Sunday, February 21, 2010

ဂျူဂျူး + Study + mother = ဂျူဂျူး+ pressure


ဂျူဂျူး အကြောင်းလေးတွေ ခဏခဏရေးတာ စင်္ကာပူက မေမေတွေ အတွက် ခလေးကျောင်းနဲ့ ပတ်သတ်ပြီး ဗဟုသုတလည်းရစေ၊ ခလေးတွေနဲ့ ပတ်သတ်တဲ့ ကိစ္စလေးတွေ သိရအောင် ရည်ရွယ်ပါတယ်။ မိမိနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံလေးတွေ ဖလှယ်လိုကလည်း ဖလှယ်နိုင်ပါတယ်။

ခုတလော ဒေါ်ဆွိတီတစ်ယောက် အရေးတော်ပုံပေါ်နေပါတယ်။ ဂျူဂျူးနဲ့ပတ်သတ်ပြီးတော့ပါ။ သမီးနဲ့ နေ့စဉ်ကျောင်းစာတွေအတူလုပ်ရင်း အအားမရတဲ့ သမီးကိုကြည့်ရင်း ဖိအားပေးသလိုများ ဖြစ်နေပြီလားဆို ခဏခဏတွေးမိပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်ပါ သမီးနဲ့ ပတ်သတ်ပြီး မအားရ၊ မနားရနဲ့ စိတ်ဖိစီးမှုတွေ ရှိလာလို့ပါပဲ။ ဟိုတစ်နေ့က ညအိပ်ရင်းနဲ့ ခလေးကို စာသင်တဲ့ အိပ်မက်တွေ နိုးတစ်ဝက် တောက်လျောက်မက်နေခဲ့တယ်။

ဂျူဂျူလေး သူငယ်တန်း (K1 နဲ K2 တွေ ) တက်တုံးက ခလေးငယ်သေးတယ်ဆို တမင် လွှတ်ထားခဲ့ပါတယ်။ ကျောင်းစာနဲ့ ပတ်သတ်ပြီး သိပ်ဖိဖိစီးစီး မကြပ်မတ်ခဲ့ပါဘူး။ အိမ်မှာ အင်္ဂလိပ်စာနဲ့ တရုတ်ဆရာမခေါ်သင်တာ၊ သင်္ချာကို ကိုယ်တိုင်သင်ပေးတာကလွဲလို့ ခလေးကို ကစားချိန်၊ တီဗီကြည့်ချိန်တွေ၊ ဂိမ်းကစားချိန်တွေကိုလဲ သိပ်ကန့်သတ်မထားပါဘူး။ ခလေးဘ၀ လွတ်လွတ်လပ်လပ် ပျော်ပါစေပေါ့။

အဲဒီရဲ့အကျိုးဆက်ကတော့ သမီး မူလတန်း(Prmary 1) စတက်တော့ အတန်းကို ခွဲတဲ့နေရာမှာ သမီးဟာ ထိပ်ဆုံးတန်းမှာ မရောက်နေတဲ့ အပြင် အလယ်ရဲ့ နောက်နားမှာကပ်နေပါတယ်။ သူတို့ Orientation နေ့က ခလေးတွေကို စာစစ်တော့ သမီးက သိပ်ဖြေနိုင်ခဲ့ပုံမရပါဘူး။ ဒီတော့ စလုံးမှာနေတာကြာပြီဖြစ်တဲ့ ဒေါ်ဆွိတီတို့ Kiasu စိတ်က ဆတ်ကနဲ နိုးထလာပါတယ်။ သမီးကို တော်စေ တတ်စေချင်တာပါ။ အတန်းထဲမှာလဲ သမီးဟာ အလယ်အလတ်လောက်ပဲ ရှိတယ်လို့ထင်ပါတယ်။ သမီးကို ကျောင်းစာကိစ္စနဲ့ ပတ်သတ်ပြီး ညှာနေလို့မရတော့။ ကြပ်မတ်မှ ဖြစ်တော့မယ်ဆို စဉ်းစားမိပါတယ်။

အမှန်တကယ်ကတော့ ကိုယ်ကမကြပ်မတ်လဲ ခလေးဟာ သူ့ဟာသူကို ကျောင်းကအိမ်စာတွေ၊ ကျူရှင်က အိမ်စာတွေနဲ့ လုံးလည်လိုက်ပြီးသားပါ။ ဒီကြားထဲ Piano သင်တန်းကလဲ အိမ်စာပါပါတယ်။ ညညဆို ဒို -ရေ-မီ ... မီ-ရေ-ဒို ဆို ဂီတသင်္ကေတ တွေလဲ သင်ပေးရ လိုက်လုပ်ပေးရပါသေးတယ်။ သူ့ပီယာနိုသင်တန်းက အမေပါလိုက်တက်ရတဲ့ သင်တန်းပါ။ ခလေးတွေ ငယ်သေးတော့ မလိုက်နိုင်ရင် မအေလုပ်သူက အိမ်မှာ guide လုပ်နိုင်အောင် စီစဉ်ထားတာပါ။ သူစာမရရင် ဆရာက ကိုယ့်ကိုကြည့်ပါတယ်။ အိမ်မှာ train မလုပ်ပေးဘူးလားဆိုတဲ့သဘော။ သူကလဲ ခလေးတင်မက မအေပါ pressure ပေးပါတယ်။ အဲဒီတော့ သမီးရေ ရေကူးသင်တန်းကပါ အိမ်စာပါရင်တော့ ညည အမေရေဇလားလေးပါဝယ် ရေဖြည့်ပြီး၊ သမီးကိုကူးခိုင်းနေရမယ်ဆို ရယ်စရာပြောတော့သမီးက မျက်လုံးလေးပြူးပြီး ပြောပါတယ်။ " ရေကူးသင်တန်းကလဲ အိမ်စာပါတယ်လေ ... မေမေကလဲ။ အန်ကယ် Weddy က ညအိပ်ခါနီးတိုင်း အဲလို အဲလို မှောက်ပြီး လက်ကို ခတ်၊ ခြေထောက်ကိုကွေးပြီး လေ့ကျင့်ရမယ်လို့ပြောတယ် ... " ဆိုပြီး သူ့အိပ်ရာပေါ်တင် လုပ်ပြနေလို့ ရယ်ရပါသေးတယ်။

အရင်က ညနေ ၆နာရီကနေ ည၈နာရီအထိ သူ့အဒေါ်နဲ့ Play ground သွားတတ်တဲ့ မဂျူဂျူဟာ အခုဆို ည၇နာရီမှ ကျောင်းက ပြန်ရောက်ပါတယ်။ လမ်းမှာတွေ့တဲ့ Play ground မှာ ၁၀မိနစ်၁၅မိနစ်လောက် အာသာပြေသာ ၀င်ကစားရပါတယ်။ အိမ်ရောက်တော့ အ၀တ်လဲထမင်းစားနဲ့ ည၈နာရီထိုးသွားပါပြီ။ အဲဒီအချိန်မှာ တီဗွီက သူကြိုက်တဲ့ ကာတွန်းကားလေးတွေ ခဏကြည့်ပြီး စာကြည့်ခန်း ၀င်ရပါပြီ။ တစ်ခါတစ်လေ သူကြိုက်တဲ့ အစီအစဉ်တွေက များလွန်းတော့ သူ့ခမျာ တစ်ခုပြီး တစ်ခု ဆက်ကြည့်ချင်ရှာတော့ မအေကို မျက်နှာချိုသွေးပြီး မေမေ အဲဒါလေး ဂျူဂျူကြိုက်လို့ ဆက်ကြည့်ဦးမယ် ... မအေမျက်နှာ မကြည်တာတွေ့ရင် Please ... Please ... ၅မိနစ်ထဲကြည့်မှာပါဆို မအေ့ဗိုက်နား ခေါင်းလေးခွေ့ လက်လေးငါးချောင်းထောင်ပြတော့ မွေးသမိခင်က စိတ်မကောင်း၊ ကဲကဲကြည့် သမီးလေး အဲဒါလေးပြီးအောင်ကြည့်ဆိုတဲ့ နေ့ဆို စာကြည့်ချိန်က ၉နာရီမှ စရပါတော့တယ်။

စာကြည့်ချိန်စတာနဲ့ ပထမဆုံးသူ့ရဲ့ ကြီးမားလှစွာသော ကျောင်းလွယ်အိပ်ထဲက student diary ကို စကြည့်ရပါတယ်။ အဲဒီထဲမှာ အိမ်မှာလုပ်ရမဲ့ home work တွေ ကို ရေးထားပါတယ်။ student diary ဆိုတာ ဆရာနဲ့ မိဘတွေကို ဆက်သွယ်ပေးတဲ့ စာအုပ်ပါ။ တစ်ခြားပြောစရာရှိရင်လဲ ဒီစာအုပ်ထဲမှာပဲ အပြန်အလှန် ရေးရပါတယ်။ တစ်ချို့ဆရာမတွေကလဲ အိမ်စာတိုင်းကို မရေးပါဘူး။ အဲဒီတော့ student diary ထဲက အိမ်စာလုပ်ပြီးရင် သမီးကို မေးရပါတယ်။ ဒီနေ့ သင်္ချာ ဘာသင်လဲ။ အိမ်စာဘာပေးလိုက်လဲ။ အင်္ဂလိပ်စာကော အစရှိသဖြင့် တစ်နေ့သင်လိုက်တဲ့စာတွေကို ပြန်စစ်၊ မှားနေရင် ဘာလို့မှားရတာလဲ ဆို သမီးနဲ့ review လုပ်ရပါတယ်။ ဒါကို သမီးက ကျောင်းကြီးစာလို့ ခေါ်ပါတယ်။ သမီးဟာ ကျောင်းကြီးစာလုပ်ရမယ်ဆို သိပ်ပျော်ပါတယ်။ စာလဲ သိပ်မများသလို လွယ်လဲလွယ်ပါတယ်။ စာလုပ်မယ်ဆို ကျောင်းကြီးစာကပဲ စလုပ်ချင်ပါတယ်။ နောက်နေ့အတွက် ကျောပိုးအိပ်ပြင်ရတာကိုလည်း ပျော်ပါတယ်။ သူ့ကျောပိုးအိပ်ထဲမှာ ပစ္စည်းမျိုးစုံ ထည့်ရတာ(white board တို့ story book တို့ ၊ ခဲတန်ရောင်စုံ၊ ဘာသာအလိုက် ထည့်ရတဲ့ file အရောင်စုံ၊ အစရှိသဖြင့်) ၊ အချိန်ဇယားအတိုင်း စာအုပ်တွေထည့်ရတာ သိပ်တက်ကျွပါတယ်။ အဲဒီအချိန်မှာ သူဒီလို စီစဉ်ထည့်နေတာကို သူ့ကိုယ်သူ လူကြီးတစ်ဦးလို စိတ်ကြီးဝင်နေသလားထင်ရပါတယ်။ စစ်တိုက်ထွက်ရမဲ့ စစ်သားတစ်ဦး၊ အလုပ်ခွင်ဝင်ရမဲ့ သူတစ်ယောက် ပစ္စည်းကိရိယာတွေ ပြင်ဆင်ထည့်သလိုမျိုးကို စိတ်ဝင်စားတာပါ။ ကျောင်းလဲ အလွန်ပျော်ပါတယ်။

ကျောင်းကြီးကိစ္စပြီးတော့ ဂျူဂျူးရဲ့ ဇာတ်လိုက်ကျော် ကူမွန်လာပါပြီ။ (ကူမွန်အကြောင်း ဖတ်လိုလျင် ဒီကိုနှိပ်ပါ။) ကူမွန်က အိမ်စာအလွန့် အလွန်ကိုများပါတယ်။ ဒါ့အပြင်သူက နေ့တိုင်း အိမ်စာလုပ်ရအောင်လေ့ကျင့်တာဆိုတော့ တခြားဘာရှိရှိ - မရှိရှိ ကူမွန်ကတော့ နေ့စဉ် အိမ်စာလုပ်ဖို့ ကိုတာက ရှိပါတယ်။ သမီးကတော့ အလွန်ပျင်းပါတယ်။ ငြီးငွေ့ပါတယ်။ ကူမွန်က အခြေခံပိုင်အောင်ဆိုပြီး 1-2-3 လက်ရေးလှ ရေးတာကအစ၊ ရေတွက်တာအဆုံး Beginner အနေနဲ့ စပြီး လုပ်ရလို့ပါ။ ခုမှစပြီးလုပ်ရတော့ အလျင်မီအောင်ဆို အိမ်စာတွေ အများကြီးပေးပါတယ်။ စာတွေကလဲ အရင်ကပြောဘူးသလို repeat တွေများပါတယ်။ အရင်က ကိုယ်သင်ပေးနေတာ ခလေးက မနှုတ်နိုင် တစ်ဆယ်ချေး တွေတောင် ရောက်နေပါပြီ။ ရာဂဏန်းတွေကိုတောင် နှုတ်တတ်နေပါပြီ။ ဒီတော့ သူပျင်းတာလဲ မဆန်းပါဘူး။ ဒါပေမဲ့ ကောင်းတာတစ်ခုက ကူမွန်က အိမ်စာတွေ လုပ်ပြီးတဲ့နောက်မှာ သမီးဟာ သူ့တာဝန်သူသိလာတယ်။ Concentration ခေါ်တဲ့ စာအပေါ် စိတ်ပါဝင်စားမှုလဲ ကောင်းလာတယ်။ စာဆိုတာ ဒီလိုလုပ်ရပါလား ဆိုတာ သိလာတယ်။ အရင်က ပေါ့ပျက်ပျက် ... စာရေးခိုင်းရင် တစ်ကြောင်းလောက် ရေးပြီးတာနဲ့ လက်ညောင်းတယ်၊ ရေဆာတယ်၊ လက်နာတယ်၊ အိပ်ချင်တယ် အစရှိသဖြင့် ပြသနာမျိုးစုံရှာတဲ့ မဂျူဂျူဟာ အတော် အပိုးကျိုးသွားပါတယ်။ ဟိုက အချိန်နဲ့မှတ်ပြီး လုပ်ရတာကိုး။ ခုနောက်ပိုင်း စာမကြောက်တော့ပါဘူး။ မအေနဲ့အတူ မငြီးမညူကို လုပ်ရှာပါတယ်။ ဒါကြောင့်ကူမွန်ကို သည်းခံပြီး ဆက်ထားတာပါ။ တကယ်တော့ ကူမွန်ကလဲ ခလေးတကယ်စာလုပ်ရတယ်၊ စာတော်တယ်ဆိုပြီး ခလေးမိဘတွေကြားမှာ ရေပန်းစားနေပါတယ်။

ကူမွန်ပြီးတော့ တရုတ်စာ (သို့) အင်္ဂလိပ်စာနဲ့ ကျူရှင်တွေက ပေးတဲ့စာတွေအပြင်၊ ပီယာနိုစာကိုပါ သမီး မအိပ်ခင် ၁၀နာရီခွဲလောက် အထိ ပြီးသလောက် လုပ်ရပါတယ်။ ဒီနေ့ ပြီးသလောက်မှတ်ထား။ နောက်နေ့ဆက်လုပ်ပေါ့။ တရုတ်စာဆို ကျူရှင် ၂ခုကပေးတဲ့ စာတွေကို ကိုယ်က အင်္ဂလိပ်လိုပြော သူ့ကို တရုတ်အသံ ထွက်ခိုင်းပါတယ်။ ပြီးတော့ ချရေးခိုင်းပါတယ်။ တရုတ်လို နကန်းတစ်လုံးမှ မတတ်တော့ ဒီနည်းနဲ့ guide လုပ်ပေးရတာပါ။ သမီးက တရုတ်စာ တော့ သိပ်မဆိုးလို့ ဒီနည်းနဲ့ အဆင်ပြေပါတယ်။ အိမ်မှာထပ်ကျင့်ပေးရတာက ဆရာမသင်ရုံနဲ့ လုံးဝ မလုံလောက်လို့ပါ။ တစ်ပတ်ကို အချိန်၁နာရီခွဲအတွင်းမှာ ဆရာမကတော့ spelling တွေ အကုန်လုံးကိုတော့ အထပ်ထပ် မလေ့ကျင့်ပေးနိုင်ပါဘူး။ နောက်တရုတ်ဖတ်စာအုပ်ထဲက စာဖတ်ခိုင်းတာတို့ ဗမာလိုပြောပြီး တရုတ်လို ဘာသာပြန်ခိုင်းတာတို့ လေ့ကျင့်ရပါသေးတယ်။

အင်္ဂလိပ်စာဆို ဆရာမ အိမ်စာပေးခဲ့တဲ့ spelling / meaning ကျက်ရတယ်။ နောက် reading အနေနဲ့ story book တစ်နေ့တစ်အုပ်ဖတ်၊ Vocab မသိတာလေးတွေ ရသလောက် လေ့ကျင့်ပေးရပါသေးတယ်။ ခုတော့ ကူမွန်စာ ဖိစီးနေတာနဲ့ အရင်ကလောက် မလုပ်နိုင်တော့ပါ။ နောက်ပြီး မေးခွန်းဟောင်းတွေကို တစ်နေ့ပြီးသလောက် လုပ်ရပါသေးတယ်။ အဲဒီမှာ အမေနဲ့ ပြသနာတက်တာပါ။ မေးခွန်းဟောင်းလုပ်နေရင်းနဲ့ သမီးဟာ အင်္ဂလိပ် grammer အချို့ကို တော်တော်ကို မသိသေးတာတွေ့လိုက်ရလို့ပါ။ သမီးကို အင်္ဂလိပ်စာ ဆရာမ အိမ်ခေါ်ပြီး ကျူရှင်ပေးတာကြာပါပြီ။ အရင်ကသင်ပြီးသားတွေပါ။ ဆရာမလဲသင်ပြီးသား။ အိမ်မှာလဲအမေနဲ့ တစ်ချို့တွေ လုပ်ဖူးလို့ မှတ်မိနေတာပါ။ သူ့အရွယ်လောက် သိနေရမယ်လို့ ထင်နေတဲ့ grammer တွေကို မသိတာပါ။ ဒီတော့ ဒေါ်ဆွိတီလဲ နဲနဲစိတ်တိုပြီး ဒါလေးတောင် မသိရကောင်းလားလို့ သမီးကို အော်ငေါက်မိပါတယ်။ ကျူရှင်ဆရာမ လာတော့လဲ ဆရာမကို ပြောပါတယ်။ တိုင်ပင်ပါတယ်။ သမီးကိုgrammer ပိုင်းကို အလေးပေးလုပ်ပေးဖို့ပါ။ ဒီမှာဆရာမကလဲ အတော် စိတ်မကောင်းပုံရတယ်။ သူ့တပည့်က သူသင်သမျှတွေထဲမှာ အတော်ဆုံး၊ သင်ရအလွယ်ဆုံးဖြစ်နေလို့ပါတဲ့။ တရုတ် ဆရာမတွေဆီကလည်း င်္ဒီလိုကွန့်မန့်မျိုး ကြားဘူးပါတယ်။ ဖြစ်ပုံက ၂-ပတ်-၃ပတ်လောက် ဆရာမက Vocab ဘက်ကို အားနည်းလို့ ဖိနေချိန်၊ အမေကလဲ ကူမွန်စာဘက်ကို ဖိနေချိန်၊ ဆရာမ မြန်မာပြည်ပြန်ချိန်၊ တရုတ်နှစ်ကူး ပိတ်ချိန်တွေနဲ့ ခလေးက အင်္ဂလိပ်စာ နဲ့ နဲနဲ အဆက်ပြတ်သွားတာပါ။ ဟိုးတစ်လ၊ နှစ်လလောက်ကသင်ခဲ့တဲ့ Grammer တွေကို မေ့သွားတာပါ။ ခလေးက ပြောဘူးသလို concentration အရမ်းအားနည်းတော့ သင်တာကို သေချာ မမှတ်သေးပါဘူး။ သင်နေတုံး နားလည်နေသလိုနဲ့ ၃-၄ပတ် လောက် အဆက်ပြတ်ရင်ကို မေ့တာပါ။

စာပိတဲ့အကြောင်းဆက်ရရင် မနက်ကျပြန်တော့ ကျူရှင်မရှိတဲ့ နေ့တွေဆို ကိုယ်မပါလဲဖြစ်တဲ့ အိမ်ခေါ်သင်တဲ့ တရုတ်ဆရာမလေးရဲ့ အိမ်စာ၊ တရုတ်စာတွေ အရေးကျင့်ရပါသေးတယ်။ သူ့အဒေါ်ကိုတော့ ဘယ်လို ကြပ်မတ်ဆို ပြောပြထားရပါတယ်။ သူ့အဒေါ်ခမျာလဲ သူနဲ့ကို အတော်ပင်ပန်းပါတယ်။ ကျူရှင်တွေ၊ သင်တန်းတွေ လိုက်ပို့ပြီဆို သူမပြီးမချင်း ထိုင်စောင့်ရတာပါ။ ဂျူဂျူ့မှာ week end တွေဆိုလဲ သင်တန်းတွေ၊ ကျူရှင်တွေ ရှိပြန်ပါတယ်။ ဒါပေမဲ့ နေ့ခင်းအားချိန်ဆို သူ့ကို ရှော့ပင်းက ရေပန်းလို ကစားလို့ရတဲ့နေရာတွေ၊ Park တွေ လိုက်ပို့တာမျိုး၊ ရုပ်ရှင်လိုက်ပြတာမျိုး ပျော်စရာလေးတွေ လုပ်ရပါတယ်။ Craft လို့ခေါ်တဲ့ hand made post card လေးတွေ၊ ချည်ထိုးတာလေးတွေလဲ ၀ါသနာပါလို့ Library က စာအုပ်လေးတွေငှါးပြီး အမေနဲ့အတူ craft သင်ခန်းစာ လေးတွေ လုပ်ပါတယ်။ အဲဒါလဲ သူ အလွန်ပျော်ပါတယ်။ အချိန်ဇယားဆွဲရတာ၊ အချိန်ဇယားကြည့်လုပ်ရတာကိုလဲ သူအလွန်ပျော်ပါတယ်။ သူ့အတွက် အချိန်ဇယားလေးဆွဲ ပေးထားတာကို သူ့အခန်းထဲမှာ ကပ်ထားပါတယ်။ သေချာတော့ မလိုက်နာနိုင်သေးပါဘူး။

ပြောရရင်တော့ ဂျူဂျူဟာ အတန်းကသာ primary 1၊ စာတွေ၊ ကျူရှင်တွေနဲ့ လုံးလည်လိုက်ပြီး ခလေးဘာသာ၊ ဘာဝ ကစားချိန်၊ ပျော်ပါးချိန် အင်မတန် ရှားနေပါပြီ။ ဒီလိုဖြစ်လာတာဟာ ကိုယ်တိုင်က အကဲပါနေလို့လား။ဆိုတော့ ဖြေပါ့မယ်။ ကိုယ်တိုင်ကလဲ ငယ်ငယ်ကတည်းက စာကြောင်ပါတယ်။ စာကြောက်ပါတယ်။ အမေကလဲ train ခဲ့ပါတယ်။ ဒါပေမဲ့ ဒါ့အပြင် တခြားလူတွေကို လဲ စုံစမ်းကြည့်ပါသေးတယ်။


သမီးပထမဆုံးကျောင်းအပ်တဲ့နေ့က ဗမာလူမျိုး အဖေတစ်ယောက်နဲ့တွေ့လို မေးကြည့်တော့ သူလဲ သူခလေးကို ရှိသမျှဘာသာ အကုန် ကျူရှင်ထားပါတယ်။ တစ်ချို့လဲ အိမ်ခေါ်သင်နဲ့ ဂျူဂျူနဲ့ မခြားနားပါ။ ဟိုဘက်တိုက်က သမီးထက် ၁တန်းကြီးတဲ့ ဗမာခလေးတစ်ယောက်က ပိုတောင်ဆိုးပါတယ်။ သမီးလို ဘာသာစုံကျူရှင်ယူတဲ့အပြင်၊ ပီယာနိုရေကူး သင်ပြီးပါပြီ။ တရုတ်ကို ဆရာမ ၃ယောက် သင်ပါတယ်။ တစ်ယောက်က guide ပါ။ မြန်မာစာကိုလည်း ဘုန်းကြီးကျောင်းတစ်ခုမှာ သွားသင်ပါသေးတယ်။ အဲဒီအတွက်တော့ အင်မတန်ကို ချီးကျူးမိပါတယ်။ သူဆို ထမင်းကိုတောင် သူ့အဖေလိုက်ပို့တဲ့ ကားပေါ်မှာ စားရတာပါတဲ့။ ကိုယ်တွေ၁၀တန်းလောက်က လိုတောင်ဖြစ်နေပါပြီ။

ဒါတင်မက ဂျူ့ဂျူ့ထက် တစ်နှစ် ၂နှစ်ငယ်တဲ့ အိမ်နားက K1,K2 Nusery က ဗမာခလေးတွေရဲ့ မိဘတွေက ပါ ကူမွန်ဆိုတဲ့ အသံကြားတော့ သူတို့လဲ ကူမွန်ထားဖို့ စုံစမ်းနေကြပြီ။ ဘဲလေးသင်တန်းတက်သူနဲ့၊ စကိတ်စီးသင်တန်းတက်သူနဲ့ သူ့ထက်ကဲ၊ ရွှေပြည်စိုးတွေ ချည်းပါတကား။ အင်မတန်မှ Competitive ဖြစ်သော စင်္ကာပူပါတကား။ တစ်ခြားသူတွေက ကိုယ်စီကျူရှင်တွေနဲ့ သင်တန်းတွေနဲ့ဆိုတော့ ကိုယ်မှမထားရင် ကိုယ်မှလိုက်မလုပ်ရင် ကိုယ့်ခလေး နောက်ကောက်ကျမှာ အတန်းထဲစာညံ့နေမှာကို ကြောက်ကြတာပါ။ နောက် PSLE * စာမေးပွဲကလဲ ငယ်ငယ်ကတည်းက ခလေးက အခြေခံကောင်းမှ အမှတ်ကောင်းကောင်းရမှာဆိုတော့ မိဘတွေက ကြောက်လန့်ပြီး ငယ်ငယ်ကတည်းက train ကြတော့တာပါပဲ။ စလုံးတွေလဲ ဒီထက်မလျော့ရင်သာရှိရမယ်။ သူတို့က ပိုလို့သာ ဆိုးပါဦးမယ်။

စာကြွင်း
ခုလေးတင် သမီး အင်္ဂလိပ်စာ မလိုက်နိုင်တဲ့ အကြောင်း oversea ရောက်နေတဲ သမီးအဖေကို ဂျီတော့ ကနေ ပြောပြပါတယ်။ သူဘာပြောတုံး သိချင်ပါလား ပရိတ်သတ်ကြီး။ "ညည်း ငါ့ကို ဖိအားပေးရုံမက ခလေးကိုပါ ဖိအားပေးနေပြန်တာလား။ ဘာဖြစ်ဖြစ် ထားလိုက်။ ငါ့သမီး ဥာဏ်ကောင်းပြီးသား။ူသူ့ဟာနဲ့သူဖြစ်သွားလိမ့်မယ်။ ခလေးကို ဘာမှ ထပ်ဖိအားမပေးပါနဲ့ " တဲ့လေ ... ဒီကလည်း သမီးကို ဖိအားမပေးပဲ လျှောလို့ရမဲ့ နည်းလေးများ ရှာဖွေစုံစမ်းနေပါတယ် ... လို့ ... သမီးလေးကို သနားလို့ပါ။


* PSLE - Primary School Leaving Examination

14 comments:

  1. တစ်နေ့ကပဲ ဖတ်လိုက်ရတာ.. တရုတ်ပြည်မှာတော့ headache, stomach pain, high profile suicide case ဖြစ်လာတတ်တယ်လို့ ရေးထားပါတယ်။ စင်္ကာပူအကြောင်းတော့ မပါပါဘူး။
    http://www.telegraph.co.uk/news/worldnews/asia/china/7027377/Third-of-Chinese-primary-school-children-suffer-stress-study-finds.html

    ReplyDelete
  2. ဒီခေတ်မှာ အမေလဲပင်ပန်း ကလေးလဲပင်ပန်းတယ်နော်။
    ဖတ်ရတာနဲ့တင် မောလိုက်တာ။ အလုပ်တစ်ဖက်နဲ့
    ကလေးကိုလဲ စာသင်ပေးနိုင်တာ ချီးကျူးမိပါတယ်။
    ဒါပေမယ့် စာက တစ်သက်လုံးဖတ်ရမှာ။ ဒီအရွယ်လေးနဲ့ ကြိုးစားနေရတဲ့
    အစ်မသမီးလေးကိုလဲ သနားမိတယ်။

    ReplyDelete
  3. pN ရေ ... ဟုတ်ပါတယ် ... ဒီကိစ္စက စင်္ကာပူ တစ်နိုင်ငံတည်းဖြစ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ အထူးသဖြင့် အာရှနိုင်ငံတွေမှာ ပိုကြားရပါတယ်။ ကိုရီးယား၊ ဂျပန် အတူတူပါပဲ။ မြန်မာနိုင်ငံမှာလည်း ရှိပါတယ်။ တရုတ်ကတော့ one child ပေါ်လစီကြောင့် ပိုတောင်ဆိုးဦးမယ်။ အော်စီတို့ ၊ ကနေဒါတို့လို န်ူငါငံတွေတော့ ခလေးတွေ pressure/stress သိပ်မရှိဘူး ကြားပါတယ်။ သူငယ်ချင်းတစ်ယောက်ဆို ခလေးတွေ စာမလုပ်ပဲ ဒီတိုင်းနေလွန်းအားကြီးလို့ ခလေး ပညာရေးစိုးရိန်လို့ဆို ဟိုရောက်ပြီး ၅နှစ်ကြာမှ ဒီဘက်ပြန်ပြောင်းတာတောင်ရှိပါတယ်။ ဟိုမှာက ခလေးတွေကို သူ့သဘောအတိုင်း စာလုပ်လုပ် မလုပ်လုပ် လွတ်လပ်မှုပေးထားပါတယ်။ စာမေးပွဲလဲ မရှိဘူးကြားပါတယ်။ ခလေးက အဲဒီမှာ ပေါ့ပြီး အခြေအနေတော်တော်ဆိုးနေလို့ ပြန်လာရပါသတဲ့။ ဒီလို အဖြစ်တွေလဲရှိပါသေးတယ်။

    G အတွက် ... ခုခေတ်မှာ ခလေးတွေ ဘ၀က မလွယ်ပါဘူး။ သိပ်သနားစရာကောင်းပါတယ်။ ကျောင်းသွားရင်လဲ လွယ်အိပ်ကအစ အရမ်းလေးပါတယ်။ တခြားမိဘတွေလဲ ခလေးတွေကို ဒီလိုပဲ train ပေးနေရမယ် ထင်ပါတယ်။ စာတွေ မငြီးမငြူ လုပ်နေတဲ့ သမီးကို အရမ်းသနားပါတယ်။ တစ်ခါတစ်ခါ အမေက စိတ်မရှည်ရင် ဆူခံထိတော့ စိတ်ကို မနဲလျော့ထားရပါတယ်။

    ReplyDelete
  4. တီတီဆွိရေ ကလေးကို ကိုယ်ပိုင် အချိန်လေးလည်း ပေးပါဦး။ ကျွန်တော့် သမီးကခု P3၊ တရုပ်စာ တခုပဲ ကျူရှင်ထားသေးတယ်။ တခုတော့ ရှိတယ် သူ့အမေက ကျန်တဲ့ ဘာသာတွေ သင်ချိန်ရှိတယ်။

    မနှစ်က ၃ ဘာသာလုံး ၈၀ ကျော်တော့ ရတာပါပဲ။ အတန်းကလည်း အတော်ဆုံး အတန်းရဲ့ နောက်တတန်းမှာပါ။ တီဗွီကြည့်ချိန်တော့ တနေ့ ၄ နာရီလောက် ဖြစ်နေလို့ ပြန်ကြပ်ရဦးမယ် :)

    ReplyDelete
  5. အဲဒီလောက်တော့ မလိုဘူးထင်တယ် သူငယ်ချင်းရေ.... ၆ နှစ်၊ ၇ နှစ်အရွယ် ကလေးဖက်က နဲနဲတော့ စဉ်းစားပါအုံးလေ... ပြီးတော့ ကျူရှင်ဆိုလဲ တဘာသာ တခုဆို တော်ရောပေါ့...

    သိပ်မလိုတဲ့ အပြင်အလုပ်တွေကို နဲနဲလျှော့ချလိုက်ရင် သမီးအတွက် အချိန်ပိုတွေ ထွက်လာမှာပါ... အဲဒီအချိန်တွေမှာ အင်္ဂလိပ်စာကို များများဖတ်ခိုင်းလိုက်ရင် ဥာဏ်ကောင်းပြီးသား သမီးအတွက် Spelling, Meaning နဲ့ Grammer ဆိုတာ အထူးတလည် သင်နေ၊ ကျက်နေရမယ့် အရာတခု မဟုတ်ဖူးလို့ မြင်ပါတယ်...

    ကိုယ့်သားသမီးလေးတွေကို အတတ်ပညာ အသိပညာ အားလုံးကို ထူးထူးချွန်ချွန် သင်ကြား တတ်မြောက်စေချင်တာ မိဘတိုင်းရဲ့ စေတနာပါ... ဒါပေမယ့် ကိုယ်အလိုရှိတိုင်း ကလေးကို အတင်း တွန်းထိုးပြီး ဖိအားပေးနေမယ်ဆိုရင် ရည်ရှည်မှာ ကလေးအတွက် သိပ်မကောင်းပါဘူး... ကိုယ့်ဆန္ဒတွေကို သိပ်ရှေ့တန်းမတင်ပဲ ကလေးကို သက်တောင့်သက်သာ ထားစေချင်ပါတယ်... ကလေးက သိပ်ငယ်ပါသေးတယ်...။

    ReplyDelete
  6. ကိုကိုထက်နဲ့ အန်တီသက်ဝေရေ ... အခုလို အကြံလေးတွေ ပေးတာ ကျေးဇူးပါ။ ဒီပို့စ်ကို တင်တဲ့ ရည်ရွယ်ချက်က အခုလိုအကြံဥာဏ်လေးတွေ လိုချင်လို့လဲ ပါပါတယ်။

    ပီယာနိုဖြုတ်မယ်ကြံတော့ သမီးက ဆက်တက်ပါရစေလို့ ပြောလာပါတယ်။ သမီးက သီချင်းလေးတွေဆိုလိုက် ၊တီးလိုက်လုပ်ရတာကိုလဲ ၀ါသနာပါနေပြန်တယ်လေ။ တရုတ်၂ခုဖြစ်နေတာကတော့ ရေရှည်မရည်ရွယ်ပါဘူး။ တစ်ခုကို မကြာခင်မှာ ဖြုတ်လိုက်တော့မှာပါ။ ကူမွန်ကတော့ စောင့်ကြည့်ဆဲပါ။

    ReplyDelete
  7. တီတီဆွိရေ အမလည်း သားကြီးကျောင်းတက်စကတော့ သင်တန်းမျိုးစုံပို့ပြီး တွန်းပါတယ်။ သူက သင်တန်းသွားဆိုရင် သွားလိုက်တာပဲ ရှိတယ် လေးလေးစားစားလိုက်မလုပ်ပါဘူး။ အဲ့ဒိအခါ မိဘ၊ ဆရာနဲ့ သူ့အကြား တင်းမာမှုတွေ ဖြစ်ရလို့ အခုသားငယ်အလှည့်မှာတော့ တရုတ်စာ ကျူရှင်တခုသာ ပို့ပါတော့တယ်။

    ReplyDelete
  8.်သူငယ်ချင်း ဆွိရေ...ဖတ်ရတာတောင် မောတယ်ဟယ် ကလေး သနားပါတယ် ကလေးဘဝ လွတ်လပ်ပျော်ရွှင်မှုလေးတွေ နဲပါးလိုက်တာနော်...သူ့အဖေပြောသလိုပဲ သိတ်တော့ မဖိပါနဲ့အေ...ကလေး စိတ်ပျော်ဖို့ အရေးကြီးပါတယ်...:)

    ReplyDelete
  9. ကိုယ့်တုန်းက ကလေးဘ၀အချိန်တွေနဲ့ ကွာလိုက်တာနော်

    ReplyDelete
  10. အမရေ ကလေးဘ၀တောင် ပြန်မဖြစ်ချင်တော့အောင်ပါဘဲ ပင်ပန်းလွန်းလို့လေ
    အမရွှေစင် ဘလော့ထဲက တော့တိုးချန်လေး ဖတ်ကြည့်ပါလားဟင် ကျွန်တော်တို့ကတော့ တော့တိုးချန်လေးလိုကြီးပြင်းဖြတ်သန်းခဲ့ရတယ် ထင်တာဘဲ ချမ်းသာတာ မချမ်းသာတော့ ဘာသာရေး အရ ယုံကြည်တာ ကံပါဘဲနော ပုံမှန် အဆင့်အောက်မကျရင် ကလေးကို သနားပါတယ်

    ဗမာစကားပုံရှိတယ်ဗျ မင်းဖြစ်ချင်တဲ့ကောင်က ယောင်ကလေးနဲ့ပါတဲ့
    သမီးလေး ကျန်းမာပါစေ


    ခင်တဲ့
    seesein

    ReplyDelete
  11. အမ အလုပ်တဖက်နဲ့ အမေဆို ဘယ်လိုလုပ်ရမလဲ စဉ်းစားရင်း ခေါင်းတောင် ကြိုခြောက်လာတယ်..။ အိမ်ထောင်က ပြုဆဲဆဲ ကလေးယူဖို့က မသေချာပါ.. အခု စလုံးကျောင်းထားရတာလဲ မလွယ်လိုက်တာလို့..။
    အသိ အမကြီး ကလေး ၂ယောက် အကြီးမလေးက P3,ကျုရှင်တွေတော့ ထားတယ် သိပ်တော့ မများဘူး..သူလဲ အမှတ် ၉၀ကျော်တွေချည်းပဲ..။ သူတို့ အဲလောက် မလုပ်ကြသလိုပါပဲ..။

    ReplyDelete
  12. ဂျူဂျူ့ သူငယ်ချင်းချောစု၇ဲ့ မေမေပါ-သမီးနဲ့ အမေ အားချိန်မ၇ှိဘူး တကယ်ပါဘဲ-ကလေးတွေတကယ်သနားစ၇ာကောင်းတယ်-
    သမီးက P2 လေ-
    အမ၇ဲ့ စာတွေအမြဲဖတ်ဖြစ်ပါတယ်-

    ReplyDelete
  13. အစ်မသီတာရေ ... အစ်မရဲ့ အတွေ့အကြုံလေး မျှပေးတဲ့ အတွက်ကျေးဇူးနော် ... ခုသမီးကို ကျူရှင်၊သင်တန်းအချို့ လျော့ဖို့ စဉ်းစားနေပါပြီ။

    အကြည်ရေ ခလေးမရှိပေမဲ့ အကြံလေးပေးဖော်ရလို့ ကျေးဇူးနော်။

    ဟုတ်တယ် စူးနွယ်ရေ ... အစ်မတို့တုံးကတော့ ၉တန်း ၁၀တန်းမှ ကျူရှင်ဆိုတာ စယူဘူးတာ။ ဒီကခလေးတွေဘ၀ မလွယ်ဘူး။
ို
    စည်းစိမ်ရေ ... အစ်မ တော့တိုးချန် ကို ကြားဖူးပါတယ် ။ ကိုတင်မင်းထက်က ဖိုရမ်ထဲမှာတင်ပေးနေတာ။ ဘလော့မှာလဲတွေ့တယ်။ သွားဖတ်ကြည့်မယ်နော်


    မိနွယ်ဆိုတဲ့ ညီမလေး ... အစ်မလဲ အလုပ်တစ်ဖက်နဲ့ သမီးကိုလုပ်ပေးနေရလို့များ စိတ်မရှည်တာလားစဉ်းစားမိတယ်။ အစ်မရေးတာနဲ့ ခလေးယူဖို့ တောင် ကြောက်နေကြပြီလားမသိဘူး။ ခလေးကတော့ ယူသင့်ပါတယ်။ ဒါမှ မိသားစုလေး စိုစိုပြေပြေရှိမှာ။

    မခိုင်လေး ... ချောစုနဲ့ မခိုင်လေးကို မှတ်မိပါတယ်။ ခလေးအမေဆိုတော့ ဘ၀တူတွေပါပဲ .... လာအားပေးတာ ကျေးဇူးနော်။

    ReplyDelete
  14. pitty jue jue lay..

    Ama, I accept ama Thet Wai recommendation.
    Plz think her side.

    Don't give too much stress to her. plz..ama..
    I think u can control her in which weakness subject.

    ReplyDelete