Ikea ကိုမှ တကူးတက သွားရတဲ့အကြောင်းကတော့ ခန်းစီးလေး ဘာလေး ၀ယ်ရအောင်ပါ။ အိမ်ခန်းထဲက ခန်းစီး နီညိုရောင်ဟာ နေစားလို့ အပြင်ဘက် တစ်ခြမ်းက ဖြူရော်နေတာ တော်တော် ကြည့်ရဆိုးနေပါပြီ။ ခုတော့ သမီးအဖေလဲ ပြန်ရောက်ပြီဆိုတော့ မိသားစု စုံညီ ပျော်ပျော်ပါးပါး Ikea သွားကြတာပါ။ အရင်က ခန်းစီးကလဲ အဲဒီကပဲ ၀ယ်ခဲ့တာပါပဲ။ Ikea က မီးဖိုချောင်သုံး တိုလီမိုလီလေးတွေ ဈေးတန်တယ်။ ခိုင်ခိုင် ခံ့ခံ့ရှိတယ်။ ပစ္စည်းတွေ အများကြီး ရွေးလို့ရတယ်။ တစ်ခါတရံ အိုးခွက်၊ပန်းကန်တွေလဲ ပစ္စည်းကောင်းတဲ့ အပြင် တခြား စူပါမားကတ်တွေနဲ့ ယှဉ်ရင် ဈေးလည်းတန်တယ်လို့ ထင်ပါတယ်။
ခန်းစီးတွေ ထားတဲ့ဘက် ရောက်တော့ အရင်ခန်းစီးပုံစံ၊အရောင်၊အတိုင်းပဲ လိုချင်လို့ လိုက်ရှာတာ မရှိ။ ချုပ်ပြီးသားထဲက စိတ်ကြိုက်လဲ မရှိနဲ့ မချုပ်ရသေးတဲ့ ပိတ်စတွေထဲက ကြိုက်တာလေးတွေ ရွေးနေတာ တော်တော်တောင်ကြာသွားတယ်။ အဲဒီမှာ အရောင်စုံ ပိတ်စလေးက သမီးအခန်းနဲ့ စပ်အပ်ကြည့်ပြီး အရမ်း သဘောကျသွားတယ်။ နောက်တော့ ကိုယ်တို့အခန်းကိုလဲ အမြင်ဆန်းအောင် ဒီ colourful အဆင်လေးပဲ ချုပ်တော့မယ်ဆိုပြီး ၂ခန်းစာတွက်ချက်ပြီး ၇မီတာ ၀ယ်လိုက်တယ်။ တစ်မီတာ ၇ကျပ်ဈေးပဲရှိပါတယ်။ ၇မီတာဆိုတော့ စလုံး၄၉ကျပ်သာ ကျပါတယ်။ အနံ တစ်မီတာခွဲ အရှည်ကြီးဆိုတော့ ဈေးတန်တယ်လို့ ပြောလို့ရပါတယ်။ ဒီလိုနဲ့ စတိုးထဲ ပတ်ကြတာ ပြန်တော့ ညနေ၅နာရီကျော်သွားပါပြီ။ ခန်းစီးစအပြင် အသားတွေကို grill လုပ်တဲ့ ဒယ်အိုးလေးထောင့်တစ်လုံး၊ ရေချိန်တဲ့ ပီကာခွက်၊ သမီးအတွက် စောင်အနွေးတစ်ထည်၊ ကတ်ကြေး၃ချောင်း ပါလာပါတယ်။
ဒီနေ့ မနက်ဈေးသွား ချက်ပြုတ်အပြီးမှာ ၀ယ်လာတဲ့ ခန်းစီးစလေးချုပ်ဖို့ ပြင်ဆင်ပါတယ်။ အဲဒီမှာ ထုတ်လာပါပြီ။ အိမ်နောက်ဖေး အ၀တ်လျှော်ခန်းထဲမှာ သိမ်းထားတဲ့ စင်းဂါး အပ်ချုပ်စက်ကြီးပါ။ လင်းလင်းချင်းချင်းချုပ်လို့ရအောင် အိမ်ရှေ့ခန်းဖက်ကို ထုတ်လာတာပါ။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ဦးမောင်ခြိမ့်ရဲ့ စလုံးအသိတစ်ယောက် အိမ်ပြောင်းတော့ သူ့အပ်ချုပ်စက်အသစ်ကြီးပဲ ရှိသေးတယ် ယူမလားပြီး အိမ်တိုင်ယာရောက် လာပို့လို့ ယူထားလိုက်တာပါ။ စက်ခုံတွေဘာတွေနဲ့ မြန်မာပြည်က ပုံစံအတိုင်းဆိုတော့ ဒေါ်ဆွိတီတို့ စိတ်ကြိုက်ပေါ့။ ရောက်စတုံးကတော့ မော်တာတွေဘာတွေနဲ့ တွဲရက်ပါသေးတယ်။ နောက်တော့ ကိုယ်လဲ မချုပ်တတ်တာနဲ့ မော်တာကြီး ဖြုတ်ပြီး ၀ဲလိုက်ပါတယ်။
ခန်းစီးစချုပ်ဖို့ ပိတ်စကို တိုင်းပြီး ဖြတ်နေတုံး ဇာတ်ရံမင်းသမီး ဂျူဂျူ ပါလာပါတယ်။ မအေလုပ်သူက သူ့ အခန်းအတွက်ခန်းစီးလှလှလေးချုပ်မယ်ဆိုတော့ သူက သိပ်စိတ်ဝင်စားပါတယ်။ သူဘာကူလုပ်ပေးရမလဲ တဖွဖွမေးနေတော့တယ်။ ခဏနေတော့ မအေအလစ်မှာ ၀င်ပြီးစက်ကို တက်နင်းနေလို့ မအေက စိုးရိန်လွန်းလို့ ရင်ဘတ်ကို လက်နဲ့ ဖိပြီးဆူပါတော့တယ်။ အရွယ်ရောက်ရင် နင်းတတ်အောင် သင်ပေးမယ်ဆိုတာကို ကျူကျူပါအောင်ငိုပါရော။ ၀မ်းနည်းပတ်လက်နဲ့။ သူက အခုကို ချုပ်ချင်တာ ဆိုပါရောလား။ ဒါနဲ့ ဇာတ်ရံမင်းသမီးလေးဂျူဂျူကို ဇာတ်ပို့ မင်းသားကြီး ဦးမောင်ခြိမ့်အား ထိမ်းခိုင်းလိုက်ရပါတော့တယ်။
စက်ကိုဆီထည့်၊ ၀က်အူတွေ ပြန်ကျပ်၊ ချုပ်ရိုးလှအောင် လွန်းအိမ်တွေပြင်ပေး စတာတွေကိုလဲ သမီးရဲ့ ကြီးတော်က လုပ်ဆောင်ပါတယ်။
ပိတ်စအနံက တစ်မီတာခွဲ ရှည်လွန်းတော့ အပေါ်ကို ဖြတ်ပြီး အကွင်းလေးတွေချုပ်ဖို့ရယ် အပေါ်အနားကွပ်ဖို့ရယ် အရင်ဖြတ်ရပါတယ်။ စလုံးက HDB အိမ်က ပြတင်းပေါက်တွေအတွက် ပိတ်စမပုတ်အောင် ဖြတ်နည်းလေး ရှယ်ပေးလိုက်ပါတယ်။

အပေါ်ကကွင်းက ၈ကွင်းရှိရမှာ ၆ကွင်းစာပဲဖြတ်လို့ရလို့ ၂ကွင်းစာလိုတာကို ပိတ်စ တစ်မီတာ ပိုနေတာကနေ ဖြတ်ပါတယ်။ ခန်းစီး စည်းဖို့ ဖဲကြိုးသဘောမျိုးကိုလဲ ပိတ်စအပိုကနေ ဖြတ်ပါတယ်။ တကယ်တော့ စုစုပေါင်း ခန်းစီး ၄ခုစာအတွက် ၆မီတာခွဲလောက်ဆို အတော်ပါပဲ။ ခန်းစီးတို့ လိုက်ကာတို့ချုပ်ရင် အနားကြီးကြီးနဲ့မှ ခန့်ခန့်ညားညားနဲ့ လှပါတယ်။ ဒါကြောင့် အပေါ်၊ အောက် အနားကို ၃လက်မလောက် ယူထားပါတယ်။ ဘေးတစ်လက်မခွဲလောက် အနားလုံးပါတယ်။ ချုပ်အပြီးမှာ အရှည် ၁၃၂စင်တီမီတာ၊ အကျယ် ၁၄၃စင်တီမီတာ ရှိပါတယ်။ ပြတင်းပေါက်အကျယ်ထက် တစ်ဆခွဲလောက်ကို မှန်းချုပ်မှ တပ်လိုက်တဲ့အခါကျ လှမှာပါ။
သမီးအခန်းက ပန်းနုရောင်လိုလို မိတ်ကပ်ရောင်လိုလို ဆိုတော့ လိုက်ဖက်တယ်လို့ထင်တာပဲ။
ကိုယ်တို့ အခန်းလေးလဲ colourful ဖြစ်သွားတယ်။