မဆွိတီ၏ ထမင်းစား လက်မှတ်များ ...
မဆွိတီတို့ ကြောင်ဖမ်းခြင်း ...
3D နဲ့ ဒီဇိုင်းဆွဲရမယ်ဆိုလို့ အဲဒီအချိန်က တတ်တာဆိုလို့ Auto CAD က 3D ပဲရှိတာ။ Auto CAD အကြောင်း နောက်ကြောင်းပြန်ရရင် မဆွိတီဆရာမလုပ်တော့ ကျောင်းထဲက ဆရာမများဆောင်မှာနေတယ်။ အဲဒီအချိန်က Auto CAD ဆိုတာ အတော်ပေါ်ပြူလာဖြစ်နေပြီ။ ဆရာဦးသိန်းထွဋ်တို့ဖွင့်တဲ့ Geocomp မှာ တက်ကြတာများတယ်။ အဲဒီအချိန် သူငယ်ချင်း အချင်းချင်း တွေ့လို့ မေးရင် ဟေ့ နင်ဘာလုပ်နေလဲဆို ကြောင်ဖမ်းနေတယ်ဖြေကြတယ်။ အစတော့ ဘာပြောနေမှန်းမသိဘူး။ နောက်မှ ကြောင်ဖမ်းတယ်ဆိုတာ Auto CAD သင်တန်းတက်နေတယ်လို့ သဘောပေါက်တယ်ဗျား။
ဒီတော့ မဆွိတီလဲ နီးနီးနားနား ကျောင်းနားက ခ၀ဲခြံမှာ ညနေတိုင်း ကြောင်သွားသွားဖမ်းပါတယ်။ ကြောင်ဖမ်းဆရာကတော့ အခုဖေ့စ်ဘွတ်ခ်မှာ နာမည်ကြီးနေတဲ့ ဓာတ်ပုံဆရာ ကိုဋ္ဌေးဝင်းပါပဲဗျာ။ ဆရာကတော့ စေတနာလဲပါ၊ သေချာလဲ သင်ပေးပါတယ်။ အဲဒီမှာ ၃လလောက် သင်နေရင်းတန်းလန်းနဲ့ 3D တောင်မရောက်သေးဘူး၊ ဦးသောင်းကောင်းမှုနဲ့ MIT ပြောင်းရလို့ သင်တန်းကို ရပ်လိုက်ရတယ်။ နောက် ၂နှစ်လောက်အကြာ ဒီလာခါနီးကျမှ မပြီးသေးသော ပန်းချီကား အဲလေ မပြီးသေးသော Auto CAD ကို ဆရာမ ဒေါ်စန္ဒာအေးနဲ့ ဖုတ်ပူမီးတိုက် တစ်ပတ်နဲ့ အပြီးသင်ခဲ့ရတာပါ။ ဆရာမနဲ့တော့ 3D ကို အဓိကထားသင်ခဲ့ပါတယ်။ ဆရာမကလဲ ရတဲ့ အချိန်လေးမှာ စေတနာနဲ့ သေချာကို သင်ပေးခဲ့တာ မှတ်မှတ်ရရပါပဲ။ (အဲဒီအချိန် ဆရာကိုဋ္ဌေးဝင်းသင်တန်းက ခ၀ဲခြံမှာ မရှိတော့ပြီကိုး။)
ထူးဆန်းတဲ့ အလုပ်ရှင် ...
အလုပ်အကြောင်း ပြန်ဆက်ရရင် အဲဒီအလုပ်ရတာလဲ အံ့သြစရာ။ ကြားရက် သတင်းစာထဲက မထင်မရှား တစ်လက်မ ပတ်လည်လောက်သာရှိတဲ့ ကြော်ငြာလေးကို လျှောက်လိုက်တာ အင်တာဗျူးခေါ်တာဗျာ။ ခေါ်တဲ့ ပို့စ်က Mechanical Designer ပါ။ အင်တာဗျူးခေါ်တော့ ဘယ်အလုပ်က ခေါ်တာလဲ မနဲပြန်ရှာရတယ်။ စနေသတင်းစာထဲက ကြော်ငြာအကြီးကြီးတွေ လိုက်ကြည့်နေတာကိုး။ ဗျူးတဲ့နေရာက တန်ဂျုံဘာဂါး ၃၇ ထပ်မှာ။ အလုပ်ရှင်ဂျပန်ကိုယ်တိုင် ဗျူးတာပါ။ မေးတဲ့ ဂျပန်က အသက်၃၀လောက်။ ခပ်ငယ်ငယ်ပဲ။ သိပ်ယဉ်ကျေးတယ်။ တံခါးကို လာဖွင့်ပေးပြီး ကုန်းပြီး နှုတ်ဆက်တယ်။ ပြန်တော့လဲ တံခါးဝနားထိလိုက်ပို့ တံခါးကို ကိုယ်တိုင်ဖွင့်ပေးပြီးမှ ကုန်းပြီး နှုတ်ဆက်ပြန်တယ်။ ငါအလုပ်ရှင်ဆိုတဲ့ သဘောမျိုးမရှိပဲ လေးလေးစားစား ဆက်ဆံတယ်။ စကားပြောတာလဲ သိပ်ယဉ်ကျေးတယ်။ ကုမ္ပဏီတစ်ခုလုံးလဲ သူ့တစ်ယောက်ပဲတွေ့တယ်။ တခြားသူတွေက out sourcing သွားနေကြတယ်ဆိုပဲ။ အင်တာဗျူးတော့လဲ Technical ပိုင်းဆိုင်ရာ သိပ်မမေးဘူး။ မာစတာဘွဲ့ရတာ သေချာလားမေးတယ်။ ဆာတီဖီကိတ်တွေ ကြည့်တယ်။ ပါစင်နယ် ဟိုဟာမေး၊ ဒါမေးပဲ။ ၁၅မိနစ် - မိနစ်၂၀ လောက်ပဲကြာမယ် ဗျူးတာ။ သူတို့ကုမ္ပဏီက out sourcing ကုမ္ပဏီပါတဲ့။ တခြားကုမ္ပဏီတွေက လိုအပ်တဲ့ အင်ဂျင်နီယာတွေကို လိုက်ပြီး ဖြည့်ပေးရတယ်ပေါ့။ မဆွိတီက Tuas ဖက်က weight machine ထုတ်တဲ့ ကုမ္ပဏီတစ်ခုကို out sourcing engineer အနေနဲ့ သွားရမယ်ပေါ့။ ဗျူးပြီး နောက်တစ်ရက် ချက်ချင်းပဲ confirm လုပ်ပြီး စာချုပ်မှာ လက်မှတ်ထိုးရတယ်။ Benefit တွေ ဘာတွေ အကုန်ကတော့ ကုမ္ပဏီကြီးတွေ အတိုင်းပါပဲတဲ့။ ဒါကနောက်မှ ဦးခြိမ့်ကပြောတာ။
3D လေ့ကျင့်ခန်း ...
အလုပ်က နောက် တစ်ပတ်ကျော်လောက်နေမှ စ ဆင်းရမှာဆိုတော့ ဒီကြားထဲ မဆွိတီတို့ အိမ်မှာ 3D အဆွဲကျင့်ရပါတော့တယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲက တစ်ပတ်တည်း ဖုတ်ပူမီးတိုက်သင်ပြီးကထဲက လုံးဝမကိုင်ဖြစ်တာ။ 3D modeling တတ်တယ်ဆိုပြောပြီး၊ တကယ်မလုပ်နိုင်ရင် အလုပ်ထဲမှာ အရှက်ကွဲမှာ ကြောက်တာနဲ့ တစ်ပတ်လုံး နေ့နေ့ညည တစ်ချိန်လုံး အဆွဲကျင့်ပါတော့တယ်ခင်ညာ။ နောက်ဆုံး အလုပ်ဝင်မဲ့နေ့ ရောက်ခါနီးတော့ အိမ်က တယ်လီဖုံးနဲ့ ပုံစံတူ 3D မော်ဒယ်လေးဖြစ်သည်အထိ ဆွဲတတ်သွားပါတယ်။
မှတ်သားဖွယ် ၀တ်စားဆင်ယင်ပုံ ...
အဲသမှာ ပထမဆုံး အလုပ်သွားမယ့်နေ့ Tuas ကုမ္ပဏီကို ဂျပန်သူဋ္ဌေးက လိုက်ပို့မှာပါ။ ဂျူရောင်းပွှိုင့် MRT ကို မနက် ၈နာရီ အရောက် ချိန်းထားပါတယ်။ အဲဒီမှာ မဆွိတီတို့ ၀တ်စားဆင်ယင်ပုံကို ဖောက်သည်ချပါရစေဦး။ အလုပ်ထဲမှာဆိုတော့ နိုင်ဂံဂျားကားတွေကြည့်ထားတော့ ဖော်မယ်လီး ကုတ်အင်္ကျံနဲ့ စတိုင်ဘောင်းဘီနဲ့ အဟုတ်ပဲ။ ကိုယ့်ဟာကိုယ် ကုတ်အင်္ကျံကို မ၀ယ်စဖူး ကလင်မန်းတီးက ဆိုင်တစ်ဆိုင်မှာ ပိုက်ပိုက် ၅၀ ပေးပြီး ၀ယ်ထားတာ။ အဲဒီအချိန်က ပုံမှန်အင်္ကျံတစ်ထည် ၁၅ကျပ် ၂၀ဆို တော်တော် ကောင်းနေပြီကို။ ဦးခြိမ့်က အဲလောက်ဈေးကြီးတာ ၀ယ်ရမလားဆိုတောင် ပြောသေးတယ်။ အဲလို စတိုင်ကြီးနဲ့ ဟုတ်လှပြီပေါ့။ ဟိုဖက်ကုမ္ပဏီလဲရောက်ရော ဘယ်အမျိုးသမီးဝန်ထမ်းမှ ကိုယ့်လို ကုတ်အင်္ကျံကြီး တကားကားနဲ့ စတိုင်ဘောင်းဘီကြီးနဲ့ မ၀တ်ကြဘူးဆိုတာ တွေ့လိုက်ရတော့ တောသူမ မဆွိတီ နဲနဲတောင် ရှက်သွားတယ်။ ပုံမှန် ရှော့ပင်းထွက်သလို အရောင်လေးတွေနဲ့ ပေါ့ပေါ့ပါးပါးပဲ ၀တ်ကြတာပါကလားလို့ ပထမဆုံး သဘောပေါက်လိုက်တယ်။
out sourcing ကုမ္ပဏီ ဆိုသည်ကား ...
အဲဒီမှာ ပထမဆုံး ဘော့စ်နဲ့ ၊ HR မန်နေဂျာနဲ့ စကားပြောကြရင်းနဲ့မှ နဲနဲ သဘောပေါက်လာတာတစ်ခုက out sourcing ကုမ္ပဏီဆိုတာ လက်စသတ်တော့ အေးဂျင့် ကုမ္ပဏီသဘောမျိုးပါပဲကလား။ သူက အလုပ်သမားကို ဒီကုမ္ပဏီကို လာပို့မယ်။ ဒီကုမ္ပဏီက ကိုယ့်ကို ပေးတဲ့ လစာထဲကနေ သူက ဘယ်လောက် % ဖြတ်ယူသလဲတော့ မသိရဘူး။ ကိုယ်က ဒီကုမ္ပဏီမှာ တစ်နှစ် ကန်ထရိုက်အနေနဲ့ စလုပ်ရမယ်။ တစ်နှစ်ကြာလို့ ကန်ထရိုက် ထပ်မတိုးရင် နောက်ကုမ္ပဏီသွားရမယ်ဆိုတဲ့ သဘော။ ဘာပဲပြောပြော သူပေးတဲ့ လစာက ကိုယ်တောင်းတာထက်များနေတော့ ကျေနပ်ပါတယ်လေ။ သူ့ကိုလဲ ကျေးဇူးတင်ပါတယ်။ ကိုယ်လို အတွေ့အကြုံမရှိတဲ့သူကို လွယ်လွယ်နဲ့ ခန့်လိုက်တာ။ အမှန်က သူက ဒီကုမ္ပဏီက ဘော့စ်အကြီးဆုံးနဲ့ ဂျပန်အချင်းချင်း သူငယ်ချင်းတွေမှို့ သူ့ကို ကူညီပြီး စားပေါက်ဖွင့်ပေးလိုက်တဲ့ သဘောတွေလဲပါတယ်။ ကြုံလဲ ကြုံရပါ့။ အေးဂျင့်တောင်မှ ရှားရှားပါးပါး ဂျပန်ကနေ အေးဂျင့်လာဖွင့်တဲ့ သူနဲ့ တိုးရတယ်လို့ပဲ။
မဆွိတီ အဲလို ပထမဆုံး အလုပ်စဆင်းရတဲ့ နေ့က တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ၊ လွတ်လပ်ရေးနေ့ ဇန်န၀ါရီလ ၄ရက်ပါပဲ။ ဒီနေ့ဟာ မဆွိတီ စလုံးမှာ အလုပ်လုပ်တာ ၁၁နှစ် တိတိပြည့်တဲ့ နေ့ပါ။ လွတ်လပ်ရေးနေ့မှို့ မှတ်မှတ်ရရ ပိုဖြစ်သွားတာပါ။
စင်္ကာပူမှ ပထမဆုံး အလုပ် offer letter
ဆက်ပါဦးမည် ...
Subscribe to:
Post Comments (Atom)
တီဆွိရဲ့  အလုပ်အတွေ့အကြုံလေးတွေကို ဆက်လက်ဖတ်ရှုရန် စောင့်မျှော်နေပါတယ်.. :)
ReplyDeleteအို..တိုက်ဆိုင်လိုက်တာ.. မှတ်မှတ်ရရ အဲဒီနေ့မှာ အချစ်ဆုံး တူလေး လူ့လောကထဲစရောက်ခဲ့တာ။
ReplyDeleteစိတ်ဝင်စားစရာပဲ..ဆက်ရေးနော်အစ်မ
:)
mm
တီဆွိရဲ့ အလုပ် အတွေ့အကြုံလေး လာဖတ်သွားပါတယ်။ အိုးးး ၁၁ နှစ်တောင် ရှိပြီလား တီဆွိ အလုပ် လုပ်နေတာ။ တော်တော် ကြာပြီပဲနော်။ အစစ အဆင်ပြေပါစေရှင်။
ReplyDeleteရန်ကုန် ပြန်လည်တာ တော်တော် ပျော်ခဲ့မှာပဲနော်။ မြန်မာပြည် အလွမ်းပြေ အစားအစာ ဓာတ်ပုံလေးတွေ တင်ပါဦး တီဆွိရေ....။
ပထမဆုံးအင်တာဗျူးမှာပဲ အလုပ်ရတာဆိုတော့ ကံကောင်းတာပဲ။ ဒါ.. ဥပဓိ နဲ့ ဆိုင်တယ် မမ.. :))
ReplyDeleteအလုပ်လုပ်တာ ၁၁ နှစ်... လေးစားပါတယ်...
ReplyDelete11th Anniversary Celebration လုပ်ရက် ကောင်းမှာပဲ...
အကျွေးအမွေးလေးနဲ့လေ...
မေးခွန်း ။ ။ ဟောလီးဒေးနေ့ရက်များကို သွားလာလည်ပတ်ခဲ့သော နေရာများ၊ စားခဲ့သော အစားအသောက်ပုံများနှင့်တကွ ပြည့်ပြည့်စုံစုံ ဖေါ်ပြပါ...း))
အန်တီသက်ဝေ လုပ်ချင်တယ်။ အဲဒီအထိမ်းအမှတ်တော့ ဟုတ်ပါဘူး။ တူနယ်ချင်းတွေနဲ့ တွေ့ချင်လို့။ ဟောလီးဒေး ပုံတွေက ဖေ့စ်ဘွတ်ခ်မှာ တင်ပြီးပြီလေ။ အများကြီး မရိုက်ခဲ့ရဘူး။
ReplyDeleteမချိုသင်းကပြောတာ ဖြစ်နိုင်တယ် ... ဟီးဟီး ... နောက်တာနော်။
အမင်းစားလက်မှတ်တွေများဂျီးပဲနော် .. အားကျထှာ .. ဟိဟိ
ReplyDeleteမဆွိ ရေ
ReplyDeleteဆက်လက်စောင့်မျှော်နေပါတယ် အလုပ်အတွေ့အကြုံလေး တွေ ရေးပြအုန်းနော်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
Congratulation !!
ReplyDeletethanks for the post
ReplyDeleteတူတူပဲ ဆွိရေ တို့လည်း အလုပ် စလုပ်တုန်းက တောသူမြို့ရောက်ပဲ။ ကုတ်အင်္ကျီကြီးဝတ်လို့ ဟိဟိ...။ ခုတော့ အေးဆေးဖြစ်သွားပြီ။ ဆွိက အလုပ်ကံကောင်းတာပဲ။ တက်ဝေ ပြောသလို အလုပ်လုပ်တာ ၁၁နှစ်ပြည့် စားပွဲလေး လုပ်ပါလား၊ ရက်ကျော်သွားပေမဲ့ ဘက်ဒိတ်နဲ့ စားပေးပါ့မယ် ငှဲငှဲ....:)
ReplyDeleteတီတီဆွိက တကယ့် အင်ဂျင်နီယာပဲ။ ကျွန်တော်က လုပ်သက် ၁၅ နှစ်၊ လခစား အလုပ်က ၈ ခု၊ လခစား အလုပ်လုပ်ရင်းနဲ့ ကြားဖောက် အလုပ်လေးတွေ လုပ်လိုက်သေး၊ ။ အင်တာဗျူးကတော့ နင်လား ငါလား တခါမှ မဗျူးဖူးဘူး။ အလုပ် ၈ ခုလုံး မိတ်ဆွေ သူငယ်ချင်းတွေက ထောက်ခံ မိတ်ဆက်ပေးတာ ချည်းပဲ :P
ReplyDeleteပြောဖို့ မေ့သွားလို့ -
ReplyDeleteတီတီဆွိက သင်တန်းဆင်း လက်မှတ်ဓာတ်ပုံ ရိုက်ရင်၊ အမြဲ အိုးမဲသုတ်ပြီး ရိုက်တယ်နော် :)
ကိုထက်တို့ကတော့ နောက်ဖြစ်အောင် နောက်လိုက်သေးတယ်။ မိုးရွာနေလို့ ထီးလေးဆောင်းပြီး ပြန်လာတယ်ပေါ့။
ReplyDeleteအိုးမဲက ခုမှသုတ်တာအေ့။ နောက်မှို့ဆို အန်တီဆွိတီဆိုတာ အဲဒီအစ်မင်္ကြီးပါလားဆို အကြွေးရှင်တွေ လိုက်တောင်းနေရင် မခက်လား ...း))
အောင်မြင်မူများအတွက် ဂုဏ်ယူမိပါတယ် ၊ အပိုင်း ၃ ကို မျှော်နေပါ့မယ် ၊
ReplyDeleteတကယ်ကို အားကျပါတယ် အမရေ။ ဒီမှာ ၂နှစ်တောင် မပြည့်သေးဘူး။ အားကုန်ချင်လာလို့...
ReplyDelete11yrs experiences... woow. amazing ama..a htet ka anonymous pyaw ta lo pae.... အားကုန်ချင်လာလို့...I just have 3yrs experiences.
ReplyDeleteTsu
ဟုတ်တယ် Tsu ရေ။ R&D မှာ ၁၁နှစ်ကျော်လုပ်ခဲ့တယ်။ စင်္ကာပူမှာတော့ R&D အလုပ် အရမ်းပေါတယ်။ ဒီလောက် အတွေ့အကြုံနဲ့ အလုပ်တစ်ခု အလွယ်တကူရနိုင်တယ်။ အော်ဇီမှာတော့ R&D က တော်တော်ရှားတယ်။ please keep trying hard, times fly.
ReplyDeleteဆု က civil က ပါ.. R&D တော့ တ ခါ မှာ့ မလုပ် ဖူး ဖူး... အမ အား ရင် သို့မဟုတ် ရေးလို့အဆင်ပြေရင် အ လုပ်တွေ့ ကြုံလေးတွေရေး ပါ အုံး ..အမအရင်ကရေးထားတွေဖတာ ရပါ တယ်.. ဆု တို့လိုfresher တွေ အတွက် ကအတုယူစရာပါ... အလုပ်မှာ ဗမာအပေါင်း အသင်း၊ နိုင်ငံခြားအပေါင်းအသင်း၊ ပြဿနာဖြေရှင်း ပုံလေးတွေ ပေါ့အမ ရယ်.. တချို့တွေက လည်းရေးလို့ရချင် မှ ရ မှာ.. အလုပ်confidential တွေ ရှိတော့.. ရေး လို့ ရတာလေးတွေ အတုယူလို့ရအောင်တဆင့်မျှဝေပေး ပါ.. ကျေးဇူးတင်လျက်
ReplyDeleteဆုဆု
P.S ယခင် က တင်ပေးထားတဲ့ post တွေ အတွက်လဲကျေး ဇူး ပါ.. ဦး ခြိမ့် ကိုရော ပေါ့..
ရေးချင်တယ် အတွေ့အကြုံတွေ မေ့မသွားခင်။ လူကလဲ ရေးစရာတွေ တစ်ခါတစ်လေလဲ အရမ်းများတယ်။ တစ်ခါတစ်လေလဲ ဘာရေးရမှန်းမသိဘူး။ တစ်ခါတစ်လေလဲ ရေးရမှာ ပျင်းနေတယ်။ ဆုဆုတို့လို အားပေးမဲ့သူတွေရှိရင်တော့ ရေးရတာ အားတက်တယ်.. ကျေးဇူးနော်။
ReplyDeleteဆု ကလဲကျေးဇူးတင်ပါတယ်။ အခုလို experience, knowledge တွေ ဖြန့်ဝေပေးတဲအတွက် ပါ။
ReplyDelete