတဲ့ အပြင် အပင်ကိုပါအားကောင်းစေပါသတဲ့။ သူက အထက်ကပြောခဲ့သလို အင်ဒရင်းထက် ပျင်းပြီး အနံ့ အတော်ဆိုးဝါးတယ်။ အဲဒီဆေး ရှိတယ်ဆို ညာလို့မရဘူး။ ခပ်လှမ်းလှမ်းကနေ အနံ့ ကရနေပြီ။ ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒီဆေးက အဲလိုအနံ့ ပျင်းလွန်းလို့ ဆက်မထုတ်တော့ဘူး။ ရပ်လိုက်ပြီတဲ့။

ဒီမှာ စနေ၊ဗုဒ္ဓဟူးအတွဲက ဘာလုပ်လဲဆိုတော့ ရထားကြီးစီးပြီး ၀ါခင်းတွေစိုက်ရာ အမေတို့ ရွာဆီ ချီတက် ဆေးရှာပုံတော် ဖွင့်ပါတော့တယ်။
အမေတို့ ပြောပြချက်အရ ရွာမှာလဲ ဆေးကအလွယ်တကူ ရှာမရတော့ဘူးတဲ့လေ။ သူတို့တွေက အဲဒီဆေးကို နံလွန်းလို့ ဆေးပုတ်ကြီးလို့ ခေါ်ကြပါသတဲ့ ။ ဘယ်သူမှလဲ မသုံးတော့ပါတဲ့။ ဒါပေမဲ့ ကံကောင်းချင်တော့ ပြန်ခါနီး တစ်ညနေ ရွာကလှည်းကြုံစီးပြီး ဟိုဒီလျှောက်ကြရင်းနဲ့ လှည်းပေါ်မှာ ပိုးသတ်ဆေးနံ့ ခပ်ပျင်းပျင်း အနံ့ရတော့ အဖေက၀င်စပ်စုတော့ လားလား တွေ့ပါပြီ။ လှည်းရှေ့နားမှာ ပင်ပင်ပန်းပန်း လိုက်ရှာနေတဲ့ ပိုးသတ်ဆေးပုံး။ လှည်းသမားက အိမ်မှာထားတာ နံလွန်းလို့ သွားလွှင့်ပစ်တော့မလို့ဆိုပဲ။

နောက်ဆုံးတော့ အဖေတို့လဲ လှည်းဆရာကို ၀မ်းသာလွန်းလို့ မုန်ဘိုးပေးပြီး ပစ္စည်းယူပြီး ပြန်ခဲ့ပါတော့တယ်။ အဲသည်ပိုးသတ်ဆေး ကောင်းမှုနဲ့ပဲ မဆွိတီတို့ မောင်နှမတွေ အဖေအလုပ်ကထွက်ပြီး လူငှါးတွေငှါးပြီး စိုက်ပျိုးရေးကို အကြီးအကျယ်ဇောက်ချလုပ်ရင်းနဲ့ ကျောင်းပညာတွေသင်၊ အကိုတွေလဲ နိုင်ငံခြားပို့နိုင်ခဲ့တယ်။

အော် ... အခုတော့ အဖေလဲ ဘုရားတရားစလုပ်တဲ့အချိန် အသက်၄၀ ကျော်လောက်ကစလို့ ပိုးကောင်လေးတွေ သတ်ရတဲ့ စိုက်ပျိုးရေးကို စွန့်လွှတ်လိုက်တယ်။ အဖေအမြဲပြောတယ်။ သူ့ဘ၀မှာ သူအကုသိုလ်တွေ လုပ်ခဲ့တယ်။ ကြည့်စမ်း ပိုးတွေသတ်ဖို့ ဘယ်လောက်တောင် အကုသိုလ်များလိုက်လဲတဲ့။ သူအဲအချိန်က ဘုရားမှန်း၊ တရားမှန်း မသိတတ်ခဲ့လို့ နားမလည်ခဲ့ လို့ ဆို နောင်တရကြောင်း တဖွဖွပြောလေ့ ရှိတော့ မဆွိတီအဖေ့ အတွက် အတော် စိတ်မကောင်းဖြစ်ရတယ်လေ။

7 comments:

  1. မဆွိရေ...တင်တင်ချင်း လာဖတ်သွားတယ်နော် ၊ မိသားစုစီးပွားရေးဆိုတာ အဲဒီလို ပျော်လဲပျော် မောလဲမော ၊ ပျော်မောလေးပေါ့ ။

    ReplyDelete
  2. တီတီ ဆွိရယ်
    အင်ဒရင်းထက်တောင် ပြင်းတယ်လား။
    မအယ်တို့လည်း လုပ်ရတာပါပဲ။ ဘဲ ကြက် မွေးခဲ့ရတယ်။ ငုံးလည်း မွေးခဲ့သေးတယ်။ ၀က်လည်း သူများနဲ့တူပေါ့။

    မေမေက ပြောတယ်။ ဒါ့ကြောင့် ခု မိသားစု တကွဲ တပြားဖြစ်နေတာတဲ့။ ကြက်တွေ မွေးလိုက် ရောင်းလိုက်လေ။ ကြက်ဥ ရောင်းတာပါ။ ကြက်လည်း အိုတော့ ရောင်းရတာပဲပေါ့။

    ကျောင်းဆရာကိုး။ မြေဖြူတွေလည်း ဈေး မကောင်းဘူးလေ။

    မအယ်

    ReplyDelete
  3. ဆွိရေ…. နှင်းဆီပန်းလေးတွေ တွေ့ ရင်သာ ချစ်ပြီး စိုက်ချင်စိတ်ပေါက်တာ… အဲလို ပင်ပင်ပန်းပန်း စိုက်ရတယ်ဆိုတာ မသိဘူးလေ… ဆွိပြောတဲ့ ပိုးပဲဖြစ်ရမယ်… တို့ အိမ်က နှင်းဆီအနီပင်လေး သေသွားရှာပြီ… သင်းမက်လိုက်ရှာမှထင်တယ်…

    ReplyDelete
  4. တီဆွိရေ.. ငယ်ငယ်ကအကြောင်းလေးနဲ့ မိသားစုအကြောင်း မွေးထားတဲ့အကောင်လေးတွေအကြောင်ဖတ်ရတာ စိတ်ထဲမှာ ကြည်နူးမိတယ်..း)
    ပန်းတော့မစိုက်ဖူးပေမယ့် မာမီက ကူးတို့ငယ်ငယ်ကခြံထဲမှာ သီးပင်စားပင်အကုန်စိုက်တော့ နွားချီးချောက်ကို လယ်ကွင်းတွေဆီသွားပီး အိတ်လိုက်ဝယ်တာ သတိရတယ်.. ကြက်ချေးကတော့ အိမ်က ကြက်တွေများတော့ ကြက်ခြံရှင်းရင် တံမြက်စည်းနဲ့ လှည်းကျုံးကြတာတော့ တွေ့တယ်.. ကိုယ်တိုင် တော့မလုပ်ဖူးဘူး.. ၀ါသနာတော့အရမ်းပါတယ်.. အပင်လေးတွေစိုက် အကောင်လေးတွေမွေး...အဲဒါတော့ စိတ်ကူးယဉ်အိမ်ကလေးပေါ့.. လောလောဆယ်တော့ FT ထဲမှာဘဲခဏနေပျော်လိုက်အုံးမယ်။း))

    ReplyDelete
  5. သင်းမက်ဆိုတာကို အမြန်ဖတ်ပြီး 'ဟာငါ့အမတယောက် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်နေပြီလား' ထင်လိုက်မိသေးတယ်...

    တော်သေးရဲ့...

းP

    ReplyDelete
  6. ကိုလူထွေးလိုဖတ်လိုက်မိတယ် ဆောဒီးဟိ

    ReplyDelete
  7. ကိုလူထွေးနဲ့ ဗီစ်တာ ပြောတာ ဘာလဲဟင် ...တကယ်မသိလို့ပါ။ သင်းမက်ဆိုတာ တစ်ခြားလူသောက်တဲ့ နဲ့ နာမည်တူနေလို့လား ... ပြောပြကြပါဦးဗျို့ ...

    ReplyDelete