Wednesday, November 14, 2012

လွမ်းလွမ်းတတ အမှတ်တရ (အာအိုင်တီ)

ဦးခြိမ့် ရေးထားတဲ့ RIT အကြောင်းမှတ်စုလေး Face book မှာတွေ့လို့ အန်တီဆွိရဲ့ ပိတ်သပ်များကို ပြန်လည် မျှဝေလိုက်ပါတယ်။



by Mgchaint Wynn on Friday, September 28, 2012 at 10:05am

စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းများအဖွဲ့ရဲ့စာမျက်နှာမှာ ညီမငယ်တစ်ယောက်က စက်မှုတက္ကသိုလ်ရဲ့ အထင်ကရတွေက ဘယ်နေရာတွေလဲ၊ ပြီးတော့ ဘာလို့ အဲဒီလိုဖြစ်ခဲ့တာလဲဆိုတာ မေးထားတာ တွေ့လိုက်ရလို့ ကျွန်တော်တို့ ခေတ်မှာ သိထားတဲ့ ကျောင်းရဲ့ အထင်ကရနေရာလေးတွေကို မှတ်မိသလောက် ပြန်ပြောလိုက်ရတာပါ။ ကျွန်တော်တို့က ၁၉၈၄ ခုနှစ် ဒီဇင်ဘာလကနေ ၁၉၉၃ ခုနှစ် သြဂုတ်လအထိ ၉နှစ်တိတိ ကျင်လည်ခဲ့တဲ့ ဒီနေရာ၊ ကျောင်းပြီးသွားတော့လည်း ကျောင်းပတ်ဝန်းကျင်မှာ နေထိုင်ရင်း ၀မ်းတထွာအတွက် လှုပ်ရှားရုန်းကန်ရင်း ၁၉၉၅ခုနှစ်အထိ နေခဲ့တာမိုလို့ စက်မှုတက္ကသိုလ်က ကျွန်တော်အတွက် မမေ့နိုင်တဲ့ နေရာတစ်ခုအဖြစ် ယခုထက်ထိ တည်ရှိနေတာပါပဲ။

 ဦးလူပေါဂိတ်

၁၉၈၄ ခုနှစ် ပထမဆုံးအကြိမ် စက်မှုတက္ကသိုလ်ကို လာရောက်တော့ ဦးလူပေါဂိတ်ဆိုတာ ကျွန်တော်တို့လို ဘတ်စကားနဲ့ တိုးဝှေ့ကျောင်းတက်ရတဲ့ သူတွေအဖို့ သိပ်ပြီး မရင်းနှီးလှပါဘူး၊ ဒါပေမဲ့လည်း ဦးလူပေါဂိတ်လို့ ဆိုတဲ့ အီလစ်ပုံသဏ္ဍာန် ဂိတ်ဝ တခါးက ရန်ကုန်မြို့ကို အခုမှ လာရောက်တဲ့ ကျွန်တော်တို့လို တောသားတွေအတွက် အလွန်အင်မတန် ထူးဆန်းလှတဲ့ အင်ဂျင်နီယာ အာခီတက် ပညာရပ်တစ်ခုပါလားဆိုပြီး အံသြမိတာပါ။ နောက်မှ သိလိုက်ရတာကတော့ ဦးလူပေါဂိတ်လို့ အမည်တွင်တာက ကာတွန်းဦးအောင်ရှိန်ရေးဆွဲတဲ့ ဦးလူပေါကာတွန်းရုပ်က ဦးလူပေါရဲ့ ခေါင်းသဏ္ဍာန်နဲ့ တူလို့ ဦးလူပေါဂိတ်လို့ အမည်တွင်တယ်ဆိုတာ သိခဲ့ရပါတယ်။ အဲဒီဦးလူပေါဂိတ်က မော်တော်ကားစီးနိုင်တဲ့ လူတန်းစားတွေ ၀င်ထွက်တယ်ဆိုပြီး အနီအနည်းငယ်ဆန်တဲ့ စီနီယာ ကျောင်းသားကြီးတွေက လက်ဝေဖြန့်ခဲ့ပါတယ်။  

ပစ္စည်းမဲ့ဂိတ် (၀ါ) ဘီပီအိုင်ဂိတ်

မှတ်မှတ်ရရ အဲဒီနေ့က ၁၉၈၄ ခုနှစ် ဒီဇင်ဘာလ ၅ရက်ပါ။ မနက်စောစော အေးမြတဲ့ မြောက်လေနှောလို့ တစိမ်စိမ့်လေး ရှိနေတဲ့ မနက် ၇နာရီ ၄၅မိနစ်လောက်မှာ ၄၅အမြန်ကားကို စီးနင်းပြီး ကျောင်းကိုလာခဲ့ပါတယ်။ စပယ်ရာရဲ့ ဘီပီအိုင်ပါလားလို့ မေးသံကြားတော့ မရဲတရဲလေးနဲ့ ပါပါတယ်ဗျ လို့ ပြောလိုက်မိပါတယ်။ ကားပေါ်က ဆင်းဆင်းချင်းမှာပဲ ပုံဏ္ဍာရိတ်ပင်တန်းကြားထဲက ကွက်လပ်လေးမှာ ၆လက်မပတ်လည် သစ်သားတိုင်လေး ယိုင်ယိုင်နဲ့ စိုက်ထူထားတဲ့ ပစ္စည်းမဲ့ဂိတ်ကို ကျွန်တော်လှမ်းဝင်မိလိုက်ပါတယ်။ တကယ်တော့ အဲဒီနေရာနဲ့ တည့်တည့်က ဘီပီအိုင်ကို သွားတဲ့လမ်းနဲ့ ဘတ်စကားဂိတ်က ဘီပီအိုင်မှတ်တိုင်ပေါ့။ ပစ္စည်းမဲ့ဂိတ်ကို မသွားခင် နဘေးမှာ လက်ယာဘက်မှာ ကွမ်းယာဆေးလိပ်ဆိုင်နဲ့ လက်ဝဲဘက်မှာ မုန်ဟင်းခါးဆိုင်ရှိတယ်ဆိုတာကိုတော့ ကျွန်တော်မှတ်မိနေပါသေးတယ်။ ကျွန်တော်တို့လို့ ဘတ်စ်ကားသာ စီးနိုင်တဲ့ လူတွေအဖို့ဒီဂိတ်က အ၀င်အထွက်နေရာတစ်ခုပါပဲ။ အမှန်တကယ်ပြောရရင်တော့ ကျွန်တော်တို့ ခေတ်မှာ ကျောင်းကို မော်တော်ကားစီးပြီး တက်နိုင်တဲ့ လူဆိုတာ အယောက် ၁၀၀ထက် မပိုလှပါဘူး။ တနှစ်ကို ၇၅၀ နဲ့  ၆ နှစ်အတွက် စုစုပေါင်း ကျောင်းသား ၄၅၀၀ မှာ မော်တော်ကားစီးပြီး ကျောင်းတက်နိုင်တာက ၂ ရာခိုင်နှုန်းလောက်သာရှိတာမဟုတ်လား၊ အဆောင်နေကျောင်းသား ကျောင်းသူနဲ့ မြို့ထဲကလာတဲ့သူ တော်တော်များများက ဒီဂိတ်ကိုပဲ အသုံးပြုကြတာပါ။


မိုးမခပင်တွေ တို့သက်သေတည်

ပစ္စည်းမဲ့ဂိတ်ကို ကျော်လွန်ပြီး ကြည့်လိုက်ရင် တိုင်ပေါင်း ၁၈တိုင်နဲ့ ခန့်ခန့်ညားညားရှိနေတဲ့ ကျွန်တော်တို့ကျောင်းရဲ့ အထင်ကရ အဆောင်၁ ကြီးက ကျွန်တော်တို့ လို ကျောင်းသားသစ်တွေကို နွေးနွေးထွေးထွေးကြိုဆိုနေကြတယ်၊ အဲဒီအဆောင်တစ်ကို တက်တဲ့ ပြေပြစ်တဲ့ ကွန်ကရစ်လမ်းနဘေးမှာ မိုးမခပင်ကြီး နှစ်ပင်ကတော့ ကျွန်တော်တို့ကို အပေါ်စီးက ငုံကြည့်နေလေရဲ့၊ အခုတော့ ဒီမိုးမခပင်ကြီး နှစ်ပင်က သက်သေမတည်နိုင်တော့ပါဘူး။ အချိန်တွေ ရွေ့လျားလာတော့ သူတို့လဲ နေရာဖယ်ပေးရလိုက်ရပါပြီ



ကာတွန်းဘော်စ်

ကျောင်းရောက်ခါစကတော့ ကျွန်တော်အတွက် ကာတွန်းဘော်စ်က သိပ်မရင်းနှီးခဲ့ပါဘူး။ နောက်ပိုင်းမှာ သူငယ်ချင်း မောင်ရစ်နဲ့ ခင်မင်ပြီးတဲ့နောက် သူရဲ့ ၀ါသနအရ ဆွဲနေတဲ့ ကာတွန်းလေးတွေ ကာတွန်းဘောဇ်မှာ ကပ်ထားတာ အားပေးရင်းနဲ့ ကာတွန်းဘော်ဇ်က ကျွန်တော်တို့အတွက် မရှိမဖြစ်ဖြစ်လာရတာပါ။ တကယ်တော့ ကာတွန်းဘောက်စ်က ကျွန်တော်တို့အတွက် လွပ်လပ်စွာ ဖွင့်ထုတ်နိုင်ခဲ့တဲ့ နေရာတစ်ခုလို့ ဆိုရင်လည်း မမှားဘူးပေါ့။ ကာတွန်းဘောဇ်က ကျွန်တော်တို့ လိုအပ်တဲ့ အရာတွေကို ကာတွန်းအမြင်နဲ့ တောင်းဆိုတဲ့နေရာ၊ ကျောင်းသားကျောင်းသူတွေရဲ့ ချစ်စရာအထေ့လေးတွေကိုလဲကြည့်ရတဲ့ အပြင် ကျွန်တော်တို့ခေတ်မှာ ဆောင်းပါ။ ဓါတ်ပုံ နဲ့ ၀တ္ထုတိုလေးတွေပါ ဖတ်ရတဲ့ နံရံကပ်စာစောင်နေရာလို့ ဆိုလို့ရပါတယ်။ ၁၉၈၈ ခုနှစ် အရေအခင်းဖြစ်တဲ့အချိန်ထိပေါ့။

(မောင်ရစ်နှင့် ကာတွန်းဘောက်စ်၊ မောင်ရစ်ထံတွင် ခွင့်မတောင်းပဲ သုံးမိပါသည်။)


သြဘာလမ်း

သြဘာလမ်းကတော့ မြန်မာကျော်အထင်ကရ ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့ မှတ်တိုင်တစ်ခုပါပဲ၊ ကျွန်တော်တို့ရဲ့ နောင်တော်ကြီးများလက်ထက်က ဘွဲနှင်းသဘင်ကို အဆောင်၁ရဲ့ ပထမထပ် Assembly Hall မှာ ကျင်းပတယ်လို့ သိရတယ်။ ဘွဲနှင်းသဘင်မှာ ဘွဲအပ်နှင်းပြီးရင် ဆရာကြီးတွေ ဦးဆောင်တဲ့ ဘွဲ့ရကျောင်းသားတွေ ဒီလမ်းမှာ လမ်းလျှောက်ကြတယ်။ အဲဒီမှာ နဘေးမှာ ရှိတဲ့ ၀ရန်တာကနေ မိဘဆွေမျိုး သူငယ်ချင်းများက ချီးမြှောက်တဲ့အနေနဲ့ သြဘာလက်ခုတ်တီးကြလို့ ဒီလမ်းကို သြဘာလမ်းလို့ ခေါ်တယ်ဆိုတာ စက်မှု တက္ကသိုလ်မတက်ခင် ကြိုတင်ဖတ်မိထားတဲ့ ဆရာနွမ်ဂျာသိုင်းရဲ့ တခါတုန်းက တက္ကသိုလ်မှာ ကျွန်တော်ဖတ်မိခဲ့ဖူးပါတယ်။ ကာတွန်း တင်အောင်နီကလည်း ပြာလောင်ရုပ်ပြကာတွန်းမှာ ရေးခဲ့ဖူသလား သေတော့ မသေချာပါဘူး။ ဘွဲရတွေသာ လျှောက်လှမ်းတဲ့ ဒီလမ်းကို ကျောင်းတက်နေဆဲ ကျွန်တော်တို့တစ်တွေ လျှောက်လမ်းရင် အဆောင်၁ ၀ရန်တာများဆီကနေ ကျောင်းသားတွေက ၀ိုင်းဝန်းပြီး  ဟေ့ကောင် အရူး၊ သောက်ပေါ စသဖြင့် နစ်နာစေလိုတဲ့ ဆန္ဒမဟုတ်ပဲ အပျော်သဘောမျိုး လက်ခေါက်မှုတ် လက်ခုတ်တီး လှောင်ပြေင်ကြတာပေါ့။ အဲဒီလို သြဘာလမ်းကို လမ်းလျှောက်ပြီးသွားတယ်ဆိုရင်တော့ သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ခေတ်က ဆရာဦးသက်လွင် (မော်ကွန်ထိမ်း) ရဲ့ အခန်းကို ဖိတ်ကြားလွှာလို့ ရောက်လာပါလိမ့်မယ်။ ဘယ်လိုပဲ ဆရာက ခေါ်ဆူပေမဲ့ နှစ်စဉ်နှစ်တိုင်း သြဘာလမ်းကို အလောင်းအစားနဲ့ လျှောက်လမ်းတဲ့သူ၊ အူကြောင်ကြောင်နဲ့ လျှောက်မိတဲ့သူတွေ ရှိစမြဲပါပဲ။

ခရေပင်လမ်း နဲ့ ချစ်သူတို့လမ်း

ဒီလိုနဲ့ ကျွန်တော်တို့တစ်တွေ ပထမနှစ်ကို ပျော်ရွှင်စွာဖြတ်သန်းပြီးတဲ့ နောက် ဒုတိယနှစ်ရောက်ကျတဲ့ အခါမှာ တချို့တွေကလည်း ကျောင်းထဲမှာပဲ ချစ်သူရည်းစားတွေရကြပါတယ်။ တနှစ်မှ ၁၅%သာလက်ခံတဲ့ အမျိုးသမီးတွေထဲကနေ ကြံဖန်ပြီး ရလာတဲ့ ချစ်သူစုံတွဲတွေလဲ မနည်းလှပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒီလို ရှားရှားပါးပါးထဲမှာ မပါခဲ့ဘူးလေ။ ဒါပေမဲ့ အဲဒီလို စုံတွဲလေးတွေ ကြည်နှုးကြရာ နေရာလေးတွေကိုတော့ ကျွန်တော်တို့ သွားဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ကို နှောက်ယှက်ဖိုပေါ့။ 

အဆောင်၁ ကနေ ကန်တင်းဘက်ကို အဆင်း၊ ကားပတ်ကင်နဲ့ ဘတ်စကက်ဘောကွင်းက ညာဖက်မှာ ရှိတယ်။ ဘယ်ဘက်မှာကတော့ မြေနီလမ်းလေးရှိတာပေါ့။ အဲဒီမြေနီလမ်းနဘေးမှာ ခရေပင်တွေ စီတန်းပေါက်နေတာ ဟိုဘက် အဆောင်၂ အစွန် ရူပဗေဒဌာနအထိ ရှိတာပေါ့။ ဆောင်းတွင်း ဇန်န၀ါရီ၊ ဖေဖော်ဝါရီလတွေမှာ မြုနှင်းမှုန်တွေ မှိုင်းဝေပြီး ခရေပွင်ကြွေရနံတွေကြောင့် ချစ်သူတွေအတွက် တူစုံလက်တွဲ လမ်းလျှောက်လို့ အလွန်ကောင်းတာပေါ့။ ချစ်သူမရှိတဲ့ ကျွန်တော်တို့တောင်မှ အဲဒီအချိန် ခရေပင်လမ်းမှာ လမ်းလျှောက်ဖြစ်ရင်တောင်မှ လွမ်းသလိုလို ဆွေးသလိုလို ဖြစ်ခဲ့ဖူပါတယ်။

အဲဒီခရေပင်လမ်းဆုံးက ချစ်သူတို့လမ်းနဲ့ အဆောင် ၂အဆုံးမှာ  သွားဆုံတယ်လေ။ ချစ်သူတို့လမ်းဆိုတာကတော့ ဂျီဟောကနေ ကျောင်းဆောင်တွေဆီကိုအလာ အဆောင်၅ မရောက်ခင် တွေ့ရတဲ့ မြေနီလမ်းပေါ့။ အဲဒီမြေနီလမ်းလေးက နဘေးမှာ အဆောင် ၅၊ ၆၊ ၇ နဲ့ ညာဖက်မှာ သစ်ပင်လေးတွေ အုပ်မှိုင်းလို့ ရှိတာပေါ့။ အဆောင် ၅ကနေ ၇ ဆိုတာက ညနေရောက်ရင် လူခြေပြတ်တာမိုလို့ ဂျီဟောကနေ ချစ်သူနှစ်ဦး အေးအေးဆေးဆေး လမ်းလျှောက်စကားပြော ဘ၀ရှေ့ရေးတွေ တိုင်ပင်လို့ ကောင်းတဲ့ လမ်းလေးပေါ့။ ဘ၀ရှေ့ရေတိုင်ပင်တာနော်. တခြား ဟိုဟိုဒီဒိတွေ မတွေးပါနဲ့နော်။

အထင်ကရ အမှတ်တရနေရာတွေထဲမှာ ကျွန်တော်တို့ရဲ့ ကန်တင်းတွေကလည်း အမှတ်တရဖြစ်စေခဲ့တာပဲလေ။ အဲဒီကတည်းက နာမည်ကြီးတဲ့ ဆိုင်တွေကို ပြောရရင်တော့

လူငယ်ဆိုင်
ကျွန်တော်တို့ နှစ်များဆီက ၁၉၈၈ ခုနှစ်အထိ လူငယ်ကန်တင်းဆိုတာ ရှိခဲ့ပါတယ်။ အယ်လ်၃-၄ကနေ ထွက်လိုက်ရင် မိုကြိုးလျ့ပ်စစ်ဆိုတဲ့ အဆောက်အဦးငယ်လေး နဘေးမှာ လူငယ်ကန်တင်းဆိုတာ ရှိခဲ့တာပေါ့။ ယခင်တုန်းက လမ်းစဉ်လူငယ် ရံပုံငွေနဲ့ ဖွင့်ခဲ့တာလားတော့ မသိပါဘူး။ လူငယ်ကန်တင်း တခြား ကန်တင်းတွေနဲ့ သီးခြားရှိတဲ့ နေရာပါ။ နောက်ပိုင်း လူငယ်ကန်တင်းကို ဖျက်လိုက်တော့ ဆုံစည်းရာဆိုပြီး ပြန်ဖွင့်ခဲ့ပါတယ်။

နွေးအေးဆိုင်
စက်မှုတက္ကသိုလ်နဲ့ နွေအေးဆိုတာ ခွဲလို့မရဘူးလို့ ပြောလို့ရနိုင်တဲ့ ဆိုင်တဆိုင်ပါ။ နှစ်တွေ ဘယ်လောက်ကြာကြာ နွေအေးက မဖြစ်ဖြစ်အောင်ရပ်တည်ခဲ့ပါတယ်။ အရေးအခင်းကြောင့် ကျောင်းတွေပိတ်လဲ နွေးအေးဆိုင်က ဖွင့်မြဲပါပဲ၊ နည်းပညာတက္ကသိုလ်တွေ အများကြီး ပြောင်းဖွင့်လို့ စက်မှုတက္ကသိုလ်ဝင်းမှာ လူနည်းသွားလဲ နွေးအေးက ဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ အခု ကျွန်တော်တို့ ကျောင်းကြီး ပြန်ဖွင့်တော့မယ်လဲဆိုရော နွေးအေးက ပြန်မဖွင့်တော့ဘူးဆိုတော့ ၀မ်းနည်းမိတာ အမှန်ပါပဲ။

ကျွန်တော်တို့ခေတ်က နွေးအေးဆိုတာ မိန်းခလေးတွေ အများကြီးထိုင်ပြီး၊ မိန်းခလေးတွေကို ပိုးပန်းချင်တဲ့သူတွေက အဲဒီဆိုင်မှာ ထိုင်တယ်ဆိုကြပါတယ်။ နွေးအေးက တခြားဆိုင်တွေထက် လူပိုများတော့ ကျွန်တော်တို့လို အေးအေးဆေးဆေး လဘက်ရည်ဆိုင်အကြာကြီးထိုင်သူတွေအတွက်တော့ သိပ်ပြီး မနွေးထွေးလို့ ကျောင်းဖွင့်ချိန်မှာ သိပ်မထိုင်ဖြစ်ခဲ့ပါဘူး။ နွေးအေးရဲ့ ပဲထမင်း လက်ဖက်ထမင်းနဲ့ စတော်ဘယ်ရီလက်ဖျော်ရည်တော်တော် နာမည်ကြီးပါတယ်။

ဘချစ်လဘက်ရည်
ဘချစ်ဆိုင်လို့ ပြောလိုက်ရင် ကျွန်တော်တို့လို ပေပေတေတေ ကျောင်းသားအားလုံး သိကြပါသည်။ ဘချစ်ဆိုသည်မှာ ရန်ကုန်တက္ကသိုလ်က ဦးချစ်နှင့် မသက်ဆိုင်ပါ။ ဘချစ်သည် စက်မှုဌာနာ ပန်းဘဲဌာန၏ စူပါဗိုက်ဆာပါ။ ဒုတိယနှစ်ရောက်ပြီဆိုလျင် ကျွန်တော်တို့တစ်တွေ သံချောင်းတစ်ချောင်းကို မီးကင်ကာ ပြားနေအောင် သံချဉ်တွဲ ၉၀ဒီဂရီဖြစ်အောင်ထုရသည်။ ထိုပန်းဘဲဌာနတွင် ကျွန်တော်တို့ကို ဘယ်လို မီးပေး၊ ဘယ်လို ထုရသလဲဆိုတာ သင်ပေးခဲ့သော ကျွန်တော်တို့ချစ်သော ဘချစ်ပင်ဖြစ်ပါသည်။ ဘချစ်က ကန်တင်းတွင် လဘက်ရည် ထမင်းကြော် သံဗူး စသည်တို့ ရောင်းပါသည်။ ဘချစ်လဘက်ရည်ဆိုင်တွင် ကျွန်တော်တို့ နှစ်သက်သလောက်ထိုင်ခွင့်ရှိပါသည်။ ခိုင်ထူး၊ ခင်မောင်တိုး တူးတူး စသည့် လူငယ်ကြိုက် သီချင်းများလည်း ဖွင့်ပေးပါသည်။ ပထမနှစ်မှ နောက်ဆုံးနှစ်ဘွဲ့ရသည်အထိ စွဲစွဲမြဲမြဲထိုင်ခဲ့သော ဆိုင်သည် ဘချစ်လဘက်၇ည်ဆိုင်ပင်ဖြစ်ပါသည်။

ကန်သာယာ၊ အောင်သိပ္ပံနှင့် မော်လမြိုင်
ထိုဆိုင်၃ ဆိုင်မှာ တရုပ်စားသောက်ဆိုင်ဖြစ်ပါသည်။ ကန်သာယာကို  စက်မှုဌာနမှ ဆရာဦးစိုးလွင်ပိုင်ဖြစ်ပြီးယနေ့ထက်တိုင်ဖွင့်လှစ်ဆဲ၊ ဈေးအလွန်အင်မတန်ချိုသာပြီး  ကျောင်းသားများအပေါ် စေတနာဖြင့် ကြော်လှော်ပေးပါသည်။ မော်လမြိုင်မှာ ၁၉၈၇ခုနှစ်တွင် အာအိုင်တီမှ ထွက်ခွာကာ ကျိုက္ကလားသို့ ပြောင်းဖွင့်လိုက်ပါသည်။ အောင်သိပ္ပံကတော့ ၂၀၀၀ ၀န်းကျင်လောက်အထိ ဖွင့်လှစ်ပြီး ယခုအခါ မရှိတော့ပြီဟု သိရပါသည်။





မေတ္တာပေါင်းကူး
၁၉၈၆-၈၇ လောက် သက်ကယ်မိုး ထရံကာ ကန်တင်းအဟောင်းကို သွပ်မိုး ကန်တင်းအဖြစ်ပြောင်းလိုက်သောအခါ မေတ္တာပေါင်းကူး လဘက်ရည်ဆိုင် အသစ်တိုးလာပြီး လူငယ်များ နှစ်သက်သော ဆိုင်တဆိုင်ဖြစ်လာပါသည်။ မေတ္တာပေါင်းကူးသည် နွေးအေးနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသောကြောင့် ကိုယ်လိုက်လံပိုးနေသော ကောင်မလေး နွေးအေးမှာ ထွက်ခွာသည်ကို အလွယ်တကူ မြင်နိုင်ပါသည်။ ထိုကြောင့် လူကြိုက်များတာလားတော့ မပြောတတ်ပါ။
ရန်ကုန်စက်မှုတက္ကသိုလ်ထဲတွင် ကျွန်တော်၏ လွမ်းလွမ်းတတ အမှတ်တရ နေရာလေးများ အလွန်အင်မတန်များပါသည်။ အဆောင် ၁ ရှေ့ က တနှစ်တခါသာ ဖွင့်သည့် ရေပန်းလှလှကြီး၊ ဦးလူပေါဂိတ်ဝနားက စာအုပ်ဆိုင်တို့သည်လည်း ကျွန်တော်တို့၏ကျောင်း၏ အမှတ်တရ ခြေရာလေးများဖြစ်ပါသည်။
နှစ်နှစ်တခါ ရန်ကုန်ပြန်တိုင်း ကျောင်းသားတွေ တိတ်ဆိတ်နေတဲ့ ကျွန်တော်ချစ်သော ကျောင်းကြီးကို ပြန်လည်မွမ်းမံပြီး Center of Excellence အဖြစ်သတ်မှတ်ကာ ကျောင်းတွေ ပြန်ဖွင့်တော့မယ်ဆိုတော့ ကျွန်တော် ရင်ထဲမှာ ပြောမပြတတ်အောင် ၀မ်းသာမိပါတယ်။ ဘယ်တော့မှ မေ့လို့မရတဲ့ ကျွန်တော်ရဲ့ လွမ်းဆွတ်မှုကို ဒီနှစ် ဆရာပူဇော်ပွဲတွင် ပြန်လည်အလွမ်းဖြေပါတော့မည်။ ကျွန်တော်ချစ်သော် MESA (AME) Association of Mechanical Engineering ရုံးခန်းလေးကို သွားပြီး တချိန်တုန်းက ဟောဒီ နေရာတွေမှာ ဆိုးပေကလေး ကျွန်တော်ကို သတိရနေသေးလားလို့ တိုးတိုးလေး ရွတ်ဆို မေးမိမည်သာဖြစ်ပါသည်။  ။


မောင်ခြိမ့် (၉၃)
==============
ဓါတ်ပုံများကို RIT ALUMINI Facebook နှင့် Google စာမျက်နှာများမှာ ရယူပါသည်။


6 comments:

  1. 1996 မှာ သြဘာလမ်းကို ဖြတ်လျှောက်ဘူးတယ်။ အဲဒီတုန်းက "နှာဘူး" ဆိုပြီး သြဘာ ၀ိုင်းပေးကြတယ်။ Y.I.T ကို လပိုင်းလောက်ပဲ တက်ခဲ့ရပေမယ့် အမှတ်တရတွေပါပဲ။

    ReplyDelete
  2. ဖတ်ရင်း နဲ့ ကြက်သီးတောင်ထပါရဲ့ 

    လွမ်းစရာ့ တက္ကသိုလ်


    ReplyDelete
  3. ဘ၀ရဲ့ အပျော်ဆုံးအချိန်တွေကို တသသ လွမ်းသွားတယ်..
    ကျေးဇူးတင်ပါတယ်.. စွယ်တော်ရွက်ကလေး ဘာလို့ မပါပါလိမ့်?

    ReplyDelete
  4. တခါတုန်းက တက္ကသိုလ်မှာ ကို အရမ်းကြိုက်ခဲ့တာ...
    စက်မှု့ကျောင်းသူမဟုတ်ဘဲနဲ့ ကြုံတုန်း ၀င်လွမ်းသွားပါတယ်။။။
    အဆင်ပြေရင် တီဆွိနဲ့ဇတ်လမ်းစပုံလေးလဲ ဖတ်ချင်ပါသေးတယ်....းး))))

    ReplyDelete
  5. ကန်တင်းကို မြင်လိုက်မှ ကျောင်းကို အရမ်းလွမ်းသွားတယ်...photo မရိုက်ခဲ.ရတာ နောင်တရတယ်...that time I've no camera, no iphone :(

    ReplyDelete
  6. ပုံရိပ်တွေနှမြောမိတယ်

    ReplyDelete