Monday, June 1, 2009

ငယ်ငယ်တုံးက ၁

ခုချိန် သမီးလေးကိုကြည့်လိုက်ရင် ရှေ့သွားမှာ အပေါက်ဟောင်းလောင်းနဲ့ ပြတင်းပေါက်လိုလေးဖြစ်နေတယ်။ သမီးသွားကိုတွေ့လိုက်တိုင်း မဆွိတီရဲ့ စိတ်ထဲမှာ ငယ်ငယ်က အဖြစ်တစ်ခုကို သတိရမိပြန်တယ်။

သူငယ်တန်းတက်တုံးကအဖြစ်လေးပါ။ အကိုလတ်ကတော့ ၂တန်းပေါ့။ မဆွိတီတို့အတန်းနဲ့ အကိုလတ်တို့ အတန်းက နဲနဲနီးတယ်။ အဲဒီအချိန်ကိုယ်လဲ အပေါ်ရှေ့သွား ၂ချောင်းက ကျိုးနေတော့ သွားဟောင်းလောင်းနဲ့ ရယ်ချင်စရာဖြစ်နေမှာပေါ့။ အဲဒီတော့ အကိုအလတ်နဲ့ သူ့သူငယ်ချင်းတွေက ချစ်စနိုးနဲ့ စကြတာပေါ့။ သွားမှာ ပြတင်းပေါက်ကြီးနဲ့ ဘာညာဆို ... အောင်မာ ... အဲဒီအချိန်ကတည်းက သဘောကောင်းတဲ့ မဆွိတီသေးသေးလေးက အဲဒါကို စိတ်မဆိုးဘူးဗျ။ စိတ်မဆိုးတဲ့အပြင် အကိုတွေအတန်းရှေ့ ငုတ်တုတ်သွားထိုင်ပြီး ညိုမြသွားလုပ်နေသေးတယ်။ ခလေးဆိုတော့ ကျောင်းနေကာစ နားမလည်ပါးမလည်တာလဲပါမှာပေါ့။

အဲလိုသွားထိုင်နေတုံး ... ဒုတ် ... ဆိုတဲ့အသံနဲ့အတူ ခေါင်းက အတော်နာကျင်သွားပြီး ရုတ်တရက် သတိမေ့သလိုတောင်ဖြစ်သွားတယ်။ ဘာဖြစ်လိုက်မှန်းမသိလိုက်ဘူး။ နောက်မှ အကိုလတ်က အတန်းထဲကနေထွက်လာပြီး ဘုတ်အီးမရေ နင့်ခေါင်းမှာ သွေးတွေဟ ... ဆိုထအော်မှ ကျောင်းသားတွေရော ဆရာမတွေရော ပြေးလာကြတယ်။ နောက်တော့ သွေးတွေထွက်လိုက်တာ ... ကိုယ်ဝတ်ထားတဲ့ အင်္ကျီအပြာနုလေး တစ်ခုလုံး သွေးတွေချင်းချင်းနီလို့။ ကျောင်းကရပ်ကွက်နဲ့နီးတော့ ခလေးတစ်ယောက် နောက်ကနေ လေးခွနဲ့ ပစ်တာ ဖြစ်မယ်လို့ပြောကြတယ်။

ဆရာမတွေ ကထိတ်ထိတ်ပြာပြာနဲ့ သွေးတိတ်အောင် မျိုးစုံလုပ်ပေမဲ့ သွေးတွေအရမ်းထွက်နေတုံး။ ဆိုင်မဆိုင်တော့ မသိ၊ နေပူလို့ သွေးတွေအရမ်းထွက်တယ်လို့ ပြောနေကြတယ်။ ကိုယ့်မှာတော့ သွေးမြင်တာလဲ လန့်ရကောင်းမှန်းမသိ လူကအူကြောင်ကြောင်ကို ဖြစ်နေတယ်။ နောက်ဆုံးသွေးတိတ်သွားတော့မှ ဆရာမတွေက သွေးတွေပေနေတဲ့ ကိုယ့်အင်္ကျီလေး ချွတ်ပြီး လျော်ပြီး နေလှန်းထားတယ်။ ကိုယ်ကတော့ တုံးလုံးလေးနေရတာပေါ့။ ဆင်းရဲတဲ့ကျောင်းဆိုတော့ အင်္ကျီတောင်အပို ရှိပုံမပေါ်ဘူး။ အဖြူနဲ့ အစိမ်းလဲမ၀တ်ရဘူးလေ။

ကိုယ်အဲဒီနေ့က ဖော့ခရစ်အပြာရောင်နုအင်္ကျီလေး ၀တ်လာတာ။ဖော့ခရစ်ကို အကွက်လေးတွေ ဖော်ထားပြီး အကွက်လေးတစ်ခုချင်းစီက အဖောင်းလေးတွေနဲ့။ ခုခေတ် ဘာခေါ်မယ်မသိ။ လက်ပြတ်လေးနဲ့ ခါးကတော်တော်တိုတယ်။ ခုထိမှတ်မိနေတယ်။ အောက်ကတော့ ဘောင်းဘီတိုလေး ဖြစ်ဖို့များမယ်။အင်္ကျီခါးအတိုနဲ့ ဘောင်းဘီတိုခပ်ပွပွနဲ့ စတိုင်ကတော့ အတော်လန်းမယ် ... အဖေရော အမေရောရုံးသွားနေချိန် အဖွားလုပ်သူက ဒီခလေး ၅ယောက်ကို ဘယ်အ၀တ်အစားသေချာ ၀တ်ပေးနိုင်မှာတုံး။ ကိုယ့်ကြုံရာကောက်ဝတ်လာတာဖြစ်မယ်။ အင်္ကျီလေးကသေးလဲသေး၊ ဖော့ခရစ်လဲဖြစ်ပြန်ဆိုတော့ နေပူထဲ ခဏနဲ့ခြောက်ပြီး ပြန်ဝတ်ရတာပေါ့။

အိမ်ပြန်ရောက်တော့လဲ အမေတို့သိပြီး ဘာတွေဖြစ်လဲ မမှတ်မိတော့ပါဘူး။ ခေါင်းကအနာကလဲ သွေးတိတ်ပြီးကထဲက ဘာမှမဖြစ်လိုက်ပါဘူး။ သူ့ဟာသူလေးပျောက်သွားတာပါပဲ။

အချိန်တွေများ ကုန်မြန်လိုက်တာ။ ခုတော့ ကိုယ်မွေးတဲ့ ခလေးတောင် သွားပြတင်းပေါက်ဖြစ်လို့။ ကိုယ်စိတ်ထဲတော့ အပြာရောင်ဖော့ခရစ်အင်္ကျီလေးနဲ့ ဘောင်းဘီပွပွ အူတူတူကောင်မလေးကို မြင်ယောင်နေတုံး။

8 comments:

  1. အမရယ်.. ခေါင်းကို လေးခွနဲ့ အဆော်ခံထိတာ ငိုဘူးလားဟင်.. ရေးထား ဖတ်ပြီး ရီလည်း ရီချင် အနာကိုလည်း အသည်းယားနဲ့..

    မမဆွီရဲ့ ငယ်ငယ်တုန်းက စတိုင်ကတော့ ရေလည် လန်းတယ်လို့ ဆိုရမယ်.. အပြာရောင် ဖော့ခရစ်အင်္ကျီလေးနဲ့ ဘောင်းဘီပွပွနဲ့ဆိုတော့လေ.. :)

    ReplyDelete
  2. အစ်မငိုမိလား မငိုမိလား သတိမရတော့ဘူး။ သတိရတဲ့အထဲ ငိုတဲ့အကြောင်း လုံးဝမပါတော့ မငိုဘူးလို့ထင်တာပဲ ညီမ nu san ရယ်။ လူကတော့ အူကြောင်ကြောင်ဖြစ်နေတယ်ထင်တာပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ကျော်ကအဖြစ်ကိုး။

    ReplyDelete
  3. အိုးးး ဖြစ်ရလေ တီတီဆွိရယ်...

    ကိုလူထွေးငယ်ငယ်ကတော့ သူများတွေ အချင်းချင်းပစ်တဲ့ သားရေကွင်း မျက်စိလာမှန်ဖူးတယ်... ဘာပြောကောင်းမလဲ ငိုတာပေါ့..

    ReplyDelete
  4. အခု ကျမသမီးလေးလည်း မဆွိလိုဘဲ ပြတင်းပေါက် တခု ပွင့်နေတယ်...သွားကျိုးလေးနဲ့ ခလေးလေးတွေက ချစ်စရာကောင်းတယ်နော်...ငယ်ငယ်တုန်းကအကြောင်းလေးတွေဖတ်ရတာ ကြည်နူးစရာကောင်းတယ်
    .....စောင့်ဖတ်နေမယ်နော်...
    ( mie nge )

    ReplyDelete
  5. သူငယ်တန်းတုံးက ပြေးဆော့ရင်း ကျောင်းတိုင်နဲ့ခေါင်းနဲ့ဆောင့်မိတာ မူးပြီးဖင်ထိုင်ကျသွားတယ်...။ နာလွန်းလို့ မျက်ရည်လည်လာပေမယ့် ရှက်လို့ မငိုဘူး....။

    ReplyDelete
  6. သွားကျိုးလေးနဲ့ တုံးလုံးလေးဆို ချစ်ဖို့ကောင်းမှာပဲ၊ သနားပါတယ်

    ReplyDelete
  7. အိုက်ယား တီတီဆွီ အစားနာလိုက်တာ ကျွတ်ကျွတ်(ကူနာပေးတာနော် ကျေးဇူးတင်နော်)
    ဟုတ်တယ် တီတီဆွီရေ အချိန်တွေ ကုန်မြန်တယ်ဗျိုးးးးးးး ငယ်ငယ်က ကလေးဘဝကို တမ်းတ မိတာတော့ အမှန်ပဲ ပြန်မရနိုင်တော့တဲ့ လွမ်းစရာလေးတွေရယ်ပေါ့ ညီမကတော့ ကျောင်းမှာ ဖိုက်တာပဲ လူကောင်ကသေးသလောက် သူများတွေ အနိုင်ကျင့်မှာစိုးလို့ဆိုပြီး ထင်တိုင်းကြဲနေတာလေ ယောက်ျားလေးတွေဆိုရင် လက်လန်တယ် ညီမ ကို ခိခိ အဲဒါလေးတွေ ပြန်တွေးလိုက်တိုင်း လွမ်းရတယ် ဂျာ အဟီး ငိုပြီ ဗြဲဟဲဟဲ

    ReplyDelete
  8. ဟိုတနေ့က အဲဒီနားကိုရောက်တော့ သမီးလေးကို သူ့ကြီးတော်နဲ့ အတူတူ လမ်းလျှောက်သွားတာ လှမ်းတွေ့လိုက်တယ်...။ ဓါတ်ပုံထဲမှာ တွေ့ပြီး သေသေချာချာ မှတ်မိနေတော့ ဆွိသမီးလေးပဲလို့ တွေ့တာနဲ့ သိလိုက်တယ်... သွားကျိုးလေး ပေမယ့် တကယ် ချစ်စရာကောင်းပါတယ်...။ တကယ်ပြောတာပါ.. ဟဲဟဲ...
    (တန်ခူးလို အကြံမျိုးလဲ ရှိတာပေါ့လေ...)
    သမီး ဖေဖေ မကြားပါစေနဲ့နော်...

    ReplyDelete