Sunday, May 15, 2011

အန်တီဆွိနှင့် ကားရောင်းခြင်းအတွေ့အကြုံ (၂)

အန်တီဆွိနှင့် ကားရောင်းခြင်းအတွေ့အကြုံ (၁) မှ အဆက်...
စောနက မာကျောက်ကစားနေတဲ့ ကောင်မလေးကလဲ နောက်ကားဖုံးကို ဖွင့်ကြည့်ပြီး ဟိုဒီ လှန်လှောကြည့်ပေါ့။ စစ်ပြီး ရုံးခန်းထဲ ပြန်ဝင်တော့ မဆွိတီက ကားဘယ်ဈေးလောက်ရမလဲ မေးတာ။ သူက ၃၈ ပေးပါမယ်တဲ့ဗျား။

ဒီတော့ မဆွိတီကလည်း ၃၈ ဆိုတာ အင်မတန်နည်းတဲ့ အကြောင်း၊ အပြင်မှာ ပေါက်ဈေးက ၄၄-၄၅ ရှိတဲ့အကြောင်းပြောတော့ သူက ဘယ်လောက်လိုချင်တာလဲလို့မေးပါတယ်။ မဆွိတီက ၄၁ လောက်ရရင် ရောင်းမယ်ဆိုတော့ သူတို့က သူတို့ ကုန်ကျစံရိတ်တွေ၊ COE အကြောင်းတွေ တွင်တွင်ပါအောင်ငြီးပြပြီး ၃၈ထက် ပိုမပေးနိုင်ပါဘူးတဲ့ဗျာ။

အဘန်း ရောက်လာပြီ ...
ပြောနေတုံးပဲ ရုံးခန်းရှေ့ကို မာစီဒီး 2 door ကားအနီ အမိုးပွင့် လှလှလေးတစ်စီးဝင်လာတာကို လှမ်းမြင်လိုက်တယ်။ ကားပေါ်က အသက် အစိတ်ခန့်ရှိ နေကာမျက်မှန်နဲ့ ခပ်ချောချော ငနဲသားတစ်ယောက်ဆင်းလာပြီး မဆွိတီကို Sweet လားဆိုပြီး လှမ်းနှုတ်ဆက်မှ ထိုသူဟာ အဘန်းပါလားဆိုတာ သိလိုက်ရပါတယ်။ ဒီတော့မှ မဆွိတီစိတ်ထဲမှာ ဟမ်မလေး ကား dealer ကလဲ ဂျိန်းစဘွန်းကားထဲက မင်းသားလို အပျံစားပါလားဆို ကောက်ချက်ချမိပါတယ်။ သူ့ပုံပန်းကိုကြည့်ပြီး car dealer တွေဘ၀ တော်တော် အဆင်ပြေပါလား။ ငါတို့ အင်ဂျင်နီယာဘ၀မယ် ဦးနှောက်တွေခြောက်အောင် တွက်ရ၊ ချက်ရ ပြသနာတွေ မျိုးစုံဖြေရှင်းရနဲ့ တစ်နေ့တစ်နေ့ ပိုက်ပိုက်ရှုာရတာ ပင်ပမ်းလိုက်တာ။ သူတို့လို car dealer တွေများ စကားလေးတွေ အဆင်ပြေအောင်ပြောရုံနဲ့ ငွေဝင်လမ်းဖြောင့်လိုက်တာဆို ခဏတဖြုတ်တော့ အတော်အားကျသွားသဗျ။

ဒါနဲ့ အဘန်းနဲ့ စကားပြောကြည့်တော့ ဖုန်းနဲ့ပြောသလောက် မဟုတ်ဘူးခင်ဗျ။ ကောင်လေးက ရည်ရည်မွန်မွန်လေး၊ စကားပြောရတာလဲ တော်တော် အဆင်ပြေပါတယ်။ သူနဲ့ပဲ မဆွိတီတို့ရုံးက မစ်ရှဲဆိုသူလဲ ပြီးခဲ့တဲ့ အပတ်က ကားလဲထားကြောင်းပြောပြတယ်။


သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်

ဒါနဲ့ ခုရောင်းမဲ့ကားအကြောင်းပြောတော့ သူက ဘာပြောလဲဆိုတော့ သူ့မှာ မဆွိတီတို့ကားနဲ့ တိုက်ရိုက်နီးပါးတူတဲ့ ကားမျိုးရှာနေတဲ့ customer တစ်ယောက်ရှိကြောင်း၊ သူက ခု on the way လာနေပြီဖြစ်ကြောင်း၊ သူက ကားကို စစ်ဆေးကြည့်ပြီး ဈေးဖြတ်မှာဖြစ်တဲ့ အကြောင်း၊ ကြိုက်ရင် ခုပဲ တစ်ခါတည်း ၀ယ်မှာဖြစ်တဲ့ အကြောင်းပြောတယ် ခင်ဗျ။ ပြောပြီး မဆွိတီတို့တွေကို အပြင်မှာ ပူတယ်။ ရုံးခန်းထဲမှာ ခဏသွားစောင့်ပါဆို ရုံးခန်းထဲ ရောက်သွားကြပြန်ရောခင်ဗျ။ ဒီလိုနဲ့ သူတို့ပြောတဲ့ customer ဆိုသူကို စောင့်နေလိုက်တာ နာရီဝက်သာကြာသွားတယ် ပေါ်မလာဘူးခင်ဗျ။ ဒါနဲ့ မဆွိတီလဲ မောင်ဝမ်းကွဲလေးကို သူတို့တွေ အချိန်ဆွဲပြီး trick တော့ လုပ်နေပြီ။ တကယ်လာမှာရော ဟုတ်ရဲ့လားမသိ။ အစ်မတော့ မေးလိုက်ဦးမယ်ဆို အပြင်ထွက်မေးတော့ လာတော့မှာပါ on the way ဆိုတာချည်းပဲ ပြောနေတာပဲ။

တေ့တေ့ဆိုင်ဆိုင် ဈေးညှိကြပြီ...
နောက် ၁၅ မိနစ်လောက်စောင့်ပြီး မဆွိတီလဲ စိတ်မရှည်တာနဲ့ အဘန်းကို ကဲကဲ တို့လဲ အကြာကြီး မစောင့်နိုင်ဘူး။ အိမ်မှာလဲ အိမ်ငှါးကိစ္စ ချိန်းထားတာရှိတယ်။ ၄၁ ပေးနိုင်မလား။ မပေးနိုင်ရင်တော့ ပြန်တော့မယ်ဆိုတော့မှ ခုနက customer ဆိုသူ လာသွားပြီဖြစ်ကြောင်း၊ သူက ၃၉ ပေးမယ်။ သဘောတူရင် ခုပဲစာချုပ် ချုပ်မယ်ဆိုတဲ့ အကြောင်းပြောတယ်။ အဲဒီထက်တော့ ပိုမပေးနိုင်တော့ ပါဘူးတဲ့။ မဆွိတီကလဲ ၄၁ ကနေ မလျှော့ဘူး။ သူတို့ကလဲ ၃၉ နောက်ဆုံးဈေးဆို ပြောနေပြီ။

လူပျိုကြီးနှင့်လည်း ကိစ္စပြတ်ပြန်ပြီ ...
ဒါနဲ့မဆွိတီကလဲ trick နဲနဲ လုပ်ရတော့တာပေါ့။ ငါ့မှာ အသိမိတ်ဆွေတစ်ယောက်က ၄၁ ပေးနေတာ။ ဒါပေမဲ့ ငါက စာရွက်စာတမ်းကိစ္စ မလုပ်တတ်လို့ dealer တွေကိုပဲ ရောင်းဖို့ ဆုံးဖြတ်ထားတာဆိုပြောလိုက်မှ အဲဒါဆိုလဲ ကိစ္စမရှိ။ အဲဒီအသိကိုပဲ ရောင်းလိုက်ပါ။ သူက စာရွက်စာတမ်းကိစ္စ အစအဆုံး လုပ်ပေးမယ်။ သူ့ကို ၅၀၀ ပဲပေးပါလို့ ပြောလာပါရော။ ( အဲဒီစကားကို ကြည့်ခြင်းအားဖြင့် စောနက သူတို့ ပြောတဲ့ customer ဆိုတာလဲ သူတို့က trick လုပ်တာဆိုတာ ပိုသေချာသွားတယ်။ အဲလို တိုက်ရိုက်ချက်ချင်းဝယ်မယ်ဆို ရောင်းသူက ကိစ္စပြတ်ပြီးရောဆို ထိုးရောင်းသွားအောင် လုပ်တာ ဖြစ်နိုင်တယ်။ ဈေးကလဲ တိုက်ရိုက်ဝယ်သူက ဒီဈေးပေးတာဆိုတော့ ထပ်တင်လို့ မရအောင်၊ သူတို့ပြောတဲ့ ဈေးကို customer က ပြောတာဆိုပြီး customer ကို လွှဲချလိုက်တာဗျ။) ဒါနဲ့ မဆွိတီလဲ မနေ့က ၄၁ နဲ့ပြောထားတဲ့ ဦးခြိမ့်သူငယ်ချင်း လူပျိုကြီးကို ဖုန်းနဲ့မေးကြည့်တော့ သူက မ၀ယ်တော့ဘူးတဲ့ဗျာ။ သူ့အရင်အလုပ်က အိမ်နဲ့ဝေးလို့ အဲဒီတုံးက ၀ယ်မလို့ဟာ။ ခုတော့ အလုပ်အသစ်ပြောင်းတော့ နီးသွားလို့ ကားမလိုတော့ပါဘူးတဲ့ဗျား။

တိုက်ရိုက်ကြော်ငြာပြီး ရောင်းတော့မည်။
ဒါပေမဲ့ စိတ်ကတော့ မလျှော့ဘူးခင်ဗျ။ အဘန်းက စာရွက်စာတမ်းကိစ္စ ၅၀၀ နဲ့ လုပ်ပေးမယ်ဆိုပြောထားတော့ အားတက်သွားတယ်။ စာရွက်စာတမ်းကိစ္စ ပူစရာမလိုဆိုတော့ owner (buyer)ကို တိုက်ရိုက်ရောင်းရင် ဒီ့ထက်တော့ ဈေးပိုရနိုင်ချေရှိတယ်ဆို တွက်မိလို့ online ကားပွဲစားတန်းကနေ ကြော်ငြာပြီး ကားကိုရောင်းဖို့ စိတ်ကူးမိတော့တယ်။ အဲဒီနေ့က အဘန်းကိုလဲ ကျေးဇူးတင်ကြောင်း၊ စာရွက်စာတမ်းကိစ္စလိုရင် ဖုန်းခေါ်လိုက်မည်ဖြစ်ကြောင်း ပြောပြီး နှုတ်ဆက် ပြန်ခဲ့တော့တယ်။

ကားကြော်ငြာပြီ။
အဲဒီနေ့ ညနေပဲ ကားကို ကားပါ့ကင်ကနေ အလင်းရောင်ကောင်းကောင်းရတဲ့ မဆွိတီတို့ ဘလော့ရှေ့က သစ်ပင်ရိပ်မှာ ရပ်ပြီး view အမျိုးမျိုးကနေ ဓာတ်ပုံ ၃-၄ ပုံလောက် ရိုက်လိုက်တယ်။ ညကျ sgcarmart နဲ့ တခြားကား ကြော်ငြာတဲ့ web page ၃-၄ ခုကနေ ကြော်ငြာလိုက်တယ်။ sgcarmart ကနေ ကြော်ငြာတော့ ဈေးအကြီးဆုံးပေးရတဲ့ Star Advertisement ဆိုတာ ရွေးလိုက်တာခင်ဗျ။
http://www.sgcarmart.com/owner/index.php
သူက ကြော်ငြာပြီးပြီးချင်း နောက်နေ့ တစ်ရက်လုံး web page ရှေ့မျက်နှာစာမှာ ပေါ်နေမှာပါ။ ကြော်ငြာခ ၈၆ကျပ်ပေးရပါတယ်။ ရိုးရိုးကြော်ငြာတာရင် ၃၈ကျပ်ခင်ဗျ။ မြန်မြန်ရောင်းရမလားလို့ ပို effective ဖြစ်မဲ့ နည်းကို ရွေးလိုက်ရတာပါ။ တခြား web page ၂ခုကလဲ ၂၉ကျပ် နဲ့ ၃၅ ကျပ်လားပေးရတယ်။ ပုံတွေကို သေချာ attach လုပ်ပြီး ကြော်ငြာလိုက်တာပါ။ အတွင်းက ကြော်ငြာစာသားကတော့ တခြားသူတွေ ရေးထားတာ ဖြတ်ညှပ်ကပ်ပြီး ရေးလိုက်တာပါ။ ခေါင်းစဉ်က "Lowest price in the market. Owner want to sell fast " ဆို ကြော်ငြာလိုက်တာခင်ဗျ။ မဆွိတီ ကြော်ငြာထားတဲ့ဈေးက ၄၂.၅ ဆိုတော့ သူများ ၄၄-၄၅ တွေကြားမှာ ကိုယ်က ဈေးအသက်သာဆုံးဖြစ်နေတာကိုးဗျ။ ဈေးတွက်တာကတော့ ၃၉ နဲ့ ၄၅ ကို ကြားချ၊ စာရွက်စာတမ်းကြေး ၅၀၀ ပေါင်းလိုက်တာပါ။ ကြော်ငြာလိုက်တာ Sunday ည ၁၀နာရီလောက်ဖြစ်ပါတယ်ခင်ဗျား။

ဆက်ပါမည်။

8 comments:

  1. ဖတ်လို့အရမ်းကောင်းနေပီ၊ မြန်မြန်ရေးပါတော့ ဇတ်လမ်းအစုံ

    ချမ်းချမ်း

    ReplyDelete
  2. TT Sweet ရေ ဖတ်လို့ကောင်းနေမှ အဲဒီလိုကြီး လုပ်လုပ်သွားတာ သိတ် စိတ်ဆိုးဖို့ကောင်းတယ်ဗျာ။
    မြန်မြန်ဆက် ။

    ReplyDelete
  3. စိတ်ဝင်စားစရာ...ဆက်ရန်ကို မျှော်နေပါမယ်။

    ReplyDelete
  4. တီဆွိ

    COE အကြောင်း နည်းနည်းရှင်းပြပါလား ဟင် .... အင်တာနက်မှာရှာဖတ်တာလည်း နားမလည်လို့ ပါ ...

    ReplyDelete
  5. ပထမပိုင်းနဲ့ ဒုတိယပိုင်း ပေါင်းဖတ်သွားတယ်
    အတွေ့အကြုံလေးတွေကို ရိုးရိုးရှင်းရှင်းနဲ့ စိတ်ဝင်စားဖွယ်ရေးတာကို သဘောကျမိတယ်
    ခုလည်း တော်တော်စိတ်ဝင်စားနေပြီ
    ဘာတွေဆက်ဖြစ်မလဲ သိချင်နေတာ တအားဘဲ

    ReplyDelete
  6. TTsweet ကားရောင်းတာ ဖတ်ရတဲ့  သူတောင် စိတ်လှုပ်ရှားပါတယ် ဗျ

    ReplyDelete
  7. ချင်ကာပူမှာ ကားရောင်းတာဒီလို tickတွေရှိတယ်ဆိုတာ တီတီဆွိ blog ဖတ်မှဘဲ သိတော့တယ်ဂျာ။

    ReplyDelete
  8. ဗဟုသုတရပါတယ် မဆွိ...ဆက်ရေးပါအုံး..နေ့တိုင်းဝင်ကြည့်နေတယ်..

    ReplyDelete