Monday, September 24, 2012

ကြက်ကင် သံဝေဂ ...


ကျွန်မတို့အိမ်မှာ ကြားရက် တစ်ပတ်လုံး ဗမာစာ၊ တရုတ်စာ အစရှိသဖြင့် အိမ်မှာပဲ မျိုးစုံ ချက်စားကြတယ်။ စနေနေ့ကျရင်တော့ မီးခိုးတိတ်။ မိသားစု နားနားနေနေ အပြင်လေးဘာလေးလျှောက်သွားရင်းနဲ့ အပြင်မှာပဲ စားကြလေ့ရှိတယ်။ အဲဒီလိုကျရင် သားအမိ သားအဖ ၃ယောက်မှာ ဘာစားကြမလဲဆို ပဋ္ဋိပက္ခဖြစ်ကြတယ်။ အမြဲ တစ်ယောက်နဲ့တစ်ယောက် စားချင်တာတွေက မတူကြဘူးကိုး။ 

ဂျူဂျူတို့အဖေကတော့ အများအားဖြင့် တရုတ်စာ ခေါက်ဆွဲကြော်လို၊ soup လိုဟာမျိုး၊ ကိုရီးယားစာ၊ ဗီယက်နမ်စာတွေ အပြင် ကုလားစာ အစရှိသဖြင့် စားချင်တယ်။ ဂျူဂျူတို့ကတော့ ခလေးပီပီ Mc Donald , KFC , Hungry Jack လို fast food တွေ စားချင်တယ်။ ကျွန်မကလဲ ဂျူဂျူတို့ အဖေလို ကိုးရီးယားစာ တရုတ်စာတွေ စားချင်တာ များပါတယ်။ အဲလိုတွေ တစ်ယောက်တစ်မျိုးဖြစ်နေတော့ food court တွေ ဘာတွေသွားရင်တော့ အဆင်ပြေပါရဲ့။ ကိုယ်ကြိုက်တာ ကိုယ် ရွေးစားကြရုံပေါ့။ ဒါပေမဲ့ ကိုရီးယားစာလို ဟာမျိုးကျတော့ သူတို့သီးသန့်ဖွင့်တဲ့ ရက်စ်တောရန့်တွေမှာမှ ရတာဆိုတော့ အဲလိုမျိုးဆို သားအဖ၂ယောက် တစ်ပတ်စီ အလှည့်ပေးရတယ်။ ဒီအပတ် ကိုးရီးယားစာဆို နောက်အပတ် ဂျူဂျူ့ အတွက် စပါယ်ရှယ် Hungry Jack မှာ ဘာဂါ သွားစားကြတယ်။ ဒီမှာလဲ ဘာဂါဆိုတာမျိုးဟာ အထူးအဆန်းမှ မဟုတ်လေတော့ အဲလိုဆိုင်တွေမှာစားတာဟာ ချွေတာရာတောင် ရောက်ပါသေးတယ်။ အဲလို fast food ဆိုင်တွေမှာဆို သာမန် ဆင်းရဲသားတွေ၊ လူလတ်တန်းစားတွေသာ စားလေ့ရှိကြတာကိုး၊ ကျွန်မတို့မှာ အထူးစပါယ်ရှယ်အနေနဲ့ သွားစားနေရတော့ ပြုံးတောင် ပြုံးမိသေး။ (Hungry jack က ဘာဂါကတော့ ကျွန်မလဲ တော်တော်ကြိုက်တဲ့ အထဲပါပါတယ်။ )

မနေ့ကတော့ တနင်္ဂနွေနေ့။ မနက်မိုးလင်းကထဲက ဂျူဂျူတို့ အဖေက လောလော လောလောနဲ့ ထတော့လေ။ ဟင်းချက်ရဦးမယ်လေ နဲ့ လူကို လာလာနှိုးနေတာ။ ကျွန်မက အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တွေမှာ အလုပ်သွားရတော့ သူက အဲဒီနေ့တွေ အတွက်ကို ကြိုချက်ပြီး ရေခဲသေတ္တာထဲ ထည့်ထားချင်တာ။ ကျွန်မကလဲ ရေခဲသေတ္တာ ဖရီဇာထဲ ခဲထားတဲ့ အစားအသောက် စားရတာလောက် ဖီလင်အောက်တာမရှိတော့ ချက်မထားချင်ဘူး။ လူကလဲ မနေ့က အပြင်မှာ တစ်နေကုန်သွားထားတော့ ပျင်းနေတာရယ် နောက် ဘုရားလေးဘာလေးရှိခိုး၊ တရားလေးဘာလေးထိုင် တနင်္ဂနွေမနက်ကို အေးအေးဆေးဆေး နေချင်သေးတာနဲ့ နေ့လည်စာကို ကြက်ကင်တစ်ကောင်ပဲ ၀ယ်စားတော့မယ်၊ ညနေ နေစောင်းမှပဲ dinner အတွက် အေးဆေးချက်စားမယ်ဆို ပြောလိုက်တယ်။ ဒါနဲ့ မနက်ခင်းမယ် ချက်ပြုတ်စရာတွေ၊ လုပ်ကိုင်စရာတွေ  ခေါင်းထဲ ထည့်ထားစရာမလိုပဲ ဘုရားဝေယျာဝစ္စလုပ်၊ တရားအေးအေးဆေးဆေး ထိုင်လိုက်နိုင်တယ်။ အေးချမ်းလှတဲ့ မနက်ခင်းတစ်ခုကို ကြက်ကင် ၁၂ကျပ်တန်နဲ့ ၀ယ်လိုက်တဲ့သဘောပေါ့လေ။


ကြက်ကင်ဆိုလို့ ကြက်ကင်ကတော့ ထုံးစံ ဂျူဂျူတို့ အကြိုက်ပေါ့။    အိမ်မှာ ကိုယ်တွေက တခြားဟင်းတွေ ချက်စားရင်လဲ ဂျူဂျူ့အတွက် ဗိုလ်စာလို အဲလိုမျိုးတွေ ထပ်စီစဉ်ပေးရတာတော့ သူစားတာ ကိုယ်ပါ ၀င်စားလိုက်တော့ အထူးအထွေ ဘာချက်ရမလဲ စဉ်းစားစရာမလိုတော့ဘူးပေါ့။ အိမ်မှာ ကြက်ကင်နဲ့ တွဲစားရအောင် coleslaw လေးသုတ်၊ garlic bread လေးတွေကင်နဲ့ ပြင်ဆင်ရုံပေါ့။ နောက် coke ဗူး တစ်ဗူးဖွင့်။ အတော်သက်သာပါတယ်။ ကြက်ကင်ကလဲ တစ်ကောင်မှ ၁၀ - ၁၂ ဒေါ်လာလောက်ပဲဆိုတော့ အကုန်အကျကလဲ သက်သာသေး။  တစ်ခါတစ်ရံလဲ ကြက်ကင်ဖို့ လုပ်ထားတဲ့ ready made ကြက်သားအကောင်လိုက်ကို spices တွေနဲ့ နယ်ထားတာတွေ ရောင်းတယ်။ အဲဒါကို အာဗံထဲ ထည့်ကင်ပြီးလဲ တစ်ခါတစ်ရံစားတယ်။ ဆိုလိုချင်တာက အိမ်မှာပျင်းတဲ့ နေ့တွေဆို ကြက်ကင်ဝယ်စားတယ်။ တစ်ခါတရံ ကိုယ်တိုင် ကင်စားတယ်ပေါ့။

အဲလိုကြက်ကင်အကြောင်းပြောမိတော့ ကျွန်မငယ်ငယ်က ရှားရှားပါးပါး ကြက်ကင်စားခဲ့ဖူးပုံလေး သတိရလို့ ပြောပြဦးမယ်။  ငယ်ငယ်ကတော့ ဆင်းရဲတော့ ဆိုင်တွေဘာတွေမှာ စားဖို့ အခွင့်အရေးက အင်မတန်မှ ရှားပါးခဲ့ပါတယ်။ အဲဒီကြက်ကင်ကလဲ စားဖူးကထဲက စားကောင်းလွန်းလို့ ဘ၀မှာ အမြဲအမှတ်ရနေမိတဲ့ အစားအသောက်တစ်ခုမှို့ တခုတ်တရ ပြောရတာပါ။

ကျွန်မအဖေမှာ ညီ၂ယောက်ရှိရာမှာ အဲဒီအချိန်က ညီအကြီးက မြန်မာနိုင်ငံ အလည်ပိုင်း မုံရွာနားက မြို့ငယ်လေးတစ်မြို့မှာ သမ၀ါယမ လူကြီးဖြစ်ပါတယ်။ အဲဒီခေတ်အခါက ဦးလေးဟာ ထုံးစံ သမလူကြီးဆိုတော့ ငွေရေးကြေးရေး အတော်ကို ပေါများတဲ့ အချိန်ပေါ့။ အဲဒီအချိန်က တောရွာမြို့ကလေးတွေဟာ အဲဒီသမ၀ါယမဆိုင်က ပစ္စည်းတွေကိုပဲ အားထားနေရတာပါ။ သမဆိုင်ကို ဘယ်ပုဂ္ဂလိက ဆိုင်ကမှ မယှဉ်နိုင်ပါဘူး။  အရင်က ဦးလေးတို့က ဆင်းရဲပါတယ်။ လင်မယား၂ယောက်လုံးဝန်ထမ်း၊ သားသမီး ဘုစုခရု ၅ယောက်နဲ့ မနဲရုန်းကန်နေရတာပါ။ ဦးလေးက အလုပ်မှာတော့ တော်တယ်လို့ နာမည်ကြီးပါတယ်။  ကံအားလျှော်စွာ ဦးလေးသမလူကြီးဖြစ်တဲ့ အချိန်ကစလို့  ဦးလေးတို့ သုံးတာ ဖြုန်းတာ နေတာ ထိုင်တာ သိပ်ကို သိသာလှပါတယ်။ အဲဒီခေတ်က ခေတ်စားတဲ့ GQ တို့ဘာတို့လို စပို့စ်ရှပ်တွေဆို ဒါဇင်လိုက် ၀တ်ကြတာ။ (ဆိုင်ကပစ္စည်းတွေလားတော့ မသိပါ) ကျွန်မတောင် ဦးလေး လက်ဆောင်ပေးလို့ GQ ရှပ်တစ်ထည် ရဖူးတယ်။ အဖြူရောင်ဖျော့ဖျော့ ကြည်ကြည်လေး။ ခါးလောက်မှာ ထောင့်ဖြတ်စင်းအသားနဲ့ တွဲချုပ်ထားတာ။ GQ နဲ့ မိန်းခလေး ဘာဆိုင်လဲ မေးရင်တော့ အဲဒီခေတ်က ထမီတိုတိုနဲ့ အဲလို စပို့စ်ရှပ် ပွပွကြီးတွေ တွဲဝတ်တဲ့ေ ခတ်ဆိုတော့ ကျွန်မ သိပ်ကြိုက်ခဲ့တော့ ခုချိန်ထိ မှတ်မှတ်ရရရှိနေခဲ့တာပါ။
ဦးလေးပေးတဲ့ GQ တော့ မဟုတ်ပါဘူး။ အဲဒီခေတ်က ၀တ်စားဆင်ယင်ပုံကို မျက်စေ့ထဲ မြင်အောင်လို့ပါ။

ဦးလေးအကြောင်းဆက်ရရင် အရင်က ရန်ကုန်လာရင် ရိုးရိုးကုတ်ကုတ်နဲ့ အိမ်မှာပဲ တည်းလေ့ရှိတဲ့ ဦးလေးဟာ အဲဒီနောက်ပိုင်းတော့ ရန်ကုန်လာရင် ဟိုတယ်မှာသာ တည်းပါတယ်။ ဆိုင်အတွက် ပစ္စည်းဝယ်ဖို့ ကားကြီးတစ်စီးနဲ့ သူ့နောက်လိုက် နောက်ပါ အချွေအရံတွေအပြင် ငွေထည့်တဲ့ အိပ်ကြီး အကြီးကြီးဆွဲလို့ အိမ်ကို ခဏသာ ရောက်ပါတော့တယ်။ အဲဒါဆို ဦးလေးက အမေ့ကို သူ့ ငွေအိပ်ကြီး အပ်အပ်ထားတာ။ အစ်မတို့လဲ ငွေအဆင်မပြေရင် အဲဒီထဲက ယူထားဆိုလဲ ပြောသေးတယ်။ နောက်ပိုင်း ဦးလေးလဲ အလုပ်ကပြုတ်တော့ ရတဲ့ အချိန် စုစု ဆောင်းဆောင်းမရှိတော့ အရင်အတိုင်း ဒုံရင်းဘ၀ ပြန်ရောက်သွားတယ်။ အမေကဆို "ဟယ် ငါ အဲဒီအချိန်က သူပြောသလို ယူထားမိ အကောင်းသား။ သူတို့ ခုလို အဆင်မပြေချိန် ပြန်ပေးလို့ရတာပေါ့ .. " ဆို တဖွဖွပြောရှာတယ်။ အရင်က မြို့နယ်က လူကြီးတွေ တရုန်းရုန်းနဲ့ စည်စည်ကားကား ဦးလေးအိမ်ဟာလဲ ကျီးနဲ့ ဖုတ်ဖုတ်သာ ကျန်တော့တယ်။ နောက်ပိုင်းတော့ ဦးလေးဟာ စိတ်နာလွန်းလို့ သူမြို့မှာ မနေတော့ပဲ စစ်ကိုင်းတောင်ဖက်က ဘုရားတစ်ဆူမှာ အလှူခံ ကောက်တဲ့ ဘုရားလူကြီးအဖြစ်နဲ့ တစ်သက်လုံး အရိုးထုတ်သွားပါတယ်။ လောကဓံဆိုတာ တကယ်ကို ပေါ်လိုက် ပျောက်လိုက် ကြက်ခွပ်ပမာဆိုတာ သံဝေဂ ရစရာပါ။

အဲဒီလိုဦးလေး တန်ခိုးထွားနေတဲ့အချိန် ကျွန်မလဲ တက္ကသိုလ်တွေ ၃နှစ်ပိတ်တဲ့ အချိန် ဦးလေးအငယ် သစ်စက်မှာ သွားအလုပ်လုပ်နေတာ။ ညီမ၀မ်းကွဲတွေ (ညီအစ်ကို ၃ယောက်ကမွေးတဲ့ ညီအစ်မ၀မ်းကွဲတွေ ၅ယောက်ရှိပါတယ်) ချစ်ကြတော့ မိုင် ၅၀လောက်ဝေးတဲ့ အဲဒီဦးလေးအကြီး နေတဲ့ နေရာကိုလည်း သွားလည်ကြတယ်။ အဘွားလဲပါတယ်။ အဲလိုသွားလည်တဲ့နေ့ပဲ ညနေစာအတွက် ဦးလေးက ကြက်အကောင်လိုက်ကင် တစ်ကောင်နဲ့ တခြားစားစရာတွေကို ရက်စတောရန့်ကနေ ၀ယ်ပေးလိုက်တာပါ။ ဦးလေးရဲ့ သမကားကြီးနဲ့ လာကြတာဆိုတော့ ကားဆောင့် ဘာဆောင့်နဲ့ ခရီးကလဲ ပမ်းလာတော့၊ ဆာကလဲ ဆာ၊ ဦးလေးအိမ်ရှေ့က ကွပ်ပျစ်လေးမှာပဲ အဲဒီ ကြက်ကင်နဲ့ တခြား ရက်စ်တောရန့်က အစားအသောက်များနဲ့ စားရတာ အလွန်မှပဲ ခံတွင်းမြိန်လှပါတယ်။ 

အိမ်မှာပဲ အမေရုံးသွားခါနီး ကမန်းကတမ်းချက်ထားတဲ့ အိမ်ဟင်းတွေနဲ့သာ စားဖူးတဲ့ ကျွန်မအတွက်တော့ ရက်စတောရန့်က ဟင်းများရဲ့ အရသာဟာ အင်မတန်မှ ထူးကဲလှပါတယ်။ ကြက်ကင်ဟာ ဘာဟင်းခတ်အမွှေးအကြိုင်တွေနဲ့များ လုပ်ထားလဲ မသိပါ။ အသားကလဲ နူးအိနေပြီး မွှေးနေပါတယ်။ ရန်ကုန်မြို့ကြီးက လာခဲ့ပေမဲ့ အော် ငွေရှိရင်  ဒီလိုရွာသာသာမြို့လေးမှာလဲ ဒီလို စားကောင်းသောက်ဖွယ်တွေကို စားနိုင်တာပဲဆိုတာလဲ အသိတစ်ခုရခဲ့ပါတယ်။ စားနေရင်းနဲ့လဲ ငါတို့တွေ ငယ်ငယ်က ထမင်းစားရင်းနဲ့ ဟင်းမကောင်းရင် မောင်နှမတတွေ ဟင်းတွေကို ပါးစပ်ကနေ တစ်ယောက်တစ်မျိုး အလှည့်ကျ မျိုးစုံပြော စားကြတာသတိရပါတယ်။ ငါတို့ မစားရ၀ခမန်း ပြောခဲ့ကြတဲ့ ကြက်ကောင်လုံးကင်၊ ၀က်ကောင်လုံးကင် ဆိုတာတွေဟာ တကယ်ကို အရသာရှိလှပါလားဆို မှတ်မှတ်ရရဖြစ်မိပါတယ်။

ခုတော့လဲ အဲလို ကြက်ကင်မျိုးကို မစားချင်မှ အဆုံး ဟင်းချက်ပျင်းတိုင်း စားရတဲ့ ဟင်းတောင်ဖြစ်နေပေမဲ့ ငယ်ငယ်က စားခဲ့ဖူးသလို ခံတွင်းမြိန်ခဲ့တဲ့ အရသာကိုတော့ ဘယ်တော့မှ ပြန်မရတော့ပါပြီ။ ဒီမှာလဲ နာမည်ကြီး ဆိုင်ကြီးတွေကဆိုတော့ သူတို့လုပ်ထားတာလဲ ငယ်ငယ်က တောမြို့လေးမှာ စားဖူးတာထက်မသာရင်တောင်မှ အဲသလောက် အရသာတော့ ရှိလောက်မှာဖြစ်ပေမဲ့ ပါးစပ်တွေက စားရပါများလို့ ထုံနေလို့ တော်ရုံအရသာ ထိုးမဖောက်နိုင်တာ ဖြစ်လောက်မယ်ထင်ပါရဲ့။

ဟိုတစ်လောကတောင် ဦးလေး သမီးအငယ်ဆုံးလေး မင်္ဂလာဆောင်လို့ အဖေတို့ကပြောလို့ လက်ဖွဲ့ပို့ပေးလိုက်သေးတယ်။  အော် ခုချိန် ဦးလေးတစ်ယောက်လဲ အသက် ၇၀လောက်ရှိရောပေါ့။ ဘုရားလူကြီးဘ၀နဲ့ ဘ၀ကို ချို့ချို့ငဲ့ငဲ့ ဖြတ်ကျော်ခဲ့တဲ့ ဦးလေး ကြက်ကင်တောင်မှ စားနိုင်ပါဦးမလား ... ကြက်ကင်တစ်ခု အရင်းပြု ဦးလေးရဲ့ အဖြစ်ကို  သံဝေဂ ယူနိုင်ကြပါစေ။  ။


(ပုံများကို google မှ ယူပါသည် ။ 
credit to original uploader.)




19 comments:

  1. တောမှာနေတုန်းကပန်းသီးလေးတလုံးစားရရင်အရသာရှိလိုက်တာအခုတော့ခွဲကျွှေးရင်တောင်

    ReplyDelete
  2. ဟုတ်ပဗျာ...ဝန်ထမ်းမိသားစုဆိုတော့ အသားနဲ့အရိုးတွဲယူ၇တာ ဘဲဥဆို၇င်တခြမ်းပဲ၇တာ
    ဘူးသီးတောထဲကြက်ရိုးဖြတ်ပြေးတာ တို့ သတိ၇မိပါ၇ဲ့...

    ReplyDelete
  3. တီဆွိ "အလ္လာပ သလ္လာပ by T T Sweet" ကဘယ်မှာ သွားဖတ်ရမှာလဲ google reader မှာ တော့ ခေါင်းစဉ်ပဲပေါ်တယ် နှိပ်လိုက် ၇င် ပို့ မရှိဘူးတဲ့ 

    ReplyDelete
    Replies
    1. http://auntysweet.blogspot.sg/2012/03/blog-post_19.html

      Delete
  4. တီတီဆွိရေးမှ သမ၀ါယမခေတ်က အစားအသောက် အသုံးအဆောင်တွေ ရှားပါးခဲ့တာ အမှတ်ရမိတယ်။
    အဲတုန်းကတော့ သမလူကြီးတွေ တန်ခိုးထွားတဲ့ခေတ် ပေါ့နော်။
    အဲဒီတုန်းက အပေါ်က အနောနိမတ် ပြောသလိုပဲ ပန်းသီးလေးတလုံးကို ရှားတောင့်ရှားပါး စားခဲ့ကြရတာ။
    ခုတော့ မစားနိုင်လို့ လွှင့်တောင်ပစ်ရတယ် ...
    ဘာဂါဆိုလဲ အဲလိုပဲ ...
    တက္ကသိုလ်ရိပ်သာလမ်းက ဘာဂါဆိုင်မှာ တခါတလေမှ ၀ယ်စားနိုင်တာ။
    အင်း ... ခေတ်တွေက ပြောင်းလဲသွားတာလား ... အခြေအနေက ပြောင်းလဲသွားတာလား ...
    တီတီဆွိဦးလေး အဖြစ်ကတော့ သံဝေဂရစရာပါ ... ။

    ReplyDelete
  5. ကျနော်ကကျတော့ ငယ်ငယ်က ဆနွင်းမကင်း တအားကြိုက်တော့ ငါအသက်ကြီးလာရင် တစ်ဗန်းလုံးဝယ်၊ မလှီးဘဲ ဇွန်းတပ်ပြီး စားပစ်မှာလို့ စိတ်ထဲ ကြိမ်းဝါးခဲ့ဖူးသေးတာ။ (အခုလဲ ရွှေပုဇွန် တစ်ဗူးဆို နှစ်ခါစားပါပဲး) )
    (လီယို)

    ReplyDelete
  6. AMK
    အဲဒီပို့စ်က ခေါင်းစဉ်တပ်ပြီး Enter မှားခေါက်လိုက်တာ ပို့စ်က တက်သွားတာ။ ဘာမှတောင် မရေးရသေးဘူး။ ဒါနဲ့ ကမန်းကတမ်းဖျက်လိုက်ရသေးတယ်။ စာကပထမတော့ ဟိုအကြောင်း ဒီအကြောင်းထွေရာလေးပါးလေးတွေ ရေးမလို့ဟာ ထုံးစံအတိုင်း အဲဒီ ကြက်ကင်နဲ့တင် ရှည်သွားလို့ အဲဒါပဲ ခေါင်းစဉ်ပေးပြီး ရပ်လိုက်ရတော့တယ်။ မရေးဖြစ်ရင်လဲ တော်ရုံနဲ့ မရေးဘူး။ ရေးတော့လဲ အန်တီဆွိဟာ အင်မတန် လျှာရှည်လှသဗျ။

    ပန်းသီးကတော့ ဟုတ်တယ်။ အဘွားနေမကောင်းတော့ အမေတို့က ၀ယ်ကျွေးတာ နဲနဲလေး စားရတာ သိပ်ကောင်းတယ်လို့ထင်တာ။ စလုံးမှာတုံးက ၀ိတ်ချတော့ ရုံးမှာနေ့လည်စာ ပန်းသီးတစ်လုံးပဲ နေ့တိုင်းစားတာ။ ကြာလာတော့ ပန်းသီးကို ကြည့်ကိုမကြည့်ချင်တော့ဘူး။ ပန်းသီးမြင်ရင် ကြက်သီးတောင်ထတယ်။ မစားချင်လို့း)

    ReplyDelete
  7. အန်တီဆွိလျှာရှည်တာကိုဘဲစောင့်ဖတ်နေတာဗျို့ အလ္လာပ သလ္လာပ ကိုရှာလိုက်ရတာ အခုမှဘဲသိတော့တယ် သီတာ

    ReplyDelete
  8. ငယ်ငယ်ကလေ အမေက ကြက်ကောင်လုံးပေါင်းလုပ်ကျွေးတာ
    အရမ်းကြိုက်တော. မောင်နှမတွေ ခွဲစားရတာ အာသာမပြေဘူးလေ
    ငါကြီးလာလို. အလုပ်ရရင် ကြက်ကောင်လုံးပေါင်းပြီး
    တစ်ယောက်ထဲထိုင်စားမယ်ဆိုပြီး အားခဲထားတာ
    အခု စလုံးမှာ ကြက်သားများမုန်းလွန်းလို.
    အစားအစာတွေက အဲလိုပဲ မဝတဝမှ စားကောင်းတယ်

    ReplyDelete
  9. အန်တီလေးမေခင်September 26, 2012 at 12:38 AM

    တီဆွိ
    ကြက်ကင်နဲ.တီဆွိဦးလေးအဖြစ်ကိုသံဝေဂ
    ယူသွားပါတယ်ကွယ်။အန်တီမေခင်အမျိုသားလက်သုံးစကား
    လေးကတော.များများရှာနည်းနည်းသုံးတဲ.။
    အားပေးလျှက်ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  10. မြတ်နိုးသူ(MUFL)September 26, 2012 at 12:42 AM

    တီဆွိဘုရားလူကြီးဘ၀နဲ့ ဘ၀ကို ချို့ချို့ငဲ့ငဲ့ ဖြတ်ကျော်ခဲ့တဲ့ ဦးလေး ကြက်ကင်တောင်မှ စားနိုင်ပါဦးမလား ... ကြက်ကင်တစ်ခု အရင်းပြု ဦးလေးရဲ့ အဖြစ်ကို သံဝေဂ ယူသွားပါတယ်

    ReplyDelete
  11. အစ်မ ဆွီတီခင်ဗျာ .... လူ့ ဘဝရဲ့ အနိမ့်အမြင့်လောကဓံတရားကို သံဝေဂရပါတယ်။ ဗဟုသုတလဲရပါတယ်။ ဖတ်လို့ကောင်းပါတယ်။

    လေးစားစွာဖြင့် .................

    AKM

    ReplyDelete
  12. စားရပါများလို့ ထုံနေလို့ တော်ရုံအရသာ ထိုးမဖောက်နိုင်တာ ဖြစ်လောက်မယ်ထင်ပါရဲ့။
    Young time chemistry (sense) is strong enough to impact our mind.
    So, nostalgia things are based on intense of chemistry.

    ReplyDelete
  13. ချော(အစိမ်းရောင်လွင်ပြင်)

    2:52 PM (7 hours ago)

    to me
    ချော(အစိမ်းရောင်လွင်ပြင်) has left a new comment on your post "ကြက်ကင် သံဝေဂ ...":

    ငယ်ငယ်တုန်းက ကြွေကျနေတဲ့ အသီးလေးတစ်လုံးကို သူငယ်ချင်းတစ်ယောက်နဲ့ ပြိုင်ကောက်တာ သူငယ်ချင်းက ရသွားတယ်။ အဲဒါကို မရလိုက်တဲ့အတွက် နှစ်အတော်ကြာ စိတ်ထဲ ဖျောက်မရဘူး... အိပ်မက်ထဲတောင် အဲဒီအသီးကို မက်မိတယ်။
    ငယ်တုန်းကများ အသီးလေးတစ်လုံးမစားလိုက်ရတာကိုတောင် တနုံ့နုံ့ဖြစ်မိတာကို ပြောပါတယ်။ ငယ်တုန်းကများ ဘာလေး စားရ စားရ ကောင်းတယ်လို့ကို ထင်နေမိတော့တာ .. ခုများတော့ မျက်စိတ်ရှေ့ ရှိနေရင်တောင် စားချင်စိတ်မရှိတော့ဘူး .. စိတ်တွေလဲ အရွယ်နဲ့လိုက်ပြီး ပြောင်းလဲ နိုင်သားနော်။.

    ReplyDelete
  14. သမဝါယမခေတ်ကို ပြန်သတိရမိတယ် စွိတီရေ။ ရေနံဆီ တစ်ပုလင်း ရတဲ့နေ့တွေဆိုရင် ပျော်နေတား) ပစ္စည်းဆိုတာ ရှားမှတန်ဘိုးကိုနားလည်တာလေ။
    မရေရာတဲ့ လောကဓံတရားရဲ့ ရိုက်ချက်ကို ကြက်ကင်တစ်ကောင်အရင်းပြုပြီး သံဝေဂလေးယူသွားတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  15. Ama....ဒံပေါက်ချက်နည်း လေးလုပ်ပါအုံး...I saw photo on FB. Thanks

    ReplyDelete
  16. ကြက်ကင်လေးနဲ့ အရွက်သုတ်လေးနဲ့မိုက်တယ်... ဒို့လဲငယ်ငယ်က ကြက်ကင်ဆိုတာ တခါတလေမှစားရတာ...း))

    ReplyDelete
  17. ငယ်ငယ်တုန်းက ဘိုစာတွေလည်းရှား၊ စာအုပ်တွေဆိုလည်း TIMES မဂ္ဂဇင်းစာရွှက်တွေနဲ့  ဖုံးခဲ့ရတာ..ခုခေတ်ကလေးတွေကတော့ ကံကောင်းကြတယ်..တီတီဆွိပို့ စ်လေးဖတ်ပြီး သံဝေဂရမိတယ်..

    ReplyDelete
  18. အနောနိမတ်စ် ... ဒန်ပေါက်ချက်နည်း ဓာတ်ပုံတွေတော့ ရိုက်ထားတယ်။ လာမယ်ကြာမယ်ပေါ့ကွယ်။

    ReplyDelete