ပြီးခဲ့တဲ့ သောကြာနေ့က သမီးရဲ့ ကျောင်းက ဒိုင်ယာယီထဲမှာ ကဗျာလေးတစ်ပုဒ် ညှပ်ထားတာ တွေ့လိုက်တယ်။
သမီးက ကဗျာကို စင်ပေါ်မှာ တက်ရွတ်ရမှာမှို့ ကဗျာထဲကအတိုင်း ဆရာဝန်ဆို ကုတ်အင်္ကျီအဖြူရောင်၊ ပိုင်းလော့ဆို လေယာဉ်ပျံအရုပ်၊ မီးသတ်သမားဆို မီးသတ်ဦးထုတ် အစရှိသဖြင့် ကိုယ်ကြိုက်ရာ တစ်ခုခု ကျောင်းကို ယူလာရမယ်လို့လဲ ပြောတယ်။ ဒီတော့ အိမ်မှာ ဘာများရှိနိုင်မလဲ စတိုခန်းထဲ ကစားစရာတွေ မွှေနှောက်ရှာတော့ လေယာဉ်ပျံနဲ့တူတာဆိုလို့ ဟယ်လီကော်ပတာရုပ် သေးသေးလေးပဲတွေ့တယ်။ အင်္ကျီအဖြူကလဲ မိန်းခလေး အင်္ကျီ အတွန့်၊ အဖတ်တွေပဲရှိတော့ သမီးရေ အိမ်မှာတော့ ဘာမှ မရှိဘူး။ ပိတ်ရက်ကျရင် ကုတ်အင်္ကျီအဖြူလေး ၀ယ်ပေးမယ်နော်ဆို ပြောထားရတယ်။
ဒါနဲ့ တနင်္ဂနွေရောက်တော့ ကလင်မန်းတီးဘက် ဈေးပတ်ရင်းနဲ့ ခလေးကုတ်အင်္ကျီလေး လိုက်ရှာတာ ဘယ်မှာမှ ရှာလို့မရ။ ဒီတော့ ကုတ်အင်္ကျီကနေ လက်လျော့။ သမီးကို ဆရာဝန်ကနေ၊ အတင်း ပိုင့်လော့လုပ်ခိုင်းဘို့ လေယာဉ်ပျံရုပ် ပြောင်း ရှာရပါတော့တယ်။ ကုန်စုံဆိုင်လေးတစ်ဆိုင်မှာ အဖြူရောင် လေယာဉ်ပျံရုပ်လေး တွေ့လိုက်တော့ အတော် ၀မ်းသာသွားတယ်။ ဈေးကလဲ ငါးကျပ်၊ပြားကိုးဆယ်ထဲဆိုတော့ ... ဒေါ်ဆွိတီတို့ ခေါင်းထဲက ကယ်ကူလိတ်တာလေးက မီးလေးတွေ လင်းသွားတယ်။ အွန်း ... ဆရာဝန်ဆို ကုတ်အင်္ကျီတစ်ထည် ၃-၄ဆယ်ပေးရမှာ ... ပိုင်းလော့ကတော့ တန်သားဟ ... ဆို စဉ်းတောင်မစဉ်းစားတော့ ချက်ချင်းကို ၀ယ်လိုက်တယ်။ အရုပ်အသစ်ရတဲ့ မဂျူဂျူကလဲ လေယာဉ်ပျံလေး လက်ထဲက မချ၊ တစ်လမ်းလုံး တပွေ့ပွေ့ တပိုက်ပိုက်နဲ့။
အိမ်ရောက်တော့ မဂျူဂျူတို့ ရောက်ရောက်ချင်း အရုပ်ထုတ်ကိုဖောက်၊ သူ့ဟာသူ လေယာဉ်ပျံရုပ်ကို ဆင်တယ်။ ဆင်လိုက်တော့ လေယာဉ်ပျံလေးက ထင်ထားတာထက် အတော်လှနေပါပေါ့လား။ တောင်ပံတစ်ဖက်က တပ်တာမခိုင်လို့ ခဏခဏပြုတ်လို့ ပြန်တပ်တပ်နေရသေးတယ်။ ဘီးကို ပွတ်ပြီးဆွဲလိုက်ရင် လေယာဉ်ပျံအပေါ်ပျံတက်တဲ့ အသံလေးတောင်ပါသေး။
နောက်နေ့ကျောင်းသွားတော့ မဂျူဂျူတို့ ကျောပိုးအိပ်ကတစ်ဖက်၊ အဲ့လေယာဉ်ပျံထည့်တဲ့ ကျွပ်ကျွပ်အိပ်က တစ်ဖက်နဲ့ တစ်ယောက်တည်းကို ရှုပ်ရှက်ခတ်နေတော့မှာ မြင်ယောင်သေး။ ညနေရုံးက ပြန်ရောက်တော့ သမီးရေ ကျောင်းမှာဘယ်လိုလဲ လေယာဉ်ပျံနဲ့ အဆင်ပြေရဲ့လား။ စင်ပေါ်တက်ရလားဆိုတော့ အတန်းရှေ့ထွက်၊ လေပျံအရုပ်လေးကိုင်ပြီး ကဗျာထဲကအတိုင်း ပြောရတယ်။ မနက်ဖြန်ကျရင် state ပေါ်တက်ပြောရမှာ။ တီချာက ပိုင်းလော့တွေဝတ်တဲ့ အပြာရောင် အင်္ကျီ ယူလာရမယ်ပြောတယ် တဲ့ လာပြန်ပါရော။
ဒါနဲ့ သူ့ဂျီးတော်နဲ့ သမီးယောက်မနှစ်ယောက် ဘီရိုကြီးဖွင့်ပြီး အပြာရောင်အင်္ကျီ ရှာပုံတော်ဖွင့်ရပြန်ပါတယ်။ ဘီရိုထဲမှာ ပြီးခဲ့တဲ့ အပတ်ကမှဝယ်ထားတဲ့ အပြာရောင် မိန်းခလေးတီရှပ်လေး အသစ်ချပ်ချွတ်လေးတစ်ထည်က အဆင်သင့်မှို ... သမီးရေ ဒီမှာ ဒါလေးယူသွားပါလားဆိုတော့ ကျေးဇူးရှင် မဂျူဂျူက ရင်ဘတ်မှာ စတစ်ကာအရုပ်ကြီးပါလို့ မရဘူးတဲ့လေ။ ပိုင်းလော့တွေက စတစ်ကာနဲ့ အင်္ကျီတွေမှ မ၀တ်တာတဲ့ ဆို ဆက်ရှာကြတယ်။ ရှာနေတုံးတန်းလန်း ကိစ္စတစ်ခု အရေးပေါ်လာလို့ ပိုင်းလော့အင်္ကျီရှာပုံတော်ဖွင့်ပွဲကို ဂျူဂျူတို့ တူအရီး၂ယောက်တည်းနဲ့ ထားခဲ့ရတော့တယ်။
ဟော ... ဒီနေ့ရုံးက ပြန်ရောက်တော့ အိမ်ရှေ့မယ် ကျွပ်ကျွပ်အိပ် အထုတ်တစ်ထုတ်တွေ့ လို့ အထဲနိုက်ကြည့်လိုက်တာ လေယာဉ်ပျံအရုပ်ကလေးနဲ့အတူ မဂျူဂျူရဲ့ ပိုင့်လော့အင်္ကျီနဲ့ ဘောင်းဘီ ထွက်လာတယ်လေ။ ကျောင်းကပြန်သယ်လာတဲ့ အထုတ်ဖြစ်မယ်။ မြင်တဲ့အတိုင်းပါပဲ ပရိတ်သတ်ရေ။ ကျေမွတွန့်လိမ်ပြီး အရောင်နဲနဲမွဲနေတဲ့ ဂျူဂျူငယ်ငယ်က ညအိပ်ဝတ်တဲ့ ၀တ်စုံလေးပါ။ အင်္ကျီက စွတ်ကျယ်လို လက်ပြတ်လေး။ သမီးက ညဘက် အိုက်တတ်လို့ အေးအေးအောအော ၀တ်ရအောင် ဈေးပေါပေါလေးတွေ ၀ယ်ထားတာ။ ဟောင်းနွမ်းနေလို့ ၀တ်တောင်မ၀တ်တော့ပဲ ဘီရိုထဲ ဒီတိုင်းထည့်ထားတဲ့ အင်္ကျီလေး။ အော် ဒီလောက်နွမ်းတဲ့အင်္ကျီမှ ကျောင်းယူရလား သမီးရယ်ဆို သက်ပျင်းချ။
ဂျူဂျူနဲ့အိမ်စာတွေ ဘာတွေလုပ်ပြီး ညအိပ်ချိန်ရောက်တော့ အိပ်ရာထဲမယ် သားအမိ၂ယောက် စကားစမြည်ပြောခန်း ရောက်ပြီပေါ့။ အဲဒီအချိန်ဆို သမီးနဲ့ ကျောင်းက အကြောင်းတွေ၊ ဟိုအကြောင်း၊ဒီအကြောင်း အလာဘ၊ သလာဘ ဆွေးနွေးကြတယ်။ ညနေက ပိုင်းလော့အင်္ကျီကိစ္စ သတိရတာနဲ့ မေးရပါတော့တယ်။
ဒေါ်ဆွိတီ။ ။ ။ ဟဲ့ သမီးရဲ့ နေပါဦး။ သမီးရဲ့ ပိုင်းလော့ အင်္ကျီကလည်းအေ။ လက်ပြတ်ကြီး။ ပြီးတော့ သမီးညည ၀တ်အိပ်တဲ့ အင်္ကျီကြီး။ ဘာလို့ ယူတာလည်း။ အဒေါ်ကလည်း ခလေးကို ဘာလို့ ဒီလောက် နွမ်းတဲ့ အင်္ကျီပေးလိုက်ရသလဲ။
ဂျူဂျူ။ ။မေမေကလည်း။ ကယ်လီလည်း လက်ပြတ်ပဲ ယူတာပဲလေ။
ဂျီးတော်။ ။ ။ သူက ဒါပဲယူမယ် ဇွတ်လုပ်နေတာကိုး။ ပြောလို့မရပေါင်တော်။
ဒေါ်ဆွိတီ။ ။ ဒါနဲ့ သမီး။ အင်္ကျီရော တကယ်လဲရသလား၊ အပေါ်ကပဲ ထပ်ဝတ်ရသလား။
ဂျူဂျူ။ ။တကယ် လဲဝတ်ရတာ။
ဒေါ်ဆွိတီ။ ။ အော် ... အဲဒီတော့ အင်္ကျီ ဘယ်မှာသွားလဲလဲ။ ကျောင်းခန်းထဲမှာပဲ လဲလားသမီး။
ဂျူဂျူ။ ။ အိမ်သာ ထဲမှာ သွားလဲတယ်မေမေ။
ဒေါ်ဆွိတီ။ ။ ဒါနဲ့ သမီးစင်ပေါ်တက်တယ်ဆိုတော့ သမီးတို့ အတန်းရှေ့မှာ ဆရာမ စာသင်တဲ့ နေရာလား။ သူက နဲနဲမြင့်တယ်လေ။
ဂျူဂျူ။ ။ဟုတ်ဘူးမေမေ။ Assembly Hall ထဲမှာ။
ဒေါ်ဆွိတီ။ ။ အဲဒါဆို သမီးတို့ အတန်းထဲက လူတွေပဲပေါ့။ ပရိတ်သတ်က။
ဂျူဂျူ။ ။ဟုတ်ဘူးမေမေ။ P1 နဲ့ P2 တွေ အကုန်လုံး။ Assembly အချိန်မှာ ဂျူဂျူက စင်ပေါ်တက်ပြီး ရွတ်ပြရတာ။ ဂျူဂျူတစ်ယောက်တည်းတော့ ဟုတ်ဘူး။ သူများတွေလဲပါတယ်။
ဒေါ်ဆွိတီတို့ သဘောပေါက်သွားပါပြီ။ မဂျူဂျူဟာ သူ့ရဲ့ တွန့်ကျေမွ၊ နွမ်းဖတ်နေတဲ့ ည၀တ် ပိုင်းလော့ အင်္ကျီကြီးဝတ်ပြီး ညနေပိုင်းတက်တဲ့ ကျောင်းသားတွေ၊ ဆရာ၊ဆရာမတွေ တစ်ကျောင်းလုံး ရှေ့မှာ စင်ပေါ်တက် ကဗျာရွတ်ခဲ့တဲ့ အကြောင်းကို။
အင်း ... အင်္ကျီက နွမ်းပေမဲ့ အမြဲတက်ကျွနေတတ်တဲ့ သမီးလေးကတော့ လန်းလန်းဆန်းဆန်းလေး ဖြစ်နေမှာပါလို့ ဖြေတွေးရင်း။
Wednesday, March 3, 2010
Subscribe to:
Post Comments (Atom)
ချစ်ဖို့ကောင်းလိုက်တာ..ဖတ်ရတာ..
ReplyDeleteမြတ်နိုး
မဂျူဂျူရဲ့ ပိုင့်လော့ယူနီဖောင်းတော့ ကြိုက်သွားပြီကွာ
ReplyDeleteမျက်လုံးထဲမှာ ပုံဖော်ကြည့်မိတယ်
modern uniform, ဆံပင်လိမ်လိမ်လေးနဲ့ pilot ချောချောလေးကို
လူလှဖို့ပဲ လိုတာပါအေ...ကျုပ်ပဲကြည့်...ဟီဟိ...:)
ReplyDeleteဒီပိုစ့်ကိုဘာလို့ ကျော်သွားတာလဲ မသိဘူး...
ReplyDeleteခုမှတွေ့တယ်...း))
တခါတခါကျ ဖြစ်တတ်တယ်... ကိုယ်က အမှတ်တမဲ့ဖြစ်သွားတဲ့ အခါမျိုးတွေမှာ နောက်မှပြန်သိရပြီး ရယ်ရမလို ငိုရမလိုနဲ့...း))