Friday, July 29, 2011

ဖယောင်းပုဆိုး တရားစီရင်ခန်း




ဟိုတစ်လောက Sydney Olympic Park ကို ပစ်ကနစ်သွားကြမယ်ဆိုတော့ မဆွိတီမယ် တစ်ယောက်တည်း ချက်ဟယ်ပြုတ်ဟယ်နဲ့ အလုပ်ရှုပ်နေတယ်။ ဦးခြိမ့် အလုပ်ကပြန်လာတော့ ပစ်ကနစ်မှာခင်းရအောင် ကားဂိုထောင်ထဲက ဖယောင်းပုဆိုး ထုတ်ခိုင်းတာ၊ မထုတ်ပေးဘူးဗျာ။ သမီးကစားတဲ့ အခန်းထဲက တစ်ယောက်အိပ် ဖျာကြမ်းလေးပဲ ယူမတဲ့။ မဆွိတီကလည်း ပစ်ကနစ်က လူတွေအများကြီး၊ တော့ဖျာကြမ်းနဲ့ လူရယ်ချင်စရာဖြစ်မယ်။ ဖယောင်းပုဆိုးက သပ်သပ်ရပ်ရပ်၊ ပြီးတော့ အကြီးကြီး၊ ပစ်ကနစ်ထွက်ရင် ခင်းရအောင်ဆို စလုံးကနေတောင် အပင်ပမ်းခံယူလာတာ။ ထုတ်ပေးပါဆိုတာကို မရဘူးဗျာ။ ဖျာကြမ်းပဲ ယူမယ်ဆို ဇွတ်လုပ်နေတယ်။

ဒါနဲ့မိသားစု ထမင်းစားသောက်ပြီးတော့ သမီးကိုခေါ်၊ သော့ဖွင့်ခိုင်းပြီး ကားဂိုထောင်ထဲက ဖယောင်းပုဆိုးအလိပ်ကြီး ကိုယ့်ဟာကိုယ်ပဲ ထုတ်လိုက်တယ်။ ကားပေါ်တင်မယ်လုပ်တော့ ကားနဲ့ မဆန့်တာနဲ့ ခေါက်ထည့်ရအာင်ဆို အိမ်ထဲပြန်သယ်လာခဲ့တယ်။ အိမ်ရှေ့ဧည့်ခန်းမှာ အလိပ်ကြီးပြန်ဖြည်၊ အလယ်ကနေ ပထမ တစ်ခေါက်ခေါက်လိုက်တယ်။ ဒုတိယတစ်ခေါက်ပြန်အချိုးမယ် ဖယောင်းပုဆိုးက အလယ်ခေါက်ကြောင်း၂ခုဆုံရာကအစ၊ ခေါက်ရာတွေအတိုင်း ဟက်တက်ကွဲကုန်ပါရောလား။

ဆစ်ဒနီက အအေးဒါဏ်ကိုမခံနိုင်တော့ ဖယောင်းပုဆိုးလဲ ကြွပ်ဆတ်ပြီး ခေါက်ရာတွေအတိုင်းကွဲထွက်တာ အခင်းတစ်ခုလုံး အစိတ်စိတ်အမွှာမွှာဖြစ်ပါလေရော။ မဆွိတီမယ် ဖယောင်းပုဆိုးအသစ်ကြီးရဲ့ အနိစ္စသဘော ဖြစ်ပျက်တွေကို တရားမရနိုင်ပဲ နှမြောသတ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေပါတော့တယ်။

ဒါကိုဘေးကနေ ကွန်ပြူတာနှိပ်ရင်း အသာထိုင်ကြည့်နေတဲ့ ဦးမောင်ခြိမ့်တစ်ယောက် ပြောကွက်တွေ့ပဟ ဆို ပြီတီတီမျက်နှာထား၊ ကြာကူလီဝင်းမြင့်လေသံနဲ့

"ကဲ ... အစက ကိုယ်မပြောလား။ ညည်း ဖယောင်းပုဆိုးကြီး မကောင်းပါဘူးဆိုတာကို။ အဲဒါကြောင့် ဖျာကြမ်းလေးပဲ ယူပါမယ်ဆို ကိုယ်ပြောတာ... " တဲ့။

အစထဲက ဖယောင်းပုဆိုး ထုတ်မပေးလို့ စိတ်တိုနေတဲ့ ဒေါ်ဆွိတီ၊ ဖယောင်းပုဆိုးကြီး ကွဲသွားလို့ နှမြောတသ စိတ်မကောင်းရတဲ့ကြားထဲ ခုလို ပြောတာခံလိုက်ရတော့ ကျွဲမြီးရော၊ နွားမြီးရော ရှိသမျှအမြီး အကုန်တိုသွားတယ်။

" ဒီမယ် ... တော့ ...ကမောင်ခြိမ့်ရဲ့ ... ဖယောင်းပုဆိုးက ခုလေးတင်မှ ကွဲတာလေ။ ဒီက အအေးဒါဏ်မခံနိုင်လို့ ခေါက်လိုက်မှ ကွဲတာ။ တော်က အဲဒါကို ဘယ်လိုကြိုသိနေလို့ မကောင်းဘူးပြောရတာလဲ။ စလုံးမှာတုန်းကလဲ ပစ်ကနစ်သွားတာ ဒါပဲခင်းတာ၊ အကောင်းပဲဟာကို။ ဒီရောက်မှ မအေးဒါဏ်မခံနိုင်လို့ ကွဲတာလေ။ တော့်ဟာတော် မထုတ်ချင်လို့ ထုတ်မပေးတာကို ခုမှ မကောင်းဘူးလေး ဘာလေး လာပြောမနေပါနဲ့ ..."

" အို မင့်ဟာ။ အဲဒီဖယောင်းပုဆိုး စ၀ယ်ကတည်းက ကိုယ်မကြိုက်တာ။ ကိုယ်တို့အမေအိမ်မှာနေတုံးကလဲ အဲဒါမျိုး ၀ယ်မခင်းဖူးဘူး။ ဘယ်တုံးကမှလဲ မကြိဲုက်ခဲ့ဘူး။ ညည်းဝယ်တုံးကလဲ ဘာမှ မပြောချင်လို့ အသာနေတာ ... ကြိုက်ကို မကြိုက်တာဟေ့ ... "

" အလိုတော် ဖယောင်းပုဆိုးကွဲမှပဲ တော့မယ် မကြိုက်ဘူး ဖြစ် ဖြစ်ရချေသေး။ အရင်ကလဲ &%$#%&*)__(*&^%$#$#@$^&&*(()))__)**)__)*^%$ .... ....

ဒီလိုနဲ့ဖယောင်းပုဆိုး ကောင်းတယ် မကောင်ဘူးနဲ့ စကားများနေကြတာ။ ဘေးမှာ သမီးဂျူဂျူလေး ရှိတာတောင် မေ့နေကြတယ်။ ခဏနေတော့ သမီးလဲ အဖေနဲ့ အမေကြား နားငြီးလာတယ်ထင်ပါရဲ့။

"ဖေဖေနဲ့မေမေ ... ခဏလေး ဂျူဂျူ ပြောမယ် ..." ဆို သူလုပ်နေကျအတိုင်း ညာလက်ကလေး မြှောက်ပြီးပြောတယ်။

အငြင်းပွားနေရာက သမီးဆီကို ၂ယောက်လုံး အာရုံရောက်ပြီး ပြိုင်တူလှည့်ကြည့်လိုက်ကြတယ်။

"ဂျူဂျူ တစ်ခုခု decide လုပ်ပေးမယ်။ ဖေဖေရော မေမေရော နားထောင် ..."

ဟုတ်နေပါပြီ။ ဂျူဂျူတစ်ယောက် ခုတစ်လော အဖေနဲ့အမေနဲ့ ကတောက်ကစဖြစ်ရင် သူက ကြားကနေ ၀င်ဝင်ဖြေရှင်းနေတာ ၂ခါ မကတော့ဘူး။

ဟိုတစ်လောကလဲ အိမ်တက်လုပ်မယ်ဆိုတော့ မဆွိတီမယ် တစ်ယောက်တည်း ကိုယ်ခွဲကလဲ မရှိဆိုတော့ ချက်ဖို့ပြုတ်ဖို့ နိုင်မှာ မဟုတ်ဘူး။ ဆိုင်ကမှာပြီး ကျွေးရအောင်ဆို သူကလဲ မိန်းမလက်ရာ စားစေချင်လို့ ချက်စေချင်နဲ့ လင်မယားစကားများကြတာ ဂျူဂျူပဲ ၀င်ပြီး ဖြေရှင်းပေးသွားတာ။ သူဖြေရှင်းပုံက " မေမေ့ကို ဂျူဂျူ ကူလုပ်ပေးမှာပေါ့ "တဲ့။ ကိစ္စပြတ်ကရော။ အဲဒီတုံးကလဲ ရယ်လိုက်ရတာ။ ဂျူဂျူလိုလူက ကူပေးမယ်ဆိုတော့လေ။

ခုလဲ ဂျူဂျူတစ်ယောက် ဘယ်လိုဖြေရှင်းမှာလဲပေါ့။ ရန်ဖြစ်နေတာထက် သမီး ဘယ်လိုဆုံးဖြတ်မှာလဲဆိုတာ စိတ်ဝင်စားနေကြတယ်။ ရယ်လဲရယ်ချင်နေတယ်။ ဒီကြားထဲ ဂျူဂျူ ဆက်ပြောလိုက်တာကြောင့် လင်မယား၂ယောက်လုံး တဟားဟားနဲ့ရယ်တာ ပတ်တုတ်လို့မရတော့ဘူး။
သူပြောတာက

"ဖေဖေနဲ့ မေမေနဲ့ Scissor, Paper, Stone လုပ်ရမယ်" တဲ့။

( ဗမာလိုဆို ကျားဗိုလ်ဆွဲရမယ်ပေါ့ဗျာ။)

ရယ်ချင်ရက်နဲ့ သူက အတည်ပြောနေတာဆိုတော့ ဆက်မေးလိုက်တယ်။
အဲဒီတော့ ဘာဖြစ်လဲဆိုတော့

" နိုင်တဲ့သူက နိုင်တယ် ။ ရှုံးတဲ့ သူက ရှုံးတယ် " တဲ့။

သူပြောမှ ပိုရယ်ချင်သွားတယ်။ စိတ်တိုတာတွေလဲ ပျောက်ကုန်ပြီ။ သူပြောတာ အကြောင်းရှိတယ်ဗျ။ ဆက်ဖတ်ပါဦး။

"Scissor, Paper, Stone ၅ခါလုပ်ရမယ်။ ဒါပေမဲ့ ဂျူဂျူပြောတဲ့ အတိုင်းလုပ်ရမှာ" တဲ့။

သူက အမေ့သမီးဆိုတော့ တစ်ခုခုဆို အမေဖက်ကပဲ။ အမေစိတ်တိုနေတာလဲ သိတော့အမေကို နိုင်စေချင်တယ်။ ပြီးတော့ အမေကို တိုးတိုးလေးလာပြောတယ်။ Scissor တဲ့။ သူ့အဖေကျတော့ Paper တဲ့ဆို၊ လုပ်ကြတော့ ပထမဆုံး သူ့အဖေရှုံးသွားတယ်။

ဟမ်မလေး ဂျူဂျူနဲ့မှပဲ မဆွိတီတို့လင်မယား မကြီးမငယ်နဲ့ Scissor, Paper, Stone လုပ်နေရတာ ရယ်နေရတယ်။

နောက်အလှည့်တွေကျ သူ့အဖေက လူလည်ဆိုတော့ နပ်တယ်လေ။ သမီးပြောတာနဲ့ ဆန့်ကျင်ဖက်တွေ ပဲ လုပ်တော့ နောက်ဆုံး၎ခါ သူ့အဖေနိုင်သွားပါရော။

ဒါကို လူလည်မ ဂျူဂျူကလဲ မလျှော့ဘူးဗျာ။ နောက်ဆုံး သူအဆုံးအဖြတ်ပေးသွားတာက
"ဖေဖေက ဂျူဂျူ ပြောတဲ့အတိုင်း လိုက်မလုပ်တော့ rule ပြောင်းလိုက်ပြီ" တဲ့။

"Winner is loser and Loser is winner"တဲ့ဗျား။

ဖယောင်းပုဆိုးကွဲလို့ စိတ်ညစ်နေတဲ့ မဆွိတီလဲ အနိုင်ရသွားလို့ ပျော်သွားရော။ ရှူံးသွားတဲ့လူကြီးကလဲ မိန်းမနဲ့ သမီးပျော်နေတာကိုကြည့်ပြီး ပျော်တပြုံးပြုံးနဲ့။

ဤတွင် ဖယောင်းပုဆိုး တရား စီရင်ခန်းပြီး၏။


(ပုံကို အင်တာနက်မှ ယူပါသည်။ Credit to original uploader.)

15 comments:

  1. ခေးကိုJuly 29, 2011 at 11:37 PM

    ဟဟ..ဂျူးဂျူးလေးက ချစ်စရာလေး

    ReplyDelete
  2. ဂျူဂျူလေးကျောင်းအကြောင်းတွေရေးပါအုံးရှင့်။ အသိကလေးတစ်ယောက်က ပြောတာတော့ စလုံးကနေ အော်စီရောက်ပြီး ကျောင်းတက်ရတာ ငရဲကနေ နတ်ပြည်ရောက်သွားသလိုပဲတဲ့။ အိမ်စာတွေ မနိုင်ရင်ကာမလုပ်ရတော့လို့တဲ့။ ဂျူဂျူလေးရော ဘယ်နှယ့်နေလဲလို့။ အစ်မရေးတဲ့စာတွေက တခုဆိုတခု ရယ်စရာလဲပါ ဗဟုသုတလဲရလို့ ကျေးဇူးပါ။

    ReplyDelete
  3. မဆွိရဲ့ ပို.စ်က ရယ်ရတယ်ဗျို.၊ ဂျူဂျူကြီးလာရင် တရားသူကြီးဖြစ်လိမ့်မယ်၊

    ReplyDelete
  4. ဂျူဂျူလေးကျောင်းအကြောင်း မကြာခင်ရေးပါတော့မယ်။ တောင်းဆိုတဲ့သူတွေ ဒီလောက်များနေတာ ရေးမဲ့သူက ပဲသိပ်များတာပဲ ဟွန့်း)

    ကိုဇက်
    မပျက်မကွက်လာရောက် အားပေး ဖတ်ရှူပေးသွားတာ ကျေးဇူးအထူးတင်လျက် ရှိပါကြောင်း။

    ခေးကိုရော ကျေးဇူး။

    ReplyDelete
  5. အမရေ အတွေ.အကြုံလေးတွေ ရေးပါဦးနော် အမြဲမျှော်နေတာ

    ReplyDelete
  6. ဟားဟားဟား ရီရတယ်။ယောင်္ကျားကို ကျွဲမြီးတိုနေတယ်ဆိုတာ “ကြာကူလီဝင်းမြင်.”လို.သုံးနှုံးလိုက်တာနဲ.တင် အင်မတန်သိသာစေပါကြောင်း။
    သမီးလေးကလဲအရမ်းချစ်ဖို.ကောင်းပါကြောင်း။

    ReplyDelete
  7. မျှော်နေတာ။ ခုမှဘဲဖတ်ရတော့တယ်။
    နေရာသစ်မှာအထာကျပြီး ပျော်နေပြီလားလို့ တွေးနေတာ။
    ဂျူးဂျူးလို သမီးလေးမျိုးမရှိတော့ ကိုယ်တို့ ဖိုက်တင်းပလေးရင် ကိုယ့်ဖာသာမောလို့ ရပ်ရင်ရပ် ဒါမှမဟုတ် အင်တာနက်ဘက်အာရံုံုံပြောင်းချင်ပြောင်း..မွဲလိုက်တဲ့ကံ။

    ReplyDelete
  8. ဂျူးဂျူးလို သမီးလေးမျိုးမရှိတော့ ကိုယ်တို့ ဖိုက်တင်းပလေးရင် ကိုယ့်ဖာသာမောလို့ ရပ်ရင်ရပ် ဒါမှမဟုတ် အင်တာနက်ဘက်အာရံုံုံပြောင်းချင်ပြောင်း..

    (Iora လိုပါပဲ)

    ReplyDelete
  9. ဂျူးဂျူးက ချစ်ဖို့ကောင်းလိုက်တာ။ အိမ်ကသမီးနဲ့ ရွယ်တူလောက်ဘဲရှိလိမ့်မယ်ထင်တယ်။ ခုခေတ်ကလေးတွေကတော့ အလည်လွန် အတတ်လွန်ကြပါတယ်။ ကိုယ်တွေတုံးက ဒီအရွယ် ဘာမှတောင်သိသေးတာမဟုတ်ဘူး။

    ReplyDelete
  10. ဒီခေတ်ကလေးတွေ အဖက်ဖက်မှာ စဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်မှုတွေက အံ့မခန်းပါပဲကွယ်။
    'အဖထက်သားတစ်လကြီးခေတ်'ကို ရောက်နေပြီ တီတီစွိရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  11. ဂျူးဂျူးက တကယ်ချစ်ဖို့ကောင်းတာဘဲ..အခုထဲက CG အားကိုးနေရပြီ..လူကြီးအတွေ့အကြုံတွေလဲရေးပါအုံး..ဒေါ်ချိုတို့သွားကြတဲ့ထဲမှာ.ဒေါ်ဥမ္မာတို့စုံတွဲမပါဘူးလား..FB ပေါ်ကိုဆွဲခေါ်ခဲ့ပါအုံး..

    ReplyDelete
  12. ဟား ဟား ဟား..။ ပို့စ်အသစ်မတက်လာလို့ တီဆွိမအားဘူးဆိုပြီး စောင့်နေတာ...။ ခုမှတက်လာတယ်..။ မျှော်နေတာ ကြာ ပေါ့..။

    ReplyDelete
  13. အပေါ်က အနောနိမတ်စ်က MMK ထင်ပါတယ်။ ဟုတ်ကဲ့အစ်မရေ။ မဥမ္မာတို့လဲပါတယ်။ အတူသွားကြတာ။ FB မှာ မဥမ္မာပါတဲ့ပုံလေးတွေ တင်ပေးလိုက်ဦးမယ်။ သူ့မှာ FB အကောင့်မရှိဘူးဗျ။ KYMA မှာပဲ ရှိတယ်။

    စပ္ပါယ်ပန်းစာတောင်မပြန်ရသေးဘူး။း) ကွန့်မန့်တွေ့တော့ အကြွေးရှင်တွေ့လိုက်ရသလို အားနာလိုက်တာ။ အရင်စာက တစ်လတောင်ကြာထားတော့ စပ္ပယ်ပန်းတစ်ယောက်လဲ ထုသားပေသားကျနေလောက်ပြီ။း)

    အန်တီတင့် လာလည်တာ ကျေးဇူးနော်။ အန်တီတင့်ဘလော့ဂ်တော့ တစ်ခေါက်ပတ်ပြီးသွားပြီ။

    မသီတာရေ အဲလိုသမီးလေးမျိုး မလိုချင်ဘူးလား။ ဥရှစ်တစ်တင်း နှမ်းတစ်တင်းခေတ်ဆိုတော့ သားရှင်တွေကို မေးရတာ။

    ReplyDelete
  14. အမ့က ကလေးတစ်ယောက်ပဲ ယူထားတော့ သူ့ မလဲ ဆော့စရာမရှိပဲ အဖေနှင့် အမေကြားပဲ ဝင်ဆော့ရရှာတာပေါ့လေ။

    ReplyDelete
  15. တီဆွိ လာလည်တယ်.. အားရင် တဂ်ပို့စ်လေး ရေးပေးပါလား တီဆွိ.. ကျွန်မကြိုက်၏ မကြိုက်၏..လေ.. လာလည်ရင်း လာဖတ်ပေးပါဦးနော်..

    ReplyDelete