Thursday, March 19, 2026

ဝက်သားမှို ခေါက်ဆွဲ

 




အရမ်းစားကောင်းပါသော ဝက်သားမှို ခေါက်ဆွဲ။
မှိုကြောင့်လားမသိ၊ ဟင်းက တော် တော် ချိုပြီး အရသာ သိပ်ရှိတယ်။
ရှမ်းခေါက်ဆွဲလို အမယ်အများကြီးလဲ မလိုဘူး။ ချက်ရတာသက်သာပြီး စားကောင်းတယ်။
ဝက်သားအကြေကို ကြက်သွန်ဖြူညက်ညက်ထောင်းတာနဲ့ နယ်ပြီး ဒယ်အိုးထဲဆီထည့် ဝက်သားရေကုန်တဲ့အထိ ကြော်ပေး။
ပြီးရင် ဂျပန် Shiitake မှို နှုတ်နုတ်စင်းထားတာရောထည့် အရသာအတွက် ပဲငပိ၊ သကြား၊ ပဲငံပြာရည် အကြည်၊ အနောက်၊ ခရုဆီ၊ ဟင်းချက်ဝိုင် ၊ အရောင်လှချင်ရင် ငရုပ်သီး အရောင်တင် အနည်းငယ်ထည့် မှိုကျက်တဲ့ အထိ ရေထည့် အဖုံးအုပ်ပြီး တည်ပေး၊ ချခါနီး ကော်ရည်လေး နဲနဲရယ် ကြက်သွန်မြိတ် လှီးထားတာရယ် ထည့်ပြီး ရင် ခေါက်ဆွဲနဲ့ တွဲစားလို့ ရပါပြီ၊ အရွက်လေးပါအောင် ထိုင်ဝမ်မုန်ညင်း Bok Choi လေးရေနွေးဖျောပြီး ထည့်ပေးပါ။



Wednesday, March 11, 2026

ယိုးဒယားစတိုင် ပဲကြာဆံသုပ်



ယိုးဒယားစတိုင် ပဲကြာဆံသုပ် (Thai glass noodle salad)
Wow!!! တကယ် စားကောင်းပါတယ်။
ချိုချဉ်စပ်လေး။ healthy လဲ ဖြစ်တယ်။
ဘော်ဘော်တွေကို healthy food လေး စားဖြစ်အောင် သုပ်နည်းလေး ပြောပြမယ်။
..
ပထမဆုံး အသားတွေ ပြင်ပါမယ်။
ဝက်သား အကြေကို ဆား၊ ကြက်သွန်ဖြူညက်ညက် ထောင်းထားတာလေးနဲ့နယ် ဆီလေး နဲနဲ နဲ့ ကျက်ရုံလေး ကြော်ထားပါ။
ပုဇွန်ကို အခွံအကုန် ချွတ်ပြီး ပြုတ်ထားပါ။ ထပ်ခြမ်းခြမ်းထားပါ။
..
အသီးအရွက်တွေ ပြင်ပါမယ်။
ဂေါ်ဖီ ၊ မုံလာဥနီ ကို ခြစ်နဲ့ သေးသေးလေးတွေခြစ်ထား၊ ကြက်သွန်နီ၊ သခွားသီးကို ပါးပါးလေးတွေလှီးထား၊ ခရမ်းချဉ်သီး ရှစ်စိတ်စိတ်ထား၊ နံနံပင် လှီးထားပါ။
..
Sauce ပြင်ပါမယ်။
သကြား ၃ဇွန်း၊ ငါးငံပြာရည် ၃ဇွန်း၊ ကြက်သွန်ဖြူ ၅ မွှာလောက် နဲ့ ငရုပ်သီးစိမ်း အနီ ၃တောင့်ခန့် နုတ်နုတ်စင်း၊ သံပုရာသီး တစ်လုံးခန့် အရည်ညှစ်ထည့်၊ သုံးတတ်ရင် အချိုမှုန့် အနည်းငယ် ထည့်ပြီး သကြားပျော်တဲ့ထိ မွှေပေးပါ။ (ဇွန်း= tablespoon)
..
ဆီနီ
အရောင်လှအောင် ဆီအိုးတည် ငရုပ်သီး အရောင်တင်မှုန့် နဲနဲထည့် ပြီး ဆီနီရ‌ အောင် ဆီသတ်ထားပါ။
..
ပဲကြာဆံ
ရေပွက်ပွက်ဆူထဲ ပဲကြာဆံ ထည့်ပြုတ်ပြီး ရေစစ်ထားပါ။


သုပ်မယ်
ပြီးရင် အားလုံးပေါင်းပြီး ဇလုံခပ်ကြီးကြီးထဲထည့် လက်အိတ်စွတ်ထားတဲ့ လက်နှစ်ဖက်နဲ့ ခပ်ဖွဖွ နယ်ပါ။ မြေပဲဆံ ထောင်းထားတာလေး အပေါ်က ဖြူးပြီး စားလို့ရပါပြီ။



..
အိမ်မှာတော့ အများကြီးမှို့ ထမင်းလွတ်စားပါတယ်။

အချိုးသိချင်ရင် ဟင်းသီးဟင်းရွက် တွေ နဲ့ ပဲကြာဆံက volume ဆတူလောက်ပါပဲ။

sauce ကိုတော့ နဲနဲချင်း ထည့်သုပ်ပါ။ မိမိ စိတ်ကြိုက် အပေါ့ အငံအချဉ် အချိုရအောင် ချင့်ချိန်ထည့်ပါ။



Sunday, March 1, 2026

အသာလုပ်ပါ အက်မေရယ် ..





အိမ်မှာ သားအဖ၂ယောက်က သတင်းပလင်းစုံသည်။ နိူင်ငံမှာ တစ်ခုခု ဖြစ်ပြီ၊ ကမ္ဘာမှာ တစ်ခုခု ဖြစ်ပြီဆို သူတို့ အရင်သိနှင့်သည်။ TV ကနေ လိုင်းပေါ်က‌နေ သတင်း ပလင်း update တွေကြည့်ပြီး သားအဖ နှစ်ယောက် အမြဲ ဆွေးနွေးနေတတ်သည်။
ဥပမာ.. ခုတက်လာတဲ့ ဝန်ကြီးချုပ် အသစ်က တလွဲနော် .. %^&())))(%$$@#%^^&&&&&
ထရန့်က ရှက်လဲ မရှက်ဘူး လျှောက်ပြောနေတာ ...
ဘီလ်ဂိတ်က ရုရှမ တွေနဲ့ ရှုပ်တာ ဝန်ခံလိုက်ပြီ နော် ဘလာ .. ဘလာ..
...
ထိုသတင်းများကို သူတို့ဟာသူတို့ ဆွေးနွေးရုံမက ဘေးက အသာနေသည့် အန်တီဆွိပါ ဆွဲဆွဲထည့်သေးသည်။
အမေ သိပြီးပလား.. &^%$#$*))__*&^%@@$&)(&^%&&***^$#@$^&(( ဘလာ .. ဘလာ
...
...
ဒီမနက်လဲ စောစောစီးစီး အိပ်ရာမှ နိုးနိုးချင်း အဖေလုပ်သူက သတင်းပေးလာသည်။
ဆွိလေးရေ သိပြီးပလား ...
..
ဘာတုံးတော့။
ထရန့်က အီရန်ကို စစ်ကြေငြာလိုက်ပြီ။
သူပြောပုံက ခြောက်ခြောက်ခြားခြား ရှိလှသည်။
ဟိုး ဝထ္ထုတွေထဲမှာဖတ်ဖူးသလို အဘွားတို့ ခေတ်က ဒုတိယကမ္ဘာစစ်ကြီး စဖြစ်တုံးက အခြေ အနေ ပြောပုံမျိုးကြီး။
အို ..ဟုတ်လားတော့ ))))))
အဲဒါဆို ကမ္ဘာစစ်တောင် ဖြစ်တော့မလား မသိဘူးတော်။
..
အေးကွာ.. အခြေအနေက မပြောနိူင်ဘူး ...
..
သူပြောမှပဲ မပြေးသော်လည်း ကံရာရှိ ကမ္ဘာစစ် ဖြစ်ရင် ဘယ်နား ပြေးရမလဲစဉ်းစား။ ဆစ်ဒနီဆိုတာ မြို့ကြီးဆိုတော့ အနုမြူဗုံး လာ ချရင်ဒုက္ခပါပဲတော်။
အန်တီဆွိ ကတော့ ထုံးစံအတိုင်း တဆုံးတွေးချလိုက်သည်။
သြဇီ အလယ်က Alice Spring ဆိုတဲ့ မြို့သေးလေး ဆိုရင်တော့ မဆိုး။
အိမ်စျေးတွေ ဘယ်လောက်ရှိလဲ ကြည့်ဦးမှပါဆို Au ရဲ့ Real Estate ကြော်ငြာ တွေထဲ ဝင်ကြည့်သည်။
ယောက်ျား‌ရေ အိမ်စျေးတွေက သက်သာသားတော့၊ ဆစ်ဒနီ တစ်ဝက်လောက်ပဲရှိတာ ... ဘလာ .. ဘလာ ... လင်မယားနှစ်ယောက် စစ် အကြောင်းကနေ အိမ်အကြောင်း ရောက်သွားကြသည်။
..
..
သို့နှင် မနက် ထမင်းဟင်း ထချက်ပြီး သမီးတော် နိူးလာသည်။
သမီးနိုးပြီလား .. အမေ ဘာတွေ ချက်နေလဲ နှုတ်ဆက်ကြရင်း ဂျူဂျူမှ ရုပ်တရက်ကြီးမေးချလာသည်။
အင်တန်မှ အရေးကြီးသော သတင်းကြီးတစ်ခု သူမထံမှာ ရှိနေသည့် ပုံစံမျိုး ..
..
မေမေ သိပြီးပလား။
..
ဘာတုံးဟက်။
..
ပထမတော့ ဘာပြောမှန်းမသိ ကြောင်နေရာကနေ စောနကပဲ သူ့အဖေက သတင်းကို ဦးအောင် ပြောပြီးပြီဆိုတော့ သတိရလာသည် စစ်သတင်းပဲ ဖြစ်မှာပေါ့..
..
..
..
အော် ဒါလား ... အမေက စစ်ဖြစ်ရင် ပြေးဖို့ နေရာတောင် ရှာပြီးနေပြီ...
Alice Spring မှာ သွားနေမလားလို့ စောနက အိမ်ကြော်ငြာတွေတောင်ကြည့်နေတာ၊
..
ဟာ ... မေကလဲ ... လုပ်ပြီ ...
ဂျူဂျူကား သူ့ အမေကြီး သူမနိူင်ဆိုသော ရုပ်ဖြင့် ထုံးစံအတိုင်း ပြောလေသတည်း။