Monday, February 15, 2010

Morning Sickness => ဟာသမဟုတ်


မနေ့က အသိတစ်ယောက်ရဲ့ ညီမ၀မ်းကွဲလေး ဆေးရုံတက်ရတယ်လို့ ကြားပါတယ်။ ဘာလို့လဲ စပ်စုကြည့်တော့ ကိုယ်ဝန် ၂လလောက်အချိန် ဘာအစာမှစားမရပဲ၊ အစာစား အစာပြန်အန်၊ ရေသောက် ရေပြန်အန်နဲ့ အတော်ဆိုးနေလို့ အဟာရပြတ်ပြီး ဆေးရုံတင်ရတဲ့ အဆင့်ရောက်ပါတယ်။ ဒီတစ်ခါနဲ့ဆို ၂ကြိမ်မြောက်တက်ရတာပါတဲ့။ ခလေးမလေးက အရင်ထဲက ပိန်ပိန်ပါးပါး နုနုလေး၊ လေတိုက်တာနဲ့တောင် လဲမယ်ထင်ရတာ၊ ခုလိုဖြစ်တယ်ဆိုတော့ စိုးရိမ်မိပါတယ်။ ဟိုတစ်လောကလဲ ကိုယ်ဝန်ရှိစ အသိညီမလေးတစ်ယောက် အန်ချင်တာ အရမ်းဆိုးနေလို့ဆို ဖုန်းဆက်ပြီး ငိုနေလို့ အားပေးခဲ့ရပါသေးတယ်။

အဲဒီရောဂါကို အင်္ဂလိပ်လို Morning Sickness ခေါ်ကြတယ်။ ကိုယ်ဝန်ရှိကာစ မနက်ပိုင်း အိပ်ရာထစအချိန်တွေမှာ အဖြစ်များလို့ပါ။ ဗမာလိုဆိုရင်တော့ နာမည်က ဆိုးပါတယ်။ အရပ်အခေါ် ၀မ်းကြီးနာစွဲတယ် ခေါ်ကြတယ်။

ကိုယ်လဲ သမီးကို ကိုယ်ဝန်ဆောင်ခဲ့ဘူးသူဆိုတော့ အဲဒီဝေဒနာရဲ့အကြောင်းကို ကောင်းကောင်းသိပါတယ်။ ကိုယ့်တုံးကလဲ တော်တော်ခံစားခဲ့ရတာကိုး။ တစ်နေရာရာက နာကျင်တာမျိုးကို နဖူးတိုက်၊ ဒူးတိုက်ခံစားလိုက်ချင်သေးတယ်။ တစ်ချိန်လုံး တပျို့ပျို့တအန်အန်၊ အစားပျက်၊ အသောက်ပျက်နဲ့ နေရဆိုးတဲ့ကို ဝေဒနာကိုတော့ မခံစားလိုပါ။ အဲဒါကို ပြောပြရင်လဲ မခံစားဘူးတဲ့ အမျိုးသားထုက ရာနှုံးပြည့်တော့ နားလည်မှာ မဟုတ်ပါဘူး။ ဆေးပညာအရဆို သဘာဝကြီးက ခန္ဓာကိုယ်ကို ခလေးတစ်ယောက်နေနိုင်အောင် ကိုယ်တွင်းဟိုမုန်းတွေ ပြောင်းလဲလို့ ဒီဝေဒနာတွေ ခံစားရတာပါတဲ့။

ကိုယ်အဲဒီအချိန်က ခလေးမီးဖွားပြီးခါစ သူငယ်ချင်းတစ်ယောက်ကိုမေးကြည့်တာ Morning Sickness ဝေဒနာ ခံစားရတာနဲ့ ခလေးမီးဖွားရတာ ဘယ်ဒင်းက ပိုခံရလဲဆိုတော့ သူပြောတာက ခလေးမွေးတာခဏပဲ ။ မနာဘူးမဟုတ်ဘူး။ နာတယ်။ ဒါပေမဲ့ နာပြီး မွေးပြီးရင် ပြီးတာပဲ။ ခလေးမျက်နှာမြင်တော့ ပျောက်ရော။ ဟိုဝေဒနာကတော့ ၄-၅-၆လ တောက်လျောက် တရိရိနဲ့ နေလို့မကောင်းပဲ ခံစားရတာဆိုတော့ အဲဒီ ဝေဒနာ က ပိုဆိုးပါသတဲ့။ သူကတော့ မီးဖွားခါနီးအထိ တော်တော်ခံခဲ့ရတာပါ။ လူတိုင်းတော့လဲ အဲလောက်မဆိုးပါဘူး။ လုံးဝကို မခံစားရသူတစ်ချို့တောင် ရှိပါတယ်။

ကိုယ့်တုံးက အဖြစ်အပျက်လေး ဖောက်သည်ချရဦးမယ်။ ခလေးရှိတယ်လို့ စသိရချိန်ကစလို့ ပျို့ချင်၊အန်ချင်တဲ့ရောဂါ ဖြစ်ရပါတယ်။ အနံ့အသက်၊ ဟင်းနံ့၊ ဆီသတ်နံ့ ဘာနံ့မှ ခံလို့မရတော့ ဟင်းလဲမချက်နိုင်။ ဘာမှ စားချင်တဲ့စိတ်မရှိ။ အစာအိမ်နားလောက်က လေလုံးကြီး တက်တက်လာပြီး နေရထိုင်ရဆိုးပါတယ်။ အိမ်မှာနေရင် အိပ်ရာထဲ လဲနေပါတယ်။ ထူးဆန်းတာက ရုံးသွားပြီး အလုပ်ထဲရောက်နေရင်တော့ မေ့နေတတ်ပါတယ်။ ညနေဆို တက္ကစီစီးပြီး ပြန်တာများပါတယ်။ ရထားပေါ်၊ ဘတ်စ်ကားပေါ် ရုပ်ပျက်ဆင်းပျက် အံမိမှာစိုးလို့ပါ။ တက္ကစီနဲ့ ပြန်ကာမှ တက္ကစီက သားရေနံ့ အနံ့ အသက်တွေကလဲဆိုးတော့ တစ်လမ်းလုံး အန်ချင်ပါတယ်။ အန်ဘို့ အဆင်သင့်ဖြစ်အောင် ကျွတ်ကျွတ်အိပ်လေး လက်ထဲကိုင်လို့ စီးရပါတယ်။ ဒါပေမဲ့ သစ္စာရှိပါတယ်။ ကားပေါ်ဘယ်တော့မှ မအန်ပါ။ ဟော အိမ်ရောက်တာနဲ့ တက်စီပေါ်ကဆင်း၊ အိမ်ပေါ်အမြန်တက် ရေချိုးခန်းထဲအပြေးဝင်ပြီး ၀မ်းသာအားရ အန်တော့တာပဲ။ အဲဒီအချိန်မယ် အန်ရတာများ အရသာရှိလိုက်တာလို့တောင် ပြောရမလိုပဲ။ အဲလို အန်လိုက်ရမှ နေရထိုင်ရ တော်တော် သက်သာသွားပါတယ်။

ူရုပ်ရှင်တွေထဲမှာလဲ ဗမာကားတင်မှမဟုတ်။ ဘယ်နိုင်ငံက ရုပ်ရှင်ကြည့်ကြည့် မင်းသမီး ပျို့ပြီ၊အန်ပြီဆို ... "အော ... ဟိုဟာဖြစ်ပြီ " ဆို သဘောပေါက်။ ဒါဟာတကယ်တော့ တကယ့်သဘာဝကို ထင်ဟပ်ပြတာပါ။ အပြင်မှာလည်း တကယ်ဖြစ်တတ်တာကို ပြတာမှို့ ဒီအခန်းမျိုးဟာ ရိုးအီနေပြီရယ်လို့ ပြောလို့ မရပါဘူး။ အဲဒီအကြောင်း လူတွေ ရယ်စရာလုပ်ပြောကြတယ်။ လူပြက်တွေ ပြက်ကြတာတွေလဲ ရှိဘူးပါတယ်။ ဟိုနေ့ကတောင် အိမ်မှာနေတဲ့ မောင်လေးတစ်ယောက် နေမကောင်း မူးချင် အန်ချင်တယ်ဆိုတာနဲ့ " ဟေ့ ... ဖိုးဇော်တော့ ဗိုက်ကြီးနေပြီနဲ့တူတယ်ကွ ... အန်ချင်တယ်ပြောနေတယ် ..." ဆို ... ရယ်စရာ လုပ်ကြတယ်။ အပြင်မှာ ဒီကိစ္စကို ခုလို ရယ်စရာလုပ်ပြောနေကြပေမဲ့ တကယ်ခံစားရတဲ့ မိခင်လောင်းတွေမှာတော့ ဆေးရုံတက်ရသူတက်ရ၊ ဝေဒနာကြောင့် အိပ်ရာပေါ်လဲကြ၊ တကယ်ခံစားရတာဆိုတော့ ရယ်စရာဖြစ်မယ် မထင်ပါဘူး။ ကိုယ့်ရဲ့ရင်သွေးလေး လွယ်ထားရတယ်ဆိုတဲ့ ပီတိကြောင့်သာလျင် ဒီဝေဒနာကို ခံစားရပေမဲ့ စာဖွဲ့မနေကြပဲ သည်းခံပြီး နေလို့ရနေကြတာပါ။

ရုပ်ရှင်တွေထဲလဲ ဒီအကြောင်း ခဏခဏကြည့်ရဖန်များလို့ အရွယ်မရောက်သေးတဲ့ ခလေးလေးတွေတောင် ဘုမသိဘမသိ ၊ ဒီအဖြစ်ကို သိကြပါတယ်။ " ဟာသမဟုတ်" ဆိုပေမဲ့ အိမ်မှာနေတဲ့ ယောက်မရဲ့ သားလေးငယ်ငယ်က ကြုံရတဲ့ ရယ်စရာဟာသလေးတစ်ခု ပြောပြဦးမယ်။ အတူနေ ယောက္ခမအဖေကြီးက စိတ်ကဆတ်ဆတ်နဲ့ ခပ်တည်တည်နေတတ်သူပါ။ တစ်နေ့ ၅နှစ်အရွယ် သားလေးနဲ့ ယောက္ခမဖြစ်သူ အသက် ၇၀ကျော် အဖိုးတို့ အိမ်ရှေ့မှာ တီဗီအတူကြည့်ကြတယ်။ ရုပ်ရှင်ထဲမယ် ထုံးစံအတိုင်း မင်းသမီးနဲ့မင်းသား အိမ်ထောင်ကျ။ နောက်တစ်ခန်းနေတော့ မင်းသမီး အော့အန်တဲ့ အခန်းပြပါတယ်။ အဲဒီမှာ ဗီဒီယိုကြည့်တိုင်း အဒေါ်တွေ၊ အကိုတွေပြောဖန်များလို့ နားရည်ဝနေတဲ့ ၅နှစ်ခလေးက တီဗီကြီးကို လက်ညှိုးထိုးပြီး အားရပါးရ " အဘ .... အဘ ... ကြည့် ... အဲဒါ ဗိုက်ကြီးတာဗျ ... အဘ သိလား ..." ဆို ထအော်ပါရောတဲ့။ ဒီတော့ စိတ်ဆတ်တဲ့ အဖိုးလုပ်သူက " မအေဘေး ... လူကျ လက်တောင့်လောက် ... ဒါကျ သိလားကွ ..." ဆိုပြီး စိတ်တိုတိုနဲ့ တီဗီကြီး ၀ုန်းဆို ထပိတ်လိုက်ပါရောတဲ့။

လူတွေဟာသလုပ်ပြောနေတဲ့ မိန်းခလေးများ ကိုယ်ဝန်ရှိစမှာ ခံစားရတဲ့ Morning Sickness ဝေဒနာဟာ လူတွေ ဟာသလုပ်သလောက်၊ နောက်ပြောင်ပြောသလောက်တော့ ခံစားရတဲ့ အမျိုးသမီးများမှာတော့ ဟာသဖြစ်မနေဘူးဆိုတာ အမျိုးသားများ နားလည်သဘောပေါက်ပြီး ကိုယ့်ရဲ့ ဇနီး မိခင်လောင်းကို ကိုယ်ချင်းစာ စောင့်ရှောက်နိုင်ကြပါစေသော်။

အပေါ်မှ သရုပ်ဖော်ပုံကို ဒီလင့်ခ်က ရပါသည်။

9 comments:

  1. မနေ့ညကတည်းကတိတ်တိတ်ကလေးလာဖတ်ပြီးသား

    ReplyDelete
  2. ဟာသ မဟုတ် ကို ဖတ်ရတာ မျက်ရည်တောင်လည်တယ်

    ReplyDelete
  3. သရုပ်ဖော် ပုံလေးကလည်း တော်တော် ကောင်းတယ်

    ReplyDelete
  4. အစ်မကွန်း ... လာအားပေးတာ ကျေးဇူးအစ်မ။

    မသီတာရေ ပုံလေးက အင်တာနက်ထဲက ရှာထားတာပါ။
    အစ်မပြောမှ သတိရလို့ ပို့စ်ထဲမှာလဲ လင့်လေးပြန်ထည့်ပေးလိုက်ပါတယ်။ ကျေးဇူး အစ်မသီတာ။

    ReplyDelete
  5. ဟာသ မဟုတ်ပါ...
    ထို့ကြောင့် လုံးဝ (လုံးဝ) မရယ်သွားပါ...။
    မသီတာလိုပဲ မျက်ရည်များသာ လည်ပြီး ပြန်သွားပါပြီ...

    ReplyDelete
  6. တို့ တုန်းက သူများလို့  မနက် ညနေတောင် မဟုတ်ဘူး… တနေကုန်… မအန်တဲ့ဆေး တနေ့ ၃ခါ သောက်ရတယ်… အိမ်နားလေးက GPကို မအန်တဲ့ဆေးပုံမှန်တောင်းရတယ်… ၅လခွဲအထိ အလူးအလဲ ခံစားခဲ့ရတာ သူငယ်ချင်းရေ… ဘာမှ လှည့်မကြည့်ချင်လို့  အိမ်က အမျိုးသားပဲ စားဖိုမှုး… ဆံပြုတ်အဖြူထည်လေးပဲ သောက်ဖြစ်တာ… ဒီပို့ စ်ဖတ်ပြီး ဆေးရုံမတက်ရတာ ကံကောင်းလို့  တွေးမိတယ်… အဲဒီလောက် အစားအသောက်ပျက်တာ ခလေးတော့ ပိန်တော့မှာပဲလို့  ထင်မိတာ… မွေးလာတော့ ၉ပေါင်ခွဲဆိုတော့ အတော်ကို အံ့သြမိတာ… အဲဒီညီမလေးကို မအန်တဲ့ဆေးသောက်ကြည့်ပါလားလို့  တိုက်တွန်းကြည့်ပါလား သူငယ်ချင်းရေ….

    ReplyDelete
  7. အမေတွေ တွေ့ရင်အရမ်းအားကျတာပဲ၊ အဲလို အန်ချင်စိတ်တောင်ပေါက်တယ် :)

    ReplyDelete
  8. အော် အမ ရေး မှ အမေ လဲ ဆု တို့ မောင်နှမ ၄ ယောက်ကို မွေး တာ တယ် မလွယ် ပါ့ နော်... တော်တော် ကြိုးစား ရ မှာ။။

    ReplyDelete
  9. အစ်မလဲလေ သမီးကို ကိုယ်ဝန်ဆောင်ပြီးတဲ့နောက်ပိုင်း လမ်းမှာပဲဖြစ်ဖြစ် ခလေး၃-၄ယောက်နဲ့ အမေတွေတွေ့ရင် အံ့သြချီးကျူးမိတယ်။ ဟိုးခေတ် အဘွားတွေ ခေတ်ကဆို တစ်ဒါဇင်လောက်မွေးတာနော်။ တော်ချက်တော့။

    ReplyDelete