Tuesday, February 9, 2010

ဂျူဂျူနဲ့ အောင့်သက်သက်များ

ခလေးတွေများ ဟန်ဆောင်မှုမရှိ။ စိတ်ထဲရှိရာ ပြောကြတာပဲ။ ကိုယ်တွေငယ်ငယ်ကဆို ဧည့်သည်ရှေ့ အလိုက်ကန်းဆိုးမသိ ဟိုဟာပူဆာ၊ ဒါပူဆာဆို အမေက မျက်လုံးနဲ့ ပြူးပြ၊ မျက်မှောင်တွေ ကျုတ်ပြနဲ့။ တစ်ခါတစ်လေ ပေါင်တွင်းကျောတို့ ဗိုက်တွင်းကျောတို့တောင် လိမ်ဆွဲခံရသေးတယ်။ ကိုယ့်မလဲ မဂျူဂျူနဲ့ တစ်ခါတစ်လေ ဂွကျရတယ်။

တစ်ခါသား အောက်ထပ်က ဗမာဆိုင်လေး ဈေးဝင်ဝယ်တော့ ကိုင်နေကျ wallet က မပါခဲ့ဘူး။ မေ့ပြီး အကြွေအိပ်ကလေးပဲ ဆွဲပြီးထွက်လာခဲ့တာ။ ပစ္စည်းတွေလဲ ယူပြီးရော ပိုက်ပိုက်ပေးမယ်ကြံတော့ ပိုက်ပိုက်က မလောက်တော့ဘူး။ ဒါနဲ့ အကြွေးဝယ်ရမှာ အားနာလို့ အစ်မပိုက်ဆံအိပ်လေးမေ့နေလို့။ နောက်မှ တစ်ခေါက်ထပ်လာဝယ်မယ်လဲ ပြောရော။ မေမေမှာ ပိုက်ချန်အိပ်ပါတယ်။ ဒါပေမဲ့ အထဲမှာ အကြွေတွေချည်းပဲပါတယ် ဆို ၀င်ပြောလို့ မဂျူဂျူနဲ့ အရှက်ကွဲရပါရောလား။

ဟိုတစ်လောကလဲ ဧည့်သည်တွေလာတော့ အပြန်လိုက်ပို့ရင်းနဲ့ တစ်နေရာသွားစားကြတယ်။ ကိုယ်ကလဲ ဘာရယ်မဟုတ် အဲဒီနေ့မယ် အကျီအသစ်၊ လက်ကိုင်အိတ်ကလဲ အသစ်နဲ့ လက်စွတ်လေးတောင် အသစ်ကလေး ၀တ်ထားမိတာ။ မှတ်မိတာကတော့ နယူးရီးယားလို ဒစ်စကောင့်ချိန် ၀ယ်ထားတာနဲ့ သွားစရာရှိတာနဲ့ ကြုံကြိုက်သွားတာဖြစ်မယ်။ ကားပေါ်လဲကျရော မဂျူဂျူတို့ မအေနားထိုင်ပြီး အငြိမ်မနေ။ ဧည့်သည်တွေရှေ့ မအေ၀တ်ထားတဲ့ဟာတွေ တစ်ခုပြီး တစ်ခုကိုင်ကြည့်ပြီး မေမေ့ အကျီကြီးက အသစ်ကြီးနော်။ မေမေဘယ်တုံးက ၀ယ်လိုက်တာလဲဟင်။ မေမေ့ အိတ်ကလဲ အသစ်ပဲနော်။ ဂျူဂျူလဲ ကျောပိုးအိတ် အသစ်လိုချင်တယ်။ ဂျူဂျူ့လဲ အသစ်ဝယ်ပေးရမယ်နော်။ ဟင် ... မေမေဘာလို့ ဒီနေ့ လက်စွတ် အသစ်ကြီး ထုတ်ဝတ်လာတာတုံး ... ဂျူဂျုနဲ့တော်လား၊ မတော်လား ၀တ်ကြီးဦးမယ်ဆို အတင်းဆွဲချွတ်လိုချွတ် နဲ့ ဧည့်သည်တွေရှေ့ အရှက်ကွဲခဲ့ရပြန်ပါရော။ ဧည့်သည်တွေကတော့ ကိုယ့်အဖြစ်ကိုကြည့်ပြီး ပြုံးစိစိနဲ့။

ဟိုအပတ်ကလဲ ဖိုရမ်က မိတ်ဆွေတွေနဲ့ gathering ရှိလို့ဆို သားအမိနှစ်ယောက် သွားကြဘို့ရာ ထုံးစံအတိုင်း ဒေါ်ဆွိတီတို့ လှတပတဖြစ်အောင် ပြင်ဆင်ပေါ့လေ။ မက်စ်ကာရာတွေ ဘာတွေတောင် မသုံးစဘူးသုံးလို့။ အဲဒီမှာ လမ်းလဲရောက်ရော မီးပွိုင့်တစ်ခုမှာ ကားခဏရပ်တော့ မဂျူဂျူတို့ ကားနောက်ကြည့်မှန်ကနေ မအေကို ကြည့်ပြီး အားပေးလိုက်တာ ... မေမေ ... မေမေ ... မေမေက တရဲမကြီးနဲ့တူတယ်နော် ... တဲ့ ... သူပြောတာကြားတော့ လှတပတ ပြင်ဆင်ထားတယ်လို့ ထင်နေတဲ့ ဒေါ်ဆွိတီတစ်ယောက် ဘာပြန်ပြောရမှန်းမသိ။ ခဏကြောင်သွားသေးတယ်။ နောက်မှ သတိဝင်လာပြီး ဟဲ့သမီးရဲ့ ကိုယ့်အမေကို ဘာလို့ သရဲမကြီးနဲ့တူတယ်ပြော ရတာလဲဆိုတောမှ့ မဂျူဂျူတို့ မအေစိတ်ဆိုးမှန်းသိတော့ စပ်ဖြီးဖြီးနဲ့ ဖြောင့်ချက်ပေးပါတယ်။ မေမေ ဂျပင်တွေက ညက်စိနားကို အုပ်နေလို့ ပြီးတော့ ညက်လုံးအောက်မှာလဲ အမဲရောင်တွေ နဲ့ တရဲမကြီးနဲ့ တူလို့ တူတယ်လို့ ဂျူဂျူက ပြောတာပါတဲ့ ... ကောင်းရော။ သမီးလေးတစ်ယောက်မွေးထားပါတယ်။ မွေးရကျိုးတွေ နပ်ချက်တော့။ ။

7 comments:

  1. ဖြစ်ရလေ...ဆွိရယ်...ဟား ဟား...ကလေး နဲ့ အရူးဟာ အမှန်တွေပဲ ပြောသတဲ့လေ....:))

    ReplyDelete
  2. တကယ် အားကိုးရတဲ့ သမီးပဲ...
    နောက်ဆို အိမ်ကမထွက်ခင်ကထဲက စည်းဝါးရိုက်ခဲ့ပေါ့ ဆွိရဲ့...း))

    ReplyDelete
  3. ဟုတ်တယ်တီဆွိရဲ့... အခုခေတ်ကလေးမလေးတွေကမလွယ်တော့ ဘူး။ သူကမမြင်ဖူးနေကျမို့ ပြောတာဖြစ်မှာပါ...တီဆွိကလှမှာပါး)

    ReplyDelete
  4. ဟီး အနော်ငယ်ငယ်ကလိုပဲ ...

    ReplyDelete
  5. ဟိုးအပေါ်က ဒေါ်ချစ်ကြည်နဲ့ ... ဒေါ်သက်ဝေတို့ ... ခလေးက များကို တရဲမကြီးဆိုတော့ ၀မ်းသာအားရနဲ့ လာမန့်သွားတယ်ပေါ့ လေ ... ဟွန်းဟွန်း ... နောက်တစ်ခါ တော်တို့ကို တွေ့၇င် သမီးကို သင်ပေးထားမယ် ... အဲဒီအန်တီတွေကို လဲ .... ... ... ... ... .. ...

    ဘာမှ ဟုတ်ပါဘူး။ ခင်လို့နောက်တာပါ။

    ReplyDelete
  6. :P
    ကလေးတွေက သူတို့စိတ်ထဲရှိတာ ပြောတာနော်... စိတ်ဆိုးရလည်း အခက်..ငြိမ်နေရအခက်..

    ReplyDelete
  7. ဒါလေးဖတ်ပြီး သတိရသေးတယ် သားပြောတာကို။ ဟိုတလောလေးက သနပ်ခါးပါးကွက် မညီမညာလိမ်းပြီး ရိုက်ထားတဲ့ ဓာတ်ပုံကို သားက မေမေက ဒရက်ကူလာကြီးနဲ့တူတယ်တဲ့လေ။ ဟဟ။

    ReplyDelete