Thursday, June 7, 2012

ကားလေးနီနီ အမေမောင်းလို့ ...

ဆွမ်းအုပ်နီနီ အမေရွက်လို့

နက်ဖြန်မနက် ကျောင်းတက်မယ်

မောင်လည်းလိုက်မယ် ချန်မထားနဲ့

အမေသွားတော့ ပျင်းလှတယ်

ကျောင်းကြီးပေါ်မှာ မောင်မဆော့နဲ့

ဘုန်းကြီးအော်လို့ ရိုက်လိမ့်မယ်

မောင်မဆော့ပေါင် စိတ်ပုတီးနဲ့

ဘုန်းတော်ကြီးလို နေပါ့မယ်

လိုက်မယ် လိုက်မယ်...

မြန်မာလူမျိုးတိုင်း ကြားဖူးတဲ့ သိပ်ချစ်စရာကောင်းတဲ့ ကဗျာလေးပါ။ ဒီပို့စ်လေး ရေးမယ်ဆိုတော့ နားထဲမှာ အဲဒီကဗျာလေးပဲ ကြားယောင်နေမိတယ်။ သူ့အမေ ဘုန်းကြီးကျောင်းသွားတော့ အဖော်လိုက်သွားချင်တဲ့ ခလေးတစ်ယောက်အကြောင်း  မြန်မာ့ရိုးရာကဗျာလေးပေါ့။ ဆရာကြီးမင်းသုဝဏ်ရေးခဲ့တာပါ။ အန်တီဆွိတော့ ဒီကဗျာလေး ဖတ်မိတော့ ဘာကို လွမ်းလို့ လွမ်းရမှန်းမသိ လွမ်းပါရဲ့ ...  လွမ်းမိပါရဲ့။   ။

 အန်တီဆွိတို့ ငယ်ငယ်ကလည်း ၀ါတွင်းဆို အဘွား ဥပုသ်စောင့်တာ လိုက်လိုက်သွားလေ့ရှိတယ်။ ဘုရားတရား နားလည်လို့ရယ် မဟုတ်ဘူး။ အဖွားနဲ့အဖော်ရအောင် အပျော်ပေါ့။ ဘုန်းကြီးကျောင်းကလဲ လမ်းလျှောက်သွားရတာ အဝေးကြီး။ မင်္ဂလာဒုံလေယာဉ်ကွင်းလောက်ကနေ မြောက်ဥက္ကလာ မေဓာဝီဖက်ကို လယ်ကွင်းတွေ၊ မြက်ခင်းတွေဖြတ်ပြီး ဖြတ်လမ်းကနေ သွားရတာ။  တခြား အပျော်အပါးလဲ သိပ်မရှိတော့ အဘွားနဲ့ ဥပုသ်စောင့်လိုက်ရတာကိုပဲ အတော်ပျော်စရာကောင်းနေပြီကိုး။

 ကျောင်းရောက်တော့ရော ဘုန်းဘုန်းကြီးရှေ့က တိုင်ပေးတာတွေ လိုက်ဆို၊ တခါတစ်လေလဲ တလွဲတွေဆို၊ တရားဟောတာတွေလဲ နားလည်လှတယ်မရှိဘူး။ စိတ်လဲ ၀င်စားတာ မဟုတ်လှဘူး။ စိတ်ဝင်စားတာက ဘုန်းဘုန်းတရားဟောပြီးရင် ဥပုသ်သည်တွေ အိမ်ကပါလာတဲ့ ထမင်းချိုင့်လေးတွေ ထုတ်ပြီးစားကြတာဆိုတော့ တရားမပြီးသေးဘူး ဗိုက်ကဆာလှပြီ။ တဂွီဂွီနဲ့ ဆန္ဒပြနေပြီလေ။ ပြီးခါနီးမှ ဘုန်းဘုန်းက ရေစက်ချ အမျှဝေ ရှည်နေရင်လည်း ဘုန်းဘုန်းတရားကလဲ ရှည်လိုက်တာနော် ... ပြီးကို မပြီးနိုင်ဘူးဆို စိတ်ကထင်သေး။ ဥပုသ်သည်တွေက အစားအသောက်တွေကို အိမ်ကနေ ဘုန်းကြီးဆွမ်းပွဲအတွက်ပါ ချက်လာကြတော့ ဟင်းတွေက ရှယ်ပဲကိုး။ လူကလဲစုံတော့ ဟင်းကလဲ အစုံပဲ။ အဲဒီအချိန်ကတည်းက ဘုန်းကြီးကျောင်းမှာ စားခဲ့ဖူးတဲ့ ထမင်းဝိုင်းကို အမှတ်တရဖြစ်ခဲ့တာ။ ပြောရင်းနဲ့ ဘုန်းကြီးကျောင်းကနေ အစားအသောက်ဖက်ရောက်သွားပြန်ပြီ။ ပြန်လှည့်မှ။

အိမ်ရောက်တော့ရော ဘုန်းကြီးတိုင်သမျှ လိုက်ဆိုထားတော့ အဘွားက ငါ့မြေး ဥပုသ်ရတယ်ပြောတယ်။ ဥပုသ်သည်ဆိုတာ ငြိမ်ငြိမ်နေရတယ်။ မဆော့ရဘူး။ ညနေစာ မစားရဘူးပြောတယ်။ ခလေးဆိုတော့ ဘယ်အငြိမ်နေမလဲ။ ခဏနေတော့ အဘွားပြောတာမေ့ပြီး ကက်ဆက်ကြီးဖွင့် မေဆွိသီချင်း လိုက်အော်ဆိုတော့တာပဲ။ ဟဲ့ ကောင်မလေး ဥပုသ်သည်က သီချင်းမဆိုရဘူး၊ မ က ရဘူးဆိုမှ ဇက်ကလေးပုပြီး ငြိမ်သွားတယ်။ ဒါတောင် အဘွားမကြားအောင် တိုးတိုးတော့ လိုက်ညည်းနေသေးတာ။ သီချင်းသံကြားရရင် လိုက်မဆိုပဲ မနေနိုင်ဘူးကိုး။

အန်တီဆွိတို့ ငယ်ငယ်က ဘုရားတရား၊ ဘုန်းကြီးကျောင်းနဲ့ နီးစပ်ခဲ့ပုံလေးကို ပြန်ပြီးဖောက်သည်ချရတာပါ။ ကိုယ်တွေက မိရိုးဖလာ ဗုဒ္ဓဘာသာတွေဆိုတော့ ဘုရားတရား သေချာနားမလည်သော်ငြားလည်း ဘုရားသွား၊ ကျောင်းတက်ကလေးတော့ ငယ်ငယ်ကတည်းက အကျင့်ရှိခဲ့တယ်။ ငါးပါးသီလလို အခြေခံ ကိုယ်ကျင့်သီလ ဘုရားတရား ဆုံးမမှု အောက်မှာ ရှိခဲ့တယ်။ ခလေးကဗျာ မင်္ဂလသုတ်လေးတွေ ဖတ်ရင်းနဲ့လဲ ကောင်း၏ ဆိုး၏၊ တော်၏ မတော်၏ စဉ်းစားတတ်လာတယ်။ အနည်းဆုံး  အိမ်မှာ ဆွမ်းခံကြွတဲ့ ကိုယ်တော်တွေ ရှိခိုးရင်း ဆွမ်းလောင်းရင်းနဲ့တောင် အနည်းဆုံး မိရိုးဖလာ ဗုဒ္ဓဘာသာကိုတော့ နီးနီးစပ်စပ် တီးမိ၊ ခေါက်မိ ရှိကြပါတယ်။

ခုနိုင်ငံရပ်ခြားမှာ နေရတဲ့ခလေးတွေကျတော့ ဘုရား၊ တရား ဘုန်းကြီးကျောင်း အစရှိသည်တို့နဲ့ နီးစပ်ဖို့ရာ သိပ်တော့ မလွယ်လှဘူး။ စင်္ကာပူမှာတုံးကဆိုရင် ၂ယောက်လုံး အလုပ်လုပ်တော့ ကိုယ်တွေလဲ အလုပ်က ဖိအားများတာရော၊ ခလေးကိုယ်၌ကလည်း တရုတ်စာတွေ ကျူရှင်တွေနဲ့ လုံးလည်လိုက်နေတာရော စနေတနင်္ဂနွေဆိုလည်း အားရတယ်မရှိတော့ ဘုန်းကြီးကျောင်းဆို သိပ်မရောက်ဖြစ်ကြဘူး။ သင်္ကြန်ပွဲတို့၊ သူငယ်ချင်းတွေ အလှူလုပ်တဲ့ပွဲတို့မှပဲ ရောက်ဖြစ်တော့တယ်။ မဆွိတီတို့ အိမ်အောက်ထပ်က အသိမြန်မာ မိသားစုကတော့ တော်ရှာပါတယ်။ သူတို့ သားလေးနဲ့သမီး တရှဉ်းကို တနင်္ဂနွေနေ့တိုင်း တိုပါးရိုးဘုန်းကြီးကျောင်းကို ပို့ပေး မြန်မာစာ၊ ဘုရားစာတွေ သင်ပေးတယ်။ သူတို့လဲ အဲဒီနေ့ဆို တမိသားစုလုံး. ကားတစ်စီးနဲ့ မိုးလင်းကထဲက ကျူရှင်တွေပတ်ပို့ပေး၊ ပြီးတော့ ဘုန်းကြီးကျောင်းပို့ ညနေမိုးချုပ် ၇နာရီ ၊ ၈ နာရီမှ အိမ်ပြန်ရောက်တော့တယ်။ တော်တော်လဲ အပင်ပမ်း ခံနိုင်ကြတယ်။
ကြေးစည်ကြီးနဲ့ မဂျူဂျူးပါခင်ည

အန်တီဆွိတို့လဲ ဒီဖက်ရောက်တော့ ကိုယ်လဲ အလုပ်မလုပ်တော့ အလုပ်ဖိအားလဲ အတော်လျော့သွားတယ်။ ခလေးကျောင်းကလဲ စနေဆို ဘာမှ အိမ်စာတောင် မပေးလိုက်တော့ သမီးကို အနည်းဆုံး မိရိုးဖလာ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်နဲ့ နီးစပ်အောင်ဆို စနေနေ့တိုင်း ညနေ ၄နာရီလောက်ကနေ ၆နာရီလောက်အထိ ဘုန်းကြီးကျောင်းကို လိုက်ပို့ပေးတယ်။  အမှန်က အန်တီဆွိတို့ ဒီရောက်တော့ ပေါင်းမိတဲ့ သူငယ်ချင်း အဖွဲ့တွေက သူတို့ခလေးတွေကို အစကတည်းက အဲဒီ Saturday school လေးကို အမြဲသွားပို့နေကျပါ။ ဘုန်းကြီးကျောင်းက Smith field မှာရှိတဲ့ " ပဏ္ဍိတရာမ ဆိုတဲ့ ကျောင်းလေးပါ။ ကျောင်းလိပ်စာကတော့
70 Market Street
Smithfield NSW 2164
Sydney, Australia

Phone: +61 02 9729 2343
Email: pannathami@panditaramasydney.org
web:  http://www.panditaramasydney.org/

ဘုန်းဘုန်းရဲ့ တပြည့်ကျော်များ တရားထိုင်နေဟန် ...
 ကျောင်းထိုင်ဘုန်းကြီးနဲ့ လက်ထောက် ဘုန်းဘုန်း၂ပါး ရှိပြီး ဘုန်းဘုန်းလေးက ခလေးတွေ အတွက် ဘုရားစာ သင်ပေးတာတို့၊ ခလေးတွေ လိမ္မာရေးခြားရှိစေဖို့ မြန်မာ့ယဉ်ကျေးမှုနဲ့ နီးစပ်အောင် သင်ကြားပေးတာတို့ ၊ ခလေးတွေ တရားထိုင်တာ ခုချိန်ကတည်းက အကျင့်ရအောင် ၁၀မိနစ် ၁၅မိနစ်ခန့် တရားထိုင်တာတို့ကို လေ့ကျင့်သင်ကြားပေးနေပါတယ်။ ခုဆို ဘုန်းဘုန်းလေးမှာ ပုံမှန် ကျောင်းသား ကျောင်းသူ ၁၅ယောက်-အယောက်၂၀ခန့် ရှိနေပါပြီ။ ဘုန်းဘုန်း တရားကျောင်းပြီးရင်တော့ ခလေးတွေ အခန်းတစ်ခုထဲဝင်င်္ပြီး ဆော့ကြပါတော့တယ်။

ဘုန်းဘုန်းလေးနဲ့ သူ့တပည့်တွေ ...

ဘုန်းကြီးကျောင်းမှာ ခလေးတွေကလဲ ဗမာအချင်းချင်းတွေ့ရ ဆော့ရတော့ အလွန်ပျော်ကြတယ်။ ဘုန်းဘုန်းလေးကလဲ သဘောကောင်းတော့ ခလေးတွေ ဘုရားစာသင်ရတာ ပျော်ကြတယ်။ ဂျူဂျူတို့ကတော့ စနေနေ့ရောက်တိုင်း မေမေဒီနေ့ဘုန်းကြီးကျောင်းသွားမယ်နော်ဆို သတိပေးတော့တာပဲ။ ခလေးတွေတင်မက လူကြီးတွေလဲ အဲဒီကျမှ ကိုယ့်သူငယ်ချင်း အပေါင်းအသင်းတွေ့ရတော့ စကားစမြည်ပြောကြ၊ နိုင်ငံရေး စီးပွားရေး၊ အလုပ်အကိုင် စကားဖလှယ်ကြ၊ သူငယ်ချင်းအပေါင်းအသင်း စကြ နောက်ကြပေါ့။ တစ်ခါတစ်လေလဲ နောက်နေ့ဈေးရောင်းပွဲအတွက် ကူညီညာချက်ပြုတ်ရင်း၊ ကူညီသူတွေအတွက် ဗမာစာတစ်ခုခု ချက်စားကြနဲ့ ပျော်စရာကြီးပါ။


ဈေးရောင်းပွဲ ဖိတ်စာများ စာတိုက်မှ ပို့ရန် ပြင်ဆင် လုပ်အားပေး
 ခုတော့ အဲလို စကားတွေများတာ၊  အသာရပ်ပြီး ၂ပတ်တစ်ခါ လူကြီးတွေလဲ တရားထိုင်ရတော့မယ်တဲ့ဗျာ။ လောလောဆယ် အစပျိုးတဲ့ အနေနဲ့ ၄၅မိနစ် တရားထိုင်ကြရမယ်တဲ့။ ဘုရားတရားနဲ့ သိပ်မနီးစပ်တဲ့ အန်တီဆွိတို့ အတွက်တော့ ဘုရားတရားလုပ်ဖို့ အခွင့် အရေးတစ်ရပ် ရတော့ မယ်ဆိုတော့ ၀မ်းသာစရာပါပဲ။ ဘုန်းဘုန်းကြီးက တရားထိုင်သူတွေကို တရားလဲ ပေးပါမယ်တဲ့ ပြောပါတယ်။ စနေနေ့ တပတ်ခြားတိုင်း ညနေ ၅နာရီကနေ ၆နာရီအထိဖြစ်ပါတယ်။ တရားထိုင်မဲ့  နေ့တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
 June 16 ,June 23,July 14, July 28,August 11,August 25,September8,September 22

ဒါ့အပြင် ဘုန်းကြီးကျောင်းမှာ ရံဖန်ရံခါဆိုသလိုပဲ ကဆုန်လပြည့်နေ့လို နေ့ကြီးရက်ကြီးတွေမှာ ဓမ္မစင်္ကြာရွတ်တာတို့ ၊ ပရိတ်၊ ပဌာန်း စုပေါင်းရွတ်ဆိုပွဲများလည်း လုပ်ပေးပါသေးတယ်။

စုပေါင်းဓမ္မစင်္ကြာရွတ်ဆိုပွဲ
ဟော... ,,, ဒီလိုလဲ လုပ်အားပေးကုသိုလ်ယူနိုင်ပါသေးတယ်ခင်ည။
ဘလောဂါ ကိုအန်ဒီတို့မိသားစုလဲ အပတ်စဉ်လာပါတယ်။ ထူးထူးလေး မွေးနေ့ ဘုန်းကြီးကျောင်းက သူငယ်ချင်းတွေနဲ့ အတူ။

ဘုန်းကြီးကျောင်းရံပုံငွေအတွက် တစ်လတစ်ခါ ဈေးရောင်းပွဲလေးလဲ လုပ်ပေးပါသေးတယ်။ ဈေးရောင်းပွဲကိုတော့ ဟိုတစ်ခါ ပို့စ်တစ်ခုမှာ တင်ပေးဖူးပါတယ်။ လစဉ် လတစ်လရဲ့ ပထမဆုံး တနင်္ဂနွေနေ့တွေမှာ မြန်မာရိုးရာအစားအစာတွေဖြစ်တဲ့ မုန့်ဟင်းခါး၊ အသုတ်စုံ၊ ရှမ်းခေါက်ဆွဲ ၊ အကြော်စုံအစရှိသဖြင့် ရောင်းချပေးပြီး ရတဲ့ အမြတ်ကို ဘုန်းကြီးကျောင်းကို လှူဒါန်းကြပါတယ်။ ဈေးရောင်းပွဲကိုတော့ ဘုန်းကြီးကျောင်းမှာ နေရာမဆန့်လို့ အောက်က လိပ်စာမှာ ကျင်းပပါတယ်။
Villawood Senior Citizen Hall, 
Villawood Road, 
Villawood NSW 2163
လစဉ်ဈေးရောင်းပွဲ အစီအစဉ်တွေ အစားအသောက်စာရင်းတွေကိုတော့  အောက်က facebook link တွေကို ကလစ်ပြီး ကြည့်နိုင်ပါတယ်။ ဈေးရောင်းပွဲမတိုင်မီ တစ်ပတ်အလိုမှာ update လုပ်ပေးပါမယ်။ ဘုန်းကြီးကျောင်းမှာ လိပ်စာပေးထားရင် လစဉ် အစီအစဉ်တွေကို အိမ်ကို စာပို့ပေးပါတယ်။ email လဲ ပို့ပေးပါတယ်။
Panditarama Sydney Meditation Centre

အစားအသောက် လက်ရာတွေကလဲ တကယ့်စပယ်ရှယ် လက်ရွေးစဉ်တွေမှို့ တစ်ခေါက်လောက်သွားပြီးရင် နောက်တစ်ခေါက်မသွားရပဲ မနေနိုင်ပါဘူး။ ဆစ်ဒနီလိုနေရာမျိုးမှာ ဒီလို မြန်မာလက်ရာ စစ်စစ်၊ လက်ရာကောင်းကောင်းတွေ စားရမယ်လို့ လုံးဝမမျှော်လင့်ထားတော့ အတော်ကို အံ့သြမိပါတယ်။ သွားမယ်ဆို မနက် ၁၁နာရီလောက်အရောက် စောစောလာရင် အတော်ပါပဲ။ နောက်ကျရင်တော့ ကိုယ်စားချင်တာ အစုံမစားရဘူးပေါ့ဗျာ။ အဲဒီငွေတွေကို ဘုန်းကြီးကျောင်းအတွက် လှူတာဆိုတော့ ကုသိုလ်လည်းရ ၀မ်းလည်းဝတယ်ဆိုတာ တကယ်ပါပဲ။ ကိုယ်တိုင် ချက်ပြုတ်ပြီး ရောင်းချင်သူ၊ လှူဒါန်းချင်သူများအတွက် ဖုန်းနံပတ်    61- 02 9729 2343   ကို ဆက်ပြီး ဘုန်းဘုန်းကို လျှောက်ထားနိုင်ပါတယ်။
ဈေးရောင်းပွဲ မြင်ကွင်း
အန်တီပြုံးရဲ့ နာမည်ကြော် အသုတ်စုံ

လွန်ခဲ့တဲ့ ၂ပတ်လောက်ကပဲ ကျောင်းထိုင် ဘုန်းဘုန်းကြီးက နိုင်ငံတကာလှည့် တရားဟောနေရာကနေ ဆစ်ဒနီဘုန်းကြီးကျောင်းကို ပြန်ကြွလာလို့ ဒကာ၊ ဒကာယမတွေက ဘုန်းဘုန်းကြီးကို ကြိုဆိုတဲ့ အနေနဲ့ စုပေါင်းဆွမ်းလှူဒါန်းခဲ့ကြပါသေးတယ်။ ဒီလိုဆစ်ဒနီမြို့မှာ ဒီလောက် ဘုရားတရားကိုင်းရှိုင်းသူတွေ ရှိပါသေးလားဆိုတာ အဲဒီနေ့က ဘုန်းဘုန်းဆွမ်းပွဲကိုပဲ ကြည့်ကြပါတော့။ စုပေါင်းဆွမ်းလှူဒါန်းပွဲမှာ ပါဝင်သူတွေကိုလဲ ဘုန်းကြီးပွဲအပြီးမှာ ကျွေးမွေးတော့ မြန်မာဟင်းတွေကလဲစုံ၊ အချိုပွဲတွေနဲ့ တကယ့်ကို မြန်မာပြည်က အလှူကြီးရောက်နေတဲ့ အတိုင်းပါပဲ။
စုပေါင်းဆွမ်းကျွေးအလှူ

 လာမည့်အပတ် စနေနေ့ (9th June) မှာလည်း ဘုန်းဘုန်းကြီးမွေးနေ့ စုပေါင်းဆွမ်းလှူဒါန်းပွဲကို  Villawood Senior Citizen Hall မှာ ကျင်းပမှာဖြစ်ပါတယ်။ အပေါ်က ဈေးရောင်းပွဲလိပ်စာအတိုင်းပါပဲ။ အိမ်ကနေ တစ်အိမ် တစ်ခွက် ချက်လာတဲ့ ဆွမ်းဟင်း၊ ထမင်းများနဲ့ ဆက်ကပ်မှာ ဖြစ်ပါတယ်။ မနက် ၁၀နာရီလောက် စပါမယ်။


နောက်ဆုံးအနေနဲ့ အန်တီဆွိက ပြောချင်တာကတော့ ဆစ်ဒနီမှာနေကြတဲ့ ပိတ်သတ်တွေ ကိုယ့်ရဲ့ သားသမီးလေးတွေ မိရိုးဖလာ ဗုဒ္ဓဘာသာနှင့်နီးစပ်နိုင်ဖို့၊ ဘာသာတရားရဲ့ အဆုံးအမကို ခံယူဖို့၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှူတွေကို လေ့ကျင့်သင်ကြားပေးရာ၊ ဗမာခလေးအချင်းချင်း ရင်းနှီးမိတ်ဆွေ ဖြစ်ဖို့ရာ  ဘုန်းကြီးကျောင်းကတော့ ရှိနေပါပြီ။ ဟိုးကဗျာထဲကလို ဆွမ်းအုပ်နီနီ အမေရွက်လို့ သွားရမဲ့ခေတ်မဟုတ်တော့ပေမဲ့ ကားလေးနီနီ အမေမောင်းလို့ မိမိတို့ရဲ့ ရင်သွေးလေးများကို ကျောင်းလိုက်ပို့နိုင်ကြပါပြီလို့ အန်တီဆွိမှ သာသနာ အကျိုးမျှော်လို့ နှိုးဆော်လိုက်ရပါသည်ခင်ညား။   ။

14 comments:

  1. နိုင်ငံရပ်ခြားမှာ ဘာသာရေးအတွက် အဲလိုတွေလုပ်ကြတာမြင်တော့ အရမ်းကို စိတ်ချမ်းမြေ့ဖို့ကောင်းတယ်နော်
    ကလေးတွေကိုလဲ ဘာသာရေးကို လုပ်ပေးသင့်တယ် ခုလိုမြင်ရတာ တကယ်စိတ်ချမ်းသာပါတယ်
    စလုံးမှာတော့ တော်တော်များများက သားသမီးတွေနဲ့ကင်းကွာကုန်ပြီ မမရေ ..စိတ်မကောင်းစရာဘဲ ..
    နိဗာန်ဆော်ကြီးတီတီဆွိရဲ့ ဓာတ်ပုံတွေကိုအားရပါးရ ကြည့်သွားပါတယ်း))
    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
    Replies
    1. စလုံးမှာလည်း ကလေးတွေကို ဘုန်းကြီးကျောင်းပို့ လို့ ရပါတယ်
      မကင်းကွာပါဘူး
      လူပေါ်မူတည်ပါတယ်

      ခင်မင်လျှက်

      Delete
  2. သာဓု သာဓု သာဓု ပါ တီဆွိရေ။။။

    မြင်ရ ကြားရ စိတ်ချမ်းသာတယ်ဗျား

    တောင်ကြီး

    ReplyDelete
  3. Very nice post... I read your posts. I like your writing style. And, I am interested in the dishes you cooked also. I downloaded almost all of the your recipes...Today, I cooked basil chicken(one of the dishes I like).

    Ju Ju is lucky to have mom who can take care of her all the time... I wish all the best to your family....

    Tin Lay Nwe

    ReplyDelete
  4. ဖတ်ရတာနဲ.တင်ကြည်နူးဝမ်းသာဖြစ်မိပါတယ်။ငယ်ငယ်ကထဲကဘာသာတရားနဲ.ထိတွေ.ထားတော့၊ပိုပြီးလိမ္မာရေးခြားရှိတာပေါ့။
    အော်စီကကလေးတွေကစလုံးကကလေးတွေထက်ကံကောင်းပါတယ်။ဒီမှကစာတင်မကတမျိုးပြီးတမျိုးရှုတ်နေတာနဲ.အားရတယ်မရှိဘူး

    ReplyDelete
  5. ဖတ်ရတာ ကြည်နူးမိပါတယ်။ မြန်မာကလေးတွေ ဘာသာတရားကို လေ့လာထိတွေ့ဖို့ အခွင့်အရေးရတာပေါ့ဗျာ။ တီတီဆွိရေးသလိုပဲ လူကြီးတွေလဲ မြန်မာအချင်းချင်းဆုံနိုင်တာပေါ့။ ဆွမ်းဟင်းခွက်တွေကြည့်ပြီးတော့လဲ WoW လို့ အော်မိပါတယ်။ ဘုန်းကြီးကျောင်းသား လာလုပ်ရင် ကောင်းမလားလို့ပဲ။
    ထိုင်းမှာက ဗုဒ္ဓဘာသာနိုင်ငံဆိုတော့ ကျနော်တို့လဲ ဘာသာရေးနဲ့ မကင်းကွာဘူး။ ဥပုသ်နေ့မတိုင်မီညဆိုရင် ဈေးသွားကတည်းက မနက်ဖြန်ဥပုသ်နေ့ဆိုတာ သိနိုင်တယ်။ ဘုရားပန်းတွေ တအားရောင်းနေကြပြီလေ။ ဘယ်လောက်ပဲ ခေတ်ဆန်တဲ့ကျောင်းသားတွေဖြစ်ပါစေ အများစုက အဖိတ်နေ့ညမှာ အဆောင်က မီးဖိုချောင်မှာ အပြိုင်အဆိုင် သစ်သီးတွေခွဲစိတ်ပြင်ဆင်၊ ဆွမ်းဟင်းတွေချက်ပြီး နောက်နေ့မနက် ဘုန်းကြီးကျောင်းသွားလေ့ရှိပါတယ်။ ကျနော်တို့ကိုလဲ ဗုဒ္ဓဘာသာဝင်မှန်းသိတော့ အတင်းနှိုးပြီးခေါ်လေ့ရှိတယ်။ ဟိုကျရင် တရားပေးတာ သိပ်နားမလည်ပေမယ့် ဘုရားစာအများစုက ပါဠိလိုဆိုတော့ ကျနော်တို့ လိုက်ဆိုနိုင်ပါတယ်။ ပြန်လာရင် ဘုန်းကြီးတွေစွန့်လိုက်တဲ့ မုန့်တွေလဲ သယ်လို့ပေါ့။း)
    (လီယို)

    ReplyDelete
  6. ရေခြားမြေခြားမှာ ကလေးတွေရော၊ လူကြီးတွေရော ဘုရားတရားအရိပ်ခိုနိုင်တာ ကောင်းလိုက်တာ။ အခါကြီရက်ကြီးတွေမှာ မြန်မာတွေ တစ်စုတစ်ဝေးထဲ စုံဖြစ်စေပြီး ရင်းနှီးနွေးထွေးမှုပိုရစေတာပေါ့နော်။
    ကားလေးနီနီ ဆွီတီမောင်းလို့ ဂျူဂျူးလေးကို လိုက်ပို့မယ်..ပေါ့။
    ဖတ်ရတာ ကြည်နူးစရာကြီး အစ်မဆွိရေ...

    ReplyDelete
  7. ကျွန်တော်တို့ဘရူနိုင်းနိုင်ငံမှာဘုန်းကြီးဗီဇာမပေးလို့ဒီလိုအခွင့်အေ၇းမျိုးမ၇ပါခင်ဗျာ

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. သာဓု..သာဓု..သာဓု ပါမဆွိ‌ရေ...က‌လေးကိုအမြှီပြုပီးလြူကီးပါတရားထိုင်ရမယ်ဆို‌တော့ ဂျူဂျူ‌လေး‌တော့
    ကုသိုလ်‌တွေအများကြီးရပြီ‌ပေါ့...ဟင်းပွဲ‌တွေလဲအများကြီးဘဲ..ရှလွတ်..။

    ReplyDelete
  10. အမရေ
    ကြည့်ရတာအရမ်းစိတ်ချမ်းသာလိုက်တာလေ..
    ဟင်းပွဲတွေကလည်းစားချင်စရာကြီးနော်..
    အသုတ်စုံကလည်းစားချင်စရာကြီး

    ReplyDelete
  11. သာဓု..သာဓု..သာဓု..မြင်ရတာ စိတ်ချမ်းသာလိုက်တာ..ကိုယ်တွေများ ငယ်ငယ်တုန်းက ဘုန်ကြီးကျောင်းသွားဖို့ ဆို ပတ်ပြေးနေတာ..ဂျူးဂျူးလေးက တီဆွိကို ဘုန်းကြီးကျောင်းသွားဖို့  သတိပေးတာ သိရတော့ ကိုယ်တွေနဲ့ များ ကွာပါ့..ဆွမ်းအုပ်နီနီခေတ်ကနေ ကားလေးနီနီ မေမေမောင်းလို့  နက်ဖြန်မနက် ကျောင်းတက်မယ်ဆိုတာ သိရတော့၊ ကလေးတွေ ပျော်တာ သိရတော့ ကြည်နူးလိုက်တာ..

    ReplyDelete
  12. Hi Impressive blogs, visit us back too:
    http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

    ReplyDelete
  13. ကုသိုလ်တွေ အများကြီးရတယ်နော်။ ရပ်ဝေးမှာ ဘုရား၊တရား၊သံဃာ နဲ့ ကြုံတွေ့ ပြီး၊ ဒါန၊သီလဈဘာဝနာလုပ်ခွင့်ရတာ ကုသိုလ် ထူးပါတယ်။

    ReplyDelete