Friday, June 20, 2014

ရန်ကုန်စတိုင် ဒန်ပေါက်ချက်နည်း ...


င်္ဒီ ဒန်ပေါက်ချက်နည်းကတော့ အကြွေးပို့စ်လေးပါ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က တင်ခဲ့ပြီး ခုတစ်ဖန် ပြန်ချက်စားတော့ အကြွေးတင်နေတာလေး သတိရတာနဲ့ ရေးလိုက်တာပါ။ အဲဒီတုံးက ချက်နည်းရေးပေးဖို့ တောင်းဆိုထားသူတွေတော့ မေ့လောက်ပြီ။

 စာမရေးတာကြာတော့ ဒန်ပေါက်ချက်နည်း ရေးတာတောင် ဘယ်လိုရေးရမှန်း မသိတော့ပါဘူးဗျာ။ ဒန်ပေါက် ဆို မြန်မာနိူင်ငံကလွဲလို့ ဘယ်နိူင်ငံမှာစားစား မြန်မာပြည်က ကြက်လျှာစွန်းတို့၊ ရွှေညောင်ပင်တို့လို အရသာမျိုး ရှာမရလို့ ကိုယ့်ဟာကိုယ် တူအောင် ချက်စားပါသည်။ ဦးခြိမ့်ကတော့ တူတယ်လို့ ပြောပါသည်။ အားပေးကြပါဦး။

http://auntysweet.blogspot.com.au/2012/10/blog-post_17.html

ပထမဆုံး ဒန်ပေါက်ချက်ဖို့ လိုတဲ့ ပစ္စည်းတွေ စုဆောင်းပါမယ်။ အန်တီဆွိကတော့ ဟင်းခတ် အမွှေးအကြိုင်တွေ တော်တော်များများ ဝယ်ထားပြီး ပုလင်းလေးတွေထဲ ထည့်ထားပါတယ်။ အဲဒါတွေ ထပ်ဝယ်စရာမလိုတော့ တော်တော် သက်သာပါတယ်။

ဒန်ပေါက် ၄ ယောက်စာ အတွက်

သစ်ဂျပိုးခေါက် (cinnamon)
ကရဝေးရွက် (bay leaves)
လေးညှင်း (cloves)

ဖာလာစေ့ (cardamon)
ငရုပ်ကောင်းစေ့ (black pepper) ( ပုံမှာ ပြထားတာ များပါတယ်။ ငရုပ်ကောင်းက ပူလို့ ပုံမှာထက် တစ်ဝက်လောက်လျှော့ထည့်ပါ)
ကြက်သွန်နီ ၅ဥခန့်
ကြက်သွန်ဖြူ  (ပုံမှာပြထားတာ များပါတယ်။ တစ်ဝက်လောက်ပဲ ထည့်ပါ)

ဂျင်း



ငရုပ်သီး အရောင်တင်မှုန့် - 1 table spoon
ကြက်သားမှုန့် အနည်းငယ် ( chicken powder)
မဆလာ ( Shan chicken masala ) - 2 table spoon
ပျဉ်းတော်သိမ် ( curry leaf)
ဒိန်ချဉ်  (yogurt - 170 gram)
ထောပတ် (ghee) 12 table spoon
ဆီ (cooking oil)   10 table Spoon
ဆား half table spoon
သကြား 6 table spoon
နနွင်းမှုန့်1/2 table spoon
သီဟိုစေ့
စပ်စ်သီးခြောက်  (Raisin )
နြားနို့ 10 table spoon ခန့်
အ‌ရောင်ဆိုးဆေး အနီရောင် (အနည်းငယ်ကို ရေနှင့် ဖျော်ထားပါ) အင်္ဂလိပ်လို Saffron  လို့ခေါ်ပါတယ်။
 



ဘာစမာတီ ဆန် ၄လုံးကို မချက်မီ နာရီဝက်ခန့် ရေကြို စိမ်ထားပါ။ ပြီးရင် ရေစစ်ထားပါ။
(basmati rice, Indian Gate Classic ကို သုံးပါတယ်။ သူက အနံ့ မထွက်ပါ)

ကြက်ပေါင်သား၂ခု ( Chicken maryland) ၊ ရင်ပုံသား ၂ခု (Chicken breast meat)

ကြွေရည်သုတ် မြေလင်ပန်း တစ်ချပ် (ဒန်ပေါက် ထည့်ဖောက်ရန်- oven ထဲ အပေါ်မီး အောက်မီးပေးရန်)
Aluminum foil ( အပေါ်က အုပ်ရန်)

အချဉ်အတွက်
ဂေါျဖီ
သခှါး သီး
ပူတီနာ

တစ်ချို့တွေကတော့ အချဉ်အတွက် ဒိန်ချဉ်နဲ့ နယ်ကြပါတယ်။
အန်တီဆွိကတော့ ဒိန်ချဉ်မကြိုက်လို့ သံပရာသီးနဲ့ ပဲနယ်ပါတယ်။ အပေါ်က အသီးအနှ့တွေကို ပါးပါးလှီးပြီး သံပုရာရည်ညှစ်၊ ကြက်သားမှုန့်လေး နဲနဲ ဖြူးပါတယ်။

ပစ္စည်းတွေ စုဆောင်းပြီးရင် စချက်ပါတော့မယ်။

ကြက်သားချက်ရန်အတွက်

ပထမဆုံး ကြက်သားကို စချက်ပါမယ်။ ကြက်သားက ဒန်ပေါက်ထဲ အစိမ်းထည့်ရင် ထမင်းက အရင်ကျက်သွားလို့ ကြက်သားကို ကျက်အောင်အရင် ချက်ပါမယ်။ ကြက်သားတွေကို ဒိန်ချဉ်၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ သကြား၊ ကြက်သားမဆလာ အစရှိသည်တို့နှင့် နယ်ပြီး တစ်နာရီခန့်နှပ်ထားပါ။
 

ကြက်သားနယ်ထားတုံး ကြက်သွန်နီတွေထဲက ၄လုံးကို ပါးပါးလှီးပြီး ဆီနဲ့ ကြွပ်နေအောင် ကြော်၊ ဆီစစ်ထားပါ။




အေးသွားရင် လက်ကို လက်အိပ်လေးစွတ်ပြီး ကြေနေအာင် ချေပေးထားပါ။  ကြက်သားမှုန့် 1 table spoon သကြား 6 table spoon လောက်ထည့်ပြီး နယ်ထားပါ။




ကျန်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတွေကို ငရုပ်ဆုံနဲ့ ထောင်းချင်ထောင်း၊ ဘလန်ဒါနဲ့ ကြိတ်ချင် ကြိတ်ထားပါ။

ကြက်သားချက်ရန်အတွက် ဒယ်အိုးထဲကို စောနက ကြက်သွန်ကြော်ထားတဲ့ဆီ ၁၀ဇွန်းနဲ့ ထောပတ် ၁၂ဇွန်း ထည့်ပြီး ပထမဆုံး သစ်ဂျပိုးခေါက်၊ ကရဝေးရွက် အနည်းငယ်၊ ဖာလာစေ့အနည်းငယ်ကို ထည့်ကြော်ပါ။ အနံ့မွှေးလာရင် ပျဉ်းတော်သိမ်၊ ကြက်သွန်ဖြူနီ၊ ဂျင်း ထောင်းထားတာတွေရောပြီး ဆီသတ်ပါ။ မွှေးလာရင် ကြက်သားနယ်ထားတာ ထည့် (ဒိန်ချဉ်အနှစ်တွေရော အကုန်ထည့်ရပါမယ်)၊ အရောင်တင်မှုန့်၊ မဆလာထည့်ပြီး အတန်ကြာအောင် မွှေပေးပါ။ ဆီတွေ ကပ်လာပြီဆိုမှ ရေ အနည်းထည့်ပြီး အဖုံးအုပ် ဆီပြန်ပြီး ကြက်သားကျက်သည်အထိချက်ပါ။

ဒန်ပေါက်စချက်တော့မည်။

ဒန်အိုးခပ်ကြီးကြီး ဇောက်နက်နက်ထဲမှာ ရေတစ်ဝက်ခန့်ထည့် ဆူပွက်သည်အထိတည်ပါ။ ဆူပွက်လာပါက အပေါ်က ဟင်းခတ် အမွှေးအကြိုင် ၆မျိုးကို ထည့်ပြုတ်ပါ။

 
၂မိနစ်ခန့်ထည့်ပြုတ်ပြီးလျှင် ရေစစ်ထားတဲ့ ဆန်ကိုထည့်ပြီး ပြုတ်ပါ။ အဲဒီအချိန်မှာ ဒန်ပေါက်နံ့ အတော်ထွက်လာပါပြီ။ ဆန်တွေ မကပ်အောင်၊ မဝေအောင်  ယောင်းမလေးနဲ့ မကြာခဏ မွှေပေးပါ။
 



ဒန်ပေါက်ဆန်လေးတွေ ဆန့်ထွက်လာပြီ ရှည်ထွက်လာပြီဆို ထမင်းဖြစ်လက်စ ဆန်တွေကို စစ်ပြီး ဒန်ပေါက်ဖောက်မဲ့ မြေလင်ပန်းထဲ ပြောင်းထည့်ပြီး အပေါ်မီးအောက်မီး ပေးဖို့ အတွက် ပြင်ပါတော့မယ်.။ အိမ်မှာတော့ ထမင်းတွေကို သံဇကာ ခပ်ကြီးကြီးနဲ့ တစ်ခါထဲ စစ်ပြီး တစ်ခါထဲ ထည့်ခင်းလိုက်ပါတယ်။


ပထမဆုံး အောက်က ထမင်းတစ်ထပ် ခံပါမယ်။ 

ပြီးရင် အပေါ်ကနေ ကြက်ပေါင်၂ခု ခင်းထည့်ပြီး ဟင်းက ဆီတွေ အနှစ်တွေပါ  4 Table spoon လောက် ထည့်ပါ။ နွားနို့ 3 table spoon လောက် အပေါ်က ဖြန်းပါ။ ကြက်သွန်နီအနှစ်ချေထားတာလဲ 3 table spoon ခန့် ဖြူးပါ။ သီဟိုစေ့၊ စပျစ်သီးခြောက်၊ အရောင်ဆိုးဆေး တို့ကိုလဲ ၃-၄ထပ်စာ သင့်သော်သလိုခွဲပြီး ဖြူးပေးပါ။ ဆား၊ ကြက်သားမှုန့် တို့ကိုလည်း လိုအပ်သလိုဖြူးပါ။ အချိူကြိုက်ရင်၊ အချိုပိုလေးစေချင်ရင်တော့ သကြားကို 1 table spoon လောက်စီ အထပ်တိုင်းမှာ ဖြူးပေးပါ။

ပြီးတော့ နောက်ထမင်းတစ်ထပ်ခင်းပြီး အပေါ်ကနေ အစာတွေ၊ ကြက်သားတွေ ကို ခုနက ပြောတဲ့ အတိုင်း ထပ်ခင်းပါ။


အဲဒါမျိူး ၃ထပ်လောက်ခင်းပြီးရင် အပေါ်ကနေ Aluminum foil နဲ့ လုံနေအောင်အုပ်ပြီး Oven ထဲမှာ 250 ဒီဂရီ စင်တီဂရိတ်နဲ့ နာရီဝက်ခန့် အပေါ်မီးအောက်မီးနဲ့ ထည့်ဖုတ်ရပါတယ်။


 နာရီဝက်၊ ၄၅ မိနစ်ခန့်ကြာလို့ oven ထဲက ထုတ်ပြီး foil ကို ဖွင့်ကြည့်လိုက်သော အခါ ..

စားချင်စဖွယ် ကြက်သား ဒန်ပေါက်ကို ရပါတယ်။ ရန်ကုန်က ကြက်လျှာစွန်းတို့ ရွှေညောင်ပင်တို့နဲ့ အနံ့အရသာရော texture ပါ တော်တော်လေးကို တူပါတယ်။  ကြက်သားကလဲ ချက်ထားတာကို မှ ထပ်ပေါင်းထားတော့ နူးအိနေပါတယ်။ နယ်ပြီး ဆီသတ်ချက်ပြီးသား ဆိုတော့ ဆားပြားလဲ အထဲဝင်ပါတယ်။
ဂေါ်ဖီကြက်သွန်ချဉ်ရယ်၊ ပုဇွန်ခြောက် ငရုပ်သီးကြော်ရယ် နဲ့ စားပါတယ်။ ချဉ်ပေါင်ရွက် မရတော့လို့ မန်ကျည်းရွက်ချဉ်ဘူးထဲက မကျည်းရွက်နဲ့ အရည်သောက်ဟင်းချက်တာ ပုံထဲတော့ မပါတော့ပါဘူး
some important tips
- ကြက်သားကို ဒိန်ချဉ်နဲ့ နယ်ရပါမယ်။ ဒါမှ ကြက်သားက မီးဖိုထဲ ကင်တဲ့အခါ နူးအိပြီး အရသာ ပိုရှိပါတယ်။ ဒိန်ချဉ်က ချက်လိုက်ရင် အနှစ်လဲရတော့ ထမင်းထဲလဲ စိမ့်ဝင်သွားပြီး အရသာ ပိုရှိစေပါတယ်။

- အပေါ်မီး အောက်မီးပေးမဲ့ မြေအိုးက ခပ်ပြားပြားဆို ကောင်းပါတယ်။ ဆန်ကိုလည်း ၃-၄ ထပ်ထက် ပိုခင်းရင် မကောင်းပါဘူး။ အရမ်းမြင့်တဲ့ အိုးဆို အပေါ်က အလေးဖိအားတွေကြောင့် ဒန်ပေါက်ထမင်းလုံးတွေက ပိပြားပြီး မလှတော့ပါဘူး။ အပေါ်က ဖိထားတာ မခံရပဲ ဒန်ပေါက်ဆန် ရှည်ရှည်လေးတွေ တစ်လုံးချင်းဆိုမှ အမြင်လှပါတယ်။

- အရောင်တွေ အရမ်းမများအောင် အရောင်ဆိုးဆေးကို တစ်လွှာမှာ ၂စက် ၃စက်လောက်ပဲ ချရင် လုံလောက်ပါတယ်။ ဝါလွန်းနေရင် မလှပါဘူး။ ဒန်ပေါက်က ထမင်းအဖြူရယ်၊ ကြက်သွန်နီကြော်နဲ့ ရောတဲ့ အညိုရယ်၊ အရောင်ဆိုးထားတဲ့ လိမ္မော်ရောင် ၃ ရောင်ပေါင်းနေမှ လှပါတယ်။ ထမင်းပွဲပြင်ရင် တစ်နေရာထဲက မဟုတ်ပဲ ၃မျိုုးပေါင်းပြီး ခူးရပါတယ်။

-  အလွှာတိုင်းအမှာ နွားနို့ထည့်ဖြန်းရပါတယ်။ ထမင်းက ရေကို စစ်ထားတော့ ထပ်ပေါင်းတဲ့  အခါ  ရေမရှိတော့ပါဘူး။ ရေထည့်ရင်ရပေမဲ့ နွားနို့ကတော့ ပိုစိမ့်ပါတယ်။

- စားတဲ့အခါမှ spice တွေတော့ နဲနဲဖယ်စားရပါတယ်။ ပွဲပြင်ကထဲက တွေ့တာလေးတွေ ဖယ်ထားလိုက်ပါတယ်။ spice တွေကို မရောအောင် ပိုက်ကွန်လို အဝတ်နဲ့ချည်ပြီး ချက်ရင်တော့ ရပါမယ်။ ဒါပေမဲ့ အနံ့က အပြင်ရောက်ဖို့ ခက်တော့ spice တွေ ၂ဆလောက် ထည့်ရမယ်နဲ့တူပါတယ်။


 

Monday, February 24, 2014

ဆိုဖာပေါ်မှ ဟာသများ

ဂျူဂျူလေး နွေရာသီကျောင်းပိတ်ရက်မှာ သူ့အမေက မြန်မာစာသင်ပေးတယ်။ အပျော်သင်တာဆိုတော့ အရင်ကျောင်းပိတ်ရက်က သင်ထားတာတွေ ပြန်နွှေးနေတာနဲ့ပဲ သင်ခန်းစာက ရှေ့မတက်နိူင်ဘူး။ 

ဒီနေ့သင်ခန်းစာကတော့ ယပင့်နဲ့ ရရစ်ကို သင်တဲ့သင်ခန်းစာ။ အိမ်ရှေ့က ဆိုဖာပေါ်မှာ သားအမိသားအဖ ၃ယောက်  တီဗီကြည့်နေရင်း သမီးက စာအံနေတယ်။


ဆရာမ စာပြသည်။
မြေဖြူ ယူလာသည်။
မိမိနေရာ နေကြပါ။
စကားကျယ်ကျယ် မပြောရ။

ခလေး စာဖတ်နေတုံး အမေလုပ်သူက မီးဖိုထဲ ဟင်းအိုး တည်ထားတာ သတိရတာနဲ့ ...

" တော့ ....ကမောင်ခြိမ့် ... ကျုပ် ဟင်းအိုးသွားကြည့်ဦးမတော် ... တော် ခလေးစာ အံတာ သေချာနားထောင်ပြီး ကြည့်ပေးလိုက်ပါဦး ... " ဆို သားအဖ၂ယောက် တည်း ထားပခဲ့တယ်။

ဟင်းအိုးကိစ္စ ဝိစ္စပြီးလို့ ဆိုဖာပေါ်ပြန်ရောက်တော့ သမီးက စာအံလို့ ကောင်းတုံးရှိသေး။

အမေကြီးက တီဗီတောင်မကြည့်နိုင်၊ အိုင်ပက်တစ်လုံးနဲ့ ဖေ့ဘွတ်ထဲ မဲကြည့်နေရင်းနဲ့ ခလေး စာအံသံက မကြားတစ်ချက် ကြားတစ်ချက် ...

တစ်ခါကျ သူ့အဖေက

" ဟဲ့ ကောင်မလေး ... ကျားကြီး ခြေရာကြီး ...ဟ ...." ဆို ကြားလိုက်တော့မှ အွန်လိုင်းကမ္ဘာကနေ  လက်ရှိ ပစက္ခအခြေအနေကို  ပြန်ရောက်သွားတယ်။

ဒါနဲ့ သမီးက ဘယ်လို ဆိုလိုက်လို့တုန်းလို့ မေးတော့

" ညည့် သမီး ဆိုနေတာ ကျားကြီး ... ခြေထောက်ကြီး ... ဆိုပြီး ဆိုနေတာဟ" ဆိုတော့

ရီကြတာ သားအမိသားအဖ ၃ယောက်လုံး တဟားဟားနဲ့။ ဂျူဂျူက အဲလိုပဲ တစ်ခါတစ်လေ သူမသိတာဆို ဝါးချတာ ။  တကယ်တော့ သူဆိုတာလဲ မှားမှ မမှားပဲကိုး။

-------------------------------------------------------------

ဒီနေ့တော့ ဂျူဂျူလေး ကျောင်းမှာ camping ရှိတာနဲ့ အိမ်မှာ တိတ်ဆိတ် ခြောက်ကပ်လို့နေသည်။ အိမ်ရှေ့က ဆိုဖာမှာ ဦးမောင်ခြိမ့်တစ်ယောက်တည်း ထိုင်နေရင်း တကျီကျီအော်နေသည်။ အိမ်ရှေ့ကို လာခဲ့ပါ။ တစ်ယောက်ထဲ ပျင်းလို့ပါတဲ့။

ကိုယ်ကလဲ တီဗီကြည့်တာ ဝါသနာက မပါ။ ခါတိုင်းလဲ သမီးက အတင်းခေါ်လို့သာ သူတို့သားအဖ နှစ်ယောက်ကြား ဝင်ထိုင်လိုက်ရသည်။  သူတို့ ပြောတာတွေ နားထောင် လိုက်ရသည်။ စိတ်ကတော့ သိပ်ပါလှသည်မဟုတ်။ ခဏနေတော့ အိုင်ပက်ကလေး ကောက်ကိုင်ကာ အွန်လိုင်းတက်နေလိုက်သည်။ သူတို့ သားအဖကတော့ အင်မတန် ကီးကိုက်သည်။ ၂ယောက်လုံး တီဗီ သူရဲတွေကိုး။

ခုလဲ တီဗီမှာ လာနေသည်က MKR လို့ခေါ်တဲ့ My Kitchen Rules. ၂ ယောက်တွဲ အဖွဲ့လေးတွေ ၁၀ဖွဲ့လောက် တစ်ဖွဲ့ချင်းစီ အိမ်မှာ ချက်ပြီး ထမင်းဖိတ်ကျွေး၊ ဒိုင်တွေက အမှတ်ပေး၊ အမှတ်အနဲဆုံးလူတွေ တစ်ဖွဲ့ချင်း ပြုတ်သည့် အစီအစဉ်။ ဂျူဂျူကတော့ အင်မတန်ကြိုက်သည်။ သူကြိုက်တာနဲ့ သူ့အမေကြီးလဲ ဒီစီးရီးစ်နဲ့ဆို ၂ခု -၃ခုလောက် ရှိပြီထင်သည် ကြည့်ဖူးတာ။ လူတွေ စိတ်ဝင်စားအောင် အထဲမှာလဲ character အမျိုးမျိုးရှိသည့် အဖွဲ့တွေ နှင့် ဆိုတော့ စီးရီစ်က အထိုက်အလျှောက်တော့ နာမည်ကြီးပါသည်။ ဘယ်လောက်ပင်နာမည်ကြီးကြီး တီတီဆွိကတော့ မကြိုက်ရေးချမကြိုက်ပါ။ စိတ်လဲ မဝင်စားပါ။

သူ့အဖေဘေးမှာ ဝင်ထိုင် ကြည့်နေရင်း သူက ရှင်းပြနေသည်။ ဒီနေ့တော့ လူသစ်တွေ ပါသည့် အစီအစဉ်တဲ့။ လူသစ်တွေကို တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပြနေသည်။ ခါတိုင်းတွေ့နေကျ လူတွေမဟုတ် တော့ ပိုလို့ပင် ပျင်းစရာ ကောင်းသေးသည်။ မျက်နှာစိမ်းတွေမှန်းတော့ သိသည်။ သူတို့ ဘယ်မြို့ကလာသည်။ သူတို့နာမည်တွေ နှင့်  တစ်ဖွဲ့ပြီး တစ်ဖွဲ့ မိတ်ဆက်ပေးနေသည်။ ဒီနေ့အစီအစဉ်မှာလည်း ထိုလူသစ်အဖွဲ့ထဲက တစ်ဖွဲ့က ချက်မည်တဲ့။

ဟော လူသစ်တွေ  ပြနေရင်းနဲ့ ဖြတ်ဆို လူ၂ယောက် တေ်တော် ရင်းရင်းနှီးနှီးကြည့်ဖူးသည့် ၂ယောက်ပါ။ ... ငါ သူတို့တွေတော့ အရင် တုံးက ကြည့်ဖူးသားဟ။ ဆို ဝမ်းသာ အားရနဲ့  လူဟောင်းတွေ ပြန်လာ ပြီဆို ပြောတော့ ဦးခြိမ့်က

ဟဲ့ အဲဒါ ဒိုင်တွေဟဲ့ ... ဒိုင်တွေ ဆို ပြောပြီး ၂ယောက်သား ရီကြတာ ။  အမှန်က လူဟောင်းဆိုတာ အရင် စီးရီးစ်မှာကြည့်ဖူးတဲ့ ပြိုင်ပွဲဝင်အဟောင်းတွေမှတ်လို့၊  ဒီတစ်ခါတော့ ငါသိ ပဟဆို အော်လိုက်တာ။ စီးရီးစ်တိုင်း ၃နှစ်ဆက်တိုက်ပါသည့် ဒိုင်တွေ ဖြစ်နေလေသတည်း။

ကဲ အန်တီဆွိ တီဗီကို ဘယ်လောက် စိတ်ဝင်စားလဲ ဆိုတာ ... သဘောပေါက်။ းo)


Monday, February 17, 2014

1st School Camping

ဒီနေ့ သမီးရဲ့ ဘ၀မှာ ပထမဆုံး School Camping ထွက်တဲ့နေ့။ သမီးလေးဟာ သူ့ရဲ့ အဖေ အမေတွေ မပါပဲ သွားရမဲ့ ညအိပ်ခရီးအတွက် သိပ်ကို စိတ်လှုပ်ရှားနေခဲ့တယ်။ ကျောင်းကနေ notice စာရွက်ထွက်ကတည်းက (တစ်ပတ်လောက်ကြိုပြီး) camping အတွက် ယူသွားရမဲ့ ပစ္စည်းတွေကို သူ့ဟာသူ ပြင်ဆင်နေခဲ့တယ်။ ခါတိုင်းတော့ သူ့အမေက အားလုံးပြင်ဆင်ပေးပေမဲ့ ဒီတစ်ခါတော့ သူ့ဟာသူ စီစဉ်လုပ်ကိုင်တတ်အောင် သူ့အမေက ဒီတိုင်းပဲ ကြည့်နေလိုက်တယ်။


မနက်သွားခါနီးတော့ မိုးကလဲ တစ်ပေါက် နှစ်ပေါက် ကျစပြုပြီ၊ ရာသီဥတုကလဲ အေးနေတာနဲ့ သမီးဝတ်မဲ့ ဂျင်းဘောင်းဘီ အတိုကို ဘောင်းဘီအရှည်နဲ့ လဲဝတ်ဖို့ ပြောပေမဲ့၊ ဆရာမက ဘောင်းဘီအတိုပဲ ၀တ်ခိုင်းတာဆို ခေါင်းမာစွာနဲ့ ငြင်းဆိုခဲ့တယ်။ အနွေးထည်လေးတော့ သူဝတ်ပါမယ်ပြောတယ်။ သူလဲ စဉ်းစားတွေးခေါ်နိုင်တဲ့ အရွယ်ရောက်ပြီမှို့ လွတ်လပ်ခွင့် ပေးထားပါတယ်။ ဘောင်းဘီအရှည်ကို ပြောင်းဝတ်ဖို့ သားအမိ၂ယောက် အခြေတင် အတော်ကြာပြောနေကြပေမဲ့ အမိန့်အာဏာလိုမျိုး အတင်းအကျပ်တော့ မတောင်းဆိုခဲ့ပါဘူး။

ကျောင်းရောက်တော့ သူ့သူငယ်ချင်း မိန်းခလေးတော်တော်များများဟာ ဘောင်းဘီအရှည်တွေနဲ့ ဖြစ်နေကြပြီး သူတစ်ယောက်တည်း အတိုလေး ဖြစ်နေတော့ သူ့ဟာသူ သဘောပေါက်သွားတယ်။ နောက်ကို အမေပြောတာ နားထောင်မှာလားဆိုတော့ ခေါင်းငြိမ့်ပြတယ်။

ကားလာတော့ ကားကလဲ ကြည့်ရတာ air-con နဲ့ အတော်အေးမဲ့ ကားမျိုး။ သမီးတော့ တစ်လမ်းလုံး အေးနေတော့မှာပဲလို့ စိတ်ပူမိတယ်။ အမေစကားနားမထောင်တဲ့ သမီးလေး သူ့ဟာသူ လွတ်လပ်စွာ စဉ်းစားတွေးခေါ်ပြီး အတွေ့ အကြုံတွေကနေ သင်ယူနိုင်ပါစေလို့။





Sunday, February 16, 2014

မွေးနေ့ မှတ်စု (သို့) မိတ်ကပ်မှတ်စု ...

တီတီဆွိသည် နေရာတော်တော်များများမှာ flexible ဖြစ်ပေမဲ့ တစ်ချို့နေရာတွေမှာတော့အစွဲအလန်းကြီးသည် ပြောရမလား။ ဥပမာ အစားအသောက်ဆို စင်္ကာပူရောက်စက ကြက်ဆီထမင်း။ စ စားတော့ ဘာမှန်းမသိ။ နောက်ပိုင်းစားရင်းနှင့် ကြိုက်လာတော့ ဘယ်ဟော်ကာ၊ ဘယ် food court သွားသွား ကြက်ဆီထမင်းသာ မှာတော့တာပဲ။ နောက်ပိုင်းကျ အိမ်ကလူက ဒုတ်တပြတ် ဓားတစ်ပြတ်နှင့် တခြားစားစရာတွေ အတင်းကျွေးမှပဲ စားတတ်လာသည်။ ဒါတောင် ကြက်ဆီထမင်းပြီး Mee pok ဆိုတာနှင့် မိတ်ဆက်ပေးတော့ ဒါကြီးပဲ ဆက်တိုက် စားနေရာ နောက်တစ်ခါ ဒုတ်တပြတ် ဓားတစ်ပြတ်တွေ ဖြစ်ကြပြန်သည်။



မွေးနေ့မှာ ဘုန်းဘုန်းကို မန်းလေး မုန့်တီ ကပ်ပါတယ်။


နောက် သူနေ့စဉ် သုံးစွဲနေတဲ့ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ရေမွှေး အစရှိတာတွေလည်း အပြောင်းအလဲမရှိ။ အသစ်အဆန်း စမ်းသုံးခြင်းမရှိ။ ကိုယ်ကြိုက်တဲ့ ပစ္စည်းလေး တွေသာ နှစ်ပေါင်းများစွာ စွဲသုံးခဲ့သည်။ ဒီဖက်ကျွန်းကြီးပြောင်းလာတော့ သူ့အကြောင်း သူသိလို့ သုံးနေကျ မိတ်ကပ်ဗူးတွေကို ၄-၅ဗူး ဝယ်ချလာခဲ့သည်။ ဟိုဖက်ရောက်လျှင် ဘာမှန်းမသိ။ ဝယ်လို့မရလျှင် ဒုက္ခရောက်လှချည့်ပေါ့။ ခု ၃နှစ်လောက်ကြာတော့ ကိုယ်ဝယ်လာတာလေးတွေလဲ တဖြေးဖြေးကုန်လုပြီ။ အထူးသဖြင့် Foundation ဟုခေါ်သည့် မိတ်ကပ် အစိုလိမ်းပြီး အပေါ်က အသာ ပုတ်ရသည့် ပေါင်ဒါဖြစ်သည်။ ဟိုမှာတုံးက ရှော့ပင်းစင်တာကြီးတစ်ခုမှာ sale ချလို့ ဝယ်ရာမှအစ စမ်းသုံးကြည့်ရာ မထင်မှတ်ပဲ အလွန်ကောင်းသည့် မိတ်ကပ်ဖြစ်နေလေသည်။ ပြီးတော့ မိတ်ကပ်တွင် အသားအရောင်အလိုက် နံပတ်များရှိရာ သုံးသည်က အရောင်က အနည်းငယ်ရင့်သော ညိုသည့် သူ့အသားနှင့် လိုက်ဖက်သော Medium 2 ဆိုသော နံပတ် ဖြစ်သည်။ တီတီဆွိသည် ကမ္ဘာပေါ်တွင် ထိုမိတ်ကပ်မှလွဲ၍ တခြားမိတ်ကပ်များ မရှိတော့သည့်အလား ထိုမိတ်ကပ်တစ်မျိုးတည်းသာ စွဲသုံးခဲ့ပါသည်။


 
 တစ်ရက်တော့ ဝယ်လာသည့် မိတ်ကပ် re-fill ဗူးတွေ ကုန်တော့ အင်တာနက်ထဲ ဟိုဟိုဒီဒီ လိုက်ရှာကြည့့်ရာ ထိုမိတ်ကပ်သည် ဆစ်ဒနီမပြောနှင့်၊ တကမ္ဘာလုံး ဘယ်နေရာမှ ရှာမရ။ အတော်ထူးဆန်းလှချေတကား။ အားနာတတ်သော တီတီဆွိသည် စင်္ကာပူမှာ သူငယ်ချင်းတွေ မှိုလို ပေါပေ့မယ့် မမှာရက်။ ဒါလေးနဲ့တော့ ဒီလောက်ဒုက္ခမခံဆိုကာ အစားထိုး မိတ်ကပ်ဗူးတွေ ကို ဘရန်း ၃-၄မျိူးလောက် လိုက်ရှာဝယ်လေသည်။ ဒါလေး ကောင်းနိုးနိုး၊ ဟိုဟာလေး အဆင်ပြေနိူးနိူးနှင့် စမ်းသုံးကြည့်ရာ စိတ်ကြိုက်ကတော့ မတွေ့လှပေ။ သို့ပေမဲ့ဝယ်ပြီးပြီဆိုတော့လဲ မလွှင့်ပစ်ရက် ။ ဒါတွေသာ သည်းခံသုံးရလေသည်။ ထိုထဲမှ မိတ်ကပ်တစ်ဗူးသည် အရောင်ကို ဖြူသည့်ဖက်ရွေးမိရာ ထိုမိတ်ကပ်လိမ်းမိပါက မျက်နှာတစ်ခုလုံး ပေါင်ဒါဗူးထဲပဲ ပြုတ်ကျသလိိုလို၊ မျက်နှာပဲ မှိုတက်နေသလိုလို ရီချင်စရာကောင်းလှသည်။ အနည်းငယ်ကြိုက်သည်ဆိုသော မိတ်ကပ်ဗူးသည် texture အနေနှင့် တော့ အလွန်ကောင်းပါသည်။သို့ပေသိ အရောင် အရင့်ဆုံးကို ရွေးမိလိုက်ရာ သူက အညိုတင်မက အနီရောင်ပင် ရောစပ်နေရာ ထိုမိတ်ကပ်လိမ်းလိုက်လျှင် မျက်နှာသည် ပါးနီလိမ်းစရာမလိုပဲ နီနေ၏။ သို့ပေမဲ့ နှမြောတော့ ကိုယ့်စိတ်ကို ဖြေကာ အဲသလောက်တော့လဲ မဆိုးပါဘူးဆိုကာ ကြိတ်မှိတ်လိမ်းလေသည်။

ဒီနေ့မနက် မွေးနေ့ဆိုတော့ သွားနေကျ ဘုန်းကြီးကျောင်းတွင် အာရုံဆွမ်း သွားကပ်ရန် စောစောထကာ လှတပတ ပြင်တော့သည်။ မွေးနေ့ရှင်ကြီးဆိုသော အထူးအခွင့်အရေးကိုသုံးကာ မ်ိတ်ကပ်ကို ခါတိုင်းထက် ထူထူလိမ်းသည်။  အကျီအသစ်ဆုံးကို ဝတ်သည်။ ပြီးလျှင် ဦးခြိမ့်ကို မွေးနေ့အမှတ်တရဆိုကာ ဓာတ်ပုံရိုက်ခိုင်းရဦးမည် မဟုတ်လား။ မနက် ၄နာရီပဲ ရှိသေးရာ အပြင်တွင် အလင်းရောင် မထွက်သေး။ ဆစ်ဒနီနံနက်ခင်း ငှက်ကလေးများ၏  တေးသံကို ပင်မကြားရသေးရာ  သူကိုယ်တိုင် တေးညည်းကာ အလှပြင်နေလေသည်။

 
 အားလုံးပြီးတော့ မှန်ထဲ သေချာကြည့်လိုက်ရာ သူမ၏မျက်နှာသည် ထူထူလိမ်းထားသည့် မိတ်ကပ် အနီရောင်ကြောင့် အမှတ်တမဲ့ လန့်ပင်သွားလေသည်။ မျက်နှာတစ်ခုလုံး နီရဲလျက်ရှိရာ ငန်းမန်းထနေသည့် လူမမာပမာဖြစ်နေလေရာ ရီစရာပင်ကောင်းနေသေးသည်။ ပြန်ပြင်ဖို့လည်း အချိန်မရှိတော့ပြီ။ ဘုန်းဘုန်းဆွမ်းကပ်ဖို့ အချိုပွဲတည်းဖို့၊ သမီးနှိုးဖို့၊ အိမ်ကလူကို ဆော်သြဖို့ ပြင်ရဆင်ရဦးမည်။ သို့နှင့် ဒီအတိုင်း ငမ်းမန်းထသည့် အနီရောင် မျက်နှာနှင့်ပင် ဘုန်းဘုန်းကျောင်းသို့ သွားကာ မွေးနေ့ နံနက် အာရုံဆွမ်းကပ်ခဲ့ပါသည်။ ဦးဇဉ်းက ဒကာမကြီး နေမကောင်းဘူးလားဟု မမေးသည်မှာ ကံကောင်း။ ။

Monday, January 20, 2014

Chinese Wok

ဟိုနေ့က ဆတ်ဆော့ပြီး Chinese wok တစ်လုံးဝယ်လာတယ်။ တရုတ်ဆိုင်မှာ ကြာဆံကြော်တို့ ထမင်းကြော်တို့ ကြော်ရင် သံဇွန်းကြီးနဲ့ တဂွက်ဂွက်ခေါက်ပြီး မီးတွေတောက်အောင် ကြော်တဲ့ သံဒယ်အိုးပေါ့ဗျာ။

အိမ်မှာလဲ စင်္ကာပူက အစာတွေ ငတ်တိုင်း၊ ဗမာပြည်က ဟင်းတွေ ငတ်တိုင်း ကြော်စား၊ ချက်စားနေကျဆိုတော့ တရုတ်ဆိုင်တွေလို ဒယ်အိုးကပ်နံ့ သင်းသင်းလေးနဲ့ ကြာဆံကြော်တို့၊ ထမင်းကြော်တို့ ကြော်စားချင်တာ။ လက်တည့် စမ်းချင်တာ အဓိကပေါ့။

ဒါနဲ့ အဲလိုဒယ်အိုးတွေက စစချင်း ဆီ၀ပြီးကြော်လို့ကောင်းအောင် seasoning ဆိုတာလုပ်ရတယ်ဆိုတာ ကြားဖူးတော့ ဂူဂဲထဲရှာဖတ်ပြီး သူတို့ပြောသလို ဒယ်အိုး ဆပ်ပြာရည်နဲ့ဆေး၊ အဝတ်နဲ့သုတ်၊ ဆီသုတ်ပြီး မီးပြင်းပြင်းနဲ့ တည်ဆို လုပ်နေတုံးရှိသေး ဦးခြိမ့်က ဒယ်အိုးနဲ့ ပါလာတဲ့ အညွှန်းကို ပြပါလေရော။ အဲဒီကျ ကြည့်လိုက်တော့ သူက ပိုလို့တောင် ရှုပ်သေး။ Repeat လုပ်ရတဲ့ အဆင့် ပါ ထည့်တွက်ရင် အဆင့် က ၁၇ဆင့်လောက်ဖြစ်နေပြီ။ အပေါ်က ဆားနဲ့ လုပ်တဲ့ အဆင့်တွေက ပြန်လုပ်လို့ မရတော့ အဲဒါတွေ ကျော်ပြီး ဆီသုတ်ပြီး ၁၀မိနစ်စီ မီးပြင်းတိုက်တဲ့ အဆင့်ပဲ ဆက်လုပ်ရတော့တယ်။

အိမ်ထဲ မီးခိုးတွေ ရိုက်မှာစိုးလို့ အပြင်က barbecue burner မှာ သွားပြီး ဆီသုတ်လိုက် ကင်လိုက် ဒယ်အိုးအပူကြီးက အမဲအမှုန်တွေ သုတ်လိုက်နဲ့ ၃ခါလောက်ဆိုတော့ လူတွေလဲ တော်တော်မောနေပြီ။ ဟမ်မလေး ဒယ်အိုးလေး သုံးရပါမဲ့ အရေး ဒီလောက် အပင်ပမ်းခံရလား ဆို ငြီးတွားနေကြပြီ။

အားလုံး အဆင့်တွေပြီးတော့ လူက မနေနိူင် စမ်းသပ်ကြည့်ချင်တာနဲ့ မနက်စာ ထမင်လေး ထကြော်တယ်။ ဆိုးတော့ မဆိုးဘူးပေါ့။ non sticker လိုပဲ မကပ်ဘူးပေါ့။ ပြီးတော့ တရုတ်တွေ ကြော်တဲ့ ဇွန်းကြီး တဂွက်ဂွက်နဲ့ မာန်ပါပါနဲ့ ကြော်နေတာ။ ထမင်းကြော်လေး မွှစိနှောက်ကို။ မဆိုးပါဘူး။ ပုံမှန်ကြော်တာထက် တရုတ်ဆိုင်ကြော်နဲ့ တော်တော်တူတယ်ဆို တွေးပြီးကျေနပ်နေတာ။

ထမင်းကြော်စားပြီးသကာလ ... မည်သို့မည်ပုံ ဆေးကြောရမည်လဲဆိုတာ မသိလို့ အညွှန်း ပြေးဖတ်ကာမှ ဒေါ်ဆွိတီတစ်ယောက် ပုံလဲကျမတတ် ဖြစ်သွားရတယ်။

ဒယ်အိုးကို ဆပ်ပြာရည်နဲ့ အသာဆေးပြီး အပေါ်က လုပ်ခဲ့ တဲ့ (မီးကင်တဲ့) အဆင့် ၃ဆင့်ကို repeat ပြန်လုပ်ပြီးမှ သိမ်းပါတဲ့ခင်ဗျား။
ဂစ် ... ဂစ် ...

Sunday, January 5, 2014

အမေ့ ပီတိ




အရင်ကလိုဖြင့် ဒီလိုပုံလေးတွေ တင်ရင် အန်တီဆွိတစ်ယောက် ဟင်းချက်နည်းတွေ ရေးတော့မှာလား။ ဟင်းပုံတွေတင်ပြီး လူ့တကာ့လူ နှိပ်စက်တော့မှာလား တွေးမိကြမှာပါ။
ဒီနေ့တင်တဲ့ ပုံလေးရဲ့ အကြောင်းအရာကတော့ အရင်ကနဲ့မတူ တမူထူးခြားပါတယ်။
ပြောရရင်ဖြင့် ဒီနေ့ ဆစ်ဒနီက သူငယ်ချင်း အဖွဲ့တွေနဲ့ ဈေးရောင်းပွဲအပြီး` မြို့ထဲလျှောက်လည်ကြတယ်။ မိသားစုအလိုက်တွေပေါ့။ ခလေးတွေ တပြုံကြီးနဲ့တပျော်ကြီး သွားကြတာ။ family day လက်မှတ်တွေဝယ်ပြီး ရထားစီးကြ၊ သင်္ဘောစီးကြနဲ့ ဆစ်ဒနီ အော်ပရာဟောက်စ် ဖက်လဲရောက်တယ်။ Manly beach ကိုလဲ ရောက်ခဲ့တယ်။ ခလေးတွေလဲ ပျော်၊ လူကြီးတွေလဲ ပျော်ပေါ့ကွယ်။ ညနေ၈နာရီကျော်တဲ့ အထိ တစ်ဝ လည်ပြီးတာတောင် ခလေးတွေရော၊ လူကြီးတွေရော အိမ်မပြန်ချင်ကြပဲ ဆက်လည်ချင်ကြသေးလို့ မနဲလမ်းခွဲခဲ့ရတယ်။

အိမ်ရောက်ခါနီးတော့ ည၉နာရီ ထိုးခါနီးနေပြီ။ အိမ်မှာဘာမှချက်ထားတာ မရှိတာနဲ့ စားရအောင် Charcoal Chicken နဲ့ French Fried ၀င်ဝယ်ကြတယ်။ ဂျူဂျူလေးက ပထမတော့ မဆာဘူးဆိုပြီး ကြက်ကင်နံ့ရတော့ သူလဲ ဆာပါသတဲ့ ဆို အိမ်ရောက်တော့ သားအမိသားအဖတွေ ဆာဆာနဲ့ ညစာစားကြတာပေါ့။

ညစာစားပြီးတော့ မနက်ဖြန် ဦးခြိမ့်အလုပ်အတွက် ထမင်းချိုင့်ထုပ်ဖို့ရာ သတိရတယ်။ ကျန်တဲ့ ကြက်သားကင် ထုပ်ပေးလိုက်ရင်လဲ ဘာနဲ့ ဘယ်လိုစားမလဲ ဆို စဉ်းစားနေတုံး ဦးခြိမ့်က ည၉နာရီကျော်မှ ချက်မနေပါနဲ့။ ရှိတာသာ ထည့်ပေးလိုက်ပါတဲ့။ မဟုတ်ရင်လဲ သူဘာဂါဝယ်စားမယ်လဲ ဆိုလာတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း ချက်ရမှ ကျေနပ်တဲ့ အန်တီဆွိက နေ့လည်က ထုတ်ထားတဲ့ ၀က်သားလေးနဲ့ ကြက်သွန်ဖူးနဲ့ တရုတ်လိုလေး ကြော်ထည့်ပေးမယ်ဆိုတော့ ဦးခြိမ့်က အင်းမလုပ် ... အဲမလုပ်။ တစ်နေကုန်ပင်ပမ်းပြီး ပြန်လာတော့ မချက်စေချင်တော့ဘူး။

ဒါပေမဲ့ စိတ်မြန်တဲ့ အန်တီဆွိက ချက်ချင်း ထ ၀က်သားတွေ လှီး၊ ကြက်သွန်ဖူးတွေလှီးပြီး ချက်ပါလေရော။ ဂျူဂျူလေးကတော့ စားနေတာ မပြီးသေး။ သူ့အဖေကတော့ အခန်းထဲ ၀င်သွားပြီ။ ချက်နေတုံး သမီးကို အမေဟင်းချက်နေတယ်။ သမီးလေး စားပြီးရင် အဲဒီစားပွဲပေါ်က ဟာလေးတွေ မေမေ့ကို ကူရှင်းပေးနော်ဆို ... ဂျူဂျူ သိတယ် လုပ်ပေးမယ် မေမေတဲ့။

ချက်ရင်း ပြောရင်း ဂျူဂျူလေးလဲ စားလို့ပြီးတော့ သူ့ဟာသူ ပန်းကန်တွေ ဇွန်းတွေ ရေနဲ့ကျင်း၊ ပန်းကန်ဆေး စက်ထဲထည့်၊ coke သောက်ထားတဲ့ ဖန်ခွက်တွေလဲ ပန်ကန်ဆေးစက်ထဲထည့်တဲ့ အပြင် စားပွဲပေါ်ကျန်ရစ်တဲ့ ကြက်သားကိုပါ မေမေ Cling Wrap နဲ့ ထုပ်လိုက်မယ်နော်ဆို သူ့ဟာသူ ယူပြီး သူ့ဟာသူလုပ်နေတာ၊ စားပွဲကိုပါ အ၀တ်နဲ့ သုပ်ပြီး သန့်ရှင်းထားသေးတယ်။

တစ်နေကုန်လျှောက်လည်ထားလို့ ပင်ပမ်းနေတဲ့ အန်တီဆွိတစ်ယောက် စားပွဲပေါ်က cling wrap နဲ့ အကျအန ထုပ်ထားတဲ့ ကြက်ကင်အကျန်တွေကိုကြည့်ရင်း
သြော် ...သမီးလေးမွေးထားတာ အားကိုးရပါလားဆို ပထမဆုံးအကြိမ် ကျေနပ် ပီတိတွေဖြစ်နေမိတယ်။


ဂျူဂျူလေး ၁၀နှစ်ပြည့် မွေးနေ့ပုံရိပ်တွေပါ။ ဒီဇင်ဘာ ၁၇ ရက်နေ့က သမီးလေး ၁၀နှစ် ပြည့်ခဲ့ပါပြီ။



Thursday, October 24, 2013

မျက်ရည်ငှက်များ နားစေသတည်း ...

မျက်ရည်လွယ်သော... သူလေးနဲ့ အတူ...။ မျက်ရည်လွယ်သော .. ကျွန်တော်နဲ့ ပေါ့လေ... လောကထောင့်ကျဉ်းတစ်နေရာမှာ ဆုံတယ်... ကြည့်နေရင်း... ကြည့်နေရင်း..........။
xxxxxxxxxxxxxxxxxxxxxx


လပြည့်နေ့ညကြီးမှာ သီချင်းတွေဆိုရင်.. ကြောင်သွားပြီနဲ့ တူပါတယ်လို့ ထင်ချင်ထင်မှာပေါ့နော်။ အဲဒီသီချင်းက ကျွန်တော်တို့လို့ အသက်၄၀-၅၀ တန်းတွေတော့ သိကြပါတယ်။ ကျော်ဟိန်းရဲ့ ပထမဦးဆုံးဖြစ်တဲ့ "မျက်ရည်ငှက်များ နားစေသတည်း" ဆိုတဲ့ စီးရီးခေါင်းစဉ် သီချင်းပါ။ တော်တော်လေးကို နားထောင်ကောင်းတဲ့ စီးရီးခွေပေါ့။

ထားလိုက်ပါ... ကျွန်တော် ကျော်ဟိန်း သီချင်းအကြောင်း မပြောချင်ဘူး။ မျက်ရည်ပေါ့။
ကျွန်တော်တို့ ငယ်ငယ်က ဆိုရင် အခုလို သီတင်းကျွတ်လပြည့်နေ့တွေဆိုရင် နှစ်ကျိပ်ရှစ်ဆူ ဖျော်ဖြေရေးကားတွေ မကြည့်ခင့် ညနေခင်းမှာ အဖေနဲ့ အမေကို မောင်နှမတစ်တွေ လက်ဆယ်ဖြာ ထိပ်ဝယ်မိုးပြီး ကာယကံ ၀စီကံ မနောကံ ဖြင့် ပြစ်မှားသည်များ ခွင့်လွတ်ဖို့ ရှိခိုး ကန်တော့ တောင်းပန်ကြတာပေါ့။ 

 အဲဒီမှာ အမေကတော့ "ငါ့သားများနဲ့ သမီးများ အပြစ်ရှိခဲ့လျင့်လည်း အမေက ခွင့်လွတ်ပြီးသားပါကွယ်.... အခုလို ကန်တော့ရတဲ့ အကျိုးအားကြောင့် အသက်ရှည်ခြင်း အဆင်းလှခြင်း ဥာဏ်ပညာကြီးခြင်းတို့နဲ့ ပြီးပြည့်စုံကြပါစေကွယ်" ဆိုတာနဲ့ အမေရဲ့ ဆုပေးခြင်း အခမ်းအနားကတော့ အဲဒီမှာ ပြီးဆုံးသွားပါတယ်။

 ဒါပေမဲ့ အဖေကတော့ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ တစ်ခုပေါ်မှာ မူတည်ပြီးတော့ ဘုရားဟော သုတ္တန် တစ်ခုခုထဲက ဝတ္ထုတစ်ပုဒ်ကို စတင်ပြီးတော့ ဟောကြားပါတော့မယ်။ အေးလေ... သူက ဘုန်ကြီးလူထွက်ပီပီ တရားဟောပြီးမှ ဆုပေးတတ်တယ်ထင်ပါရဲ့။.. အဲဒီနောက် အဖေက သားတွေ သမီးတွေကို ဆု စတင်ပေးပါတော့တယ်။ အဲဒီလို ဆုပေးခြင်း စတင်တာနဲ့ တပြိုင်နက် အဖေက အသံတွေ ယိုင်ပြီး ချောင်းတွေ တဟွတ်ဟွတ် ဆိုးပါတော့တယ်။ အရင်တုန်းကတော့ အဖေက ကွမ်းစားတဲ့ ထုံးစံရှိတာမိုလို့ ကွမ်းသီးတယ်ထင်လို့ ကျွန်တော်က ရေတစ်ခွက် အပြေးခတ်လို့ အဖေရဲ့ မျက်နှာသုတ်ပုဝါလေး ယူပေးလေ့ရှိပါတယ်။ ကွမ်းဖြတ်ပြီးလို့ ကန်တော့တဲ့ အခါတိုင်းမှာလည်း အဖေမှာတော့ ချောင်းဆိုးတာက ပျောက်မသွားပဲ ဆက်လက်ရှိနေမြဲပါပဲ။ အဲဒီလို ကျတော့မှ ကျွန်တော်သိလိုက်မိတာကတော့ အဖေမျက်ဝန်းမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ အရည်တွေ ရောက်နေပြီ ... အဖေ..။

ငယ်ငယ်တုန်းကတည်းက အဖေတူသားဆိုတဲ့ ကျွန်တော်ကတော့ အဲဒီနေရာမှာ မတူခဲ့ဘူးလို့ ကျွန်တော်မှတ်ယူထားပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၃-၄ နှစ်အတွင်းက လောကကြီးကို စက္ကန့်အနည်းငယ်လောက် အဆက်ပြတ်သွားခဲ့ဖူးတဲ့ ကျွန်တော်က ဒီနိုင်ငံမှာရှိတဲ့ နှလုံးအထူးကုတွေနဲ့ စစ်ဆေးကြည့်ပေမဲ့လည်း နှလုံးရောဂါရယ်လို့ ထင်ရှားတဲ့ ရောဂါဗေဒ သေသေချာချာ မရှိပါဘူးတဲ့။ ဒါပေမဲ့ ကျွန်တော် အရင်လို့ အမြင့်တွေကနေ အောက်ကို ငုံကြည့်ဖို့ တော်တော်လေး ကြောက်လာမိတယ်။ အရင်ကနဲ့တော့ မတူတော့တာ သေချာပါတယ်လေ။

ဒီနှစ်ဆန်းလောက်မှာ ဘ၀ရဲ့ အထုအနှက် အရိုက်အပုတ်တွေကို တော်တော်လေးခံလာရပြီးတဲ့နောက် အရယ်အပြုံးတွေ အရင်ကလို ပျောက်ကွယ်ခဲ့တဲ့ ကျွန်တော်ရဲ့ ချစ်ဇနီးတစ်ယောက် တစ်ရက်မှာ ဈေးသွားဝယ်ရင်းနဲ့ မထင်မှတ်လောက်အောင် ပစ္စည်းတွေကို ဈေးချလို့ ကျွန်တော်ဆီကို အားရဝမ်းသာနဲ့ ဖုန်းလှမ်းဆက်ပြီး ပြောတယ်။ ရုတ်တရက်ကြီး သူရဲ့ အပျော်တွေက ကျွန်တော်ဆီကို အလိုလို ကူးစက်လာတာပေါ့။ ကျွန်တော်လေ.. တော်တော်လေးကို ဝမ်းသာသွားမိတယ်။ သူရဲ့ အပျော်သံတွေနဲ့ အတူ ကျွန်တော်လဲ ပျော်သွားတာပေါ့။ ဒါပေမဲ့လေ... ကျွန်တော်မျက်လုံးထောင့်စွန်းမှာ အရည်လေးတွေ အလိုလို ရောက်လာပြန်တယ်။


လွန်ခဲ့တဲ့ လက ဒီနိုင်ငံရဲ့ အရည်အချင်းစစ်ကြည့်တဲ့ စာမေးပွဲမှာ သမီးက သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေမှာ အမြင့်ဆုံး ဂုဏ်ထူးဆု၊ အင်္ဂလိပ်စာ ဂုဏ်ထူးရတယ်လို့ ကျောင်းကပြန်လာတဲ့ သမီးက ကျွန်တော့်ဆီကို ဖုန်းလှမ်းဆက်ပြီး ဖေဖေရေ.. ဂျူဂျူ ဒီလို ဒီလို ဖြစ်တယ်လဲ ဆိုရော.. ကျွန်တော့်မှာ တော်တော်ဝမ်းသာလိုက်တာ... သမီးဆီက ဖုန်းချပြိးတဲ့ နောက် ကားပေါ်မှာ တစ်ယောက်တည်း ဒါမှ ငါ့သမီးကွ ဆိုပြီး တစ်ယောက်တည်း အော်ဟစ် ဂုဏ်ယူမိရင်းကနေ ကျွန်တော် ငယ်ငယ်က မိဘဆရာ အသင်း နှစ်ပတ်လည် ဆုတွေ တက်ယူတဲ့ အခါမှာလည်း အမြဲအားပေးတတ်တဲ့ အဖေ တစ်ယောက် ငါ့လိုများ ဖြစ်မှာပဲလေ..လို့ ရုတ်တရက် သတိတွေရရင်းနဲ့ ကျွန်တော်မျက်ဝန်းမှာ မျက်ရည်တွေ စို့ တက်လာပါတယ်။ ပြီးတော့ ချောင်းတွေလဲ တဟွတ်ဟွတ်ဆိုး.. အသံတွေလဲ တုန်လိုက်လာတာ.. ငယ်ငယ်တုန်းက အဖေ နဲ့ အမေကို ကန်တော့ပြီးတိုင်း အဖေ ဆုပေးရင် ဖြစ်တတ်တဲ့ အတိုင်းပါလားနော်.....။

xxxxxxxxxxxxxx
ကြည့်နေရင်း ကြည့်နေရင်း.. ဘာကြောင့် အားငယ်သလဲ ပြောစမ်းပါ.. မငိုရဘူး... မင်း ငိုရင် ငိုချင်တယ်...။

သေချာတာကတော့ ကျွန်တော် အားငယ်လို့ ငိုမိတာ မဟုတ်သလို ... အဖေလဲ အားငယ်လို့ ငိုမိတာ ဘယ်ဟုတ်ပါမလဲ....။ ကျွန်တော်တို့ နှစ်ယောက်တူတာကတော့ ...........။

မောင်ခြိမ့်

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အဖေ နဲ့အမေကို သတိရခြင်းများစွာဖြင့်.........


(ဦးခြိမ့် facebook မှာ ရေးထားတဲ့ ပို့စ်လေးပါ)


ဒီနေ့ မနက်ပဲ သမီးလေး OC class ၀င်ခွင့် offer ရကြောင်း သိခဲ့ရတယ်။  facebook မှာ စတေးတပ်စ် တင်ရင်း ....


အန်တီဆွိလဲ ဦးခြိမ့်လိုပဲ  ...


မျက်ရည်ငှက်များ နားစေသတည်း  ...