Monday, May 17, 2010

ရေတွင်းနဲ့ ကျွန်မ

ကျွန်မ အသက် ၁၃နှစ်၊ ၇တန်းအောင် ၈တန်းတက်ရမဲ့ နှစ်မှာ အဖေ၀န်ထမ်းဘ၀ကနေ ထွက်တယ်။ ရန်ကုန်မြို့စွန်နားမှာ နှင်းဆီပန်းစိုက်စားဖို့ ခြံတစ်ခြံရယ်၊ နေစရာ အိမ်လေးတစ်လုံးရယ် ၀ယ်ပြီး ပြောင်းနေကြတယ်။ အိမ်ကတော့ ဓနိမိုး ထရံကာ။ အသစ်ဆိုတော့ သပ်သပ်ရပ်ရပ်တော့ ရှိပါတယ်။ အိမ်ရှေ့တည့်တည့်မှာ ရေတွင်းတစ်တွင်းရှိတယ်။ ခြံအ၀င်ဝရဲ့ ညာဘက်လောက်မှာ။ အိမ်က ရေတွင်းရဲ့နောက်မှာ ကပ်ရပ်။ ရေတွင်းနဲ့ အိမ်ဘယ်လောက် နီးလဲဆို အိမ်တံစက်မြိတ်က ကျတဲ့ရေက ရေတွင်းထဲ ကျ မတတ်ပဲ။ အဲဒီရေတွင်းကိုတွေ့တော့ တစ်သက်လုံး ရေဘုံဘိုင်ခေါင်းက ထွက်တဲ့ရေသာမြင်ဘူးတဲ့ ကျွန်မစိတ်ထဲမှာ ဟင် အိမ်ကလဲ ရေတွင်းကြီးနဲ့ တောကျလိုက်တာလို့ ထင်တယ်။

ရေတွင်းကလည်း မြင်ဘူးနေကျ ရေတွင်းတွေပုံစံမျိုး သပ်သပ်ရပ်ရပ် အုတ်ဘောင်နဲ့ ဘာနဲ့ မဟုတ်ဘူးရယ်။ ရေတွင်း အပေါ်ရံနား မြေကြီးနဲ့ လယ်ဗယ်ညီကနေ အောက်ဖက်ကို တစ်တောင်လောက်ပဲ အုပ်စီထားတယ်။ မြေပေါ်မှာတော့ ရေတွင်းဝနဲ့ တစ်တောင် အကွာ ပတ်လည်လောက်မှာ သစ်သားတိုင်လေး ၅တိုင် ၆တိုင် ပတ်လည်စိုက်လို့ သံစကာလို့ပြောရမလား။ ကြောင် ၄-၅ကောင်စာ တစ်ပြိုင်နက် ၀င်ရလောက်တဲ့ အပေါက်ကြီးတွေနဲ့ လက်သန်းလုံးလောက် သံကြိုးတွေကို မညီမညာ ရက်ထားသလိုကြီးကို ပတ်လည်ခွေလို့ ကာထားတယ်။ ကြောင်၎-၅ ကောင်လို့ နိုင်းရတာက နောက်ပိုင်း အိမ်မှာ ကြောင်တွေမွေးတော့ အဲဒီကနေ ရေတွင်းထဲ ခဏခဏ ပြုတ်ကျလို့ ဆယ်ရတာလဲ ခဏခဏကိုး။

ရေတွင်းက ထုံးစံအတိုင်း စက်သီးနဲ့ကြိုးနဲ့ ရေငင်ရတာ။ ကြိုးက မော်တော်ကားတာယာကို ကြိုးဖြစ်အောင် ပတ်လည်ဖြတ်ထားတဲ့ လက်တစ်ဆုတ်စာလောက် အတုတ်ရှိတဲ့ အမဲရောင် ရာဘာကြိုး။ စက်သီးက တစ်ခါတစ်ခါ ဆီမရှိရင် တကျွိကျွိနဲ့ သံစုံမြည်တတ်သေးတာ။ နောက်ပိုင်း အရပ်မှီလာတော့ ကျွန်မကိုယ်တိုင်ဖြုတ်ပြီး စက်ချုပ်တဲ့ စက်ဆီထည့်တယ်။ ထည့်ပြီးကာစဆို စက်သီလေးက ချောမွတ်နေတော့ ရေငင်ရတာ အတော် သက်သာတယ်လို့ထင်တယ်။ တကျွိကျွိ အသံအလဲမကြားရတော့ဘူး။ တစ်ခါတစ်ရံလဲ စက်သီးထဲ ဆီထည့်တာများပြီး စက်ဆီတွေ ရေတွင်းထဲ ပြုတ်ကျလို့ ရေတွေမှာ ဆီတွေဝေ့ပြီး သက်တန့်ရောင်စုံဖြစ်တဲ့ အခါလည်းဖြစ်ရဲ့။

ရေပုံးကလဲ ရာဘာနဲ့ လုပ်ထားတဲ့ ရေပုံးမျိုး ခပ်ပျော့ပျော့ အနက်ရောင်ပဲ။ ပေါ့အောင် တမင်လုပ်ထားတာဖြစ်မယ်လို့ တွေးမိတယ်။ ရေငင်တဲ့ကြိုးရဲ့ နောက်ဆုံးပိုင်း အဖျားကိုလည်း ရေတွင်းဘေးက စက်သီးတိုင်ကို ပတ်ပြီးချည်ထားရသေးတယ်။ နောက်မှို့ဆို တစ်ခါတစ်ရံ နမော်နမဲ့ ရေခပ်ရင်း လက်ကကြိုး လွတ်ထွက်သွားရင် ကြိုးရော ရေပုံးရော ရေတွင်းထဲရောက်လို့ ဘေးအိမ်ကရေတွင်းကနေ နောက်ကြိုးတစ်ချောင်းငှါးပြီး ပြန်ဆယ်ရတာတွေလဲ ရှိခဲ့ဘူးတာကိုး။

ရေတွင်းထဲကို ငုံ့ကြည့်မယ်ဆိုရင် ရေကတော်တော်နက်တယ်။ ၀ါး နှစ်ပြန်စာလောက် ရှိမယ်။ ရေကအကြည်။ အထဲကိုဖောက်မြင်ရတယ်။ ရောက်စက ငုံ့ကြည့်ပြီး ကြောက်နေသေးတယ်။ နွေရာသီဆိုတော့ ရေက နက်ပြီလေ။ ရေတွင်းထဲမှာလဲ နံရံကို တွယ်ကပ်ပေါက်နေတဲ့ ရေညှိပင် အကြီးစား ခပ်စိမ်းစိမ်းလေးတွေကို မြင်နေရတယ်။ အရွက်လေးတွေ သိပ်လှလို့ နောက်ပိုင်း တံချူနဲ့ ထိုးချပြီးတောင် ခူးသေးတယ်။ နံရံမှာ တွင်းအချို့လဲရှိတယ်။ စာကလေးတွေ နွေပူပြီဆို အဲဒီတွင်းထဲမှာ လာနေကြတယ်။ အအေးလာခိုကြတာပေါ့။ ပြီးရင် အငြိမ်မနေကြဘူး။ ဆော့ကြတယ်။ ရေတွင်းထဲ မြေကြီးတွေ ပြုတ်ပြုတ်ကျတယ်။ တစ်ခါတစ်ရံ မြေကြီးတင်မက သူတို့ကိုယ်တိုင်ပါ ပြုတ်ကျပြီး ရေနစ်သေကြတယ်။

စာကလေးသေပြီးစ လတ်လတ်ဆပ်ဆပ်ဆိုရင် အိမ်က အချစ်ဆုံးကြောင် ငမဲလေးကို ခေါ်ပြီး ရေထဲက ငင်ပြီးကျွေးတယ်။ ရရချင်း ချီပြီး ပြေးတော့တာပဲ။ စာကလေးများ ရပြီဆို အဲဒီငမဲလေးဟာ ချက်ချင်း ဘယ်တော့မှ မစားဘူး။ အဲဒီစာကလေးကို လက်ကလေးနဲ့ပုတ် အပေါ်မြှောက်လိုက်၊ ပါးစပ်ကလေးနဲ့ အသာဖမ်းလိုက် မျိုးစုံကစားတယ်။ နောက်ဆုံး စာသေလေးလဲ နွမ်းဖတ်ပျော့ခွေသွားပြီ။ သူလဲဆော့လို့ မောပြီဆိုမှ တကျွတ်ကျွတ်နဲ့ စ စားတော့တာပဲ။ ကြောင်တွေအကြိုက်ထဲမှာ စာကလေးနဲ့ ကြွက်က ထိပ်ဆုံးကလို့ ထင်တယ်။ ရေတွင်းထဲ စာကလေးကျတိုင်း သူ့အတွက်တော့ စားကောင်းသောက်ဖွယ်စားရတဲ့နေ့ပဲ။

အိမ်စပြောင်းတဲ့နေ့က အတူနေတဲ့ အကိုဝမ်းကွဲက ပိန်လှီပြီး လက်တစ်ဆုတ်လောက်သာသာရှိတဲ့ ကျွန်မရဲ့လက်မောင်းခပ်ညိုညိုကို ကြည့်ပြီးပြောတယ်။ ညည်းလက်မောင်းလှချင်ရင်၊ လက်မောင်းကြီးချင်ရင် ရေငင်ပါလားတဲ့။ အကိုက နောက်ပြောတာလားတော့ ကျွန်မ မသိဘူး။ အဲဒီနောက်ပိုင်း ကျွန်မလဲ ရေတွေငင်ရတော့တာပဲ။ အကိုတွေက နှင်းဆီခြံထဲ သွားအလုပ်လုပ်နေရတာများတော့ အိမ်မှာဆို ကျွန်မတစ်ယောက်တည်း ကျန်ခဲ့တာများတယ်။ အဖွားနဲ့ အမေကလဲ အိမ်မှာ အားပြီဆို ခြံထဲပဲသွားပြီး လုပ်အားပေးနေတော့ အိမ်မှုကိစ္စတွေ ကျွန်မလုပ်ရတာများတော့ ရေလဲငင်ရတာပေါ့။ ဥပမာ အိမ်မှာ ရှိသမျှသော ပုရိသအပေါင်း ၀တ်ထားတဲ့ အ၀တ်တွေ စုလျှော်ရတာမျိုး။ နွေရာသီကျောင်းပိတ်ရက်တွေ အားပြီဆို ကျွန်မ လုပ်ငန်းစတော့တာပဲ။ အိမ်က နေရှင်နယ်ကတ်ဆက်ကို အကျယ်ကြီးဖွင့် အိမ်ရှေ့က စဉ့်အိုးတွေ အကုန် ရေပြည့်အောင်ဖြည့်။ သီချင်းတကြော်ကြော်လိုက်အော်ဆိုပြီး လျှော်တော့တာပဲ အ၀တ်တွေ။ သီိချင်းလေးဆိုရင်းလျှော်တော့ မောမှန်းမသိလိုက်ရဘူး။ အိမ်နားက ပရိတ်သတ်ကတော့ အင်မတန် သနားဖို့ ကောင်းတာပါပဲ။

ရေငင်ရတာနဲ့ အမျှကျွန်မရဲ့ လက်မောင်းတွေ တုတ်လာ မလာတော့ မသိဘူး။ လက်ဖ၀ါးတွေက ကြမ်းလာတယ်။ အသားမာတက်တယ် ခေါ်ရမယ်။ ကျွန်မတက္ကသိုလ်တက်တော့ တွဲမိတဲ့သူငယ်ချင်းတွေက သူဋ္ဌေး သမီးတွေများတယ်။ အချစ်ဆုံး သူငယ်ချင်းကလည်း တော်တော် ချမ်းသာတဲ့ အသိုင်းအ၀ိုင်းက။ အတန်းတစ်တန်းက တစ်တန်းပြောင်းချိန်ဆို သူငယ်ချင်း၂ယောက် လက်ကလေးတွေ ကိုင်ပြီး နေရာဦးဖို့ ပြေးကြတာ။ သူ့လက်ကလေးများ ချောလို့နုလို့။ သူကလဲ ကျွန်မလက်တော့ အတော်ကြမ်းလှတယ် ထင်မှာပဲ။ နောက်ပိုင်းအရမ်းခင်သွားတော့ ကျွန်မက ပြောပြပါတယ်။ ငါ့လက်မှာ အသားမာတွေ တက်တာ အိမ်မှာ ရေငင်ရတယ်။ အလုပ်ကြမ်းလုပ်ရတယ်လို့ ဆိုတော့ သိပ်မစပ်စုတတ်တဲ့ သူငယ်ချင်းက ပြုံးပြုံးလေးသာ နားထောင်ရှာတယ်။ အလုပ်ကြမ်းလုပ်ရတယ်ဆိုတာက ကျွန်မလဲအားရင် တစ်ခါတရံ နှင်းဆီခြံထဲသွားပြီး မြေဆွ၊ ပေါင်းနှုတ်၊ မြေသြဇာကျွေး၊ ပန်းခူး၊ ကိုင်းခြောက်ညှပ် အစရှိသည် လုပ်ရတာကို ပြောတာပါ။

(ဆက်ပါမည်)

5 comments:

  1. ဆက်ပါ တီဆွိဖတ်ကောင်းလိုက်တာ...
    ငယ်ငယ်က အပင်ပန်းခံနိုင်တယ်နော် ကျန်းမာတာပေါ့..ကျနော်ငယ်ငယ်က နယ်ကအမျိုးတွေဆီသွားလယ်တော့ ရေတစ်ပတ်လောက်ငင်သုံးဖူးတယ်။
    ကိုယ်ရေချိုးဖို့ ကို အိမ်အကူမလေးက ငင်ပေးရတာဆိုတော့ နဂိုကယောက်ျားလေးဆန်တဲ့ စိတ်မှာအားနာလို့ ။ ကိုယ့်ဘာသာကိုယ်ငင်ချိုးတယ်..ချိုးလိုက်ငင်လိုက်စိတ်မရှည်လို့ ..အနားမှာတိုင်ကီအပြည့်ငင်ပြီးမှ တစ်ခါထည်းချိုးတာ ဟားဟား။

    ReplyDelete
  2. မနက်ကလာရှာတော့ မတွေ့ပါဘူး.. ခုမှပြန်တင်လိုက်တာလား..

    ReplyDelete
  3. ဟုတ်ပ ... မနက်က မှားနှိပ်လိုက်တာ ... တစ်ကြောင်းပဲရေးရသေးတယ် ။ ပြီးမှ ကမန်းကတန်းပြန်ဖျက်ရတာ။ လာဖတ်တဲ့သူတွေ အားနာလိုက်တာ။

    ReplyDelete
  4. အဆက်က သူ့ အပေါ်က မိုးနဲ့ ရေတွင်း ဆိုတဲ့ ပို့စ်ပါပဲ။ လင့်ခ်လေးပါပေးလိုက်ပါတယ်။

    http://auntysweet.blogspot.com.au/2010/05/blog-post_4437.html

    ReplyDelete