Sunday, November 15, 2009

ဂျူဂျူ နဲ့ ကျောင်း Orientation

မနေ့က မဂျူဂျူ နောက်နှစ်မှာ စတက်မဲ့ မူလတန်းကျောင်းမှာ orientation ရှိလို့ သွားကြတယ်။ အချိန်က သူ့ရေကူးသင်တန်းနဲ့ တိုက်နေလို့ ရေကူးသင်တန်းတော့ ဖျက်လိုက်ရတာပေါ့။ ဒါတောင် ဂျူဂျူ ရေကူးသင်တန်းကိုပဲ သွားချင်တယ်ချည်း လုပ်နေလို့ သမီးရေ ကျောင်းက ပိုအရေးကြီးတယ်လို့ ပြောရတယ်။ သူကရေကူးသင်တန်းမှာ ပျော်မှာပေါ့။ သင်တန်းပြီးတာနဲ့ ရေလွှာလျှောစီးတို့၊ လှိုင်းစီးတာတို့က တစ်နာရီလောက် ဆော့သေးသကိုး။

မနက်၈နာရီလောက် မဂျူဂျူကိုနှိုး၊ ရေမိုးချိုး၊ ညကတည်းက ပြင်ထားတဲ့ ကျောပိုးအိပ် ပင့်ကာလာ ၀မ်းဆက်နဲ့ ကျောင်းကို ချီတက်ကြပါရော။ လမ်းမှာလဲ ကျောပိုးအိပ်ကိုယ်စီနဲ့ ခလေးတွေ၊ ကလေးမိဘတွေ သုတ်သုတ် ၊ သုတ်သုတ်နဲ့ သွားနေကြတာ မြင်နေရတယ်။ အင်မတန် စိတ်စောတတ် စိတ်လောတတ်တဲ့ ဒေါ်ဆွိတီကိုတောင် သူတို့က ကျော်တက်လို့။ မြန်လည်းမြန်တဲ့ စလုံးလူမျိုးတွေပဲလို့ တွေးမိတော့တယ်။

ကျောင်းရောက်တော့ ကျောင်းပေါက်ဝတင် တန်းကြီးက အရှည်ကြီး။ မိဘတွေရော ခလေးတွေရော ကိုယ်အပူချိန်တိုင်းပြီးမှ အထဲဝင်ရတယ်။ အထဲရောက်တော့ ဗော်လံတီယာ ဆရာ၊ဆရာမတွေက ခလေးက ဘယ် group ကလဲ မေးပြီး ခလေးက သက်ဆိုင်ရာ group မှာ တန်းစီပြီးထိုင်ခိုင်းတယ်။ primary စတက်မဲ့ခလေး ၂၀၀-၂၅၀လောက်တော့ ရှိမယ် ခန့်မှန်းရတယ်။

နောက်တော့ မိဘတွေ အပေါ်က hall ခန်းထဲသွား ဆိုတော့ ခလေးတွေ ထားခဲ့ပြီး အပေါ်ရောက်သွားတယ်။ မိဘတွေလဲ သက်ဆိုင်ရာ group မှာထိုင်ကြရတယ်။ ကျောင်းအုပ်ကြီးနဲ့ ဆရာ၊ ဆရာမတွေ၊ မော်ကွန်းထိမ်းတွေက ကျောင်းအကြောင်း၊ ဆရာ ဆရာမတွေအကြောင်း၊ Kindergarten ကနေ primary 1 အပြောင်းအလဲမှာ ခလေးတွေကို ဂရုစိုက်ဖို့ အလွန်အရေးကြီးကြောင်း အစရှိသဖြင့် တစ်နာရီစာလောက် ဟောပြောသွားပါတယ်။ စလိုက်ရှိုးနဲ့ တကယ့်မှ ပေါ့ပေါ့ပါးပါးလေးပါပဲ။ ဆရာမတွေကလဲ ပုဝါ၂စ အသာချစရာ၊ ဆံထုံးတွေထုံးစရာမလို၊ မိတ်ကပ်တွေလဲမပါပဲ ဆံပင်အတွန့်တွေသာ ဖားယားချပြီး ရိုးရိုးလမ်းမှာတွေ့နေကျ ပုံစံဝတ်ဆင်မှုမျိုးနဲ့ ဆိုတော့လေ ... စိတ်ထဲ ထူးဆန်းတောင်နေသေး။

ပြီးတော့ မိဘတွေကို group လိုက်ခေါ်ပြီး ခလေး ကျောင်းအပ်တာနဲ့ ပတ်သတ်တဲ့ ဖောင်တွေကို စာသင်ခန်းလို အခန်းထဲမှာ ဖြည့်ရပါတယ်။ ကျောင်းလခက PR တွေအတွက် ၃ကျပ်ခွဲပဲ ကျပါတယ်။ မျက်စိစစ်တာ၊ သွားစစ်တာတွေကိုလည်း ကျောင်းကနေ တာဝန်ယူပြီး စစ်ပေးတာ လက်ခံပါမယ်ဆိုတဲ့ အကြောင်း ဖောင်တွေ ဖြည့်ရပါတယ်။ ကျောင်းလခပေးဘို Gio ဖောင်လဲ တစ်ခါထဲ ဖြည့်ခဲ့ရပါတယ်။ Primary 1 အတွက် ၀ယ်ရမဲ့ စာအုပ်စာရင်းကိုလည်း ခုနကဖောင်တွေနဲ့တွဲပြီး တစ်ခါတည်း ပေးလိုက်ပါတယ်။

ဖောင်ကိစတွေပြီးတော့ ခလေးကို hall ခန်းထဲ သွားပြန်ခေါ်ရပါတယ်။ သူတို့ကိုလဲ ကျောင်းပတ်ဝန်းကျင်၊ ကျောင်းနဲ့ ပတ်သတ်လို့ သိသင့်တာတွေကို ဆရာမတွေက ရှင်းပြပြီးပါပြီ။ ခဏနေတော့ အောက်ဆင်း book shop မှာ စာအုပ်ဝယ်မယ်လုပ်တော့ တန်းကြီးက ထုံးစံအတိုင်း အရှည်ကြီး။ ဟာ ဟိုဘက်မှာလဲ တတန်းစီထားတာ ဒီဘက်ထက်တောင် ရှည်သေးတယ်ဆိုပြီး ကြည့်လိုက်တော့ ကျောင်း Uniform အတွက်တဲ့။ ဒါနဲ့ သမီးကြီးတော်ကို Uniform ဘက်မှာစီ။ ကိုယ်က စာအုပ်ဘက်မှာစီ စာအုပ်တွေ အရင်ဝယ်ပေါ့။ စာအုပ်က စာရင်းထဲက ကိုယ်မယူမဲ့ မလေးဘာသာနဲ့ တမီးလ်ဘာသာကို ကြက်ခြေခတ်လေး ခတ်လိုက်ပြီး စာရွက်ကို စာအုပ်ရောင်းသူထံ ပေးလိုက်ရုံပါပဲ။ သူက ကယ်ကူလိတ်တာလေးနှိပ်ပြီး ၁၆၀နဲ့ ၃၅ပြား ကျတယ်ဆို အဲဒီစာရွက်လေးပေါ်ရေးပေးပြီး ငွေရှင်းရပါတယ်။ မြန်အောင် net တို့ credit card တို့ လက်မခံပဲ ငွေသား (cash) ပဲ လက်ခံပါတယ်။ တန်းစီတော့သာ ကြာတာ ၀ယ်တော့ မြန်မှမြန်၊ စကန့်၃၀လောက်ပဲကြာပါတယ်။ သူတို့ လုပ်ကိုင်တာ အလွန်ကို မြန်လှပါတယ်။

စာအုပ်ဆို ကြည့်လိုက်တော့ စာအုပ်က ပုံးလိုက်ကို လာတာပါဗျား။ အားလုံးအစုံလိုက် ၀မ်းဆက်ဆိုတော့ ပုံးက အတော်ကို လေးပါတယ်။ ပရိုင်မာရီ ၀မ်း ကျောင်းသူတော့ ဘယ်လိုနေမယ်မသိ။ ကျောင်းသူရဲ့ အမေနဲ့ ကြီးတော်ကတော့ အဲ့ပုံးကြီးကို မ ရတာ မသက်သာလှပါတကား။


နောက် ကျောင်းယူနီဖောင်းတန်းစီတဲ့ဘက်ရောက်၊ ဗော်လံတီယာတွေက တန်းစီနေတုံး ကိုယ်တိုင်းတိုင်း၊ ဘယ်နှစ်စုံစီယူမှာလဲမှတ်ပြီး စာရွက်လေးတစ်ရွက် ပေးထားတယ်။ ကိုယ့်အလှည့်ရောက်တော့ စာ၇ွက်ကလေးပေးလိုက်ရုံပဲ။ နောက်တော့ ယူနီဖောင်းထုတ်ပေးပြီး အားကစားအတွက် ၂စုံနဲ့၊ ကျောင်းဝတ်စုံ ၂စုံစီအတွက် ကုန်ကျငွေ စလုံး ၆၃ကျပ်ပေးရပါတယ်။ သမီးနဲ့တော်မတော် ၀တ်ကြည့်ပြီး အားကစားဘောင်းဘီက သေးနေလို့ ပြန်လဲရသေးတယ်။ ဆိုဒ်တစ်ဆိုဒ်ကြီးတာကို ငွေ၂ကျပ်ထပ်ပေးရပါတယ်။

ဒါနဲ့သားအမိတွေ ပြန်လာ စာအုပ်ပုံးကြီး မနိုင်လို့ လမ်းတ၀က်တင် သူတို့တူဝရီးကို လမ်းမှာစောင့်ခိုင်းပြီး စီးတော်ကားကို ပြေးခေါ်လိုက်ရသေးတယ်။ ကျောင်းနဲ့က ၁၅မိနစ်လောက်လျောက်ရတာကိုး။ အိမ်ရောက်တော့ အေးဆေးနား၊ မဂျူဂျူကို မေးရပါသေးတယ်။ သမီးတို့ကိုရော ဆရာမတွေက ဘယ်နေရာတွေ လိုက်ပြသလဲ၊ ဘာတွေ သင်လိုက်လဲ ဆိုတော့ ဂျူဂျူတို့ တက်ရမဲ့ class ကိုပြတယ်။ မုန့်စားတန်းပြတယ်။ book shop ပြတယ်။ အတန်းထဲမှာ ဘာတွေ ရေးရလဲဆိုတော့ ဆရာမက assignment စာအုပ်လေးပေးတယ်တဲ့။ ကဲ အမေ့ကို ပြပါဦးဆိုတော့ ထုတ်ပြလိုက်တာ အမေညက်လုံးပြူးသွားတယ်။ မဂျူဂျူတို့ အပေါ်ဆုံးက စာမျက်နှာမှာ သူ့အကြောင်းရေးထားတာ ဖတ်ပြီးတော့။

သူ့မှာ အကို ၁၀ယောက် နဲ့ ညီအစ်မ ၃ယောက်ရှိပါသတဲ့။ ပထမတော့ စဉ်းစားလို့မရဘူး။ ဒီဂဏန်းတွေ သူဘယ်ကရသလဲပေါ့။ ငါလဲ ဒါတွေ မမွေးရပါလားပေါ့။ မဂျူဂျူတို့ ရုပ်တည်ကြီးနဲ့ ရေးချလာတာ။ နောက်မှ မအေလုပ်သူက သဘောပေါက်တော်မူတယ်။ အကို ၁၀ယောက်ဆိုတာက ဟိုက အကိုဝမ်းကွဲ ၉ယောက်ရယ်၊ အိမ်မှာအိမ်ငှါးနေတဲ့ တစ်ယောက်ရယ် (အသက်ကတော့ သိပ်မကြီးသေးပါဘူး ... ၃၅လောက်) သူမွေးကထဲက အိမ်မှာနေလို့ အကိုလို ခင်နေတာ၊ ဟိုတစ်လောကရေးဘူးတဲ့ ဘူးညွန့် ကြော်ချက်ဇာတ်လမ်းထဲက ဇာတ်လိုက်လေ။ သူ့ပါထည့်တွက်ပြီး ၁၀ယောက်ဖြစ်သွားတာ။ ညီအစ်မ၃ယောက်ဆိုတာကလဲ မဆွိတီရဲ့ အကိုတွေက မွေးတဲ့ ၀မ်းကွဲ ညီအစ်မ ၃ယောက်ပါဗျား။ သူရေးတာဖတ်ပြီးပြီးချင်း ကိုယ်က ကြားထဲက ၀မ်းရေတွေ စပ်ချက်တော့။

8 comments:

  1. လာဖတ်သွားပါတယ် တီဆွီရေ.

    ReplyDelete
  2. တစ်ယောက်တည်း ဆိုတော့ သူ အဖော်လိုချင်တာ နေမယ်။
    သဘောကျစရာ ရေးထားတာလေး။

    ReplyDelete
  3. ဂျူဂျူလေး စာကြိုးစား...
    ဟိုတနေ့ကလို အကလည်း ကြိုးစား...
    မေမေကြီးလို ဟင်းချက်တတ်အောင်လည်း ကြိုးစား...

းဝ)

    ReplyDelete
  4. ဆရာမကတော့တွေးမယ် သူ့ မာသားက အမျိုးသမီးစွမ်းဆောင်ရှင်ထင်တယ်လို့ ဟိဟိ

    ReplyDelete
  5. သမီးကို သဘောကျပြီး ရယ်သွားပါတယ်...
    ငယ်ငယ်လေးနဲ့ အတွေးကတော့ မြင့်သဟ...
    ဘယ်သူနဲ့ တူတာတုံး... :D

    ReplyDelete
  6. ဟိဟိ… ဂျူဂျူက တွေးတတ်လိုက်တာ… ချစ်စရာလေး… အဲလိုလေး တွေး အဲလိုလေးရေးတာ ကောင်းတာပေါ့ ဆွိရယ်… သူ lonelyမဖြစ်ဖူးဆိုတဲ့သဘောပေါ့… တို့ လဲကျောင်းမှာ သားကို သူ့ သူငယ်ချင်းတွေက တီတီမရှိဘူးလား မေ့မေ့ မရှီဘူးလားမေးရင် ပြောတတ်အောင် တ၀မ်းကွဲ နှစ်ဝမ်းကွဲတွေ စာရင်းပြူစုထားရတယ်… နောင်နှစ်မှ သယ်ရင်းဆီက အတွေ့ အကြုံလေးတွေယူဦးမယ်…

    ReplyDelete
  7. ဟုတ်ပါ့ သူငယ်ချင်းတို့ရယ် ... အဲဒီကိစကို သမီးကို ရှင်းပြနေရတာ။ သူက ၀မ်းကွဲတွေကိုလဲ ဗမာလို အကို၊ အစ်မဆိုတော့ အဲဒါကို English လို တိုက်ရိုက်ပြန်ရင် brother, sister ဖြစ်သွားတော့ အဲလိုင်္တေမှားကုန်တာ။ English လို cousin ခေါ်တယ်ဆိုတာ ရှင်းပြတာ ခုထိ လက်မခံဘူး။ သနားလဲ သနားပါတယ်။ အကိုတွေ အမတွေ အများကြီးဖြစ်ချင်တာ။ သူ့အတွေးနဲ့သူတော့ ကောင်းပါတယ်။

    ReplyDelete
  8. Vista ပြောတာ ဟုတ်လိမ့်မယ် ... အဲနေ့က orientation ပြီးလို့ သူ့သွားခေါ်တော့ ဆရာမက ပြုံးပြုံး ပြုံးပြုံး နဲ့ ကိုယ့်ကို ကြည့်နေတာ အကြာကြီးပဲ ... စီမ်းဆောင်ရှင်ထင်လို့နေမှာ ... ဟီးဟီး

    ReplyDelete