Monday, November 5, 2012

ရခိုင်မုန့်တီ (အာပူလျှာပူ )

ဒန်ပေါက်ပို့စ် မရေးနိူင်မီမှာပဲ အန်တီဆွိတစ်ယောက် ပြီးခဲ့တဲ့ စနေက ဘုန်းကြီးကျောင်း ကထိန်အလုပ်အကိုင်နေ့မှာ ချက်ပြုတ် လုပ်ကိုင်သူတွေကို ရခိုင်မုန့်တီလက်သုပ် နဲ့ အရည် ချက်ကျွေးခဲ့ပါတယ်။ စားကြပြီးတော့ ကောင်းတယ် ... ကောင်းတယ်  ဘယ်လိုချက်လဲဆို ချက်နည်းမေးလာတဲ့ အစ်မတွေ၊ ညီမတွေကို ဘလော့ဂ်မှာ တင်ပေးမယ်၊ အဲဒီမှာပဲ သွားဖတ်ပါလို့ ကတိပေးမိလို့ လူ ၅၀ စာလောက် အချိုးအဆလေးတွေ မမေ့မီ ကမန်းကတန်း လာတင်ပေးပါတယ်။  နောက်တစ်ခါ အိုးကြီးချက်ရင် အန်တီဆွိအတွက်လဲ အချိုးအဆလေးတွေ အမှတ်ရအောင်လို့ပါ။ 

လူ၇၀စာလောက် အိုးကြီးချက်ချင်သူများအတွက်ပါ။ ချက်တုံးက ဘလော့ဂ်အတွက်ရေးဖို့ မရည်ရွယ်တဲ့ အတွက် ပုံတွေတော့ စုံမှာမဟုတ်ပါဘူး။ 

 လက်သုတ်က လူ ၅၀ စာလောက်မှန်းပြီး အရည်ဖျော်ကလဲ လူ ၂၀-၃၀ဆယ် စာလောက်တော့ရှိပါတယ်။ စုစုပေါင်း လူ ၇၀ စာလောက်ပေါ့။

လိုတဲ့ ပစ္စည်းတွေက
Basa fillet


ငါး အသားချည်း ( basa fillet ) 6 Kg (ငါးကို ရေခဲရိုက် ခဲနေတာမဟုတ်ပဲ ပန်းရောင်သန်းနေတဲ့ ခပ်လတ်လတ်ဟာကို ရွေးဝယ်ပါ)
ငါးရိုး 2 kg (ဆယ်လ်မွန် အရိုးတွေရလို့ ဝယ်လာပါတယ်)
မုန့်ဖတ် ၁၀ထုတ်
ပဒဲကော အစိမ်း ၃၀၀ ဂရမ်
ငရုပ်သီးစိမ်း ၂၅၀ ဂရမ်
မန်ကျည်းမှည့် အရည်ဖျော်ပြီး   ၄၅၄ ဂရမ် ၂ဗူး
မွှေးတံဆိပ် ပဲအကျက်မှုန့် ၄ထုတ်
ငပိ ၂၅၀ ဂရမ်
ကြက်သွန်ဖြူ 1.25 kg
ကြက်သွန်နီ အလုံးကြီး ၁၀လုံး
ဆီ ၂ လီတာ
ငံပြာရည် တစ်ပုလင်းခန့်
ငရုပ်သီးအရောင်မှုန့် စားပွဲဇွန်းမောက်မောက် ၂ဇွန်းခန့်
 ဂေါ်ဖီ ထုတ်ကြီး တစ်ထုတ်
နံနံ ၃၀၀ ဂရမ်
ကြက်သားမှုန့်
ငရုပ်ကောင်း

လူ ၇၀စာလောက် တစ်ယောက်တည်းချက်ရတာဆိုတော့ အဲဒီအပတ်က တစ်ပတ်လုံး နဲနဲ နဲနဲနဲ့ ကြက်သွန်ဆီချက်တာတို့ ပဲကပ်ကြော်တာတို့၊ ငါးလှော်တာတို့ကို အရင်လုပ်ထားပါတယ်။ ဟင်းရည်ချက်တာနဲ့ မုန့်ဖတ်ပြုတ်တာကိုပဲ အဲဒီနေ့ကျမှ လုပ်ရတာပါ။

ဆီချက်အတွက်
အန်တီဆွိက သုပ်တဲ့အခါ ပိုမွှေးအောင် ဆီချက်ကို ကြက်သွန် အဖြူရယ် အနီရယ် ၂မျိုးချက်ပါတယ်။ သက်သာချင်ရင်တော့ ဆီချက် အနီတစ်မျိုးထဲ ချက်လဲရပါတယ်။

ကြက်သွန်ဖြူ  ၅၀၀ ဂရမ်ကို ကြိတ်ပြီးပဲဖြစ်ဖြစ်၊ လက်နဲ့ ပါးပါးလှီးပြီးပဲဖြစ်ဖြစ် ဆီချက်ချက်ပါတယ်။ ဆနွင်းမှုန့်လေး အရောင်လှအောင်ထည့်ချက်ပါ။ ဆီ တစ်လီတာ နဲ့ ချက်ပါတယ်။

 ကြက်သွန်နီ အလုံးကြီး ၁၀လုံးကို လဲ ပါးပါးလှီးပြီး ဆီ တစ်လီတာ နဲ့ ဆနွင်းမှုန့်လေးထည့်ပြီး ဆီချက်ချက်ပါတယ်။ ကြက်သွန်နီကြော်တွေကို ဆီစစ်ပြီး ပုလင်းတစ်လုံးထဲ လေလုံအောင် ထည့်ထားပါတယ်။ ကြက်သွန်နီကြော်လေးတွေက လက်သုပ်မှာထည့်ရင် မွှေးပြီး ချိုနေပါတယ်။

ဆီနီချက်
အသုတ်သုတ်တဲ့အခါ အရောင်လှအောင် စောနက ကြက်သွန်နီ ဆီချက် တစ်ဝက်ကို မီးအေးအေးနဲ့တည်၊ ဆီကျက်ရင် ငရုပ်သီး အရောင်တင်မှုန့် ၂ဇွန်း မောက်မောက်ခန့်ထည့်ပြီး ဆီနီ ဆီချက်ချက်ထားပါ။

ပဲကပ်ကြော်အတွက်
ပဲကပ်ကြော်ကြော်နည်းကတော့ အန်တီဆွိဘလော့ဂ်မှာတင်ပြီးသားမှို့ အောက်ကလင့်ခ်မှာ သွားကြည့်ပါ။ ပဲကပ်ကြော် အခု ၃၀လောက် ကြော်ထားပါ။ အသုတ်က ပဲကပ်ကြော်ပါမှ စားလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စား ကောင်းပါတယ်။ ပဲကပ်ကြော်တွေကို သုတ်ရင် အလွယ်တကူသုတ်ရအောင် အဆင်သင့် ချေထားပြီး ဗူးတစ်ခုထဲထည့် အလုံပိတ်ထားပါ။
ပဲကတ်ကြော်

ငါးလှော်အတွက်
ပထမဆုံး ငါး ၅ ကေဂျီကို  ငံပြာရည် နနွင်းမှုန့်တွေနဲ့နယ်ပြီး အိုးကြီးကြီးထဲမှာ ပြုတ်ပါတယ်။ မွှေးအောင် ဂျင်းအနည်းငယ် ပါးပါးလှီးထည့်ပါတယ်။ ရေကို ငါးမကပ်ရုံ အနည်းငယ်သာထည့်ပါတယ်။ ငံပြာရည်က ငါး တစ်ကေဂျီကို စားပွဲဇွန်း ၂ဇွန်းခန့် ထည့်ပါတယ်။ (ကြက်သားမှုန့်ထည့်ရင်တော့ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငံပြာရည် စားပွဲဇွန်း ၁ဇွန်း ခွဲခန့် ထည့်ပါတယ်။) ၅ကေဂျီစာဆိုတော့ ကိုယ့်ဟာကို တွက်ချက်ပြီးသာ ထည့်ကြပါလေ။

ငါးပြုတ်ထားတာ  ရေဆူလာရင် မီးအေးအေးနဲ့ အဖုံးအုပ်ပြီး နာရီဝက်လောက် ပစ်ထားလိုက်ပါ။
ငါးအသားတွေအိလာပြီ ကျက်ပြီဆို ဇကာကြီးကြီးနဲ့ ရေ စစ်ထားပါ။ ရေစစ်ဖို့ အရေးကြီးပါတယ်။ ရေမစစ်ရင် ငါးကိုလှော်တဲ့အခါ ရေတွေပါတော့ အဲဒီရေတွေ ခန်းအောင်လုပ်ရတာ အတော်ကြာပါတယ်။  ရေစစ်သွားရင် ငါးတွေကို ဘလန်ဒါနဲ့ ညက်အောက်ကျိတ်ပါ။ ကျန်တဲ့ရေတွေကိုတော့ ရခိုင်မုန့်တီ ဟင်းရည်ချက်ရအောင် သပ်သပ်သိမ်းထားပါ။

ကြိတ်တဲ့ ငါးတွေထဲကလဲ ငါး တစ်ကေဂျီကိုတော့ ဟင်းရည်ထဲ ထည့်ရအောင် သတ်သတ်ခွဲ ချန်ထားလိုက်ပါ။

ကျန်တဲ့ ၄ကေဂျီကိုတော့ ဒယ်အိုးတစ်လုံးထဲမှာ  ဆီပါလေကာထည့်ပြီး ငါးကို လှော်ပေးရပါတယ်။ ငါးလှော်ရင်းနဲ့ ငါးလှော်ကိုမြည်းကြည့်ပြီး အငံပေါ့ရင် ငံပြာရည်၊ ကြက်သားမှုန့် အစရှိသဖြင့် လိုတိုး၊ ပိုလျှော့ ထည့်ပါ။ ငါးတွေ အရမ်းမကြွပ်ခင် ငါးလှော်တွေကို ကော်ထားပါ။

ငါးဖယ်ကြော်အတွက်
ကျန်တဲ့ ငါး တစ်ကေဂျီကိုတော့ ဂျင်း၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ဆနွင်း၊  ငံပြာရည်တို့နှင့်ရောပြီး ငါးဖယ်ကြော်လို ပြားပြီး ကြော်ထားပါ။ ပြီးရင် ပါးပါးလှီးထားပါ။

ဟင်းရည်အတွက်
ငါးရိုးတွေကို ရေဆေးပြီး ရေမြုတ်အောင်ထည့်ပြီး ပြုတ်ပါ။ ဟင်းရည်ဆူလာရင် အရိုးတွေ ပျော့လာရင် အရိုးတွေကို ထောင်း (သို့) ထုချေပြီး အချိုရည် မကျန်သည်အထိ အရည်ကို ပြုတ်လိုက် စစ်လိုက်နဲ့  အခါခါ ငှဲ့ယူထားပါ။ ငါးရိုးတွေ စစ်တဲ့ အခါ အလွန်စိတ်တဲ့ စကာနဲ့ စစ်ရင် အရိုးတွေ မပါတော့ပါဘူး။
ဟင်းအိုးကြီးကြီးတစ်လုံးထဲကို ပဒဲကောတွေကို လက်မလောက်စီ အတုံးလေးတွေတုံးထည့်ပြီး စောနက ငါးရိုးပြုတ်ရည်၊ ငါးအသားပြုတ်ရည်တွေနဲ့ ပြုတ်ပါ။ ငါးပြုတ်ပြီး ခွဲချန်ထားတာကိုလည်း ရေနှင့်အရင်ဖျော် မွှေပြီးမှ ထည့်ပါ။ ငါးတွေထောင်းထားတော့ ခဲနေမှာစိုးလို့ ရေနဲ့ အရင်ဖျော်ခိုင်းတာပါ။။ ငပိကို အရည်ဖျော်ပြီး အိုးထဲကို စစ်ထည့်ပါ။ ဟင်းချိုအိုးက ငါးရိုးပြုတ်ရည်တွေနဲ့ဆိုတော့ အချိုမှုန့်ကို မလိုပဲ အလွန်ချိုနေပါပြီ။ ဟင်းရည် ပွက်ပွက်ဆူရင် ငရုပ်ကောင်းမှုန့် ၊ ကြက်သွန်ဖြူ ၇၅၀ ဂရမ်ခန့် ထောင်းထားတာကို ထည့်ပြီး ဟင်းရည်အိုး ကျသည်အထိ တစ်နာရီခန့် မီးအေးအေးနှင့်တည်ပါ။ စားခါနီး အပေါ့အငံ၊ အချိုမြည်း ငံပြာရည်၊ ကြက်သားမှုန့် အစရှိသည်တို့ကို လိုတိုးပိုလျှော့ ထည့်ပါ။



ငရုပ်သီးအရည်အတွက်
ငရုပ်သီးတွေကို ဘလန်ဒါနဲ့ ညက်အောင်ကျိတ် ဟင်းချိုရည်ပူပူနဲ့ ရောပြီး ရေစပ်စပ်လေးပြင်ထားပါ။

မန်ကျည်းမှည့်ရည်အတွက်
မန်ကျည်းမှည့် အရည်ဖျော်ပြီးသားဗူး။
 မန်ကျည်းရည်ကိုလည်း နဲနဲကျဲသွားအောင်ဟင်းချိုရည်အနည်းငယ်နဲ့ ရောပြီး အဆင်သင့်ပြင်ထားပါ။


 မုန့်ဖတ်ပြုတ်ရန်အတွက်
မုန့်ဖတ်ကိုလည်း ရေနွေးပွက်ပွက်ဆူအောင် အရင်ပြုတ်ပြီး ပျော့အိ လာအောင်ပြုတ်ရပါတယ်။ ပျော့လာရင် ရေနွေးကိုစစ်ချပြီး ရေအေးအေးနဲ့ အထပ်ထပ်ဆေးချပါ။

ဂေါ်ဖီ ၊ နံနံတို့ကိုလည်းပါးပါးလှီးပြီး ပြင်ထားပါတယ်။

ငံပြာရည် ပဲမှုန့်ထုတ်ကိုလည်း ဖောက်ပြီး အသုတ်သုတ်ရအာင် ခွက်တစ်ခုထဲကို အဆင်သင့် ထည့်ထားပါ။



ပွဲပြင်ရန်အတွက်

 ရခိုင်မုန့်တီ လက်သုတ်အတွက်
ပန်းကန်ထဲကို မုန့်ဖတ်ကို ၂၀၀ ဂရမ်ခန့် တစ်ယောက်စားစာထည့် ဂေါ်ဖီကိုလည်း မုန့်ဖတ် တစ်ဝက်ခန့်ထည့်ပါတယ်။ ပြီးရင် 
ငါးမှုန့် စားပွဲဇွန်း တစ်ဇွန်းခွဲ၊ 
ငံပြာရည် စားပွဲဇွန်း တစ်ဇွန်းခွဲ၊ 
မန်ကျည်းမှည့်ရည် စားပွဲဇွန်း တစ်ဇွန်းခွဲ၊ 
ပဲမှုန့် စားပွဲဇွန်း တစ်ဇွန်းခွဲ၊ 
ကြက်သွန်ဖြူဆီချက် စားပွဲဇွန်း ၂ဇွန်းခွဲ၊
ဆီနီ တစ်ဇွန်း၊ 
ငရုပ်သီး အရည်ဖျော် လဖက်ရည် တစ်ဇွန်း၊
ကြက်သွန်နီကြော် 
ပဲကပ်ကြော်
နံနံ အစရှိသည်တို့ကို ထည့်ပြီး သုတ်နယ်ပါတယ်။



အဲဒီနေ့က အလုပ်ရှုပ်နေတာနဲ့ပဲ ဓာတ်ပုံရိုက်ဖို့ကို လုံးဝသတိမရလိုက်ဘူး။ ဒီပုံတွေက အစ်မတစ်ယောက်က သူ့ iphone လေးနဲ့ ရခိုင်မုန့်တီကြိုက်တဲ့ စင်္ကာပူက ညီမလေးကို အမှတ်တရ ရိုက်ပြီး ချက်ချင်းပို့ပေးတာကို ခုလေးတင် တောင်းထားရတာ။ အန်တီဆွိသုတ်နေတဲ့ ဇလုံထဲကသာ နှိုက်စားကြပေရော့။ နောက်တစ်ခါသုပ်စားမှ သုပ်ပြီးသား ပုံလှလှ လာတင်ပေးပါမည်။

 ရခိုင်မုန့်တီအရည် အတွက်ကတော့
မုန့်ဖတ်ထည့် အရည်ထည့် ၊ ငါးမှုန့်၊ ငါးဖယ်ကြော်၊ ပဲကပ်ကြော်တို့ကိုထည့်၊ အစပ်ကြိုက်ရင် ငရုပ်သီးအရည်၊ အချဉ်အတွက် မန်ကျည်းရည်တို့ထည့် နံနံပင်လေးဖြူး စားနိူင်ပါတယ်။ အန်တီဆွိ အဲဒီနေ့က အလုပ်ရှုပ်နေတာနဲ့ အရည်ဖျော်လေးတောင် မမြည်းလိုက်ရဘူး။ မကျေပွဲ အိမ်မှာ ထပ်ချက်စားဦးမယ်။

16 comments:

  1. ရခိုင်မုန်တီ ၂ မျိုးကွဲတယ်ဗျ . စစ်တွေ ဘက်က ပဒဲကောသုံးတယ်
    ကျောက်ဖြူဘက်က ငရုတ်ကောင်းသုံးတယ်။ ငါးပြုတ်ရင် နံနွင်းမုန့်မထည့်ဘူး။ ငရုတ်သီးအရင်ပြုတ်ပါတယ်။ ကျတ်သွားတော့ ဗိုက်မနာတော့ဘူးပေါ့။ ရလာတဲ့ ငရုတ်သီးကို ကြိတ်ပီး မွှေလို့ရလာတဲ့အနှစ်ကို ငပိ။ ငါးအနည်းငယ် ဆီအနည်းငယ်နဲ့ ငရုတ်သီးချက် ချက်ပါတယ်။ ဂေါ်ဖီမထည့်ပါဘူး။
    ပေတူး

    ReplyDelete
  2. ကျေးဇူးပါပဲ ကိုပေတူး။ ကျွန်မတော့ ဒီနည်းအတိုင်းပဲ ချက်စားလာတာ။ တကယ့် ရခိုင် အစစ်နဲ့ နဲနဲတော့ ကွဲမှာပေါ့။ ဗမာဆိုတော့ ဆနွမ်းမှုန့်က သုံးနေကျဆိုတော့ ညှီမှာကြောက်လို့ဂျ။ ဗမာ ရခိုင် ကပြား မုန့်တီချက် ပေါ့။း)) နောက်တစ်ခါ ရခိုင်ချက်အတိုင်း ချွတ်စွတ်တူအောင် အပေါ်ကနည်းအတိုင်း try ကြည့်ပါ့မယ်ဗျာ။

    ReplyDelete
  3. ကျတော်လည်း ရခိုင် ဗမာ ကပြား (ဖီးကြမ်း)ပါ..

    ပေတူး

    ReplyDelete

  4. ပဲကပ်ကြော်တို.၊ပဲမှုန်.တို.၊ ဂေါ်ဖီတို. က တကယ်.ရခိုင်မုန်.တီလက်သုတ်မှာ ထည်.သုတ်လေ.မရှိဘူး။
    ပြီးတော.လေ ရခိုင်မုန်.တီချက်ရင် အကောင်းဆုံးငါးက ငါးရွှေပါ။ သြဇီ မှာရနိုင်မလားတော.မသိဘူး။ ငါးရွှေရရင် တခါလောက်ငါးရွှေနဲ.စမ်းချက်ကြည်.ပါ။ တခြားငါးတွေနဲ.ချက်တာနဲ.မတူပါဘူး။

    ReplyDelete
  5. ငါးရွှေနဲ့ ချက်တာ အကျိုးနဲ ကောင်းတယ် ..တီဆွိရေ ..conger eel ဆိုပြီးရှာ အနော်လည်း ကဒီဘီပြောလို့ ချက်ကြည့်တာ အရမ်းကောင်းတယ်

    ReplyDelete
  6. ငါးရွှေနဲ့ စင်္ကာပူုမှာတော့ ချက်ဖူးတယ်။ ဒီမှာတော့ ရှာရခက်လို့ လွယ်တဲ့ ငါးနဲ့ပဲချက်လိုက်တာပါ။

    ReplyDelete
  7. ချက်တတ်လိုက်တာ
    ဂျူးဂျူးလေးကံကောင်းတာပေါ့

    ReplyDelete
  8. အားရပါးစားသွားပြီနော်

    ReplyDelete
  9. mstint

    1:14 PM (9 hours ago)

    to me
    mstint has left a new comment on your post "ရခိုင်မုန့်တီ (အာပူလျှာပူ )":

    ရခိုင်မုန့်တီ လူ၅၀စာအတွက် ချက်နည်းလေး ယူသွားတယ် ဆွိတီရေ ကျေးဇူးနော်း)
    ကထိန်အတွက် အလုပ်လုပ်သူတွေကို ကျွေးမွေးတာမို့ ဒါလဲ ထူးမြတ်တဲ့အလှူတစ်ခုပဲပေါ့နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. အနောနိမတ်မတ်November 6, 2012 at 12:28 PM

    ရေခဲရိုက်ထားတဲ့ငါးက အချိုပေါ့တာအပြင် အာဟာရရော ကွာသေးလား တီဆွီ။

    ReplyDelete
    Replies
    1. အန်တီဆွိ ဂူဂဲလ်ကြည့်တာတော့ မကွာဘူးပဲရေးထားတာတွေ့တယ်။
      အောက်ကလင့်ခ်လေးမှာ သွားကြည့်လိုက်နော်။
      http://www.livestrong.com/article/557246-what-are-the-health-benefits-of-eating-fresh-vs-frozen-fish/

      Delete
  11. ~~စားချင်တယ်။ စားချင်တယ်~~

    ReplyDelete
  12. တီဆွိစ်........



    ကြိုက်စ်။

    ကျနော်ကတေနာ့ ငါးက အဲ့လိုမရလို့ ငါးဗူကိုပဲ ထည့်လိုက်တယ်။

    တီဆွိစ်.... ပြင်ထားတာ...စားချင်လိုက်တာ။
    အဲဒါကြည့်ပီး ထပ်လုပ်စားဦးမယ်...

    ReplyDelete
  13. တီဆွိစ်...


    ရခိုင်တွေက ငါးရွှေပြောပေမဲ့

    ရန်ကုန်မှာ ငါးခူနဲ့စားခဲ့တာ..

    အရမ်းကောင်းတယ်။

    မန့်ပီးမှ အပေါ်က မန့်တာတွေ ပြန်ဖတ်တာ....
    သူတို့က ရခိုင်မှာလဲ ချက်ပုကွဲတယ်။
    ငရုတ်ကောင်း ပဒုကော ထည့်သူ မထည့်သူတွေ။

    ကော်ဖီထည့်တာက မြန်မာသုတ်
    ကော်ဖီမထည့်ပဲ ငရုတ်သီးစိမ်းအနှစ်နဲ့ထည့်တာက ရခိုင်သုတ်
    ရခိုင်သုတ်က ဆီချက်မထည့်ဘူး.ဒါလဲ နေရာအလိုက် နဲနဲကွဲတဲ့ ထည့်တာတွေ ရှိတယ်တဲ့

    ဆိုင်အစုံစားဖူးလို့ သိရတာ။

    ReplyDelete
  14. ကပြားသုတ်လေးလဲ ကြိုက်တာပဲ
    ရခိုင်အစစ်ကတော. ပဲမှုန်.တွေ ဆီတွေ အကြော်တွေမထည်.ဘဲ အစိမ်းသုတ်ဆိုလား
    အားလုံးကြိုက်တယ် တီဆွိရေ
    ခင်ဘုန်း

    ReplyDelete
  15. ပဲကြော်ကြော်နည်းလေးဘယ်မှာကြည့်လို့ရလည်းရှင့်

    ReplyDelete