Saturday, February 21, 2015

မုန့်ဦးနှောက်








မုန့်ဦးနှောက် လုပ်ဖို့ လိုတဲ့ ပစ္စည်းတွေကတော့  ...
အုန်းဆီချက်ရန်
 coconut cream - 400 gm ၁ဗူး  
..
မုန့်လုပ်ရန်
ဆန်မုန့် - 2 cup
ရေ - 8 cup
အုန်းနို့ - 400 gm တစ်ဗူး
နို့စိမ်း (နွားနို့)  -  4 cup
သကြား - 1 cup 
ဆား - 1 tea spoon
သာကူစေ့ - 3/4 cup
ဆီ - 4 table spoon

..

အုန်းဆီချက်ရန်
အုန်းနို့ cream တွေကို အိုးတစ်လုံးထဲ ဆီလုံးဝ မထည့်ပဲ မီးအေးအေးနဲ့ တည်ပြီး မွှေပေးပါ။ ခမ်းပြီး တော်တော် ပျစ်လာပြီဆိုမှ အုန်းဆီ အနည်းငယ်၊ ဆား အနည်းငယ်ထည့်ပြီး ဆက်မွှေပေးပါ။ ပုံပါ အနေအထားရောက်သည်ဆိုရင် ချလို့ရပါပြီ။ 
(ဆီကို စောစောထည့်ထားလျှင် အုန်းဆီချက်က ပွက်ပွက်ဆူလာပြီး ဆီပေါက်တတ်လို့ ဆီကို နောက်မှ ထည့် ရန် အထူးသတိပြုပါ)



 မုန့်လုပ်ရန်အတွက် 
ဆန်မှုန့် 2 cup နဲ့ ရေ 2 cup ကို သမအောင် မွှေပြီး တစ်နာရီခန့် အနည်းဆုံး စိမ်ထားပါ။


ကျန်တဲ့ ရေ 6 cup ကို ပွက်ပွက်ဆူအောင်ကျိုပြီး သာကူစေ့တွေကို ထည့်ပြုတ်ပါ။ အောက်မှာ မကပ်အောင် အဆက်မပြတ်မွှေပေးပါ။ 



သာကူစေ့တွေ အစေ့ပျောက်ခါနီးလောက်ရောက်ရင် ဆန်မှုန့် ရေစိမ်ထားတာကို နည်းနည်းချင်းစီထည့်ပြီး အဆက်မပြတ် မွှေပေးပါ။ အုန်းနို့၊  နွားနို့ ၊ သကြားတို့ကိုလည်း ထည့်မွှေပေးပါ။ မုန့်နှစ်တွေ ပျစ်လာတဲ့ အထိယောင်းမနဲ့ စက်ဝိုင်းပုံ နာနာမွှေပြီး သမသွားအောင်ကျိုပါ။ ကျိုရင်းနဲ့ ဆီကိုလည်း မွှေလိုက် တစ်ဇွန်းထည့်လိုက်နဲ့ ၄ခါလောက် ခွဲထည့် မွှေပေးပါ။ နွားနို့ကိုလည်း ညောင်စေးကျသည့် အနေအထားရအောင် အနည်းငယ် လိုတိုး ပိုလျှော့ ထည့်ပေးရပါတယ်။

၁၀မိနစ် ၁၅ မိနစ်ခန့် မွှေပေးပြီး မုန့်တွေ ညောင်စေးကျလာရင်၊ သာကူစေ့တွေလဲ မျက်ဆံ ပျောက်ပြီဆို  အောက်က ဗန်းမှာ ဆီသုတ်၊ လောင်းချပြီးအအေးခံထားပါ၊ (မုန့်တွေက တို့ဟူးကျိုသလို ဗန်းထဲမှာ သူ့အလိုလို ပြင်ညီလေး ဖြစ်သွားမဲ့ အပျော့ အမာ အနေအထား ရှိရပါမယ် )





မုန့်များ အေးပြီး ခဲသွားလျင် ဓားဖြင့် လေးထောင့်တုံးများ ပုံဖော်လှီးပြီး ချိုဆိမ့်မွှေးသော မုန့်ဦးနှောက် စားနိုင်ပါပြီ။ အုန်းဆီချက်ကို မုန့်ကို လှီးပြီးမှ တစ်ခုချင်းဆီ အပေါ်် က ဖြူးပြီး စားနိူင်ပါတယ်။





အန်တီဆွိ စစ်ကိုင်းဖက်သွားတုံးက မုန့်ဦးနှောက်ဆိုတာကတော့ ဖက်ကလေးတွေနဲ့ ထုတ်ထားပြီး သကြားမပါပဲ ဆား နှမ်းထောင်းနဲ့ ဆီလေးနဲ့ အဆိမ့်စားရတာပါ။ အဲဒါကတော့ ဒီမှာ ဖက်ကရှားတော့ ဆွမ်းမွှေးရွက် အဆီလေးနဲ့ လုပ်ကြည့်ပါဦးမယ်။ နောက်အပတ်ပေါ့နော်။








2 comments:

  1. ကျနော်တို့ အညာက မုန့်ဦးနှောက်က အုန်းနို့နဲ့သကြားနဲ့ဗျ

    ReplyDelete
  2. ကြိုက်တယ်

    ReplyDelete