မနေ့ကအိပ်ရာထ နောက်ကျသည်။ နိုးတော့ ပြတင်းက နေစူးစူးထိလို့။ နာရီကြည့်တော့ မနက်၈နာရီ။ နောက်ကျတော့ ကမန်းကတမ်း ရေမိုးချိုး၊ ရေချိုးပြီးကာစရှိသေး အိပ်ရာပေါ်အဆင်သင့်တင်ထားတဲ့ ရုံးအိတ်ထဲက ဖုန်းကထမြည်သည်။ ဒီလို စောစောစီးစီးဆို ရုံးကလူတွေဆက်နေကျ။ ဘယ်သူကတော့ MC ၊ ဘယ်သူကတော့ အားဂျင့်လိခ်ဆိုတာ အချင်းချင်း ဆက်ပြောနေကျ။ ရုံးကပဲနေမှာဆို အပြေးလေးထွက်ကာ ကိုင်လိုက်တော့ ကိုယ့်အထက်ကအရာရှိ။ သူပြောတာ ၀ူးဝူးဝါးဝါးနှင့်ဆိုတော့ ပထမ ဘာတွေပြောနေမှန်း ကိုယ်သိပ်နားမလည်လိုက်။ နောက်မှ သေချာနားလည်လိုက်သည်က ရုံးခန်းထဲမှာ ပြာတွေပွနေတာပဲ။ ကြမ်းပြင်မှာလဲ ရေတွေနဲ့ အလုပ်လုပ်လို့တောင် ရပါ့မလား မသိဘူး ဆိုမှ ပထမပြောသွားတာ ဘာလဲဆိုထပ်မေးရတော့သည်။ နောက်မှ တဖြေးဖြေး ဇာတ်ရည်လည်လာသည်။
ဒါနဲ့ ကိုယ်အခု အိမ်မှာပဲ ရှိသေးတယ်။ ဘာပဲဖြစ်ဖြစ် ရုံးကိုလာခဲ့မယ်။ See you there လို့ပဲ ပြောလိုက်သည်။ အိမ်ကထွက်မယ်ကြံတော့ အခန်းထဲမှာလဲ ရေတွေနဲ့ဆိုတာ သတိရသည်။ အမြင့်ဆုံး ဖိနပ်ကို ရွေးစီးလိုက်သည်။ ရုံးရောက်တော့ ကားတံခါးဖွင့်ပြီး အထွက်မှာပဲ မီးခိုးနံ့က စရနေပြီ။ အပေါ်ထပ် ရုံးခန်းရောက်တော့ ရုံးခန်းတစ်ခုလုံးဟာ မီးခိုးရောင် ပြာတွေနဲ့ ဖုံးလို့ မှိုင်းတိုင်းတိုင်းဖြစ်နေသည်။ မီးခိုးနံ့ကတော့ မခံရပ်နိုင်တဲ့ အဆင့်ကို ရောက်နေလို့ အဲကွန်းfan ကို မိုင်ကုန်တင်၊ အခန်းပြတင်းတွေ အကုန်လိုက်ဖွင့်ရသည်။ ကိုယ်ကနောက်ကျသည်သာပြောသည်။ ကိုယ်တို့ အခန်းထဲ မည်သူမှမတွေ့သေး။ ဖုံးဆက်သတင်းပေးတဲ့ဘော့စ်ကလဲ ဘယ်ပျောက်နေသည်မသိ။ အမှတ်တရ ဓာတ်ပုံအချို့ရိုက်လိုက်သည်။
ပစ္စည်းအချို့ဖယ်လိုက်တော့ အဲလို အကွက်တွေ ဖြစ်သွားသည်။
ကိုယ့်ရဲ့ ရေးလက်စ note book လေးလဲ အကွက်လိုက်လေး။
ခဏနေတော့ တဖွဲဖွဲရောက်လာကြ၊ သတင်းမေးကြနှင့်၊ ကဲ နေရာအနှံ့ဖုံးနေတဲ့ ပြာတွေ ဘယ်လိုရှင်းကြမလဲဆို တိုင်ပင်ကြသည်။ ရုံးခန်းမကြီးဖက်က ကိုယ်တို့ထိုင်တဲ့ အခန်းထက် ပိုဆိုသေးသည်။ မီးက ဘေးခန်းက လောင်သည်ကြောင့် သူတို့နဲ့က ကော်ရစ်ဒေါ တစ်ခုသာ ခြားနေသည်ကိုး။ ဘေးခန်းက ကုမ္ပဏီ၂ခုလုံး လောင်သွားတာ ဘာမှ မကျန်ဘူး။တံခါးဖွင့်ကြည့်တော့ အထဲမှာ မဲနေတာပဲ။ ကုမ္ပဏီ၂ခုကြားက နံရံကစလောင်တာဆိုတော့ ဘယ်ဘက်က စလဲဆိုတာ စစ်ဆေးနေတုံးရှိသေးတယ်။ အဲဒီကုမ္ပဏီ၂ခုထဲမှာ တစ်ခုက ကယ်မီကယ်ပစ္စည်းထုတ်တဲ့ကုမ္ပဏီဖြစ်ပြီး ၂ခုလုံးမှာ မီးလောင်လွယ်တဲ့ ကယ်မီကယ်လောင်စာပစ္စည်းတွေ ရှိတယ်။ အစရှိသဖြင့် သတင်းစကားများကြားရသည်။ တစ်ချို့ကလည်း ကိုယ်တို့ ကုမ္ပဏီဘက်ကို မီးမကူးတာကိုပဲ တော်တော် ကံကောင်းနေပါပြီ ဟုဆိုပြန်သည်။
ဘာပဲဖြစ်ဖြစ် ခုလောလောဆယ် အလုပ်လုပ်လို့ မရတော့။ ပထမဆုံး အငယ်အင်ဂျင်နီယာလေး တစ်ယောက်အကူအညီနဲ့ ရေနဲ့ ထိနေတဲ့ ကိုယ့်စားပွဲအောက်က CPU နှစ်လုံးကို ကြိုးတွေဖြုတ်၊ အပြင်ဆွဲထုတ်ပြီး ရေလွတ်ရာ အပေါ်ကို တင်ထားလိုက်သည်။ ဘော့စ်ကတော့ အောက်ကရေတွေကို မောက်တစ်ခုနဲ့တိုက်ပြီး ရေတွေစုတ်ယူညှစ်ချနေသည်။ ကိုယ်တို့လဲစားပွဲပေါ်က ပြာတွေ ဖုံးနေတဲ့ ပစ္စည်းတွေ တစ်ရှူးပေပါနဲ့သုတ်ကာ စက္ကူပုံးအလွတ်ထဲစုပြုံထည့်သည်။ စားပွဲမှာ ကပ်နေသည့်ပြာတွေ သုတ်မယ်လုပ်တော့ သုတ်စရာအ၀တ်ကမရှိ။ ပြာတွေဖုံတွေက ကယ်မီကယ်တွေပါတော့ ဒီတိုင်းလဲ ရေနဲ့ချည်းလဲ သုတ်လို့မရ။ ဒါနဲ့ ဘော့စ်နဲ့တိုင်ပင်ပြီး ရုံးနဲ့ အနီးဆုံးက ဈေးမှာပြေးပြီး ရေသုတ်တဲ့အ၀တ်အချို့ရယ် ကြမ်းတိုက်တဲ့ မောက် ၃ချောင်း ရေပုံးတွေ ဆပ်ပြာရည်တွေ သွားဝယ်ရတော့သည်။
ကိုယ်တို့ CAD Room ရဲ့ ကိုယ်ထူကိုယ်ထ သန့်ရှင်းရေး ။
ဒါနဲ့ တစ်ခန်းလုံးကိုယ်ထူကိုယ်ထ သန့်ရှင်းရေးလုပ်လိုက်ကြတာ နေ့လည်၁နာရီလောက်နေတော့ ဖုံတွေ ပြာတွေလဲ တော်တော်ပြောင်သွားပါသည်။ လူတွေလဲ မျက်နှာတွေရော လက်တွေမှာ မဲတူးနေကြပြီ။ အားလုံးလဲ ပင်ပန်းနေကြတော့ကိုယ်လက်သန့်ရှင်းရေးလုပ်ပြီး ယနေ့အထူးစပ္ပါယ်ရှယ် အစီအစဉ်အနေနှင့် ရက်စတော့ရန့်တစ်ခုမှာ နေ့လည်စာ သွားစားကြသည်။ ပြန်ရောက်တော့ အပြင်က သန့်ရှင်းရေး အလုပ်သမားတွေ ရောက်နေပြီး စက်တွေနဲ့ ရေတွေစုတ်ထုတ်၊ အောက်ကိုလဲ စက်တွေနဲ့ ကြမ်းတိုက်နေကြသည်။ ခန်းမထဲမှာထိုင်တဲ့လူတွေကတော့ မီးခိုးနံ့မခံနိုင်လို့ အပြင်ထွက်နေကြသည်။
သန့်ရှင်းရေးပြီးတော့ အားလုံးက မှတ်ချက်ချသည်။ ကိုယ်တို့တွေ အရင်ကထက် ပိုသန့်ရှင်းလာတယ်။ စမ်းသပ်ပစ္စည်းတွေနဲ့ ရှုတ်ပွနေပြီး အခန်းရှင်းဖို့ အချိန်တောင်မရှိတဲ့သူတွေ ဒီနေ့တော့တစ်နေကုန် သန့်ရှင်းရေးလုပ်တာနဲ့ အချိန်တွေကုန်သွားတယ်။ ညနေ၅နာရီခွဲတော့ လူလဲ ပင်ပန်းနေပြီ။ ခုမှ ပြိုင်းနေပြီ ဆိုသည့် စကားအဓိပါယ်ကို သဘောပေါက်သည်။ အိမ်အမြန်ပြန်။ အိမ်ရောက်တော့ ရေပူပူနဲ့ချိုး၊စားသောက်ပြီး လူက ဖျားချင်သလိုဖြစ်လာလို့ ပါရာရယ်၊ ဘာမီတွန်လေး တစ်ခြမ်းရယ် သောက်ပြီး မှိန်းနေရတော့သည်။ မနက်ကရေထဲမှာ ခြေထောက်ကထိနေရတော့ အအေးပတ်သွားတာဖြစ်မယ်။
သမီးကို စာသင်ပေးတဲ့ တာဝန်တော့ သူ့အဖေကိုလွှဲပြောင်းပေးလိုက်သည်။ သမီးကလဲ မအေစောင်ထဲရောက်လာပြီး မေမေ့ခြေထောက်တွေကလဲ ပူလိုက်တာဆိုပြောနေသေးသည်။ မနက်လင်းတော့ ပါရာတန်ခိုးနဲ့ အပူချိန်မရှိတော့လူကနေလို့ကောင်းသွားပေမဲ့ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေဆဲ။ လူကရေသာခိုပြီး သက်သက်သာသာနဲ့နေလာတာ၊ ကိုယ်လက်လှုတ်ရှားမလုပ်ပဲ နေတာ ကြာခဲ့ပြီမဟုတ်လား။ ငယ်ငယ်ကလဲ အိမ်မှာ မိန်းခလေးတစ်ယောက်တည်းမှို့ ဒီလိုလုပ်ရတာမျိုးတော့ ရိုးနေပါပြီ။ ခုမှဒီလောက်လေးနဲ့ မခံရပ်နိုင်အောင် ပင်ပန်းနေတဲ့ ကိုယ့်ကိုယ်ကိုယ်သာ အံ့သြနေမိတော့သည်။
ယခုအလုပ်လုပ်နေရင်းမှ အရေးပေါ်ကြေငြာသည်။ မီးခိုးနံ့ပြင်းလွန်းသည့်အတွက် ၀န်ထမ်းများကျန်းမာရေးအတွက် အားလုံး အိမ်ပြန်အလုပ်လုပ်ရမည်။ ဒီကြားထဲ ရုံးကို သန့်ရှင်းရေးလုပ်မည်။ ဆာဗာစက်ထဲ ဖုံတွေပြာတွေ ၀င်နေတာရှင်းမည်။ တနင်္လာနေ့မှ ပြန်လာရမည် ... တဲ့။ အိမ်ပြန်ဘို့ ပြင်ဆင်နေပါသည်။
ပြန်ခါနီး မီးလောင်တဲ့နေရာကို သွားရိုက်ထားခြင်းဖြစ်ပါသည်။
Wednesday, May 5, 2010
Subscribe to:
Post Comments (Atom)
ဘယ်မှာ ဘယ်တုန်းက မီးလောင်လိုက်တာလဲ .... မကြားမသိလိုက်ရပါ...ဘာပဲဖြစ်ဖြစ်....ရုံးခန်းလေး ပိုသန့်ရှင်းသွားတာပေါ့နော်း))
ReplyDeleteသတင်းထဲ report မလုပ်လို့ မကြားမသိကြတာပါ။ မဆွိတိတို့ရုံးနား မှာလောင်တာပါ။NUS နားမှာပါ။
ReplyDeleteဒီပိုစ့်ကို ဘယ်လို မျက်စေ့မှားပြီး ကျော်သွားတယ်မသိ...
ReplyDeleteအခုမှတွေ့တယ်...
ဘာပဲ ပြောပြော ခေတ်မီသွားတာပေါ့... Europe မှာလဲ ပြာဘေးဒုက္ခသည်တွေရှိနေသလို အခု မဆွီတီကလဲ ပြာတွေကြောင့် အလုပ်တွေများသွားရတာ...
ဒါပေမယ့်လဲ အခုတော့ ဟောလီးဒေးပေါ့.. ဟုတ်တယ်ဟုတ်...
အိမ်မှာ ဇိမ်ကျပြီး ပိုစ့်တွေ တခုပြီး တခု တင်နေတာ...း))
ဟုတ်ပ အန်တီ သက်ဝေပြောမှပဲ ဒီတစ်ပတ်လုံး ၂ရက်ပဲ အလုပ်သွားလိုက်ရတယ်။ အဲဒီ၂ရက်ကလဲ ပင်ပန်းချက်။ ခုတော့ နားနေပါတယ်။ ပို့စ်တွေလဲ တင်နေပါတယ်။
ReplyDelete