Sunday, September 9, 2012

မုန့်ဟင်းခါးတော့ မုန့်ဟင်းခါး ...


အန်တီဆွိဟာ အင်မတန် အပျင်းထူလှတယ်။ စလုံးမှာနေတုံးကတော့ အိမ်မှာ ကြီးတော်ကြီးရှိနေတော့ ကြီးတော်က အကုန် လုပ်ကိုင်ပေးတော့ စားချင်တာပြောလိုက်ရုံပဲ။ သူက ချက်ဖို့ အကုန်ပြင်ဆင်ပေးတာကိုး။ ခုဒီရောက်တော့ ဘာမဆို ကိုယ့်ခြေ ကိုယ့်လက်ဆိုတော့ ပင်ပမ်းမှာ ကြောက်တာနဲ့ ဘာမှ သိပ်လုပ်မစားဖြစ်တော့ဘူး။ ခု အလုပ်လုပ်တော့ ပိုတောင် ဆိုးသေး။ လွယ်တာတွေပဲ ချက်လိုက်တာပဲ။

ဒါတောင် ဟိုးလွန်ခဲ့တဲ့ ၇လလောက်က မုန့်ဟင်းခါးစားချင်တာနဲ့ သွေးတောင်းလွန်းလို့ ဖလင်မန်တန်ဈေးမှာ ငါးခူတွေလဲ ရလာတာနဲ့ ၂ကေဂျီလောက်ဝယ်ပြီး ငါးကို ဆီသတ်ထားလိုက်တာ။ မုန့်ဟင်းခါး ရယ်ဒီမိတ်ထုပ်တွေတော့ အထုပ်နံ့တစ်မျိုး ထွက်လို့ဆို မစားတာ ၄-၅နှစ်လောက်ရှိပြီ ထင်တာပဲ။ အဲဒီနေ့က ထူးထူးဆန်းဆန်း စပါးလင်တွေလဲပေါလို့ဆို ၀ယ်လာတာ စပါးလင်တင် ၇ကျပ်ဖိုးဗျာ။ မုန့်ဟင်းခါး ဆီသတ်ချက်တာတော့ ပင်ပမ်းတာပေါ့။ လက်က ကိုက်တတ်တော့ ပိုဆိုးသေး။ ဆီသတ်ပြီးတဲ့ ညကျရင် လက်ကကိုက်တာနဲ့ ကောင်းကောင်းအိပ်လို့မရဘူး။


ငါးလေးဆီသတ်ပြီး နောက်တစ်နေ့ပဲ တိုက်တိုက်ဆိုင်ဆိုင် ဘုန်းကြီးကျောင်းမှာ လုပ်အားပေးရှိတာရယ် ကိုယ့် မွေးနေ့ရယ် တိုက်ဆိုင်နေတာနဲ့ ကုသိုလ်လေးလုပ်ချင်လို့ အဲဒီ ငါး ၂ကေဂျီ ဆီသတ်ထားတာ အကုန် ချက်လိုက်တယ်။ နောက် ကုလားပဲတွေစိမ်ပြီး ပဲကပ်ကြော်တယ်၊ ကြက်ဥတွေပြုတ်-လှီး၊ ငါးခြစ်တွေ ကို ငါးဖယ်ကြော်လို ကြော်-လှီး၊ မုန့်ဖတ်တွေပြုတ်၊ ဆီချက်တွေချက်၊ ငရုပ်သီးကိုလဲ ကိုယ်တိုင် လှော်ထောင်း၊ နံနံတွေ၊ သံပုရာတွေလှီး အစုံပေါ့၊ ငါးခူနဲ့ ချက်တဲ့ မုန့်ဟင်းခါး ကိုယ့်ဟာကိုတော့ ရှယ်ပေါ့ဗျာ။ အဟက် ... တကယ်တန်းတော့ မုန့်ဟင်းခါး မုန့်ဟင်းခါးနဲ့ ပြောတော့သာလွယ်တာ လုပ်ရတာ ဟိုဟာနဲနဲ ဒီဟာနဲနဲနဲ့ ပင်တော့ အတော်တော့ပင်ပမ်းသားဗျ။ မုန့်ဟင်းခါးချက်ရောင်းသူတွေ၊ အလှူပေးသူတွေ အင်မတန် ချီးကျူးပါသဗျား။

ချက်ပြုတ်ပြီးတော့ အိုးကို အဖုံးလုံအောင် တိပ်တွေနဲ့ ပိတ်၊ သယ်စရာတွေလဲ ငံပြာရည်က အစ ဗူးလေးတွေထဲ ထည့်ပြီး ဘုန်းကြီးကျောင်းသယ်သွားတာ။ ဟိုရောက်တော့ မုန့်အိုးကို ပြန်နွှေးပြီး ကျွေးရအောင် စားပွဲပေါ် အဆင်သင့်တင်ထားတာပေါ့။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ ဘုန်းကြီးကျောင်းမှာ အမြဲချက်ပြုတ်နေတဲ့ အန်တီကြီးတွေကလဲ လုပ်အားပေးတွေကို ထမင်းကျွေးဖို့ ချက်ပြုတ်ပြင်ဆင်နေကြတာ။ ကိစ္စမရှိဘူးပေါ့။ ထမင်းစားကြပြီး နေ့လည် ဆာရင် မုန့်ဟင်းခါးလေး အဆာပြေ စားကြပေါ့။ ဒါနဲ့ သူတို့ချက်ပြုတ်နေရာ ကိုယ်လဲ ခဏ ၀င်ကူပြီး သမီးကျူရှင် ကြိုစရာရှိတာနဲ့ သွားကြိုဖို့ ထွက်လာခဲ့တယ်။


သမီးလေး ကြိုပြီးပြန်ရောက်တော့ လူတွေမျက်နှာကြည့်ရတာ တစ်မျိုးပေါ့။ ကိုယ့်ကိုပဲ ဦးစားပေးသလိုလို၊ အားပဲနာနေသလိုလိုပေါ့။ ကိုယ့်မုန့်ဟင်းခါးအိုးတော့ မတွေ့တော့ပြီ။ စားလို့ ကုန်သွားတာလား၊ ထူးတော့ ထူးသားပေါ့။ မေးတော့ မေးမနေပါဘူး။ သူတို့တွေ စကားပြောတဲ့နား ထိုင်မိမှ ညီမလေးတစ်ယောက်က အစ်မရေ သိပြီးပလားတဲ့ ... အစ်မ မုန့်ဟင်းခါးအိုးထဲ ပဲကုလားဟင်းတွေရောမိလို့ အကုန် သွန်ပစ်လိုက်ရတယ် ဆိုပဲ ... အန်တီဆွိမှာဗျာ ... လူကသာ ဟန်မပျက် ပြုံးနေရတယ် ... ရှားရှားပါးပါး ဘယ်တော့မှ အပင်ပမ်းမခံတဲ့သူက ကိုယ်အပင်ပမ်းခံချက်ထားတာလေး၊ ဘယ်သူမှ မစားလိုက်ရပဲ အကုန်သွန်လိုက်ရတယ်ဆိုတော့ အတော် ခံစားသွားရတာ။ ဘာမှလဲ ဆက်မေးမနေတော့ပါဘူး၊ ဖြစ်ပြီးပြီပဲ ရှိပါစေတော့ပေါ့။  အဲဒါလဲ စိတ်ထဲ တော်တော်မကောင်းလို့ ၂ညလောက် လူက အိပ်မပျော်ဘူး။


 စိတ်မကောင်းတာက ၂မျိုးဗျ။ ပထမက မုန့်ဟင်းခါး အပင်ပမ်းခံချက်ထားတာလေး သွန်ပစ်လိုက်ရလို့။ နောက်တစ်မျိုးက အဲဒါနဲ့ ပတ်သတ်ပြီး ဟိုညီမလေး တစ်ယောက်ကလွဲလို့ ကာရကံရှင်အပါအ၀င် ဘယ်သူကမှ ကိုယ့်ကို အကျိုးအကြောင်းပေါ့လေ  အဲလိုတော့ဖြစ်သွားတယ်ပေါ့ စိတ်မကောင်းပါဘူး။ " စောရီး ပါ " ဆိုတာလေး တစ်လုံးတောင် မပြောတာပဲ။ လူလူချင်း respect မရှိဘူး၊ အချင်းချင်း လေးစားမှုမရှိဘူးလို့ ထင်မိလို့ပါပဲ။ အမှန်ကတော့ သူတို့လဲ အားနာလွန်းလို့ ဘာပြောရမှန်း မသိတာလဲ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ပေါ့လေ ဒါပေမဲ့ပေါ့ဂျာ .....  နောက်ပြီး  အော် ငါ့မှာ တစ်ခါတစ်ရံလေး ကုသိုလ်လုပ်ချင်မှ ဖြစ်ရတယ်ပေါ့။  အဲဒီကတည်းက မုန့်ဟင်းခါးကို စိတ်နာလို့ ချက်မစားဖြစ်တာ တော်တော်ကြာပြီ။ မွေးနေ့ကတည်းကဆို တွက်ကြည့်တော့ ၇လလောက်ရှိပြီပေါ့။ ဒီကြားထဲ ဖလင်မန်တန်ဈေးလဲမရောက်ဖြစ်တော့  စပါးလင် ၀ယ်မရတာလဲပါတယ်။

အိမ်မှာ ချက်မစားဖြစ်ပေမဲ့ ဘုန်းကြီးကျောင်းဈေးရောင်းပွဲတို့၊ အသိအိမ်က အလှူတို့ ဘာတို့တော့ စားဖြစ်ပါတယ်။ သူတို့လဲ ပုံမှန်အားဖြင့်တော့ မုန့်ဟင်းခါး အထုပ်တွေဖောက်ပြီး ချက်ကြတာပါပဲ။ စားလို့လဲ တော်တော် ကောင်းပါတယ်။ ဒါနဲ့ပဲ အော် ... သူတို့တောင် ချက်တာ ကောင်းသေးတာ ငါလဲ ဆီတွေ အပင်ပမ်းခံ သတ်မနေတော့ပါဘူး။ အထုပ်ဖောက်ချက်ကြည့်ဦးမယ်ဆို ဟိုနေ့က မြန်မာဆိုင်ရောက်တော့ မုန့်ဟင်းခါးထုပ်လေး တစ်ထုပ် ၀ယ်လာခဲ့တယ်။

ဒီနေ့မနက်တော့ အိပ်ရာက ထ ကတည်းက မုန့်ဟင်းခါးလေး ချက်စားမယ်စိတ်ကူးနေတာ။ နိုးနိုးချင်းပဲ သမီးကိုကျောင်းပို့ဖို့ သူ့အဖေကိုပဲ ပြင်ဆင်ခိုင်းလိုက်ပြီး မုန့်ဟင်းခါး အထုပ်ဖောက်ချက်ဖို့ ပြင်ဆင်ပါတယ်။
ရေနွေးဆူအောင်တည် ပဲမှုန့်၊ ဆန်မှုန့် ရေဖျော်ထည့််၊ ကြက်သွန်နီ ဥကြီး ၃-၄ဥထည့်၊ ကြက်ဥ ၃လုံးထည့်ပြုတ်၊ စပါးလင်တွေ ထုရိုက်ထည့်၊ မုန့်ထုပ်ထဲပါတဲ့ ငါးဆီသတ်တွေထည့်၊ ပိုချိုအောင် အိမ်မှာရှိတဲ့ ငါးကိုလည်း မုန့်ဟင်းခါးအိုးထဲ ထည့်ပြုတ် ပြီးတော့ ဘလန်ဒါနဲ့မွှေ ပြန်ထည့်၊ ကြက်ဥပြုတ် အခွံသင်၊ တစ်လုံးကို ပါးပါးလှီးထည့် ... နောက်ထန်းလျက်လေး ၂လုံးလောက် ပစ်ထည့်၊  မီးဖိုပေါ် မီးအေးအေးနဲ့ နာရီဝက်လောက်တည်။ အိုးကျတော့ အပေါ့ အငံမြည်း ...

ကျက်ပါပြီဂျာ ...  မုန့်ဟင်းခါး။ ဟိုက်ရှားပါး ... အထုတ်ဖောက် ချက်တာလဲ ထင်သလောက်မဆိုးပါကလား ... မုန့်ဟင်းခါးများငတ်ပြီဆို ဘာဖြစ်ဖြစ် စားကောင်းနေတာပဲကိုး။ တကယ့်ကိုမှ ကိုယ့်စိတ်ကြိုက် ရန်ကုန်စတိုင် အရောင် ခပ်ညိုညိုနဲ့ မုန့်ဟင်းခါးပါ ခင်ည။


 ကဲ ... မုန့်ဟင်းခါးတော့ မုန့်ဟင်းခါး ... အထုပ်ဖောက် ချက်တဲ့ မုန့်ဟင်းခါး ... စားကြပါဦး ...

 အော် စောနက မုန့်ဟင်းခါး ကုလားပဲဟင်းး) ဇာတ်လမ်း ပြန်ဆက်ရရင် အဲလို ရောမိပြီး ဘယ်သူမှ စစချင်း မသိဘူးတဲ့ဗျ။ အဲဒါ တစ်ယောက်က မုန့်ဟင်းခါးစားချင်တယ်ဆိုမှ ပြင်ပေးတော့မှ ဘယ်နှယ့် သူ့မုန့်ဟင်းခါးထဲ အာလူးတွေရော၊ ပဲသီးတွေရော ခရမ်းသီးတွေရော ပါနေလို့ဆို ငိုအားထက်ရယ်အားသန်တောင် ဖြစ်ရသေး။ အဲဒီ ပဲကုလားဟင်းချက်လာတဲ့ အစ်မကလဲ ဒီရောက်မှ ကိုယ်နဲ့ အတော်ခင်တဲ့ အစ်မဖြစ်နေတော့ ခုတော့ ပြောပြီး ရယ်နိုင်ကြပါပြီပေါ့လေ။


Bonus
တစ်ခါတစ်ရံ အဲလိုဟင်းမျိုး အရမ်းစားချင်တာ။ေ၇ွှခေါင်းပြောင်ဟင်း ခေါ်ကြတယ်။
ဝက်သား ဒညင်းသီးချက် အန်တီဆွိ ဖေးဘရိတ်ပေါ့။ စင်္ကာပူမှာတုံးကတော့ ဒညင်းသီး လတ်လတ်ဆတ်ဆတ် စီးစီးတွေ စားရတယ်။ ဒီရောက်တော့ ရေခဲစိမ်တွေပဲစားရတယ်။

ဆူးမိန် ...siu mai ကလဲ ဂျူဂျူလေးလဲ ကြိုက်လို့ လုပ်စားဖြစ်တယ်။

ချဉ်ပေါင်၊ မျှစ်၊ ကန်ဇွန်းရွက်ချဉ်ရည် ငရုပ်သီးထောင်း - ဒါလဲ ၀က်သားအချိုချက်လေးနဲ့ ဆို ရှယ်ပဲ။

နာနက်သီး ထမင်းကျော်- ဂျူဂျူ့အတွက်ပါ။
Chicken pop corn ဒါလဲ သမီးအတွက် ချစ်ကန်း ပေါက်ပေါက် ဆို ဂျူဂျူတို့ သိပ်ကြိုက် ..
bok choy ကြော်လဲ စားကောင်းတယ်။
ငပိကြော်  ၊ အပေါ်ကလို ချဉ်ပေါင်ဟင်းနဲ့ဆို အသားဟင်းတောင် မလိုပေါင်ဗျာ။
ချဉ်ပေါင် ပုဇွန်ကြော် ဒါလဲ ဖေးဘရိတ်ပဲ ...


22 comments:

  1. တီဆွိရေအကုန်စားပစ်လိုက်တယ်မစားရတာကြာလို့မချက်ကျွေးတာကြာပြီ

    ReplyDelete
  2. မုန့်ငှားအိုးကြီး နှမျောလိုက်ထှာ


    pifpif

    ReplyDelete
  3. ကြိုက်တယ်... အကုန်လုံး... ဝက်သားဓညင်းသီးချက်နဲ့ ချဉ်ပေါင်ကြော်အကြိုက်ဆုံး

    ReplyDelete
  4. အထုတ်ချက်လဲ ကောင်းပါတယ် တီဆွိရေ.. ရောက်ခါစတော. မစားတတ်ဘူးပေါ... ကျမတော. ဆီနဲနဲထည်.ပြီး ကြက်သွန်ဖြူ ဂျင်းနဲနဲထောင်းပြီး ဆနွမ်းလေး ငရုတ်သီးအရောင်မှုန်.နဲနဲ ထည်.ပြီး သူ.ငါးဆီသတ်ကို ဆီထပ်သတ်လိုက်တယ် ပြီးမှ ရေထည်.ပြီး အမှုန်.တွေဖောက်ထည်.တာ.. သူ.ပရိုဆီဂျာလို လိုက်မလုပ်ဘူး မွှေးအောင်လို.လေ
    ခင်ဘုန်း

    ReplyDelete
  5. siu mai လုပ်နည်းလေး တင်ပါဦးနော်
    ခင်ဘုန်း

    ReplyDelete
  6. မုန့်ဟင်းရည်အိုးထဲ ကုလားပဲဟင်းရောမိတဲ့ကိစ္စကတော့ စိတ်မကောင်းဖြစ်သွားမှာပဲနော်။ ကျနော်လဲ မုန့်ဟင်းခါးကို အထုပ်ကိုပဲချက်တက်တယ်။ တခါတလေစိတ်ပါ၇င်တော့ ငါးအသားဆီသတ်ထားတာပါ ရောထည့်တာပေါ့။ ၀က်သားဒညင်းသီးဟင်းလေး ပန်းကန်လိုက်မသွားပါတယ်။
    (လီယို)

    ReplyDelete
  7. ချဉ်ပေါင်၊ ပုဇွန်ကြော်............... ၀က်သား ဒညင်းသီး............
    ဒီမှာ... ချဉ်ပေါင်လဲမရ၊ ဒညင်းသီးမရှိ...
    ကံကိုပဲ ယိုးမယ်ဖွဲ့ရတော့မယ် ထင်ရဲ့ တီဆွီရေ..

    ReplyDelete
  8. မုန့်ဟင်းခါး အိုးထဲ ကုလားပဲဟင်း ရောတာတော့ ဖတ်ရတာတင်တော်တော်စိတ်မကောင်းဖြစ်ရတယ်။ ကိုယ်ကိုတိုင်ဆို မျက်ရည်တောင်လည်မိမယ်ထင်တယ်။း(
    ဒါနဲ့ .... Bonus က ဟင်းတွေကတော့ ရှယ်ပဲရှယ်ပဲး)))

    ReplyDelete
  9. တီဆွိလက်ရာ မစားရတာတောင် ကြာပြီ...စားလို့ ကောင်းမှာ သေချာတယ်ဗျ..

    ReplyDelete
  10. ကူသူမရှိဘာမရှိကိုယ်လည်းခုနောက်ပိုင်းအထုတ်ကိုဘဲဆီသတ်ငါးရောစပါးလင်ထဲ့ကြက်သွန်ဖြူနီစိတ်ကြိုက်ထဲ့ပြီးကြက်ဥပြုတ်တွေထဲ့ပြီး
    ကိုယ့်စိတ်ကြိုက်ပြင်ချက်တာဘဲ။
    မုန့် ဟင်းခါးကိုမြန်မာပြည်မှာလိုချက်ရင်ဆေးစရာတွေကလည်းတပုံတခေါင်းထွက်လာတာ။
    စားမဲ့ပရိဿတ်ကလည်းသိပ်ရှိတာမဟုတ်တော့မြန်ကောင်းသက်သာအထုတ်မော်ဒီဖိုင်းနဲ့ ဘဲကျေနပ်နေတတ်ပြီ။
    မုန့် ဟင်းခါးအိုးကြီးပစ်လိုက်ရတာကိုယ်တိုင်သာမလုပ်ထားရင်အဲလောက်နှမြောမိမှာမုူတ်ဘူးနော်။
    အိုင်အိုရာ

    ReplyDelete
  11. Most of the ready made MonHinGar are salty (my opinion). What brand u tried?
    WD

    ReplyDelete
  12. ဘယ်လိုကနေ ဘယ်လို ရောမိလဲ

    အသိသာကြီးကို မုန့် ဟင်းခါးနံ့  နဲ့  ပဲကုလားဟင်းနဲ့  တူမှမတူဘဲ

    :((((

    ReplyDelete
  13. အောက်ကအိုးကို သေချာမကြည့်ပဲ ရောလိုက်တာဖြစ်မယ်။ ပြောခဲ့သလို အကျိုးအကြောင်းဘာမှ မသိပါဘူးဗျာရေ။

    WD ရေ
    နန်းသပြေတဲ့ အပေါ်မှာ ပုံလေး တင်ပေးလိုက်ပါတယ်။ ငံတော့ သိပ်မငံပါဘူး။ အတော်ပဲ။ ငါးတွေ ရေတွေ ရောတာများလို့လားမသိ။ ငါးတစ်မျိုးမျိုးကို ပြုတ်ထည့် အချိုလေး လေးသွားရော။ အထုပ် လတ်လို့လားမသိ၊ တော်တော်ကောင်းပါတယ်။ အချိုမှုန့်တောင် မပါဘူးတဲ့ဗျာ။ ကြက်သားမှုန့်တော့ ပါမလား မသိး)

    ReplyDelete
  14. အေးလေ တီဆွိရယ်
    ဖတ်ရတဲ.သူတောင် “နင်”တယ်။ ပထမတော. “ သမီးလေး ကြိုပြီးပြန်ရောက်တော့ လူတွေမျက်နှာကြည့်ရတာ တစ်မျိုးပေါ့။ ကိုယ့်ကိုပဲ ဦးစားပေးသလိုလို၊ အားပဲနာနေသလိုလိုပေါ့။ ကိုယ့်မုန့်ဟင်းခါးအိုးတော့ မတွေ့တော့ပြီ။ ” လို.ရေးထားတာဖတ်ရင်းနဲ.၊ “ဒုတ်ခဘဲ၊ မုန်.ဟင်းခါးမှောက်သွားတာလား၊ သိုးကုန်လို.လား၊” စိတ်ထဲထင်နေတာ၊ဘယ်ဟုတ်လိမ်.မလဲ၊ ပဲကုလားဟင်းနဲ.ရောမိလို. အကုန်သွန်ပစ်လိုက်ရတယ်တဲ.၊ အံ.သြရော။
    လုပ်မိသူကလဲ တီဆွိရောက်ရောက်ချင်း အကျိုးအကြောင်းလာမပြောဘူး၊တမျိုးဘဲနော်။
    အခုတော.လဲ ရယ်လို.မောလို.ပြန်ပြောနိုင်တဲ.အချိန်ရောက်သွားပြီပေါ.လေ။

    ReplyDelete
  15. တီဆွိရေ
    အားတော.နာပါတယ်။ chicken pop corn ကြော်နည်းလေး အဆင်ပြေတဲ.အချိန်ရေးပေးပါနော်

    ReplyDelete
  16. I tried 'Nan Tha Pyay' but the taste is not consistant. It depends on the betch.
    WD

    ReplyDelete
  17. တီဆွိရေ.. မုန့်ဟင်းခါးရော..ချက်ထားတဲ့ဟင်းအစုံပါလာငမ်းတယ်ဗျို့.....
    အထုပ်နဲ့မုန့်ဟင်းခါးအရသာကတစ်မျိုးဘဲ.. ..အပေါ်ကချက်ပြထားတဲ့ဟာလေးတော့သဘောကျတယ်...

    ReplyDelete
  18. တီဆွိရေ
    chicken pop corn လုပ်နည်းမေးထားတာလေ မရေးပေးနဲ.တော.နော်၊ youtube ထဲမှာဘဲ လုပ်နည်းကြည်.လိုက်တော.တယ်။ အားနာလို. ရေးပေးခိုင်းရမှာလေ။

    ReplyDelete
  19. နောက်တစ်ခါ ကြော်ရင် အတိုင်းအတာတွေ သေချာမှတ်ထားပြီး ရေးပေးပါ့မယ်။ ရေးမလို့ စိတ်ကူးနေတာ ကြာပြီ။ အဲ့ အနောနိမတ်စ်က အရမ်းအားနာတတ်ပုံရတယ်။ ဘယ်တူလဲ တိဘူးနော်။

    ReplyDelete
  20. Anonymous

    4:37 AM (14 hours ago)

    to me
    Anonymous has left a new comment on your post "မုန့်ဟင်းခါးတော့ မုန့်ဟင်းခါး ...":

    တီဆွီရေ
    သူတို့ တီဆွီကို မပြောရဲတာက အပင်ပန်းခံ ချက်လာတဲ့ အလှူရှင် စိတ်ဆိုးမှာလဲစိုး၊ မျက်နှာလဲပူနဲ့ ဘယ်ကစ, ပြောရမှန်းမသိ၊ ပြောရဲတဲ့ သူရဲကောင်းလဲမရှိ ဖြစ်နေတာ ထင်ပါတယ်။ ပြောချင်တဲ့သူတွေကလဲ သူတို့ပြောလိုက်လို့ ပဲဟင်းလောင်းထည့်မိတဲ့သူကို တီဆွီ စိတ်ဆိုးရင် သူတို့ပါ ကြားက မျက်နှာမထားတတ် ဖြစ်မှာစိုးလို့ ထင်ပါတယ်။
    ကျွန်တော်သာ အဲဒီနေရာမှာ ရှိနေရင်လဲ မုန့်ဟင်းခါးအလှူရှင်ကို ဘယ်လို ပြောလိုက်ရမှန်းမသိနဲ့ အဲဒီလိုပဲ ဘေးကနေကြည့်ပြီး မြုံစိစိ ဖြစ်နေမှာပဲ။ ကာယကံရှင်ကလဲ မပြောရက်၊ ဘေးလူတွေကလဲ ပြောရမှာအားနာ ဖြစ်နေပုံ ရပါတယ်။ မုန့်ဟင်းခါး ချက်လာရတယ်ဆိုတာ အရမ်းလက်ဝင်မှန်း မြန်မာလူမျိုးတိုင်း သိတာကိုး။

    ReplyDelete
  21. မုန့်ဟင်းခါးဟင်းရည်နဲ့ ပဲကုလားဟင်းအရောနဲ့ မုန့်ဖက်နဲ့ စားရင် ဘယ်လိုနေမလဲမသိဘူးနော်။း)
    ဒုတိယအကြိမ် လာမန့်သွားပါသည်။
    (လီယို)

    ReplyDelete
  22. အထုတ်ချက်လဲ တို့ သူငယ်ချင်းလက်ရာကို ယုံပြီးသားပါ. ဟင်းလေးတွေကြည့်ပြီး မနက်ဖြန်ဈေးဝယ်ဖို့ အကြံရသွားပြီဆွိရေ

    ReplyDelete