Sunday, February 16, 2014

မွေးနေ့ မှတ်စု (သို့) မိတ်ကပ်မှတ်စု ...

တီတီဆွိသည် နေရာတော်တော်များများမှာ flexible ဖြစ်ပေမဲ့ တစ်ချို့နေရာတွေမှာတော့အစွဲအလန်းကြီးသည် ပြောရမလား။ ဥပမာ အစားအသောက်ဆို စင်္ကာပူရောက်စက ကြက်ဆီထမင်း။ စ စားတော့ ဘာမှန်းမသိ။ နောက်ပိုင်းစားရင်းနှင့် ကြိုက်လာတော့ ဘယ်ဟော်ကာ၊ ဘယ် food court သွားသွား ကြက်ဆီထမင်းသာ မှာတော့တာပဲ။ နောက်ပိုင်းကျ အိမ်ကလူက ဒုတ်တပြတ် ဓားတစ်ပြတ်နှင့် တခြားစားစရာတွေ အတင်းကျွေးမှပဲ စားတတ်လာသည်။ ဒါတောင် ကြက်ဆီထမင်းပြီး Mee pok ဆိုတာနှင့် မိတ်ဆက်ပေးတော့ ဒါကြီးပဲ ဆက်တိုက် စားနေရာ နောက်တစ်ခါ ဒုတ်တပြတ် ဓားတစ်ပြတ်တွေ ဖြစ်ကြပြန်သည်။



မွေးနေ့မှာ ဘုန်းဘုန်းကို မန်းလေး မုန့်တီ ကပ်ပါတယ်။


နောက် သူနေ့စဉ် သုံးစွဲနေတဲ့ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ရေမွှေး အစရှိတာတွေလည်း အပြောင်းအလဲမရှိ။ အသစ်အဆန်း စမ်းသုံးခြင်းမရှိ။ ကိုယ်ကြိုက်တဲ့ ပစ္စည်းလေး တွေသာ နှစ်ပေါင်းများစွာ စွဲသုံးခဲ့သည်။ ဒီဖက်ကျွန်းကြီးပြောင်းလာတော့ သူ့အကြောင်း သူသိလို့ သုံးနေကျ မိတ်ကပ်ဗူးတွေကို ၄-၅ဗူး ဝယ်ချလာခဲ့သည်။ ဟိုဖက်ရောက်လျှင် ဘာမှန်းမသိ။ ဝယ်လို့မရလျှင် ဒုက္ခရောက်လှချည့်ပေါ့။ ခု ၃နှစ်လောက်ကြာတော့ ကိုယ်ဝယ်လာတာလေးတွေလဲ တဖြေးဖြေးကုန်လုပြီ။ အထူးသဖြင့် Foundation ဟုခေါ်သည့် မိတ်ကပ် အစိုလိမ်းပြီး အပေါ်က အသာ ပုတ်ရသည့် ပေါင်ဒါဖြစ်သည်။ ဟိုမှာတုံးက ရှော့ပင်းစင်တာကြီးတစ်ခုမှာ sale ချလို့ ဝယ်ရာမှအစ စမ်းသုံးကြည့်ရာ မထင်မှတ်ပဲ အလွန်ကောင်းသည့် မိတ်ကပ်ဖြစ်နေလေသည်။ ပြီးတော့ မိတ်ကပ်တွင် အသားအရောင်အလိုက် နံပတ်များရှိရာ သုံးသည်က အရောင်က အနည်းငယ်ရင့်သော ညိုသည့် သူ့အသားနှင့် လိုက်ဖက်သော Medium 2 ဆိုသော နံပတ် ဖြစ်သည်။ တီတီဆွိသည် ကမ္ဘာပေါ်တွင် ထိုမိတ်ကပ်မှလွဲ၍ တခြားမိတ်ကပ်များ မရှိတော့သည့်အလား ထိုမိတ်ကပ်တစ်မျိုးတည်းသာ စွဲသုံးခဲ့ပါသည်။


 
 တစ်ရက်တော့ ဝယ်လာသည့် မိတ်ကပ် re-fill ဗူးတွေ ကုန်တော့ အင်တာနက်ထဲ ဟိုဟိုဒီဒီ လိုက်ရှာကြည့့်ရာ ထိုမိတ်ကပ်သည် ဆစ်ဒနီမပြောနှင့်၊ တကမ္ဘာလုံး ဘယ်နေရာမှ ရှာမရ။ အတော်ထူးဆန်းလှချေတကား။ အားနာတတ်သော တီတီဆွိသည် စင်္ကာပူမှာ သူငယ်ချင်းတွေ မှိုလို ပေါပေ့မယ့် မမှာရက်။ ဒါလေးနဲ့တော့ ဒီလောက်ဒုက္ခမခံဆိုကာ အစားထိုး မိတ်ကပ်ဗူးတွေ ကို ဘရန်း ၃-၄မျိူးလောက် လိုက်ရှာဝယ်လေသည်။ ဒါလေး ကောင်းနိုးနိုး၊ ဟိုဟာလေး အဆင်ပြေနိူးနိူးနှင့် စမ်းသုံးကြည့်ရာ စိတ်ကြိုက်ကတော့ မတွေ့လှပေ။ သို့ပေမဲ့ဝယ်ပြီးပြီဆိုတော့လဲ မလွှင့်ပစ်ရက် ။ ဒါတွေသာ သည်းခံသုံးရလေသည်။ ထိုထဲမှ မိတ်ကပ်တစ်ဗူးသည် အရောင်ကို ဖြူသည့်ဖက်ရွေးမိရာ ထိုမိတ်ကပ်လိမ်းမိပါက မျက်နှာတစ်ခုလုံး ပေါင်ဒါဗူးထဲပဲ ပြုတ်ကျသလိိုလို၊ မျက်နှာပဲ မှိုတက်နေသလိုလို ရီချင်စရာကောင်းလှသည်။ အနည်းငယ်ကြိုက်သည်ဆိုသော မိတ်ကပ်ဗူးသည် texture အနေနှင့် တော့ အလွန်ကောင်းပါသည်။သို့ပေသိ အရောင် အရင့်ဆုံးကို ရွေးမိလိုက်ရာ သူက အညိုတင်မက အနီရောင်ပင် ရောစပ်နေရာ ထိုမိတ်ကပ်လိမ်းလိုက်လျှင် မျက်နှာသည် ပါးနီလိမ်းစရာမလိုပဲ နီနေ၏။ သို့ပေမဲ့ နှမြောတော့ ကိုယ့်စိတ်ကို ဖြေကာ အဲသလောက်တော့လဲ မဆိုးပါဘူးဆိုကာ ကြိတ်မှိတ်လိမ်းလေသည်။

ဒီနေ့မနက် မွေးနေ့ဆိုတော့ သွားနေကျ ဘုန်းကြီးကျောင်းတွင် အာရုံဆွမ်း သွားကပ်ရန် စောစောထကာ လှတပတ ပြင်တော့သည်။ မွေးနေ့ရှင်ကြီးဆိုသော အထူးအခွင့်အရေးကိုသုံးကာ မ်ိတ်ကပ်ကို ခါတိုင်းထက် ထူထူလိမ်းသည်။  အကျီအသစ်ဆုံးကို ဝတ်သည်။ ပြီးလျှင် ဦးခြိမ့်ကို မွေးနေ့အမှတ်တရဆိုကာ ဓာတ်ပုံရိုက်ခိုင်းရဦးမည် မဟုတ်လား။ မနက် ၄နာရီပဲ ရှိသေးရာ အပြင်တွင် အလင်းရောင် မထွက်သေး။ ဆစ်ဒနီနံနက်ခင်း ငှက်ကလေးများ၏  တေးသံကို ပင်မကြားရသေးရာ  သူကိုယ်တိုင် တေးညည်းကာ အလှပြင်နေလေသည်။

 
 အားလုံးပြီးတော့ မှန်ထဲ သေချာကြည့်လိုက်ရာ သူမ၏မျက်နှာသည် ထူထူလိမ်းထားသည့် မိတ်ကပ် အနီရောင်ကြောင့် အမှတ်တမဲ့ လန့်ပင်သွားလေသည်။ မျက်နှာတစ်ခုလုံး နီရဲလျက်ရှိရာ ငန်းမန်းထနေသည့် လူမမာပမာဖြစ်နေလေရာ ရီစရာပင်ကောင်းနေသေးသည်။ ပြန်ပြင်ဖို့လည်း အချိန်မရှိတော့ပြီ။ ဘုန်းဘုန်းဆွမ်းကပ်ဖို့ အချိုပွဲတည်းဖို့၊ သမီးနှိုးဖို့၊ အိမ်ကလူကို ဆော်သြဖို့ ပြင်ရဆင်ရဦးမည်။ သို့နှင့် ဒီအတိုင်း ငမ်းမန်းထသည့် အနီရောင် မျက်နှာနှင့်ပင် ဘုန်းဘုန်းကျောင်းသို့ သွားကာ မွေးနေ့ နံနက် အာရုံဆွမ်းကပ်ခဲ့ပါသည်။ ဦးဇဉ်းက ဒကာမကြီး နေမကောင်းဘူးလားဟု မမေးသည်မှာ ကံကောင်း။ ။

17 comments:

  1. စလုံးမှာတုန်းက ဘာမိတ်ကပ်သုံးတာလဲ တီတီဆွိ။ ဖြစ်နိုင်ရင် ပြောပြပေးပါလား။
    သိပ်ပြီးတော့ စိတ်ဝင်စားသွားပြီ။
    စမ်းသုံးကြည့်ချင်လို.ပါနော်။
    ဒီဆံပင်ပုံလေးနဲ.ပိုပြီးနု၊ ပိုပြီးလှတယ်သိလား

    ReplyDelete
    Replies
    1. This is nothing special as usual sis. I bought from one of the shopping centre from S'pore. One brand can fit for one person, but may not be for the other. But if you want to try please write me sweetee2008@gamil.com. Thanks for your comment sis.

      Delete
    2. I see.
      Thanks TT Sweet for your explanation and concern.

      Delete
  2. ဓာတ်ပုံနောက်ခံက အန်တီဆွိ ရွေးတာလား..အမျှော်အမြင် ရှိတယ်..
    နောက်ခံက အုတ်နီခဲရောင် ဆိုတော့ မျက်နှာ နည်းနည်း နီ နေရင်လည်း သိပ်မသိသာဘူး..
    ဆွဲကြိုး အပေါ်နဲ့ အောက်ကလေးလောက်ပဲ သိသာတယ်..
    Happy Birthday, Aunty Sweet!!
    -m

    ReplyDelete
    Replies
    1. နောက်ခံက ရွေးတယ်ရယ်လဲ မဟုတ်။ အိမ်ရှေ့က အပင်လေးတွေ ရှေ့မှာ ရိုက်လိုက်တာပါ။ မွေးနေ့ အမှတ်တရ ဆိုပြီး ဘာရယ်မဟုတ်။ Thanks for wishes. Same to you.

      Delete
  3. Sorry, Hla Par tal A.

    ReplyDelete
  4. ဓါတ်ပုံထဲမှာတော့မသိသာပါဘူး။ အရင်လိုလှမြဲလှဆဲပါဘဲဆွိရယ်။
    စကားမစပ်ကိုယ်လည်းဒယ်အိုးသရဲ။ တချိန်လုံးဝယ်နေတာ။
    တီတီဆွိဒယ်အိုးဖတ်ပြီးကိုယ်လည်းလုပ်တော့တာဘဲ။
    အားလုံးပြီးတော့ပြန်သိမ်းထားလိုက်တယ်။
    သတိရလို့ ထုတ်ကြည့်တော့ သံချေးတွေပြန်တက်နေပြန်ရော။
    မီးကင်တာမနာလို့ နဲ့ တူတယ်။
    အိုင်အိုရာ
    အိုး...မေ့တော့မလို့ ...ပျော်ရွှင်သောမွေးနေ့ ပေါင်းများစွာချစ်သောသူများနဲ့ ဆင်နွှဲနိုင်ပါစေလို့ ....

    ReplyDelete
    Replies
    1. ဒယ်အိုးကို ချက်ပြီးပြီးချင်း ရေဆေး တစ်ရှုးလေးနဲ့ သုတ်၊ ပြီးတော့ ဆီလေးထည့်ပြီး မီးဖိုပေါ် ၁မိနစ် ၂မိနစ်လောက် ပြန်တည်ထားလိုက်တယ်။ ဆီကို အနှံ့ရောက်အောင် ဒယ်အိုးကို စောင်းပြီး လှည့်ပေးသေးတယ်။ သူ့ အညွှန်းမှာလို ၁၀မိနစ် ၃ခါ ထက်တော့ သက်သာတာပေါ့ အိုင်အိုရာရေ့။ Thanks for BD wishes. I wish for you too.

      Delete
  5. This comment has been removed by the author.

    ReplyDelete
  6. ပထမဆုံး ပျော်စရာကောင်းတဲ့မွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းချင်ပါတယ်အမရေ။
    Adora ကတော့အမလိုမဟုတ်ဘူးတော့။ တံဆိပ်မျိုးစုံ စမ်းသုံးကြည့်တာပဲ။ သိပ်ကြိုက်တဲ့ဟာမျိုးဆိုရင် ပြန်ဝယ်။ မကြိုက်ရင်အသစ်တခုပြောင်းလိုက်ရော။ သတိထားမိတာကတော့ L'oreal အောက်က Skin care make up brands တွေနဲ့ဆိုအကုန်အဆင်ပြေတယ်.

    ReplyDelete
  7. pls use sunscreen TTsweet. your skin look a little bit changed more to brown. If i am wrong, sorry for that. May you be happy, healthy and till 100 years age of birthday celebration!

    ReplyDelete
    Replies
    1. ဒီမှာ နွေရာသီက အရမ်းပူလို့ နေနဲနဲလောင်တာဖြစ်မယ်။ sunscreen တော့ လိမ်းရတာ မကြိုက်လို့ မလိမ်းဖြစ်တာ အမှန်ပဲ။ ဆောင်းကျရင်တော့ ပြန်ဖြူလာမှာပါ။ သမီးဆို ညိုရတဲ့အထဲ ပိုတောင်ဆိုးသေး။ Thanks for BD wishes. I wish for you too.

      Delete
  8. ဘယ်အချိန်ကြည့်ကြည့် ချစ်ဖို့ကောင်းတဲ့ ဆွိတီ.....
    ပျော်ရွှင်ဖွယ်မွေးနေ့မင်္ဂလာရက်မြတ်လေးပါနော်...

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
    Replies
    1. ကျေးဇူးပါပဲ တီတင့်ရေ။ ဖေ့ဘွတ်ကနေ ဟင်းပုံတွေ များများတင်ပေးနော်။

      Delete
  9. Replies
    1. ကျေးဇူပဲ အစ်မ မသီတာရေ။ သားလေးတွေနဲ့ အကိုကြီး ကို ဧရာ ရော နေကောင်းကြပါရဲ့လား။

      Delete