မဆွိတီလဲ ခုတလော ဘလော့ဂ်မရေးဖြစ်တာ ကြာပြီ။ ဦးခြိမ့်ဝယ်ထားတဲ့ စောင်ကြီး အပြစ်တင်ရမှာပဲ။ ဒီမှာ ရောက်စ ရာသီဥတုကအေးတော့ မနက်လင်းရင် စောင်ပုံထဲက မထွက်ချင်ဘူး။ စလုံးမှာနေတုံးကတော့ မနက်ပိုင်း အိပ်ရာ အစောကြီးနိုးနေရင် ပို့စ်တွေ ထ ရေးဖြစ်ပေမဲ့ ဒီရောက်တော့ အခြေအနေက မတူတော့ဘူးပေါ့ဂျာ။ မဆွိတီ စလုံးကနေ ဒီကို မရောက်ခင် ဦးခြိမ့်က ပစ္စည်းအချို့ မရှိမဖြစ် ၀ယ်ထားရတာတွေရှိတယ်။ အဲဒါ ဘယ်လောက်ကျလဲ မေးကြည့်လိုက်တော့ အိပ်ရာ၊ ကုတင်နဲ့ စောင်ဖိုးတင် တော်တော်ကျနေတယ်ဗျာ။ အောင်မလေး ဘာလို့ ဒီလောက်ဈေးကြီးတာတွေ ၀ယ်ရသလဲဆိုမေးတော့ ဒီမှာက ညအိပ်ချိန် နွေးနွေးထွေးထွေးရှိဖို့ စောင်တွေကအစ ကောင်းတာတွေ ၀ယ်ရသတဲ့။
အဲ့စောင်ကြီးကလဲ ဦးခြိမ့်ပြောသလိုဆို စပါယ်ရှယ် တီထွင်သုသေသနလုပ်ထားတဲ့ စောင်ပါတဲ့ဗျား။ သူက သိုးမွှေးတွေ ထည့်ထားတဲ့ ဂွမ်းကပ်ပေါ့ဗျာ။ သူကခြုံလိုက်ရင် လူရဲ့ခန္ဓာကိုယ်အပူချိန်အတိုင်း အထဲမှာ နွေးနေအောင် ဖန်တီးထားတယ်ဆိုပဲ။ ခြုံထားတုံး ပူလွန်းလို့ စောင်ကိုခွါ၊ စောင်ခွါပြန်တော့ ပြန်အေးပြီး ပြန်ခြုံ၊ ကြာလာတော့ ပြန်ပူလာ ဒါမျိုးတွေ မရှိဘူးတဲ့ဗျာ။ စောင်က လူရဲ့ အပူချိန်အတိုင်းပဲတဲ့။ အဲဒီတော့ မိုးလင်းရင် မနက် ၅နာရီလောက် နိုးနေတတ်ပေမဲ့ အဲဒီစောင်ပုံထဲက မထွက်ချင်တော့ အန်တီဆွိတို့လဲ ပို့စ်တွေ မတင်ဖြစ်တော့ဘူး။ ခုကို အပူချိန်က ၁၁.၄ ပဲ ရှိပါသဗျာ။ မနက် ၇နာရီမှာ စရေးနေတာပါ။
ဆစ်ဒ်နီက ပရိတ်သတ်အတွက် temperature တွေကို ၁၀မိနစ်တစ်ခါ ၂၄နာရီစာပြထားတဲ့ web site ပါ။
http://www.weatherzone.com.au/station.jsp?lt=site&lc=66062&list=ob
စောင်ပုံထဲမှ ကြောင်ပုံကြီး
ဂျူဂျူလေးကလဲ ကျောင်းသွားဖို့ မနက် ၇နာရီခွဲလောက် ထရတယ်။ ကျောင်းက ၉နာရီခွဲမှ စပေမဲ့ ၁၀ကီလိုလောက်ဝေးတဲ့ သူ့ အဖေရုံးကို လိုက်ပို့၊ အပြန်သူ့ကို ကျောင်းမှာ ၀င်ချဆိုတော့ သူက အစောကြီး ထနေရတာ။ စလုံးမှာတုံးက မနက် ၉နာရီ၊ ၁၀နာရီထိ နေဖင်ထိုးအောင် အိပ်တဲ့ မဂျူဂျူလဲ မနက်မိုးလင်း နှိုးရတာ အတော်ဒုက္ခ ရောက်တယ်။ မနက်ခင်းဆို သားအမိ၂ယောက် နံနက်ချိန်ခါ တေးသံသာပဲ။ " ဂျူဂျူရေ ထတော့လေ။ သမီး ကျောင်းသွားရဦးမှာ ... " "ဟင် မေမေကလဲ အရမ်းချမ်းသေးတယ်။ ဂျူဂျူ ထလို့ရဘူး ... " ဆို တော်တော်နဲ့မထ။ " သမီးလေး ထတော့။ ဖေဖေရုံးနောက်ကျမယ်။ မထလို့မရတော့ဘူး ... " " ဒါဆို ဂျူဂျူ့ကို မေမေလာဖက် ... " အစရှိသဖြင့်ပေါ့။ သားအမိ၂ယောက်ကို နှိုးသံတွေ ချွဲသံတွေနဲ့ ဆူညံပွက်လောရိုက်လို့ပဲ။
မဆွိတီငယ်ငယ်က ကြောင်တွေ အများကြီးနဲ့ အတူနေဘူးသဗျ။ အဖေက လမ်းမှာတွေ့တဲ့ ကြောင်မလေးတစ်ကောင် သနားလို့ဆို အိမ်ခေါ်လာတာမှာ အဲဒီကနေ ပွားလိုက်တာ နောက်ဆုံး ကြောင်တွေ ၁၂ ကောင်အထိ ဖြစ်သွားတယ်။ အဲဒါကြောင်တွေနဲ့ နေရင်း ကြောင်တွေကိုလဲ ချစ်သွားတာ။ မဆွိတီတို့ မောင်နှမတွေ ကြောင်တွေကို သူ့ကြောင်၊ ကိုယ့်ကြောင်ဆို နာမည်တွေ ပေးကြ အတူအိပ်ကြပေါ့။ အဲသမှာ မဆွိတီသိပ်ချစ်တဲ့ ကြောင်လေးတစ်ကောင်ကို ညကျရင် ခေါ်ခေါ်အိပ်တာ။ ဆောင်းတွင်းချမ်းတဲ့ အချိန်ဆို ချမ်းလွန်းတော့ တခြားကြောင်တွေကပါ ခြင်ထောင်ကို ခေါင်းနဲ့တိုးဝင်ပြီး မဆွိတီ စောင်ခြုံထဲ ၀င်အိပ်ကြတာ။ ကြောင်မှ အရွယ်စုံ၊ ဆိုဒ်စုံပဲ။ မိုးလင်းရင် ကိုယ့်ဘေးမှာ အိပ်နေကြတာ ကြောင်တွေ အပုံလိုက်ကြီးဗျာ။ ခန္ဓာကိုယ်တွေကလဲ ပူနွေးနေတာပဲ။ သူတို့က အဲလို တစ်ကောင်နဲ့ တစ်ကောင် ပူးကပ်အိပ်ရင် အရမ်းနွေးတော့ တစ်ကောင်ပေါ် တစ်ကောင် ထပ်ပုံပြီး ကွေးနေအောင် အိပ်ကြတာကလား။
ခုလဲ မနက်မိုးလင်း ကိုယ်က သူတို့သားအဖအတွက် မနက်စာပြင်ပြီး ဂျူဂျူလေးကိုသွားနှိုးရင် ဂျူဂျူလေးခန္ဓာကိုယ်က စောင်ခြုံထဲမှာ ပူနွေးနေတာများ စောနက ပြောတဲ့ ကြောင်ပုံကြီး အတိုင်းပဲဗျား။ ကိုယ်ကတော့ အပြင်ထွက် ရေကိုင်၊ ဘာကိုင်ဆို အတော် အေးနေပြီကိုး။ အဲဒါ ဂျူဂျူလေးကို နှိုးရငိ မဆွိတီရဲ့ ကြောင်ပုံကြီးအကြောင်း ပုံပြောသလို ပြောပြီး နှိုးတော့ သူက သဘောတွေကျလို့။ ဟဲ့ ကြောင်ပုံမကြီး ... အဲလေ ဂျူပုံမကြီး ထတော့ဟဲ့ ... ကျောင်းသွားရတော့မယ်ဟဲ့ ... ဆို သိပ်သဘောကျတာ။ တခစ်ခစ်နဲ့။ ကြောင်ပုံပြင် ခဏခဏ ပြောခိုင်းနေတော့တာပဲ။
ကြက်ခြံထဲမှ အန်တီဆွိ
မဆွိတီက တစ်ခါတစ်လေ ဘာမဟုတ်တာလေးကိုလဲ နှမြောတတ်တယ်။ ချွေတာချင်တယ်ပေါ့။ တစ်ခါတစ်လေလဲ ဈေးကြီးတာကြီး သိပ်မစဉ်းစားပဲ ၀ယ်ချင်လဲ ၀ယ်ချလာတာပဲ။ တစ်ခါသား 3D တီဗီကြီး ၀ယ်လာတာသာ ကြည့်ကြပါကုန်။ ခု ဒီမှာ ညည အိပ်တော့ ဦးခြိမ့်က ခေါင်းအုံး တစ်လုံးစီပဲ ၀ယ်ထားတာ။ အရင်စလုံးအိမ်မှာ ခေါင်းအုံး၂လုံးဆင့် အိပ်နေကျဆိုတော့ အိပ်ရတာ မကောင်းဘူးဗျာ။ ခါးနာချင်သလိုဘာလိုဖြစ်နေတယ်။ ဒါနဲ့ နောက်ထပ် ခေါင်းအုံးထပ်ဝယ်မယ်ဆို အော်ဇီမှာ ပေါချောင်ကောင်း ပစ္စည်းလေးတွေ ရတတ်တဲ့ K Mart ကို ရောက်သွားကြတယ်။ အဲသမှာ ခေါင်းအုံးဈေးကို ဖတ်တော့ ညက်လုံးတွေ ပြူးသွားတယ်။ ပုံမှန်လူတိုင်းဝယ်တဲ့ ခေါင်းအုံးက ၂လုံးကို ၅၀တဲ့ဗျာ။ ဒါနဲ့ ဈေးများတယ်ဆိုပြီး ဘာများပေါပေါရနိုင်လဲဆို လိုက်ကြည့်တော့ ဈေးပေါတဲ့ ခေါင်အုံးလေးတွေ တွေ့သွားတာ၊၂လုံး ၃၀ကျပ်တဲ့ဗျား။ ကြည့်လိုက်တော့ ငှက်မွှေးတွေနဲ့ လုပ်ထားတဲ့ ခေါင်းအုံးဆိုပဲ။ ငယ်ငယ်က မောင်လေးတွေ စာထဲမှာ သင်ရတဲ့ Wuthering Heights ထဲက ကက်သရင်းက စိတ်ဖောက်ပြန်ပြီး သူ့ငှက်မွှေး မွှေ့ရာကြီးကို ဓားနဲ့ ခွဲ၊ ငှက်မွှေးတွေ ပလူပျံအောင်ထွက်လာ၊ ဟိကလစ်နာမည်ကို တတွတ်တွတ်နဲ့ရွတ်တဲ့ အခန်းကို သတိရသွားတယ်။ ငှက်မွှေးနဲ့ဆိုတော့ ဘာဖြစ်တုံး၊ ကိုယ်လဲ အောက်မှာထားအိပ်မှာပဲ၊ ကက်သရင်းတို့တောင် အိပ်သေးတာပဲဆို ၀ယ်လာခဲ့တယ်။ ဦးခြိမ့်နဲ့ စိတ်ဆိုးရင် ခေါင်းအုံးကို ဓားနဲ့ခွဲ၊ ငှက်မွှေးလေးတွေ ပလူပျံတဲ့အထဲ ဦးခြိမ့်နာမည်ကြီး တတွတ်တွတ်ရွတ် ဆိုတဲ့ ရိုမန်းတစ်ဆန်ဆန် စိတ်ကူးတော့ ဘုရားစူး မပါရိုးအမှန်ပါဂျား)
ဒါနဲ့ ညအိပ်တော့ စဂွကျတော့တာပဲ။ ပထမဆုံးစ အိပ်အိပ်ချင်း ခေါင်းအုံးပေါ်လဲ တက်အိပ်လိုက်ရော။ ငါတော့မှားပဟဲ့ဆို နောင်တရမိတယ်။ ခေါင်းအုံးက ထွက်လာတဲ့ အနံ့ကဗျာ။ တိရိစ္ဆာန်ရုံက ငှက်ရွာရောက်ဖူးသူတိုင်း ဒီအနံ့မျိုး သိကြမှာပါ။ ကြက်နံ့၊ ငှက်နံ့၊ ဘဲနံ့လို အနံ့မျိုး ထောင်းကနဲ ထွက်လာတာပဲ။ သူက ခေါင်းအုံးကို ဖိအိပ်မှ ထွက်လာတာနော်။ အနံ့ဘယ်လောက်ဆိုးသလဲဆို မခံနိုင်လို့ အသက်အောင့်ထားရတယ်။ ဒီမယ်ကြုံလို့ ပြောရရင် မဆွိတီတို့ ငယ်ငယ် ၀န်ထမ်းတန်းလျှားမှာ နေတုံးက ကြက်တွေ မွေးဖူးသဗျ။ အိမ်ပတ်ဝန်းကျင် ဒီတိုင်းလျှောက်လွှတ်ထားတဲ့ အိမ်ကြက်တွေအပြင်၊ ကြက်ခြံနဲ့မွေးတဲ့ ဥစားကြက်မ တွေလဲ နည်းနည်း စမ်းမွေးဖူးတယ်။ ဘဲတွေ၊ မန်ဒါလီတွေလဲ မွေးဖူးတယ်။ မဆွိတီ ငယ်ငယ်က ဘယ်လောက်ထိ ဆပ်ဆော့လဲဆို အိမ်က ကြက်မတစ်ကောင် ဥအုတာကို အစအဆုံး အနီးကပ်၊ အနုလုံ ပဋိလုံ ချောင်းကြည့်ဖူးပါသဗျား။
ဖြစ်ချင်တော့ အဲဒီကြက်မက ကြက်မဒန်းမခင်ဗျ။ ကြက်မဒန်းဆိုတာ ကြက်အပျိုပေါ်ဝင်စပေါ့ဂျာ။ အဘွားပြောပြဖူးလို့ သိနေတာ။ သူတို့က ဥအုချင်ပြီဆို ကတော် ကတော် အော်ပြီး အုရမဲ့နေရာ လိုက်ရှာတော့တာကိုး။ အဲဒီကြက်မဟာ ကြံကြံဖန်ဖန်ဥတာ၊ အိမ်ပေါ်က မဆွိတီတို့ အဖေထိုင်တဲ့ ပက်လက်ကုလားထိုင်ကြီးပေါ် တက်တက်ဥနေတာ ၂ခါလောက်ရှိပြီဆိုတော့ မဆွိတီသေးသေးလေးက မှတ်ထားတာ။ ဒီတစ်ခါ ကတော်ရင်တော့ ကြက်ဥဘယ်လိုအုလဲ သိရအောင် ကြံဆောင်တော့မည်ပေါ့။ အဖေထိုင်တဲ့ ပက်လက်ကုလားထိုင်နောက်ကနေ ပုန်းပြီး ငုတ်တုတ်ထိုင်စောင့်နေတာ။ ပက်လက်ကုလားထိုင်ဆိုလို့ ပြောရရင် အဲဒီအချိန်က အိမ်မှာ Bread winner ဖြစ်တဲ့ အဖေသာ ထိုင်ခွင့်ရှိတဲ့ အိမ်ရဲ့ ဇိမ်ခံပစ္စည်း တစ်ခုပေါ့ဂျာ။ အဖေရုံးသွားချိန်မှ မဆွိတီတို့ မောင်နှမတွေ လုထိုင်ကြရတာကလား။ ခုမှ စဉ်းစားမိတာက ဒီလိုပက်လက်ကုလားထိုင်မျိုးကိုမှ အဲဒီ ကြက်မဒန်းမက သူ့ဥကျင်းလုပ်ရက်လေခြင်းဗျာ။
ကြက်မတွေခင်မြာလဲ ဥအုရတာ အမျိုးသမီးများ မီးဖွားသလိုပဲခင်ဗျ။ သူ့အ၀မှာ သူ့ဥလေးက ညှစ်လိုက်၊ မထွက်လာပဲ၊ ပြန်ဝင်သွားလိုက်နဲ့ ပြူတစ်ပြူတစ်ဖြစ်နေတာ တော်တော်ကြာသဗျ။ မတ်တပ်ရပ်ပြီး ညှစ်နေရတာ။ ကြက်မဒန်းမှို့လားတော့ မသိဘူး။ တော်တော်ခက်နေတယ်။ ကုလားထိုင်အနောက်ဖက် ပွဲကြည့်စင်ကနေ နေရာယူထားတဲ့ မဆွိတီသေးသေးလေးက အသေးစိတ်ကိုမြင်နေရတာ ခင်ဗျ။ နောက်ဆုံး အသည်းအသန်ညှစ်လိုက်မှ ဖုတ်ကနဲ့ အဖေ့ပက်လက်ကလားထိုင်က တာလဘတ် အခင်းပေါ် ထွက်ကျလာတယ်။ ထွက်လာလာချင်း ကြက်မက သူ့ကိစ္စ၀ိစ္စပြီးပြီဆို ဖုတ်ဖက်ခါ ထွက်သွားတော့တာပဲ။ ကြက်မဒန်း သားမခင်ဆိုတာ ဒါမျိုးလားတော့ မသိဘူး။ ဒီတော့မှ စပ်စပ်စုစု မဆွိတီသေးသေးလေးက ကြက်ဥကိုကောက်ကိုင်လိုက်တာ ခပ်စိုစို ပူပူနွေးနွေးလေးပါဗျား။
ဆိုချင်တာက သို့ဂလို ကြက်မတွေနဲ့ (ဟွန် ... ကြက်မအစစ်ကို ပြောတာနော်း) လက်ပွန်းတတီးရှိခဲ့တဲ့ မဆွိတီဟာ ခေါင်းအုံးပေါ်တက်အအိပ် ကြက်အနံ့ကထောင်းကနဲထွက်လာတော့ စိတ်ထဲမှာ ကြက်ခြံထဲများ သွားအိပ်ရသလား အောက်မေ့ရအောင် ဖြစ်သွားလို့ ငယ်ငယ်က ဘ၀ကိုတောင် သွားသတိရမိကြောင်းပါ။ ခုတော့ ခေါင်းအုံးက အနံ့သိပ်မထွက်တော့ဘူးခင်ည။ ခေါင်းအုံးကလဲ ပြားသွားလိုက်တာ၊ ပါးပါးလေးပဲ ကျန်တော့သကိုး။ အထဲက ထွက်စရာ လေကုန်သွားတော့ အနံ့မထွက်တော့တာ ဖြစ်မယ်လို့ သဘောပေါက်ရပါသဗျား။
အန်တီဆွိနှင့် သူမ၏ငရုပ်ဆုံ
မဆွိတီတို့ ဒီဖက်ပြောင်းဖို့ ပစ္စည်းတွေ ထုတ်ပိုးတော့ ဘယ်ပစ္စည်းတော့သယ်မယ်။ ဘယ်ပစ္စည်းတော့ ထားခဲ့မယ်ဆို ခွဲတန်းချကြတယ်။ အဲသမှာ အိမ်က ငရုပ်ဆုံက ဘေးမှာ နဲနဲပဲ့နေပြီဆိုတော့ ထားခဲ့ကြတာ။ စလုံးမှာလဲ မသွားခင် တစ်လလောက် ချက်ရပြုတ်ရဦးမှာကိုး။ ဒီရောက်တော့ မဆွိတီတို့ ချက်ဖို့ ပြုတ်ဖို့လုပ်တော့ တော်တော် အဆင်မပြေတာနဲ့ ငရုပ်ဆုံရှာပုံတော် ဖွင့်ကြတော့တယ်။ အဲဒီမှာ သွားတွေ့လိုက်တာက ဆစ်ဒ်နီမှာလဲ အိမ်သုံးပစ္စည်း တိုတိုထွာထွာရောင်းတဲ့ ဆိုင်တွေ အင်မတန်ပေါတာကလား။ Hot Dollar လို ဆိုင်တွေအပြင် East Wood က လမ်းဘေးဆိုင်လေးတွေ ပေါမှပေါဗျား။ ဈေးတွေကလဲ သိပ်မဆိုးလှပါဘူး။ စလုံးလောက်ပါပဲ။ ပစ္စည်းတွေ စုံလွန်းလို့ အိမ်မှာ သိပ်မလိုပဲ ၀ယ်မိမှာစိုးလို့ မနဲဘရိတ်အုပ်ထားရတယ်။ အဲဒီက ဆိုင်တစ်ဆိုင်မှာ ငရုပ်ဆုံတော့တွေ့တယ်။ အရွယ်က ခပ်လတ်လတ်ပဲ။ ဈေးက ၁၉ ကျပ်ဆိုတော့လဲ မဆိုးဘူးပေါ့။ ဒါနဲ့ ၀ယ်တော့မယ်ဆိုတော့ သူက ငရုပ်ကျည်ပွေ့ကို ပြမထားဘူးခင်ည။ ဆိုင်က ကောင်တာကို သွားမေးတော့မှ သူတို့က ငရုပ်ကျည်ပွေ့ကို ထုတ်ပေးတယ်။ အောင်မလေးဗျာ ငရုပ်ကျည်ပွေ့က သေးချက်ကတော့ မဆွိတီတို့စားတဲ့ မျှစ်ချောင်းသာသာပဲရှိတယ်။ ငရုပ်ဆုံကို တပ်ကြည့်တော့ အတော်ကို ချောင်နေတယ်။ အဖေရေ ဒီငရုပ်ကျည်ပွေ့နဲ့ ထောင်းဖို့ရာတော့ ဘယ်လိုမှ အားရမှာ မဟုတ်ဘူးဆို ၀ယ်ခါနီးမှ လက်လျှော့ ပြန်ခဲ့ကြတယ်။
အဲဒီနေ့ညနေပဲ ဦးခြိမ့်က ဈေးချိုတဲ့ Aldi ဆိုတဲ့ စူပါမားကတ်မှာ ဈေးသွားဝယ်ကြတယ်။ အဓိကက ပေါင်မုန့်လို၊ နွားနို့လို့၊ ချိစ်လို အနောက်တိုင်း စားသောက်ကုန်တွေ ရောင်းတဲ့ဆိုင်ပါ။ ဈေးလဲ တကယ်ပေါပါတယ်။ ဦးခြိမ့်က အစားအသောက်တွေကြည့်နေတုံး မဆွိတီက အလယ်တန်းမှာပြထားတဲ့ အိမ်သုံးပစ္စည်းတွေ ဒစ်စကောင့်ချတဲ့ဆီ မျက်စေ့က ရောက်သွားတယ်။ အဲသမှဗျာ ငရုပ်ဆုံကြီး။ ကပ်ထူပက်ကင်ပုံးနဲ့ သေချာကို ထုတ်ထားတာ။ ဘယ်လိုငရုပ်ဆုံမျိုးလဲဆိုတာ ပြောရရင်တော့ အစားအသောက်ချက်တဲ့ ဆယ်လီဗျစ်တီ ဂျေမီအိုလီဗာ ထောင်းထောင်းနေတဲ့ ပရော်ဖက်ရှင်နယ် ငရုပ်ဆုံမျိုးကြီးခင်ည။ ငရုပ်ဆုံအပြင်သားကိုက ပြောင်ချောနေတာပဲ။ ဈေးကလဲ ရေးထားတာ ဖတ်ကြည့်တော့ ၁၃.၉၉တဲ့ဗျာ။ အော်ဇီလိုနေရာမျိုးမှာ ရွာကလို ငရုပ်ဆုံမျိုးကို မယုံနိုင်လောက်အောင် ဈေးချိုနေလို့ ဟုတ်မှဟုတ်ရဲ့လား ညက်စေ့ကို ပွတ်ပြီး ၂ခါပြန်ကြည့်ရတယ်။ ပြီးတော့ အဲဒီငရုပ်ဆုံဗူးကြီးကိုင်ပြီး လက်ကမချတော့ဘူးဗျို့။ အစားအသောက်တန်းဖက်ပတ်နေတဲ့ ဦးခြိမ့်ကို အတင်းရှာပြီး ပြလိုက်တော့ သူကလဲ ဟုတ်ရဲ့လားတဲ့။ ဈေးမှားရေးတာလားတဲ့။ ပြန်ရှာတော့လဲ တစ်ဆိုင်လုံး အဲဒီ တစ်ခုသာ ကျန်တော့တာနဲ့ တူပါရဲ့။ ဒါနဲ့ အဲဒီနေ့ညက မဆွိတီလဲ အဲဒီငရုပ်ဆုံကြီး ပိုက်ပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ အိမ်ပြန်ခဲ့တော့တာပဲ။ တစ်ခါတစ်ရံလဲ ဘာရယ်မဟုတ်၊ ကိုယ်လိုချင်တဲ့ ပစ္စည်း ကွာလတီကောင်းကောင်းကို ဈေးပေါပေါနဲ့ရတာလဲ လောကမှာ အလွန်ကျေနပ်ပီတိ ဖြစ်ဖွယ်ပါတကား။
အန်တီဆွိ ဖြတ်လမ်းလိုက်ခြင်း
နောက်အတွေ့အကြုံတွေကတော့ အော်ဇီမှာ လမ်းတွေကကျဉ်းတော့ ကားမောင်းရတာ စလုံးလောက်မောင်းလို့ မကောင်းဘူးခင်ဗျ။ ကားလမ်းတွေကလဲ မကောင်းတော့ တ၀ုန်းဝုန်းနဲ့မောင်းရတာ။ စမောင်းကာစကတော့ ကားတွေ နှေးအောင် တမင်အထစ်ကလေးတွေ ထည့်ထားတယ်တောင်ထင်တာ။ ဘယ်ဟုတ်ရမတုံးဗျာ။ ကတ္တရာတွေက ကွဲနေတာ သေချာဖာမထားတော့ ၁၀မီတာလောက်ကို တစ်ခါ တ၀ုန်းဝုန်းနဲ့ခင်ဗျ။ ရောက်စ ကားကလဲ စိမ်း၊ လမ်းတွေကလဲစိမ်း ဆိုတော့ မောင်းရတာ တော်တော်ဂွကျတယ်။ ပြောရရင် ကားကို မမောင်းချင်ဘူး။ ဒါကို ဦးခြိမ့်ကို မနက်ခင်းလိုက်ပို့ ၊ သမီးကိုကျောင်းပို့၊ ညနေ သမီးကို ၃နာရီခွဲမှာ သွားကြို၊ အိမ်ပြန်လာ ညနေ ၅နာရီခွဲမှာ တစ်ခါ သမီးပါ ခေါ်ပြီး ဦးခြိမ့်ထပ်ကြိုရပြန်တယ်။ နဂိုတည်းက ကားမမောင်းချင်တာ မောင်းနေရတော့ မဆွိတီတို့ အကြံထုတ်တယ်။
ဂျူဂျူးကလဲ ကားနဲ့လာကြိုရင် ခလေးတွေ အကုန်လုံး လွှတ်မှ ကားသမားတွေက ကျောင်းထဲဝင်ပတ်ပြီး ခေါ်ခွင့်ရတာဆိုတော့ သူက ကျောင်းဆင်းပြီး ၁၅မိနစ်လောက် မအေကားအလာကို စောင့်နေရတာ စိတ်မရှည်ဘူးခင်ဗျ။ ဒါနဲ့မဆွိတီလဲ ဂျူဂျူနဲ့ တစ်ရက်လောက်လမ်းလျှောက်ပြီး ကျောင်းသွားကြည့်တော့ တော်တော်အဆင်ပြေတယ်။ ကျောင်းနဲ့အိမ်က တစ်ကီလိုမီတာပဲ ဝေးတာဆိုတော့ ၁၅မိနစ်လောက်တော့ လျှောက်ရတယ်။ ရာသီဥတုက စလုံးလိုလဲ နေကျဲကျဲတောက် ပူမနေတော့ သားအမိနှစ်ယောက် စကားတွေပြောပြီး လျှောက်ကြတော့ သိပ်ကြာတယ် မထင်လိုက်ဘူး။ မနက်ခင်း၊ ညနေပြန် သူ့အဖေကို လိုက်ပို့စရာ ကြိုစရာ မလိုတော့ ကားလဲ မမောင်းရတော့ဘူး။ ဓာတ်ဆီဖိုးလဲ သက်သာသွားတယ်။ လူလဲ အချိန်ကုန်သက်သာသွားတယ်။ ဂျူဂျူးလဲ မအေကို စောင့်စရာမလိုတော့ဘူးပေါ့။ အဲဒီလမ်းက ကားသွားတဲ့ လမ်းအတိုင်း သားအမိ၂ယောက် လျှောက်ကြတာပါ။ ကားလမ်းက ကွေ့ပတ်ပြီး သွားရတော့ နဲနဲတော့ ပိုဝေးတယ်ခင်ဗျ။ ရေရှည် ဂျူဂျူလေး လျှောက်နိုင်ပါ့မလား စဉ်းစားနေရတယ်။
ပထမလမ်းလျှောက်သွားတဲ့ ကားလမ်းမတစ်လျှောက်မြင်ကွင်းပါခင်ည။
ဒီမှာ ဟိုးအရင် ဦးခြိမ့် ဒီအိမ်ကို ငှါးတော့ သမီးကျောင်းကို သွားတဲ့ဖြတ်လမ်း ရှိလားဆို မေးဖူးတယ်။ အမှန်က ကျောင်းနဲ့ အိမ်က အဖြောင့်ကို ကီလိုဝက်ပဲ ရှိတာပါ။ Google earth ထဲ ၀င်ပြီး တိုင်းထားတာခင်ဗျ။ တစ်နေ့ကတော့ သမီးကို ကျောင်းပို့ပြီးအပြန် သမီးတို့ကျောင်းဘေးက အထက်တန်းကျောင်းထဲကို လမ်းမကနေ ၀င်ကြည့်လိုက်တာမှာ လားလား ဖြတ်လမ်းက အဲဒီအထက်တန်းကျောင်းဝန်းက ထွက်ထွက်ချင်း မြက်ခင်းကျယ်ကြီးကိုဖြတ်ပြီး ဖောက်ပေးထားတာ ကွန်ကရစ်လမ်းကြီးမှ ဖြူးလို့ပဲဗျာ။ ဂျူဂျူတို့ တက်တဲ့ အတန်းကို တောက်လျှောက် ဖြောင့်နေတာပဲ။ အထက်တန်းကျောင်းကလဲ ခြံစည်းရိုးတွေက အကုန်ကာမထားပဲ မြက်ခင်းနားမှာတော့ တိုးယိုပေါက်ကြီး ကြိုက်သလို ၀င်ထွက်ပေရော့ပဲ။ ဒါနဲ့ အစမ်းလျှောက်ကြည့်တော့ ၁၀မိနစ်ပဲ ကြာတော့တယ်ခင်ည။ ခရီးက ၀.၆ကီလိုမီတာပဲရှိတော့ တော်တော်လျှောက်ရတာ သက်သာသွားလို့ မဆွိတီမှာ တစ်ချက်ခုတ် အချက်ပေါင်းများစွာပြတ်လို့ ကျေနပ်ပီတိမဆုံးပါကြောင်း။
ဖြတ်လမ်းမှ လျှောက်ခြင်း၏အကျိုးကျေးဇူးများ
၁) ကားဓာတ်ဆီခ တစ်ဝက်ဖိုးလောက် သက်သာသွားပါတယ်။
၂) နေ့စဉ်နဲ့အမျှ တစ်နေ့၂ခါ traffic ဖြစ်တဲ့ အချိန်ကြီး ကားမမောင်းရတော့ တိုက်မိမဲ့ risk နဲသွားတာပေါ့ဂျာ။ (စာရေးသူဟာ စလုံးမှာမောင်းသက် ၂နှစ်အတွင်း ၃ခါတိတိ တိုက်ဖူးသူ ဖြစ်ကြောင်း အာမခံပါသည်း))
၃) ဂျူဂျူလေးလဲ မနက် ၇နာရီခွဲ မထရတော့ဘူး။ ၈နာရီခွဲမှ ထရတော့ တစ်နာရီ ပိုအိပ်ရပါသဗျ။ မဆွိတီလဲ အချိန်တွေအများကြီး ပိုထွက်လာတယ်။
၎) ဖြတ်လမ်းက တိုတော့ ဂျူဂျူလေးလဲ ရေရှည် မလျှောက်နိုင်မှာ စိတ်မပူရတော့ဘူး။
၅) ကျောင်းကို အသွားအပြန်၊ အသွားအပြန် ၄ ခါတိတိ လမ်းလျှောက်ရတော့ အန်တီဆွိတို့ နေ့စဉ်ကျန်းမာရေး ကိုယ်လက်လှုပ်ရှားမှုအတွက် စိတ်မပူရတော့ဘူးပေါ့ဂျာ။ တစ်နေ့ကို ၂.၄ ကီလိုမီတာ လျှောက်မိနေပါတယ်။ စကားမစပ် အခုကို အန်တီဆွိ စလင်းဘော်ဒီလေး ဖြစ်နေပါတယ်း) ဒါကတော့ အန်တီသက်ဝေတို့ တန်ခူးတို့ အန်တီစုချစ်တို့ မနာလိုအောင် ပြောတာ မဟုတ်ဘူးခင်ည။ တကယ်ပါ။
၆) ဖအေ၊ မအေဆီက စိတ်စောတတ်တဲ့ အမွေကို ဆက်ခံထားတဲ့ ဂျူဂျူလေး ကားလာအကြိုကို မစောင့်ရတော့ဘူးပေါ့ဂျာ။ ကျောင်းဆင်းတာနဲ့ အမေလက်ဆွဲပြန်ရုံပဲခင်ည။
၇) ဖြတ်လမ်းက ကားလမ်းအတိုင်း သွားတာမဟုတ်တော့ အန္တရာယ်ကင်း၊ ဘေးရှင်းတဲ့ အပြင်၊ ကားတွေဖြတ်သွားလို့ လေတိုးတဲ့ဒါဏ်လဲ မခံရတော့ဘူးပေါ့ဂျာ။
ဂျူဂျူလေး ကျောင်းရှေ့က ကွန်ကရစ်ခင်း ဖြတ်လမ်း
မရေးဘူး မရေးဘူးနဲ့ ရေးမဲ့ရေးတော့လဲ ရေးစရာတွေက မကုန်နိုင်ဘူး။ နောက်တစ်ပို့စ်မှာ ဆက်ရေးပါ့မယ်။ ဂျူဂျူလေးရဲ့ကျောင်းအကြောင်း၊ ပညာရေးဆိုင်ရာတွေ၊ ခလေးတွေ ကျောင်းနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံလေးတွေ။
Sunday, May 8, 2011
Subscribe to:
Post Comments (Atom)
upload more
ReplyDeleteyes.
ReplyDeleteagree
ုkom
ဖတ်မဝ
ဖတ်လို့ကောင်းတယ်။ ဆက်ရေးပါအုံး။
ReplyDeleteဟုတ်တယ်... မမတို့ မရှင်လေးတို့ ပြောသလိုပဲ... ဖတ်လို့ သိပ်ကောင်းတယ်...
ReplyDeleteအရှည်ကြီးရေးတော့ ဖတ်ရတာ ပိုပျော်တယ်... ဆက်ရေးပါအုံး...
ပတ်ဝန်းကျင် ရှုခင်းလေးတွေ တွေ့ရတာ အေးချမ်းလိုက်တာလို့ ထင်မိတယ်...ဓါတ်တိုင်တွေ ဓါတ်ကြိုးတွေတွေ့တော့ ဓါတ်ပုံရိုက်ရတာ နည်းနည်းရှုပ်နေသလို ခံစားရတယ်...။ ငြုတ်ဆုံကတော့ မြန်မာပီပီ ပေါ့...။
သမီးလေးက ကျောင်းဝတ်စုံလေးနဲ့ ချစ်စရာ...
ပြီးတော့ အန်တီဆွိ စလင်းဘော်ဒီလေး ဆိုတာကို ဒါ့ပုံနဲ့တကွ သက်သေပြ ဖြေဆိုပါ... ဟင်းဟင်းဟင်း...း))
အန်တီဆွိရဲ့ ဘလော့ကိုကျွန်တော်ဝင်ဖတ်နေကျ..ပို့စ်အသစ်တွေ စောင့်ပြီးဖတ်၇တာလဲ အမော..ဒီတခါပထမဆုံးကောမန့်ပေးဖူးတာ. ပျော်စ၇ာကောင်းတဲ့ အန်တီဆွိတို့ မိသားစုအကြောင်းလေးတွေဖတ်၇တာ ကြည်နူးဖို့ကောင်းတယ်ဗျာ..း)
ReplyDeleteတီတီဆွိ ငရုပ်ဆုံကြီး ပိုက်ပြီး ALDI ကထွက်လာတဲ့ ပုံ မိုက်မှာဘဲ တရုပ်ဆိုင် ဗီယက်နမ်ဆိုင်တွေမှာလဲ ၇ှိပါတယ် အဲဒီ ဆိုက်ဆို ၁၃.၉၉ နဲ့ တော့ရဘူးနဲ့ တူတယ်
ReplyDeleteကျမတော့ဒီမှာလက်တဆုပ်စာလောက်ရှိတဲ့ငရုတ်ဆုံလေးနဲ့ပဲချက်နေတုန်း... မဆွိငရုတ်ဆုံကတော့ရှယ်ပေါ့...
ReplyDeleteလမ်းလျှောက်ရတာကောင်းတယ်နော်။ နောက်ဆိုဒီထက်စလင်းဖြစ်လာမယ်ထင်တယ် :P
စူးနွယ်လေး
မဆွိရေ ဂျူဂျူလေး လမ်းမလျှောက်နိုင်မှာမပူနဲ့နော်။ ကျွန်မတို့ဆီမှာဆို မူကြိုကလေး (၂-၃)နှစ်ကစပြီး မူကြိုကနေ တရက်ခြား အပြင်ခရီးတိုလေးတွေ ထွက်ခိုင်းပြီး။ ထွက်ရရင် အနည်းဆုံး (၁၅)မိနစ် ခရီးကို လျှောက်ခိုင်းတယ်။ ကျွန်မသမီးလေးဆို အသက်(၃)နှစ်ကစပြီး အသွားမိနစ်(၃၀)၊ အပြန်မိနစ် (၃၀) နေ့တိုင်းကျောင်းကိုလမ်းလျှောက်နေ တာ အကျင့်ဖြစ်နေပြီ။
ReplyDeleteအဆင်ပြေတယ်မလား မဆွီ...
ReplyDeleteဖတ်ရတာ လေးကလဲ စိတ်ဝင်စားဖို့ကောင်းပါတယ် ..
ဆက်ရေးနော် ..
အားပါး ... ရေးတော့လည်း ပို.စ်ကိုဆုံးအောင်တော်တော် ဖတ်လိုက်ရတယ်၊
ReplyDeleteကျွန်တော်လည်း နယ်မှာနေဖူးပြီး အဖေက ကြက်၊ ၀က်မွေးဖူးပါတယ်၊ ဒါပေမဲ့ ကြက်မ ဥတာတော့ မတွေ.ဖူးပါ ၊ မဆွိ ရေးမှာပဲ ကွက်ကွက်ကွင်းကွင်းမြင်မိတော့တယ်၊
အော်ဇီကအကြောင်းတွေက စိတ်ဝင်စားဖို.ကောင်းပါတယ်၊
ကျွန်တော့်မှာ မြန်မာပြည်က သယ်လာတဲ့ ငရုပ်ဆုံကြီးရှိတယ် ၊ အသိတစ်ယောက်က သယ်လာပြီး မြန်မာနိုင်ငံကိုပြန်သွား လို. ပေးခဲ့တာပါ၊ ကျွန်တော် မသုံးဖြစ်တာတောင်တော်တော် ကြာပေါ့၊ ဒီလိုမှန်းသိရင် ကျွန်တော့်ရဲ့ ငရုပ်ဆုံကြီးပေးလိုက် ပါတယ်၊
စင်ကာပူမှာရှိတဲ့သူများ ငရုပ်ဆုံလိုချင်ရင် မဆွိဘလော့ စီဘောက်က ဖုံးနံပါတ်ကြေညာလိုက်ပါ ၊ ကျွန်တော် ဆက်သွယ်ပြီး လာယူဖို.စီစဉ်လိုက်ပါ့မယ်၊
ခင်တဲ့
Z
တီဆွိ
ReplyDeleteရေးတတ်တာတော့အမှန်ဘဲ။
ma ma sweet,
ReplyDeleteI think you can use the bike if you want. I live in Washington DC, and a lot of people use bike for everyday because of terribly terrific. And Ju Ju might be happier to go to school. Enjoy!! And I warmly welcome your family to visit to DC. You will see capitol bike share in everywhere of DC metro area, so we can go around DC and watch the white house by riding bikes.
ဟားဟား တီဆွိရဲ့ ခေါင်းအုံးအကြောင်းဖတ်ပြီး ရီမိပါတယ်။ ဇင်ယော်လည်း ရောက်ခါစက အဲ့အမွှေးတွေနဲ့ခေါင်းအုံးအိပ်ရတာ တော်တော်အဆင်မပြေတာ။ တီဆွိပြောသလို ဘဲမွှေးနံ့နံ့တာရော ရန်ကုန်က လဲမှို့ခေါင်းအုံးလိုမာမာလေးမဟုတ်တော့ တစ်လုံးတည်းအိပ်ရင် ဘယ်လိုမှအဆင်ကိုမပြေတာ။ အခုတော့လည်း အဲ့အနံ့တွေနဲ့ယဉ်သွားပါပြီ။ စောင်ဖြစ်ဖြစ် ခေါင်းအုံးဖြစ်ဖြစ် အသစ်ဆိုရင်တော့ အနံ့ရှိပါတယ်။ ၃ ၊ ၄ ရက်လောက်ဆိုရင် မနံတော့ပါဘူး။
ReplyDeleteခင်ရေ
ReplyDeleteစက်ဘီးစီးဖို့ အကြံ စလုံးမှာတုံးက Google Earth ကနေ ၀င်ကြည့်တုံးကတော့ စိတ်ကူးမိသေးသဗျ။ ဒီရောက်တော့ ကျောင်းကို လမ်းလျှောက်ကြည့်တော့ ကုန်းတက်ကြီး ဖြစ်နေတယ်။ ၃၀ဒီဂရီလောက်တော့ရှိမယ်။ Gradient က။ ဒီမှာတင် စက်ဘီးစီးဖို့ အကြံ လက်လျှော့လိုက်တယ်။ ကုန်းတက်ကုန်းဆင်းပေါတဲ့နေရာဆိုတော့ ဘယ်သူမှလဲ စီးတာ မတွေ့ဘူးခင်ည။
ဇင်ယော်
ငှက်မွှေးနဲ့ဟာတော့ အောက်က ခံအိပ်တာတောင် အနံ့ဒီလောက်ထွက်နေတာ။ အဲ့ပေါ်တိုက်ရိုက်အိပ်ရင် ဘယ့်ဂလောက်တောင်နံမလဲ စဉ်းစားလို့ မရဘူး။း)
တတိယမြောက် အနောနိမတ်စ်
အားပေးမှုအတွက် ကျေးဇူးပါဂျာ။
ကဲ ကဲ ... ငရုပ်ဆုံ လိုချင်သူများ ကိုဇီ သိစေရန် စီဘောက်မှာ ဖုန်းနံပတ် ရေးသွားကြပါကုန်း)
ဘယ့်နှယ် ဘလော့ဂ်မှာ ငရုပ်ဆုံအလှူနဲ့ တိုးနေတယ်း)
ဝက်ကလေး
So far, so good, except cold weather. Thanks.
KK ပြောမှ လမ်းလျှောက်တဲ့ ကိစ္စ ပိုခိုင်သွားပြီ။ ကိုယ်က ခလေးကိုပဲ လမ်းလျှောက်ရလို့ သနားနေတာ။
စူးနွယ်
များရဲ့ ငရုပ်ဆုံကြီး သူအားကျနေပြီ ထင်တယ်း)
AMK
ပထမကြည့်တာ တရုတ်ဆိုင်ထင်တယ်။ ငရုပ်ကျည်ပွေ့သေးသေးလေးဆိုတာ။ ဗီယက်နန်ဆိုင်တွေတော့ မရောက်သေးဘူး။ မဆွိတီတို့နေတဲ့နားက တရုတ်ရပ်ကွက်ဗျ။
ကြယ်စင်အလင်း
စောင့်ဖတ်တယ်ဆိုတော့ အားပေးမှုအတွက် ကျေးဇူးအမြဲတင်လျက်ပါ။ အဲလိုကွန့်မန့်လေးတွေက ရေးဖို့ အတွက် ခွန်အားတွေပါပဲ။
အန်တီသက်ဝေ
ဓာတ်ပုံနှင့်တကွ သက်သေပြရမှာလား ... မျက်နှာစာအုပ်မှာ လာမည် ... မျှော် ... ဒီထက် ပိုစလင်းဖြစ်အောင် ထမင်း၇ရက် မစားပဲ တင်ပေးမည် .... မျှော် ... ... ... ;))
ရှင်း၊ အနောနိမတ်စ် အားပေးမှုအတွက် ကျေးဇူး။
တို့ အန်တီကွန်းကလဲ စောစောစီးစီး ဖတ်ပြီး လာအားပေးသွားသဗျ။ ရှဲရှဲ့နီ အစ်မ။
အင်း ငရုတ်ကျည်ပွေ့ ကတော့ အားရပါးရပဲ။
ReplyDeleteရန်ဖြစ်စရာတော့ မရှိပါဘူး မို့ လာ?
:P
စော(အဝါရောင်မြေ)
၁နဲ့၂ တခါတည်းဖတ်သွားတယ် မတ်စိရေ...။ အိမ်လေးတွေ လမ်းလေးတွေက ချစ်စရာကောင်းလိုက်တာ...။ အေးချမ်းလိုက်တာ။ မတ်စိ လက်မီးကင်နေပုံကိုကြည့်ပြီး ဝိတ်ကျသွားတာ ထောက်ခံပါ၏။:P သမီးဂျူဂျူကိုလည်း အန်တီချစ်ကြည်အေးက သတိရတဲ့အကြောင်း ပြောလိုက်ပါနော်...။ အော်ဇီက အတွေ့အကြုံတွေကို စောင့်ဖတ်နေပါမယ်။ အဆင်ပြေရင် ကိုအန်ဒီတို့နဲ့ တွေ့ဆုံပွဲအကြောင်း ထည့်ရေးပါဦး ဆွိရေ....
ReplyDeleteသတိရလျက်...:)
မျှော်နေပါကြောင်း။ နောက်အဆက်ကို.....
ReplyDeleteမဆွိရေ...ကြုံရင်ကြုံသလို...သတိရရင် ရသလို ၀င်ဝင်ဖတ်ပါတယ်။ အော်ဇီက အတွေ့အကြုံသစ်တွေအကြောင်း စိတ်ဝင်စားလို့ အသစ်တင်တိုင်း ဖတ်ရအောင် လင့်ခ်ယူသွားတယ်နော်။း)
ReplyDeleteမကေ
ReplyDeleteအဆင်ပြေလို့ဝမ်းသာရပါတယ်
she want to show how she stay in EU.
ReplyDeletenot interesting
အလုပ်သစ် ရောက်သွားတည်းက ဘာစာမှ မဖတ်ဖြစ်တော့ဘူး ဖြစ်နေတာ။ သတိရလို့ လာကြည့်သွားတယ် တီဆွိရေ..
ReplyDeleteအလင်း
ကြိတ်စက်ဘာလို့မသုံးတာလဲ
ReplyDeleteနတ်သမီးရေ
ReplyDeleteကြိတ်စက်အိမ်မှာ ရှိပါတယ်။ ထောင်းချက်ရတာမှ အားရတယ်။ ကြိတ်စက်က chopping ပဲလုပ်တာ။ မညက်တော့ ချက်လို့ မကောင်းဘူး။ မြန်မာ့ရိုးရာ ငရုပ်ဆုံနဲ့ထောင်းချက်မှ ဟင်းကပိုကောင်းတယ်လို့ စွဲနေတယ်။