Wednesday, July 29, 2015

ဝက်သား ကောက်ညှင်းပေါင်း



ပြီးခဲ့တဲ့ Sunday က အန်တီဆွိတို့ အိမ်မှာ မနက်စာ ဝက်သား ကောက်ညှင်းပေါင်း လုပ်စားပါတယ်။ စင်္ကာပူမှာတုံးကတော့ ဆိုင်မှာ အဲဒါလေးပေးပါဆို လက်ညှိုးလေးထိုး ဝယ်စားရုံပါပဲ။ ဒီရောက်တော့ စားချင်းလွန်းတော့ ကိုယ့်အားကိုယ်ကိုးမှပဲ စားရတော့တယ်။

ကောက်ညှင်းထုတ် ၅ ထုတ်စာလောက်အတွက် လိုတဲ့ ပစ္စည်းများ

ကောက်ညှင်းဆန် ဆန်ချင်ခွက် ၃ဗူး
ဝက်သား အဆီအသား 300 gram
Dried shiitake mushroom - မှို ခြောက် ၃ -၄ ပွင့် (ရေစိမ်ပြီး ပျော့လာရင် ပါးပါးလေးတွေ လှီးထားပါ)
Lap Xoung- တရုတ် ဝက်အူချောင်း ၃ ချောင်း (ပါးပါးလေးတွေ အစောင်းလိုက် လှီးထားပါ)
Five spices powder - တရုတ်မဆလာ
တရုတ် ဟင်းချက်ဝိုင်
ပဲငံပြာရည် အကြည်ရည် ( Lee Kum Kee - Premium Soy Sauce)
ပဲငံပြာရည် အနောက်ရည် (ABC - Sweet Soy Sauce)
ငရုပ်ကောင်းမှုန့် white papper

ကြက်သွန်ဖြူ  ၈ မွှာခန့်  (နုတ်နုတ်စင်းထားပြီး တစ်ဝက်ကို နှမ်းဆီ စားပွဲဇွန်း ၂ဇွန်း၊ ပဲဆီ စားပွဲဇွန်း ၃ဇွန်းနဲ့ မိုက်ခရိုဝေ့ထဲ 80 sec လောက် ထည့်ပြီး ဆီချက်ထားပါ)
ပြောင်းမှုန့် (corn stretch) လဖက်ရည်ဇွန်း ၂ ဇွန်းခန့် ( ရေနဲ့ ဖျော်ထားပါ)
ပဲငံပြာရည် အကြည်ရည်၊ သူလဲ သုံးဖူးသမျှထဲမှာ အကောင်းဆုံးပါ။
ပဲငံပြာရည် အနောက်ရည် အချိုပါပါတယ်။ ရိုးရိုး ပဲငံပြည်ရည်ပဲ သုံးမယ်ဆို သကြားထည့်ချက်မှ ချိုတဲ့ အရသာ ရပါမယ်။

တရုတ်မဆလာ - သုံးဖူးသမျှထဲမှာ အကောင်းဆုံး brand ပါ)

တရုတ်ဝက်အူချောင်း


Dried shiitake mushroom - မှို ခြောက်




ပထမဆုံး ကောက်ညှင်းနဲ့ မှိုတွေကို ညကတည်းက ရေစိမ်ထားပါ။

မနက် လင်းတော့ ကောက်ညှင်းကို ရေစစ်၊ ရေတစ်ထပ်ဆေးပြီး  ဇလုံထဲမှာ ထည့်၊ အပေါ်က ကြက်သွန်ဖြူဆီချက်၊ ပဲငံပြာရည် အကြည်ရည် ၂ဇွန်း၊ အနောက်ရည် နှစ်ဇွန်း၊ ဆား  ဇွန်းတစ်ဝက်၊ တရုတ် မဆလာ ဇွန်းဝက်၊ ငရုပ်ကောင်းမှုန့် ဇွန်းဖျားခန့် ထည့်ပြီးနယ်ပါ။ ပြီးရင် ပေါင်းအိုးထဲကို နာရီဝက်ထည့်ပေါင်းပါ။ (ဇွန်း = tea spoon =လဖက်ရည်ဇွန်း) (အိမ်မှာတော့ ထမင်းပေါင်းအိုးနဲ့ ပေါင်းပါတယ်။ သူနဲ့ အတူပါလာတဲ့ ဇကာလေးနဲ့ ထည့်ပေါင်းပါတယ်။ လေလုံတော့ အတော်ကို ပေါင်းလို့ အဆင်ပြေပါတယ်)

ကောက်ညှင်းပေါင်းနေတုံး ဝက်သားလေးတွေကို ပါးပါးလှီးပြီး တရုတ်ဟင်းချက်ဝိုင်  တစ်ဇွန်း၊ ပဲငံပြာရည် အကြည်အနောက် ၂ ဇွန်းစီခန့်၊ ဟင်းခပ်မှုန့်၊ တရုတ်မဆလာ ဇွန်း တစ်ဝက်ခန့် ထည့်ပြီး နယ်ထားပါ။ (ဇွန်း = tea spoon =လဖက်ရည်ဇွန်း)

ပြီးရင် ဒန်အိုး တစ်လုံးထဲကို ဝက်အူချောင်းတွေ ၂ မိနစ်ခန့် ထည့် လှော်ပြီး ပန်ကန်နဲ့ ကော်ထားပါ။ သူက ဆီပါပြီးသားဆိုတော့ ဆီ မထည့်ရပါ။


 နောက် ဝက်သားနဲ့ မှိုကို အချိုချက်ပါမယ်။
ဒယ်အိုးထဲကို ဆီ ၂ ဇွန်းခန့်ထည့် ကြက်သွန်ဖြူဆီသတ်ပါ။ ကြက်သွန်ဖြူ  ရွှေဝါရောင်လေးသန်းလာရင် စောနက နယ်ထားတဲ့ ဝက်သားတွေနဲ့ ပါးပါးလှီးထားတဲ့ မှိုတွေကို  ထည့် ဆီသတ်ပါ။ မွှေးလာရင် ပဲငံပြာရည် အနောက်ရည် တစ်ဇွန်းခွဲခန့် ထည့်မွှေပါ။
မှိုတွေရော ဝက်သားတွေရော ၅မိနစ်ခန့် ကျက်အောင် တည်ပြီးရင် ပြောင်းမှုန့်ကို ရေဖျော်ပြီး အနှစ်လေးနဲ့ ပျစ်ပျစ်လေးဖြစ်အောင် ၅ မိနစ်လောက် ထပ်တည်ထားပါ။ မကပ်အောင် ရေကို လိုလျှင် ထပ်ထည့်ပါ။



 ကောက်ညှင်းပေါင်းထားတာ ကျက်ပြီး၊ ingredientတွေ အားလုံးပြင်ဆင်ပြီးရင် ပုံမှာပြထားတဲ့ အတိုင်း ပန်းကန်လုံးလေးတွေ အောက်ခြေမှာ ဝက်အူချောင်းရယ် ဝက်သားနဲ့မှို အနှစ် ချက်ထားတာရယ်ကို စီပြီး ခင်းလိုက်ပါ။

 အပေါ်ကနေ ကောက်ညှင်း ပေါင်းထားတာကို ပန်းကန်းလုံး ပြည့်အောင် ထည့်လိုက်ပါ။  အဲဒါမျိုးလေးတွေ ၅လုံးခန့်လောက် ရပါမယ်။ကောက်ညှင်းထုတ်ဖို့ ဝါးရွက်မရှိတော့ အဲလို ပန်းကန်လုံးလေးတွေနဲ့ လုပ်တဲ့ သဘောပါပဲ။
 ကောက်ညှင်းကို ပြန်ပေါင်းဖို့  sauce အတွက် ပဲငံပြာရည် အကြည်အနောက် ၂ဇွန်းစီ၊ ရေ ၂ ဇွန်း ခန့်ရောပြီး အပေါ်ကနေ ဇွန်းလေးနဲ့ တစ်ဇွန်းခန့်စီခန့် နှံ့ အောင် လောင်းချပါ။ (ဇွန်း = tea spoon =လဖက်ရည်ဇွန်း)


  ပြီးရင် ပန်းကန်လုံးလေးတွေကို ပေါင်းအိုးထဲမှာ စီပြီး ၁၀ မိနစ်ခန့်ပြန်ပေါင်းရင် အနံ့ အရသာနဲ့ ပြည့်စုံတဲ့ ဝက်သား ကောက်ညှင်းပေါင်း ရပါပြီ။

ပွဲ ပြင်ဖို့ အတွက်ကတော့ ပေါင်းထားတဲ့ ပန်းကန်လုံးလေးတွေကို ဒါးလေးနဲ့ ပတ်ပတ်လည် ကော်ပြီး စားမည့် ပန်းကန်ပြားထဲ မှောက်ချလိုက်ရင် အပေါ်က Ingredient လေးတွေနဲ့ စားချင်စဖွယ် မွှေးကြိုင်နေတဲ့ ဝက်သားကောက်ညှင်းပေါင်းကို စားနိုင်ပါပြီရှင်။





အန်တီဆွိ သုံးတဲ့ ပစ္စည်းလေးတွေကို တမင် ဓာတ်ပုံရိုက်ပြီး ပြထားပါတယ်။ တခြား ပစ္စည်းတွေ သုံးရင်တော့ ဒီလောက် အရသာ ကောင်းပါ့မလားလို့ ထင်မိလို့ ဖော်ပြပေးလိုက်တာပါ။




2 comments:

  1. နည်းပညာအတွက် ကျေးဇူးပါ ဆွိတီရေ...

    ReplyDelete
  2. သရေကျလိုက်တာ

    ReplyDelete