Sunday, January 9, 2011
ဝက်သားတုတ်ထိုး ညနေခင်း ...
Screw driver မကိုင်ခင် အစားအသောက်ဖက်လေး တစ်ချက်လောက် လှည့်ဦးမယ်ဂျာ။ မနေ့ကတင် ၀က်သားတုတ်ထိုး လုပ်စားထားလို့ ဒီပို့စ်လေး တင်ချင်နွန်းနို့ပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာက မဆွိတီတို့ မိသားစု မွေးရပ်မြေ အလည်ပြန်ခဲ့ကြတယ်။ (နောက်မှ အရှည်ရေးပါမည်။ ဟို ကြမ်းကြမ်းရမ်းရမ်း လက်ထပ်ထားသူလိုတော့ ကိုရီးယား အခန်းဆက်မည်မဟုတ်ပါ။ တစ်ပို့စ်၊ ၂ပို့စ်လောက်နဲ့တင် ပြီးမှာပါ)။ ရန်ကုန်မပြန်ဖြစ်တာ ၂နှစ်လောက်ရှိပြီဆိုတော့ မစားရတာကြာတာတွေ၊ စားချင်တာတွေ ထုံးစံအတိုင်း လှည့်ပတ်စားကြတယ်ပေါ့။ အဲဒီမှာ လိုက်ပို့သူကတော့ ဦးခြိမ့်ရဲ့ သူငယ်ချင်းတစ်ယောက်ပါ။ အဲဒီနေ့က ညနေပိုင်း အေးအေးဆေးဆေး မိသားစု ရွှေတိဂုံဘုရားပေါ်တက်ကြပြီး အပြန်မှာလာခေါ်တာ။ ပြီးတော့ ဒီနေ့ သူ ၀က်သားတုတ်ထိုးဆိုင် လိုက်ပို့မယ်ပြောတယ်။ ဦးခြိမ့်သူငယ်ချင်းက အစားအသောက်လုပ်ငန်းလုပ်နေတဲ့ အင်မတန်ချမ်းသာတဲ့ ကုန်သည်တစ်ယောက်ပါ။ သူမောင်းတဲ့ကားကြီးကလဲ လင်ခရူဆာအသစ်ကြီး။ အကြီးကြီးပဲဗျာ။ သူ့ကားကြီးနဲ့ ရန်ကုန်မြို့က ကားတွေပြည့်နေအောင်ရပ်ထားတဲ့ လမ်းကျဉ်းတွေထဲတိုးပြီး မောင်းနေတော့ ကိုယ်က ရင်တမမနဲ့ စိတ်ပူမိတယ်။ ကိုယ့်လိုက်ပို့ရင်း သူ့ကားအသစ်ကြီး ထိသွားရင်တော့ ဒုက္ခပဲလို့။ ဒါပေမဲ့ဗျာ သူတို့ကတော့ မောင်းနေကျဆိုတော့ ဒီလောက် ကျပ်တည်းကျပ်တောက်ထဲ အေးဆေးပဲ မောင်းသွားတာ။ ဘယ်လိုမှကို မထူးဆန်းသလိုပဲ။
အဲဒီနေ့ကလဲ သူလိုက်ပို့တဲ့ ၀က်သားတုတ်ထိုးဆိုင်က ဆိုင်ကြီးမဟုတ်ဘူး။ သူတို့စားနေကျ ဖောက်သည် ၁၇လမ်းထိပ်က လမ်းဘေးဆိုင်လေးပါ။ အရင် ၂၀၀၈ ပြန်တုံးကလဲ အဲဒီဆိုင်ပဲ သူလိုက်ပို့တာ။ အရင်တစ်ခေါက်က ရောင်းတာ အစ်မတဲ့။ ခုတော့ ညီမလုပ်သူက ရောင်းနေတာတဲ့။ ကောင်မလေးပုံစံက ရုပ်ကလေးကတော့ ရွက်ကြမ်းရေကျိုပါပဲ။ အသက်က ၂၀ အစိတ် ခပ်ငယ်ငယ် ပဲရှိသေးတယ်။ ဦးခြိမ့်သူငယ်ချင်းက စားနေကျဖောက်သည်ဆိုတော့ ခလေးမလေးနဲ့ အတော်ခင်မင် ရင်းနှီးနေဟန်ရှိတယ်။ ပြောမနာ၊ ဆိုမနာ နောက်ဟယ်၊ ပြောင်ဟယ်နဲ့ပဲ။ ဟဲ့ နင်တို့ သူဌေး မဖြစ်သေးဘူးလားတဲ့။ မဆွိတီတို့ဖက်လှည့်ပြီးလဲ ပြောသေးတယ်။ အမှန်က သူတို့က ဆင်းရဲချင်ယောင်ဆောင်နေတာဟ တဲ့။ ၀က်သားတုတ်ထိုးရောင်းတာနဲ့ သူဌေးဖြစ်နေပြီတဲ့။ သူတို့က ကားနဲ့လာတာ။ ကားကို တစ်နေရာ ရပ်ထားခဲ့ပြီး ဆင်းရဲယောင်ဆောင် ဒီနားလာရောင်းတာတဲ့။ စုံလို့ပဲ နောက်နေတာ။
ဒါနဲ့ စားကြတော့ တုတ်ချိုးထားတာ ၁၅၀၊ မချိုးထားတာ ၂၀၀ တဲ့။ အူပိတ်တို့၊ နို့အုံသား၊ လျှာ အစရှိသည်တွေက ၂၀၀ပေါ့။ မဆွိတီကတော့ အူပိတ်ဆိုလား အဲဒါလေးကြိုက်လို့ များများစားတယ်။ နို့အုံသားဆိုတာတော့ နူးညံ့ပေမဲ့ နဲနဲ အီလည်လည်မှို့ တစ်ခုပဲ စားမိတယ်။ ၀က်သဖုံးသားဆိုလား ကြံကြံဖန်ဖန်လဲပါတယ်။ မျက်လုံးကတော့ ဈေးအကြီးဆုံး။ တစ်လုံး၃၀၀ တဲ့။ မျက်လုံးလေးတွေကျ စီပြီး နှီးကြိုးလေးနဲ့ တောင် ရက်ရက်စက်စက်သီထားသေးတယ်။ မဆွိတီတော့ အူယားလို့မစားပါဘူး။ အချဉ်ရေကိုလည်း ငရုပ်သီးစိမ်း၊ နံနံပင်လေးဖြူးပြီး သတ်သတ်စပ်ပေးသေးတယ်။ သူ့အချဉ်ရည်ကိုကလည်း ကောင်းလှသဗျာ။ ဘယ်လိုစပ်လဲမသိဘူး။ ကိုယ်တွေ စားနေတုံး ကောင်လေးတစ်ယောက်လဲ ရောက်လာတယ်။ ကောင်လေးက ငယ်ငယ်ချောချော၊သန့်သန့် ၀တ်စားဆင်ယင်ပုံကလဲ ခေတ်လူငယ်ပုံစံ ဂျင်းပင်န်နဲ့ တီရှပ်နဲ့။ မဆွိတီတို့ အဖွဲ့က ဆိုင်ရှေ့မှာ ပိတ်ထိုင်နေကြတော့ သူကကောင်မလေးရဲ့ ဘေး၊ ဘယ်ဖက်နားလောက်မှာ ထိုင်တယ်။ ပြီးတော့ သူစားချင်တာ တစ်ခုပြီးတစ်ခု အေးအေးဆေးဆေး မှာစားတော့တာပဲ။ သူကျတော့ ပန်းကန်လေးထဲကို လှီးပြီး ထည့်ပေးတာ။ သူကလဲ စားနေကျ ဖောက်သည်ဖြစ်ပုံရတယ်။
အဲဒီနေရာမှာ သူမှာစားပုံနဲ့ ကောင်မလေးကလဲ သူမှာတာတွေကို စိတ်ရှည်လက်ရှည် တစ်ခုချင်းရွေးချယ်ပြီး ပန်ကန်ထဲထည့်ပေးနေပုံက ကဗျာဆန်လှတယ်။ မဆွိတီတို့အတွက်တော့ မြင်နေကျ မြင်ကွင်းမဟုတ် အထူးအဆန်းမှို့ ဘေးကနေ မသိမသာ အကဲခတ် နေမိတယ်။ ကောင်လေး ၀က်သားတုတ်ထိုး မှာပုံက သမီးရီးစား တိုးတိုးညှင်းညှင်း ချစ်တင်းနှောနေသလို၊ ရည်စားစကားပြောနေသလို လေသံနဲ့ဗျာ။ ကောင်မလေးကလဲ သူတောင်းဆိုသမျှကို ၀က်သားတုတ်ထိုးအိုးကြီးထဲကနေ ရွေးချယ်ပြီး အသာလှီးပေး၊ ပန်းကန်ထဲ တစ်ခုချင်းထည့်နေဟန်တွေကလဲ ငြင်သာလှတယ်။ ကဗျာတစ်ပုဒ်လို အနုပညာဆန်နေသလိုပဲ။ ကိုယ်တွေကသာ ခုမှလာစားသူမှို့ ဘာရလဲ၊ ဒါလေးက ဘာသားတွေလဲ၊ ဘယ်ဟာက ပိုကောင်းလဲ ဟိုဟာမေး၊ ဒါမေးနဲ့ပေမဲ့ သူတို့၂ယောက်ကတော့ အချင်းချင်း နားလည်မှုရှိပြီးသားချစ်သူတွေလို ဈေးဝယ်သူနဲ့ရောင်းသူ အချိုးညီလှတယ်။
ပြီးတော့ ကောင်လေးက အရင်စားပြီးသွားပြီး၊ ဆိုင်နားမှာ ရပ်ထားတဲ့ ကားလေးပေါ် တက်မောင်းပြီး ထွက်သွားတာပဲ။ အဲဒီတော့မှ ကောင်မလေးက ရှက်ကိုးရှက်ကန်းနဲ့ အကိုကြီးတို့ သူများရှေ့မှာ အရှက်ခွဲတယ် ဘာတယ်နဲ့ ဆက်နောက်နေကြပြန်ရော။ အမယ် နင်ကလဲ ဖောက်သည်ချင်းတူတူ ငတို့ကျ ဂရုမစိုက်၊ ကောင်လေးကျ သေချာလုပ်ပေးတယ်လို့ အကိုကြီးက စကားနာထိုးပြီး ထပ်စနေလို့ ရယ်နေရသေးတယ်။
မဆွိတီလဲ ရသမျှအချိန်လေးမှာ သိချင်တာလေးတွေ အင်တာဗျူးလိုက်သေးတယ်။ အဓိကသိချင်တာက မဆွိတီက ဟင်းချက်နည်းတွေ ရေးနေကျဆိုတော့ သူတို့ဘယ်လိုလုပ်လဲ နည်းသိချင်လို့ မေးတာပါ။ ဒါပေမဲ့ အဲဒါပြောချင်ပုံမရဘူး။
မဆွိတီ။ ။ ငါ့ညီမ၊ ၀က်သားတုတ်ထိုး အရမ်စားးကောင်းတာပဲ။ သန့်ရှင်းပြီး ဘာအညှီနံ့မှကို မထွက်ဘူး။ ဘယ်လိုများ လုပ်ထားလဲ။
ဈေးသည်ညီမ။ ။ ၀က်သားကို အနံ့ပျောက်အောင် ကျောက်ချဉ်နဲ့ ဆေးတာအစ်မ။
မဆွိတီ။ ။ အော်ဟုတ်လား။ ဒါနဲ့ အဲဒီဝက်ကလီစာအစုံတွေ ဘယ်ကများ သွားဝယ်ရလဲ။ အများကြီးပဲနော် ၀ယ်ရတာ။ ဘယ်လောက်ဖိုးလောက်များရှိလဲ။
ဈေးသည်ညီမ။ ။ (လမ်းမဖက်ကို လက်ညှိုးထိုးပြလျက် ...)အဲဒီဘက်က XX ဈေးမှာသွားဝယ်ရတာပဲ အစ်မ။ (သံဈေးဆိုလား ... မသေချာ ... မမှတ်မိတော့ပါ... ခွင့်လွှတ်ကြပါ။)။ မနက်ခင်း အစောကြီး သွားဝယ်ရတာ။ ၂သောင်းခွဲ ၃သောင်းဖိုးလောက်ရှိတယ်အစ်မ။
မဆွိတီ။ ။ ၀ယ်ပြီတော့ ပြုတ်တော့ရော။ ဘယ်လောက်ကြာကြာပြုတ်ရလဲ။ ဘာမီးနဲ့ ပြုတ်လဲ။
ဈေးသည်ညီမ။ ။ မီးသွေးနဲ့အစ်မ။ မီးသွေးမီးဖိုအကြီးကြီးနဲ့ ပြုတ်ရတာ။ မီးသွေးတော့ တော်တော်ကုန်တယ်။ အိုးအကြီးကြီးနဲ့ တစ်ခါထဲပြုတ်ရတာ။ မာတဲ့ ကလီစာတွေ အရင်ပြုတ်ပြီးမှ နောက်နူးလွယ်ပျော့လွယ်တာတွေ ထပ်ထည့်ရတာ။ မီးသွေးက ခဏခဏ ထပ်ဖြည့်ထိုးပေးနေရတယ်။ မနက် ၉နာရီလောက်က ပြုတ်ရင် နေ့ခင်း ၃နာရီလောက်မှ အကုန်ကျက်တယ်။
မဆွိတီ။ ။ပြုတ်တော့ရော အချိုမှုန့်တို့ သကြားတို့ ထည့်ရတာပေါ့။ တခြားဘာတွေများ ထည့်ပြုတ်ရသေးလဲ။
ဈေးသည်ညီမ။ ။ သကြားထည့်တယ်အစ်မ။ အချိုမှုန့်တော့ သိပ်မသုံးပါဘူး။ (လုပ်နည်းတော့ ပြောလိုဟန်မရှိလို့ ဆက်မမေးတော့ပါ)
မဆွိတီ။ ။ ဆိုင်ကရော ဘယ်အချိန် စဖွင့်လဲ။ နေ့ခင်းကတည်းကလား။ ဘယ်အချိန်လောက်မှ ဆိုင်သိမ်းလဲ။
ဈေးသည်ညီမ။ ။ ည ၇နာရီ၊ ၈နာရီလောက်မှ စဖွင့်တာအစ်မ။ နေ့ခင်းတော့ မရောင်းဘူး။ ည ၁နာရီ၊ ၂နာရီလောက် ကုန်တဲ့ အချိန်ပေါ်တည်ပြီး ဆိုင်သိမ်းပါတယ်အစ်မ။
မဆွိတီ။ ။ အော် ... ညဉ့်နက်တဲ့အထိ လာစားတဲ့ ဖောက်သယ်တွေရှိတယ်လား။
ဈေးသည်ညီမ။ ။ ဟုတ်တယ်အစ်မ။ ဖောက်သည်တွေ အများကြီးရှိတယ်။ ညီမတို့က အဓိက စားနေကျ ဖောက်သည်တွေရှိတယ်။
မဆွိတီ။ ။ အော်ဒါတွေ ဘာတွေ မှာရင်ရော ရသလား။
ဈေးသည်ညီမ။ ။ ဖောက်သည်တွေထဲက တစ်ချို့မှာတာတွေရှိပါတယ်။ လုပ်ပေးပါတယ်အစ်မ။
အဲဒီမှာ ဦးခြိမ့်သူငယ်ချင်းက ၀င်ပြောတယ်။ ၀န်ကြီးတွေ၊ စစ်ဖက်က ကြီးကြီးမိသားစုတွေထဲကလဲ ဖောက်သည်အချို့ရှိပါသတဲ့။ နေပြည်တော်ကိုတောင် လေပျံနဲ့ ပို့ရတယ်လို့လဲဆိုပါတယ်။ ဟုတ်မဟုတ်တော့ မသိပါ။
မဆွိတီ။ ။ စိတ်တော့မရှိနဲ့နော်။ သိချင်တာ သတ်သတ်ပါ။ အမြတ်ရော ဘယ်လောက်ရလဲညီမ။
ဈေးသည်ညီမ။ ။ အမှန်အတိုင်း ပြောမယ်နော်အစ်မ။ တစ်နေ့ ၃သောင်း၊ ၄သောင်းလာက်တော့ အမြတ်ကျန်ပါတယ်။
မဆွိတီတို့ စားပြီးငွေရှင်းကြတော့ ၀က်သားတုတ်ထိုး နဲ့ ဘေးဆိုင်က ကြာဆံ၊ ခေါက်ဆွဲကြော်၊ ဆာတေးအပါအ၀င် အားလုံး ၂သောင်းကျပါတယ်။ မဆွိတီတို့စားပြီးတော့လဲ ဟိုးအပေါ်မှာပြထားတဲ့ တုတ်ထိုးဗန်းက သိသိသာသာလျော့မသွားပါဘူး။ ဒီတော့ သူ့ဗန်းထဲက ကျန်နေတဲ့ ၀က်သားတုတ်ထိုးတွေနဲ့ ကိုယ်စားခဲ့တဲ့ငွေ တွက်ကြည့်လိုက်တော့ ဟိုးအပေါ်က သူပြောတဲ့ ကလီစာဖိုးအရင်းနှုတ်လိုက်ရင် သူတစ်နေ့အမြတ်ငွေက ဒီ့ထက်တောင်ပိုမလားလို့ တွက်ကြည့်မိနေပါတယ်။ တခြား hidden cost တွေမှ ကိုယ်ကမသိတော့ သူပြောတာပဲ ယုံလိုက်ပါတယ်လေ။
စလုံးက money minded တို့ ထုံးစံ သူပြောတဲ့အတိုင်း တစ်လ၀င်ငွေတွက်ကြည့်တော့ ၁၂သိန်း၊ ခုခေတ် ပေါက်ဈေးနဲ့စလုံး ၁၇၀၀-၁၈၀၀လောက်ရှိပါကလားလို့ အကြမ်းဖျင်း တွက်ကြည့်ရင်း ဈေးသည်ညီမကို နှုတ်ဆက်ပြန်ခဲ့ကြပါတော့တယ်။
ရေးရင်းနဲ့ ပို့စ်ရှည်သွားလို့ မနေ့က အိမ်မှာ လုပ်စားတဲ့ ၀က်သားတုတ်ထိုးကိုတော့ နောက်မှ ပို့စ်တင်တော့မယ်ဂျာ။
(အင်တာဗျုးတာ သူပြောတဲ့ အတိုင်းသာရေးတာပါ။ အချက်အလက်မှားယွင်းတာတွေ၊ မသေချာတာတွေ ရှိနိုင်ပါတယ်။ မဆွိတီကိုယ်တိုင်လည်း သူပြောတာတွေ မှန်မမှန် မသိပါ။)
Subscribe to:
Post Comments (Atom)
သြော်..တို့တွေ.. ဘာလို့များ ကျောင်းတက်ခဲ့မိသလဲ..၀တ်သားဒုတ်ထိုးပဲ လုပ်ရောင်းမိရင် အိုးမကွာအိမ်မကွာပဲ..သိပ်ကောင်းမှာနော်။ :D
ReplyDeletemm
ရသစာပေအစစ် ဆိုတာ ဒါပဲ တီတီဆွိရေ :P
ReplyDeleteတီတီဆွိရေ
ReplyDeleteခေတ်အခါက သိတဲ့အတိုင်းဗျာ
မန်းမှာတော့ ဖြူစိမ်း ကွမ်းယာ (ကျောင်းဆရာက တွဲဖွင့်ပါတယ်)
ဘီအက်စီ စတိုး နဲ့ဗျာ၊ အခုခေတ်စားနေတဲ့ မာလာဟင်းသည်ကလည်း ကားနဲ့ဘဲဗျာ
ကွမ်းယာရောင်းတဲ့သူတွေ ဒုတ်ထိုးရောင်းတဲ့သူတွေက တိုက်နဲ့ကားနဲ့ဗျ
အလုပ်ကလေးဘာလေးပြောင်းရ ကောင်းမလား စဉ်းစားနေတား)
ခင်မင်တဲ့
seesein
ခုချိန်ငွေဈေးကလည်း ကျနေတာနဲ့ .. !
ReplyDeleteရန်ကုန်ပြန်ပြီး အဲ့ဒီ့ လုပ်ငန်းပဲ လုပ်ရရင် ကောင်းမှလား ..
နဲနဲတော့ တွေးစရာလေးတွေ ဖြစ်လာပြီ .. :D
ဘယ်သူ့ကိုမဆို သူ့ကျွမ်းကျင်ရာ လိမ္မာတာကို လေးစားစရာပါလေ။ သူလဲ သူ့ဝက်သားတုတ်ထိုးကို ကောင်းအောင် လုပ်တတ်လို့ ဒီလို ရောင်းကောင်းတာပေါ့။ ကျွန်တော်တို့ ''နာ..ဘယ်က ဘာဘွဲ့ရထားတယ်'' ဆိုတဲ့မာနနဲ့ ဝင်ရောင်းရင် သူ့လို မလေ့လာ မဆည်းပူးဘဲ ဘယ်ရောင်းကောင်းမလဲ။
ReplyDeleteမုန့်ဟင်းခါးတစ်ပွဲငါးရာ.တဲ့
ReplyDeleteပြန်ရောင်းကြစို့။
အခုတလော ၀က်သားတုတ်ထိုးစားချင်နေပါတယ်ဆိုမှနော်.. တီဆွိပို့စ်ဖတ်ပြီး ပိုစားချင်လာပြီ..
ReplyDeleteကျောင်းမတက်ပဲ ဒုတ်ထိုးရောင်းခဲ့ရမှာကွာ.. ကတောက်။
ReplyDeleteပုံ.. ကြမ်းကြမ်းရမ်းရမ်း လက်ထပ်ထားသူ ကိုးရီးယားမင်းသား (တပြားမှမလျှော့)
တီတီဆွိ ၀က်သားတုတ်ထိုးစားသွားပါတယ် အရမ်းစားလို့ ကောင်းပါတယ် ကျေးဇူးတင်ပါတယ်
ReplyDeleteပို့စ်ရော ကွန်မန့်တွေရော ဖတ်ပြီးရယ်သွားတယ်
ReplyDeleteအပေါ်က မာမီခင်ဦးမေ မုန့်ဟင်းခါးရောင်းစားမယ်ဆို ချက်ကော ချက်တတ်လို့လား အမြတ်မရပဲ အရင်းပါပြုတ်နေမယ် ဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဝယ်သူနဲ့ ရောင်းသူကို ချစ်သူ နှစ်ယောက်လို ရေးထားတာလေး သဘောကျ၏။ "ကောင်မလေးကလဲ သူတောင်းဆိုသမျှကို ၀က်သားတုတ်ထိုးအိုးကြီးထဲကနေ ရွေးချယ်ပြီး အသာလှီးပေး၊ ပန်းကန်ထဲ တစ်ခုချင်းထည့်နေဟန်တွေကလဲ ငြင်သာလှတယ်။ ကဗျာတစ်ပုဒ်လို အနုပညာဆန်နေသလိုပဲ" ရို့စ် ၀က်သား မစားပေမယ့် လာငေးသွားတယ် အစ်မရေ... ခိခိး) တီဆွိ ဒီလောက်ဆို ဂျာနယ်တွေမှာ မင်းသမီးတွေကို အင်တာဗျုးလို့ ရပြီ။ ခုလည်း ၀က်သားတုတ်ထိုးသည်ကို ဗျုးထားတာ ထောင့်စုံပါ့။
ReplyDeleteဘွဲ့ရပြီး ကွမ်းယာရောင်းနေတဲ့ လင်မယားနှစ်ယောက်လဲ မြင်ဖူးတယ်။ အရင် မြေနီကုန်း ညဈေးရှေ့မှာ။
ReplyDeleteမြန်မာပြည်ပြန်ပြီး ၀က်သားဒုတ်ထိုး ရောင်းရင်တော့ ကိုယ်စားတာနဲ့တင် အရင်းပြုတ်မှာပဲ :P
မမေဓါဝီ ပြောတာရယ်ရတယ် .. အဲလို ရောင်းရတဲ့လူတွေကျတော့ စားချင်ပါအုံးမလား မသိဘူးနော်
ReplyDeleteဝက်သားတုတ်ထိုးလုပ်နည်းလားလို့ ပြေးလာဖတ်ပါတယ်..
ReplyDeleteအင်တာဗျူးနဲ့ တွေ့နေတယ်..
အမြတ်ကိုကြားရတော့...ရောင်းချင်စိတ်တောင်ပေါက်သွားတယ်..
လမ်းမတော် တော်ဝင်ဆေးခန်းနားက ခေါက်မုန့်သည်လဲ တိုက်နဲ့ ကားနဲ့တဲ့ဗျား... ဘယ်လိုလုပ်ကြမလဲ သူငယ်ချင်းရေ...း))
ReplyDeleteဘွဲ့ယူပြီး လုပ်စားမိတာ မှားပါတယ်။
ReplyDeleteအမှန်ပဲ ဒေါ်ရီတာ
ReplyDeleteခုကို စဉ်းစားနေတယ်
ဘန်ကောက်မှာ အလုပ်ထွက်ပြီး ထမင်းဆိုင်ဖွင့်ရမလားလို့လေ
စားဖူးတဲ့ သူတွေကလဲ ကောင်းတယ် ပြောကြတယ်
မြှောက်ပဲ ပြောတာလား နောက်မစားရမှာ စိုးလို့ပဲလားမသိ
ဒါပေမယ့် တကယ်ပြောတာ
တကယ်ကို စဉ်းစာနေတယ်
သေသေချာချာ စဉ်းစားနေတယ်
တီတီဆွီရေ ကျေးဇူးပါ
တုတ်ထိုးက လုပ်စားချင်နေတာကြာပြီ
နည်းမသိလို့ ကွိ
Hola: Un blog diferente; he aprendido mucho sobre sus comidas. Tengo un blog de caracter educativo sobre literatura, filosofía y cine. Si desea visitarlo la dirección es:
ReplyDeletehttp://alvarogomezcastro.over-blog.es
Saludos desde Santa Marta, Colombia