Monday, December 10, 2012

Crazy Hair သမီး ၊ Crazy Hair မေမေ

မိဘများသည် သားသမီးများကို အလွန်အလိုလိုက်ကြ၏။ ဘာကြောင့် အလိုလိုက်လဲ မေးသော် ချစ်လို့၊ သူတို့ ပျော်နေတာ ကောင်းစားတာကို မြင်ချင်၍ဖြစ်သည်။ သူတို့လေးတွေ ပြုံးနေ ပျော်နေသည်ကို  ကြည့်ပြီး ပီတိဖြစ်ကာ ထိုပီတိကို စားသုံးကြလေသည်။ တစ်ဦးတည်း မွေးထားသော မိဘတွေက ပိုဆိုးသည်။ ဘယ်အရာမဆို အရာရာ တစ်ဥတည်းသော သားသမီးအပေါ်တွင်သာ ပုံပေးကြတော့သည်။

အန်တီဆွိတွင် အသိလင်မယား၂ယောက်ရှိသည်။ သမီးလေးတစ်ယောက်မွေးထားရာ အသက် ၅နှစ်ခန့် ရှိပြီ။ ခလေးက စကားကလဲတတ် နေပုံထိုင်ပုံလေးကလဲ ချစ်ဖို့ကောင်းသည်။ ဘေးလူတွေတောင် ချစ်ရတာ အဖေအမေဖို့ရာကား ဆိုဖွယ်ရာမရှိ။ အဖေ့အသည်းစွဲ သမီးလေး။ မိဘတွေက ၂ယောက်လုံး အလုပ်လုပ်ရာ ငွေကြေးတတ်နိုင်တော့ သမီးလေးကို လိုလေသေးမရှိ ဖူးဖူးမှုတ်ထားသည်။

ဟိုတစ်လောကပဲ သူတို့ အိမ်ဝယ်ကြတော့ ကြိုက်တဲ့နေရာ အပျံစား၊ အညွန့်စားအိမ် ၀ယ်နိုင်ပါလျက်နှင့် သမီးအတွက်ဦးစားပေးကာ နယူးဆောက်ဝေးက ကျောင်းအကောင်းဆုံးဆိုသည့်နားမှာ ရွေးဝယ်လိုက်တော့ အိမ်က ဈေးကြီးလဲပေးရသေး စုတ်လဲ စုတ်လှသည်ဆိုသည်။ ထိုအိမ်ကို ပြင်နေရာ အိမ်ဝယ်ပြီး ၃-၄လကြာသည်အထိ အိမ်ထဲမှာ ပစ္စည်းပစ္စတွေက ရှုပ်ပွ၊ နေရထိုင်ရတာအဆင်မပြေ အတော်ဒုက္ခရောက်ရသည်ဆိုသည်။ မနေ့ကတွေ့ကြတော့ အမျိုးသမီးလုပ်သူက ညည်းသည်။ အစ်မရယ် သူတို့ကြီးရင်တော့ ဘာဖြစ်မယ်မသိဘူး။ အိမ်ကပြင်နေတော့ နေရတာ ဒုက္ခရောက်လိုက်တာ။ အိမ်ကလဲ စုတ်လိုက်တာဆို သားသမီးအတွက် ဦးစားပေးဝယ်မိသော အိမ်အတွက် ဒုက္ခရောက်ရသော အမေကညည်းသည်။

ဟိုနေ့ကလည်း ဘုန်းကြီးကျောင်းတွင် စကားစမြည်ပြောကြရင်း သားတစ်ဦးတည်းမွေးထားသော အမေမှ ရင်ဖွင့်သည်။ အသက်ကြီးမှ မိဘ၂ပါး ကုန်းရုန်းလုပ်ကာ သားဖြစ်သူကို ကျောင်းထားသည်။ ကျောင်းမှ ရိုးရိုးကျောင်းမဟုတ် အော်ဇီတွင် အင်မတန် ဈေးကြီးသော လူတိုင်းမတက်နိုင်သော ပရိုက်ဗိတ်ကျောင်းတွင်ထားသည်တဲ့။ သားလေးတစ်ယောက် ရိုးရိုးပတ်ဗလစ်ကျောင်းမှာထားလျှင် လူမျိုးခြားတွေကြား အနိုင်ကျင့်ခံရမည်ဆိုးသည်၊ သားဖြစ်သူကို သူများထက် ထူးချွန်ပေါက်မြောက်စေချင်သည်။  နောက်တော့ မိဘများက စေတနာထားကာ  ပရိုက်ဗိတ်ကျောင်းထားခါမှ အပေါင်းအသင်းမှားကာ ပျက်စီး၊ မိဘတွေကိုလည်း နင်ပဲငဆ ပြန်လှန်ပြောကာ ဒုက္ခရောက်ရပုံကို မျက်ရည်တ၀ဲဝဲနှင့် ပြောပြနေသည်။

အန်တီဆွိတို့ အိမ်မှာရော ဘာထူးသနည်း။ တစ်ဦးတည်းသော သမီးလေး ဂျူဂျူအတွက် မိဘများမှာ လိုလေသေးမရှိ ပံ့ပိုးနေရသည်။ မိဘများမှာ သူတို့ တစ်ဝမ်းတစ်ခါးအတွက် မစားရက်၊ မသောက်ရက် နှမြောချင် နှမြောမည်။ သမီးလေးအတွက်ဆို story စာအုပ် တစ်အုပ် အစိတ် ၃၀ဆိုလည်း မနှမြော၊ ပီယာနို ၂၀၀၀ ဆိုလဲ မနှမြော ကျူရှင်လခ တစ်လ ၃၀၀ဆိုလည်း မနှမြော လိုလေသေးမရှိ ထားသည်သာဖြစ်သည်။ ကျောင်းမှာဆိုလည်း ကျောင်းက ဘာပွဲ၊ ညာပွဲ ဆို မလွတ်စေရ။ တတ်နိုင်သမျှ ပြည့်စုံအောင် မျက်နှာမငယ်ရအောင် ပြင်ဆင်ပေးလိုက်သည်ချည်းဖြစ်သည်။ အထူးသဖြင့် အမေကြီးမှာ သမီးအတွက် အပင်ပမ်းခံလွန်းသည်။ အစားအသောက်ဆိုလဲ သမီးစားချင်ရာ ကြံကြံဖန်ဖန်တွေကို အိမ်မှာ ရက်စ်တောရန့်ဖွင့်ထားသလို အမျိုးမျိးအဖုံဖုံ ချက်ပြုတ်ပေးသေးသည်။

ဟိုးလွန်ခဲ့တဲ့ ၂လလောက်ကတည်းက သမီးက ပူဆာနေသည်။ သူ့အတွက် မွေးနေ့ပွဲ လုပ်ပေးဦးမှာလားပေါ့။ အမှန်တကယ်အားဖြင့်တော့ တီတီဆွိမှာ သမီးအတွက် မွေးနေ့ပွဲ လုပ်ပေးလေ့ မရှိပါ။ စလုံးမှာနေတုံးကဆို သူအသက် ၇နှစ်အတွင်း ၂ခါသာ မွေးနေ့ပွဲ လုပ်ပေးဖူးသည်။ တီတီဆွိသည် အင်မတန် အားနာတတ်သည်ဖြစ်ရာ ခလေးအတွက် လူတွေ လက်ဆောင်ပေး၊ ဘာပေး ငွေကြေးကုန်ကျများ၊ အလုပ်ရှုပ်မှာ စိုးရိန်၍ ဖြစ်သည်။ ခုတော့ သမီးက ပူဆာလာတော့ အော် သူလဲ သူများမွေးနေ့ပွဲတွေ သွားနေရတာ သူ့ကိုယ်ပိုင်မွေးနေ့ပွဲလေးတော့လဲ လုပ်ချင်မှာပေါ့ဆို လုပ်ပေးမယ်ဟု ကတိပေးမိသည်။

ပြီးခဲ့သည့်အပတ်က တစ်ပတ်လုံး အိမ်မှာ မွေးနေ့ပါတီ ကျင်းပဖို့ အတွက် အလုပ်ရှုပ်နေကြသည်။ လူသက်သာအောင် အကျွေးအမွေးအတွက် ကြာဆံကြော်နှင့် ဘာဘီကျူး ရယ်ဒီမိတ်တွေဝယ်ကာ လုပ်မည်ဟု စီစဉ်ထားသည်။ ဘာဘီကျူးမီးဖို တစ်လုံးဝယ်လိုက်ရသည်။ ပစ္စည်းပစ္စယတွေ ရေးမှတ်တွက်ချက်ကာ စီစဉ်ရင်း အမေကြီးက ၀က်သားတုတ်ထိုး ကလည်းထည့်ချင်သေးသည်။ ဟင်းအရည် သောက်စရာမပါဆိုကာ တုန့်ယန်းဟင်းချိုကလည်း ချက်လိုက်သေးသည်။

မနေ့ညကပဲ တစ်ပတ်လုံး အမေကြီး တစ်ယောက်တည်း တကုတ်ကုတ် စီမံထားသော မွေးနေ့ပွဲက အောင်မြင်စွာပြီးစီးသွားသည်။ ခလေးတွေ အလွန်ပျော်ကြသည်။ မိဘတွေလဲ ကာရာအိုကေတွေဆိုကာ အိုကေနေကြသည်။ ညဖက် ဧည့်သည်တွေ ပြန်ကြတော့ လက်ဆောင်ထုပ်တွေဖောက်ကြရင်း သမီးကပြောသည်။ မေမေ မနက်ဖြန်ကျောင်းမှာ ဒစ်စကို ကပွဲရှိတာ ပြောထားတာနော်။ အဲဒါ မနက်ကျရင် crazy  hair လုပ်ပေးဦးနော်တဲ့။ သူပြောမှ သတိရသွားသည်။ ဒီကကျောင်းတွေက ဒီဇင်ဘာဆို စာသိပ်မသင်တော့။ အဲလို ကျောင်းကပွဲတွေ ပျော်ပွဲရွှင်ပွဲတွေနှင့် ခလေးတွေမှာ အလွန်ပျော်သည်။ ခု ဒစ်စကို ကိစ္စကလဲ ပြောနေတာ ကြာပြီ။ ဒစ်စကို မှာ ၀တ်ဖို့ ဖလူရိုရိုက် (fluoride) ဖြစ်တဲ့ အကျီဝယ်ပေးဆိုကာ တစ်ပတ်လုံး ပူဆာနေသည်။ သူ့ဆံပင်ကိုလဲ crazy hair ဖြစ်အောင် လုပ်ပေးပါဟုလည်း တဖွဖွပြောနေသည်။

မွေးနေ့ပွဲက ပင်ပမ်းနေတော့ လူကအိပ်ချင်နေပြီ။ မနက်ကျ သမီးဆံပင်ကို ပြင်ဆင်ဖို့အတွက် ခါတိုင်းထက် တစ်နာရီစောပြီး နာရီအလန်းမ် ပေးထားလိုက်သည်။ မနက် နာရီ နှိုးစက်သံက ကကျစ် ကကျစ်မြည်တော့ လူက မလန်း၊  ဆက်အိပ်ချင်နေသေးသည်။ ၁၅မိနစ်လောက်နှပ်နေပြီး အော် သမီးအတွက် crazy hair လုပ်ပေးရမှာ နောက်ကျနေဦးမယ်ဆိုကာ ကမန်းကတမ်းထသည်။ သွားတိုက်၊ မျက်နှာသစ်ပြီး ခါတိုင်းလို မျက်ခုံးမွှေးတောင် မဆွဲအား၊ ဆံပင်တောင် မဖီးအား ဘုရားပန်းရေလဲ၊ ဆွမ်းတော်ပြင်ဆင်၊ ယောက်ျားထမင်းချိုင့်၊ သမီး ထမင်းဘူးပြင်ဆင်၊ ညက ကျန်တဲ့ ဆေးကြောစရာတွေ ဆေးကြောပြီးတော့ နာရီက သမီးနှိုးဖို့အချိန်ရောက်နေပြီ။

" သမီးရေ ... ထတော့ဟေ့ ... သမီး ဒီနေ့ ခရေဇီ ဟဲ လုပ်ရဦးမှာ ...ထတော့ ထတော့ .." ဆိုတော့ သမီးကအိပ်ရာထဲက ချက်ချင်းဘယ်တော့မှမထ။ လူကို ဖက်၊ ယူကျူ့က သီချင်းတွေလို၊ ဟာသတွေလို ကြည့်ပြီးမှ အိပ်ရာကထတတ်သည်။ ပြီးတော့ မျက်နှာသစ်၊ အကျီလဲ ဘရိတ်ဖတ်စ် စားနေတုံး သူ့ရဲ့ crazy hair ကို စပြင်ရတော့သည်။ ဘယ်လိုပြင်ပေးရင်ကောင်းမလဲ ဂူဂဲထဲ ရှာရသေးသည်။  သမီးဟာ ကျောင်းက မှာတာတွေ ကျောင်းက activity တွေကို တစ်သွေမသိမ်း လိုက်နာလေ့ လိုက်လုပ်လေ့ ရှိရာ သူ့ဆံပင်ကို အစွမ်းကုန် crazy hair ဖြစ်စေချင်နေသည်။ အဲနေ့မတိုင်မီကတည်းက သူ့ဆံပင်တွေကို လက်နှင့်ကိုင်၊ မှန်ကိုကြည့်၊ အမေကို အမျိုးမျိုးလုပ်ပြကာ ခရေးဇီးဟဲ ဖြစ်လားဟု မေးနေတတ်သည်။

နောက်ဆုံး အမေကြီးမှာ အကြံရသွားတော့ အကြံအတိုင်း သူ့ဆံပင်ကို ကြိုးတွေနဲ့ လိမ်ကာ ပတ်ကာ အစမ်းလုပ်ကြည့်လိုက် ပြန်ဖြည်လိုက် စိတ်ကြိုက်မတွေ့လိုက်နှင့် နောက်ဆုံးတော့  ဂျူဂျူနေ့တိုင်းပြောနေတဲ့  crazy hair ဖြစ်သွားပါသည်။ ဘေး၂ဖက်က ဆံပင်တွေကို  ကြိုးနဲ့ရစ် အ၀ိုင်းလေးလုပ် အပေါ်မှာ ပြန်ချည်လိုက်တော့ ခေါင်းပေါ်မှာ crown လိုလေး ဖြစ်သွားသည်။ နောက်က ဆံပင်တွေကိုလဲ ကြိုးနဲ့ရစ်ပြီး မြွေတစ်ကောင်လို ပုံစံဖြစ်အောင် ဖန်တီးပေးလိုက်သည်။ ဂျူဂျူကလဲ မှန်တကြည့်ကြည့်နှင့်် သူ့ ခရေဇီဟဲကို သဘောကျနေသည်။ ခရေဇီးဟဲ ကိစ္စပြီးတော့ သမီးလဲ မနက်စာစားပြီးပြီ။ နာရီကြည့်တော့ ၉နာရီထိုးပြီ။ သမီးရေ သွားကြရအောင်ဆိုကာ ရေဗူးထဲ့၊ လွယ်အိပ်ထဲ လိုတာတွေစစ်၊ သမီးအကျီ ဖိနပ် အဆင်ပြေရဲ့လားစစ်ပြီး  ကျောင်းလိုက်ပို့လိုက်သည်။ 

ကားပေါ်ကျ ဂျူဂျူလေးက သူ့ crazy hair ကို ကိုင်ကြည့်ပြီး အရမ်း ခရေဇီဖြစ်နေလား မသိဘူးဆိုပြောနေသည်။ ကဲ ဒီလောက် ခရေဇီဖြစ်ချင်တာ သမီးမျက်နှာမငယ်စေရအောင် ပြင်ဆင်ပေးလိုက်သော အမေကြီးမှာ  ကျောင်းလာသူ ခလေးများကို အကဲခပ်နေသည်။ ပြီးတော့ ဘယ်သူမှ သမီးလောက် ခရေဇီ မဖြစ်ဘူး ဆိုကာတွေးနေသေးသည်။ ကားရပ်တော့ အားလားမား သူ့ရှေ့က ဆင်းသွားတဲ့ အဖြူ ညီအစ်ကိုကတော့ ဆံပင်တွေကို ရောင်စုံ စပရေးတွေ ဖြန်းထားတာ တစ်ခြမ်းက အစိမ်း တစ်ခြမ်းက အပြာ ၊ အ၀ါ ၊ အနီရောင်စုံဆိုတော့ ကြက်တူရွေးတွေလား ထင်ရတာကို ကြည့်ပြီး ပြုံးမိသည်။ ဂျူးဂျူးကတော့ ရှက်ကိုး ရှက်ကန်း သူ့ရဲ့ crown လို ထောင်နေတဲ့ ဆံပင်ကို လက်နဲ့ အုပ်ထားတာ လှမ်းမြင်လိုက်သည်။ သမီးရဲ့ ခရေးဇီးဟဲကတော့ သူ့သူငယ်ချင်းတွေကြားမှာ ရေပန်းစားမှာပဲဆိုကာ အမေကြီးမှာ ပီတိတွေဖြစ်နေသည်။

အိမ်ပြန်ရောက်တော့ အမေကြီးမှာ ညကကျန်တာတွေ ဆက်သိမ်းရပြန်သည်။ ပစ္စည်းအချို့ ရှုပ်ပွနေတာတွေ အကုန်ကောက်သိမ်းပြီး အခန်းထဲ ၀င်ထည့်ရာ အခန်းထဲမှ ဘီရိုအပြည့်တပ်ထားသော ကိုယ်လုံးပေါ်မှန်ရှေ့ အရောက် သူ့ပုံရိပ်ကို သူမြင်ပြီး လန့်သွားလေသည်။  မနက်ကတည်းက သမီး ခရေဇီဟဲ ဖြစ်ဖို့ အရေး လုံးပမ်းနေရတော့ သူ့ဆံပင်များ ဘယ်ပုံပေါက်နေသည်ကို ဂရုမစိုက်နိုင်အား။ ကျောင်းသွားခါနီး ဆံပင်ဖီးဖို့ရာပင် မေ့နေသည်။ မဖီး မသင်ရသေးတဲ့ ဆံပင်များက ညက ဖိအိပ်မိလို့လားမသိ ပုံမှန်ထက် ပွသရောင်း ရှုပ်ပွနေရာ သမီးလိုပင် ပြင်ဆင်စရာမလို တကယ့်ကို Crazy hair ဖြစ်နေလေတော့သတည်း။   ။



17 comments:

  1. အမေတယောက်၇ဲ့ အပျော်လေးမြင်လိုက်၇သလိုပဲဗျ...

    ReplyDelete
  2. ပြပါအုန်း အမေကြီးရဲ့ခရေဇီဟဲကိုလဲမြင်ချင်စမ်းဘာဘိ ဟားဟားဟား

    ReplyDelete
  3. အမေကြီးရဲ့ခရေဇီဟဲယားကိုမြင်ယောင်ရင်း...... :P
    please post jujue in crazy hair photo :D

    ReplyDelete
    Replies
    1. ချုမြတ် ... အမေရော သမီးရော ခရေဇီဟဲတွေ တင်ထားတယ်လေ။ မမြင်ရဘူးလား။ အမေပုံကတော့ မမြင်ရလေ ကောင်းလေပဲ။း))

      Delete
    2. ၀တ်စုံပြည့် ကိုပြောတာပါ တီဆွိရဲ့..ခုတော့ ဂျူဂျူးလေးခေါင်းလေးပဲမြင်ရတော့လေ ..ဟီးဟီး ဒီပိုစ့်လေးကိုတအားသဘောကျတယ်

      သတိရနေတဲ့
      ဆုမြတ်

      Delete
  4. တီဆွိ ၇ဲ့  Crazy hair က ပို မိုက်စ်..ဂျူးဂျူး ဆံပင်လေးလဲ လှတယ်

    ReplyDelete
  5. တယောက်ထဲ သားသမီး တွေကတော. အဲလိုပါပဲအမရယ်
    ကျမက သားဆိုတော. စိတ်ကို အတတ်နိုင်ဆုံးလျော.ထားတယ်
    သမီးကတော. သားထက်စာရင် သိတတ်ပါတယ်လေ

    ReplyDelete
  6. တီဆွိတို့ သားအမိအကြောင်း ဖတ်ရတာ အမြဲ စိတ်ချမ်းမြေ့ရတယ်။
    အိမ်က အမေကိုလဲ အရမ်းလွမ်းမိသွားတာပဲ။
    ဂျူဂျူးလေး သိပ်ကံကောင်းတယ်....
    ခရေဇီဟဲလေးနဲ့ သူငယ်ချင်းတွေကြား ပျော်နေမဲ့ပုံလေး စိတ်ထဲ တွေးပြီး
    မြင်ယောင်မိတယ်.။

    ReplyDelete
  7. တဦးတည်းသော သမီးတို.ရဲ. အမေပုံစံ၊ မိဘပုံစံတွေ တပုံစံထဲ ကွက်တိမှ ကွက်တိပါဘဲ တီဆွိရယ်

    ReplyDelete
  8. သမီးရဲ့ ခရေးဇီးဟဲကတော့ သူ့သူငယ်ချင်းတွေကြားမှာ ရေပန်းစားမှာပဲဆိုကာ အမေကြီးမှာ ပီတိတွေဖြစ်နေသည်။

    Miss Mummy

    ReplyDelete
  9. Anonymous

    Dec 9 (3 days ago)

    to me
    Anonymous has left a new comment on your post "ကမ္ဘာပျက်မဲ့နေ့ ...":

    so cute sis sweet!!!
    :muahzz
    Anne<3

    ReplyDelete
  10. မိဘတွေရဲ့ မေတ္တာကို ခံစားမိသွားတယ်မဆွိ။

    ReplyDelete
  11. မောချက် .. ကလေဇီးဟဲလုပ်ရတာ .. အမေကြီးကိုယ်တိုင် ဝင်ပြိုင်လိုက်ရင် ပြင်စာတောင်လိုဘု ဟိဟိ

    ReplyDelete
  12. မမဆွိ က သိပ်ရေးတတ်တာ ပဲ ... မေကြီး ကို လွမ်းသွားပြီ .. ဂျူဂျူ သိပ် ကံကောင်းပါသည်

    ReplyDelete
  13. အချိန်မပေးရတယ့် ခရေဇီဟဲကို မြင်ပြီး ပြုံးမိတယ်..ဂျူးဂျူးရဲ့  ခရေဇီဟဲ ဝတ်စုံပြည့် မြင်ချင်သား...

    ReplyDelete