Friday, May 14, 2010

ကြေးအိုးဆီချက် ၊ ကြေးအိုး ...

ကြေးအိုးကို အရည်သောက်ထက် ကြေးအိုးဆီချက်ကို ပိုကြိုက်ပါတယ်။ မြန်မာပြည်ပြန်ရင်တော့ မိသားစုလိုက် ရန်ကင်းကြေးအိုးမှာ သွားစားကြတယ်။ ကြေးအိုးဆိုင်ကောင်းတာတွေ အများကြီးရှိတယ်ပြောကြပေမဲ့ ကိုယ်စားဘူးတဲ့ဆိုင်ပဲသွားစားလိုက်တာပါ။ ဒါတောင် လသာလမ်းက ကြေးအိုးကောင်းလွန်းလို့ဆို သူငယ်ချင်းတစ်ယောက်က အတင်းခေါ်ကျွေးတာနဲ့ စားရသေးတယ်။ ဆိုင်က လမ်းဘေးတင်ချရောင်းပေမဲ့ သူကရောင်းတန်းမဟုတ်ပဲ အိမ်ချက်လို အသားများများနဲ့ ကောင်းကောင်းကို ရောင်းတာပါ။ သူကရန်ကင်းကြေးအိုးလောက် သကြားတွေ အချိုမှုန့်တွေ မသုံးတော့ စိတ်ထဲမှာ အရသာက နဲနဲပေါ့နေတယ်လို့ တော့ထင်ရတယ်။ ဒါပေမဲ့ ကောင်းပါတယ်။ ကြေးအိုးအိမ်ချက်ကောင်းကောင်းစားချင်ရင်တော့ အဲဒီဆိုင်ကို ညွှန်းချင်ပါတယ်။

မဆွိတီတို့ အိမ်မှာလဲ ကြီးတော်ကလဲ ကြေးအိုးကြိုက်၊ မဂျူဂျူကလဲ ကြေးအိုးကြိုက်ဆိုတော့ မကြာခဏဆိုသလို ကြေးအိုး လုပ်စားဖြစ်ပါတယ်။ သမီးကတော့ အသားလုံးတွေနဲ့ ကြေးအိုးအရည်ကို ပိုကြိုက်ပါတယ်။ သူ့အဖေကတော့ သိပ်မကြိုက်ပေမဲ့ ၃မဲ-၁မဲ ဖြစ်နေတော့ ဂျီးများလို့မရဘူး ... စားရတာပဲ။

ကြေးအိုးမှာ မုန်ညင်းစိမ်းရယ်၊ အသားလုံးရယ်က အရေးကြီးတယ် ထင်တာပဲ။ ကြေးအိုးထဲထည့်တဲ့ မုံညင်းစိမ်းက တခြားမုံညင်းနဲ့ မတူဘူးနော် ။ ခါးသက်သက်နဲ့။ အရွက်တွေ အရိုးတွေကလဲ ပိုကြီးတယ်။ စင်ကာပူမှာတော့ wet market တွေမှာပဲဖြစ်ဖြစ် NTUC မှာပဲ ဖြစ်ဖြစ် ရနိူင်ပါတယ်။ ကြေးအိုးချက်ရင်တော့ အဲဒီမုံညင်းစိမ်းကို ရအောင် ဝယ်စေချင်ပါတယ်။



အဲဒီနေ့ကတော့ ဂျူဂျူ့မွေးနေ့မှို့ အိမ်ကလူတွေလဲစားရအောင်၊ ထုံးစံအတိုင်း အိမ်နီးနားချင်း ဗမာအိမ်တွေလဲ လိုက်ဝေရအောင် လူ ၂၀စာလောက် ချက်ဖြစ်ပါတယ်။

ပထမဆုံး ဝက်ရိုး ၄-၅ရိုးလောက်၊ ကြက်ရိုး၊ ဝက်ခြေထောက်ရိုး အားလုံးကို ရေဆေး၊ ဂျင်းတက်လေး ၃လေးတက်လှီးထည့်၊ ကြက်သွန်ဖြူဥကြီး အလုံးလိုက်ပစ်ထည့်၊ ဆား၊ သကြားသင့်သလိုထည့်၊ ရေမြုတ်အောင်ထည့်ပြီး မီးအေးအေးနဲ့ အရိုးတွေဖြူတဲ့အထိ အချိုရည်ထွက်လာအောင် မီးအေးအေးနဲ့ပြုတ်ပါတယ်။

ဝက်သားအကြေ တစ်ကေဂျီခွဲလောက်ကို ဆား၊သကြား၊ အချိုမှုန့်၊ ငရုပ်ကောင်းမှုန့်၊ပြောင်းဖူးမှုန့်၊ ပဲငံပြာရည်အကြည်ရေ၊ ကြက်သွန်ဖြူ ညက်ညက်ထောင်းထားတာထည့်ပြီး ရောနယ်ပါတယ်။ ပြီးတော့ အပေါ်က ဟင်းချိုအိုးထဲကို လက်သီးဆုတ်သေးသေးစာလောက်စီ လုံးထည့်ပြီး စကာနဲ့ ပြုတ်ထားပါတယ်။ (ပထမ တစ်လုံးလောက်စမ်းပြုတ် မြည်းကြည့်ပြီး ကိုယ့်စိတ်ကြိုက် အရသာ ရသည်အထိ သကြား၊ ဆား ထည့်ပြင်ပါတယ်)








နောက် ဝက်ကလီစာတွေကိုလည်း အညှီနံ့ပျောက်အောင် မန်ကျည်းမှည့်၊ ဆားစတာတွေနဲ့ဆေးပါတယ်။ ဆား၊ထန်းညက်ခဲ ၂လုံးခန့်၊ အချိုမှုန့် (သုံးတတ်ရင် ထည့်ပါ)၊ ပဲငံပြာရည် အနောက်ရည်၊အကြည်ရေတို့ထည့်ပြီး မီးအေးအေးနဲ့နူးသည်အထိ ပြုတ်ပါတယ်။ အနံ့ပျောက်အောင် နာနတ်ပွင့်နဲ့ ငရုပ်ကောင်းလဲ ထည့်ပြုတ်ပါတယ်။


ဆီချက်ကတော့ ကြက်သွန်ဖြူများများကို ညက်ညက်ထောင်းပြီး ချက်ပါတယ်။



ပွဲပြင်ဖို့ရာ အားလုံးအဆင်သင့် ဖြစ်ပါပြီ။


အရိုးပြုတ်ရည်ကို ၂အိုးခွဲလိုက်ပါတယ်။ တစ်အိုးက ဟင်းချိုရည် သောက်ဖို့။ တစ်အိုးက ကြာဆံထည့်ဖျောဖို့ပါ။ ကြာဆံဖျောပြီးရင် ဟင်းရည်က နောက်ပြီး ဖြူကုန်လို့ ဟင်းချိုအနေနဲ့ သောက်မကောင်းတော့ပါဘူး။
ကြာဆံ၊ အသားလုံးတွေနဲ့ မုန်ညင်းရွက်တွေကို ဝက်ရိုးပြုတ်ရည်ပူပူထဲ နှစ်ပါတယ်။


အပေါ်က ကြက်သွန်ဖြူဆီချက်၊ ဝက်ကလီစာပြုတ်၊ ငုံးဥ၊ ကြက်သွန်မြိတ်၊ဆား၊ငရုပ်ကောင်း၊ပဲငံပြာရည် အချိုရည် လိုအပ်တာတွေ ထည့် ပွဲပြင်ပြီး သွားပို့ဖို့အဆင်သင့်ဖြစ်ပါပြီ။

အချဉ်အနေနဲ့ Sin Sin တံဆိတ် extra hot ကို မန်ကျည်းရေလေး အနည်းငယ်ရောပြီး စားပါတယ်။
ချက်ပြီးမောသွားတော့ အများကြီးမစားနိူင်တော့ဘူး။ တစ်ယောက်စာနဲနဲလေး လုပ်စားတာကို ဓာတ်ပုံရိုက်ထားတာ။ စားကြပါဦးရှင်။


ကြေးအိုး အရေဖျော်ကလဲ အကုန်အတူတူပါပဲ။ ကြေးအိုးဆီချက်ကို ဆီချက်တွေ မဆမ်းပဲနဲ့  သတ်သတ်ခွဲတည်ထားတဲ့  ဟင်းချိုရည်အိုးထဲက ဟင်းချိုတွေ ထည့်စားရင် ကြေးအိုး အရေသောက်ရပါပြီ။

Thursday, May 6, 2010

စွန်လွှတ်ခြင်း

ပြီးခဲ့တဲ့အပတ်က ဂျူဂျူတို့ သားအဖ စွန်လွှတ်ကြပါတယ်။ ဂျူရောင်းပွိုင့်နားက Park ထဲအလည်ရောက်ရင်း စွန်တွေလွှတ်တာ တွေ့နေတာနဲ့ ဂျူဂျူက ပူဆာတော့တာပဲ။ မိုးပေါ်မှာ စွန်တွေ အကောင်ပေါင်းစုံ။ ရေဘ၀ဲပုံ၊ လိပ်ပြာပုံ၊ ငါးပုံ၊ စွန်ပုံ အစရှိသဖြင့် ကြည့်ရတာ အလွန်လှပါတယ်။

ဒါနဲ့ စွန်တွေဘယ်က၀ယ်ရလဲ စုံစမ်းပြီးတော့ Gek Poh Shopping Centre မှာ သွားဝယ်ကြပါတယ်။ အရုပ်ပုံလှလှပါတဲ့ အကောင်ကြီးတွေက ၁၂ကျပ်။ ရိုးရိုးစွန်တွေက ၄ကျပ်ခွဲ ။ ၅ကျပ်လောက်ပဲရှိပါတယ်။ ရစ်ဘီးနဲ့ ကြိုးက ၃ကျပ်တန်ကနေ ၆ကျပ်တန် အမျိုးမျိုးပါပဲ။ ကိုယ်တွေလဲ တစ်ခါမှ မလွှတ်ဘူးတော့ တက်မှန်းမသိ မတက်မှန်းမသိ အကာင်ကြီးတွေ မ၀ယ်ရဲပါဘူး။ စမ်းလွှတ်ရအောင်ဆို ရစ်ဘီးတစ်ခုရယ် ရိုးရိုး အရောင်စုံ စွန်လေးတစ်ကောင်ပဲ ၀ယ်ခဲ့ပါတယ်။ နာမည်က Rainbow တဲ့။

သားအဖ၂ယောက် ပန်းခြံထဲမှာ စွန်လွှတ်ဖို့ ချီအတက်။




Park ထဲရောက်တော့ ညနေ၅နာရီလောက်။ လေကမတိုက်တော့ စွန်လွှတ်တဲ့သူတွေ သိပ်မရှိသေးပါဘူး။ ဘေးက စက်ဘီးနဲ့ သားအဖ၂ယောက်ကတော့ လွှတ်နေတာ လေကမတိုက်တော့ အပေါ်ရောက်လိုက် ပြုတ်ကျလိုက်ပဲ။ စွန်ကသစ်ပင်ပေါ်တင်သွားလို့ အဖေလုပ်သူက သစ်ပင်ပေါ် ထန်းတက်သမားတက်နည်းတက်ပြီး ယူနေလို့ ရယ်နေရသေးတယ်။ အနောက်က သစ်ပင်လေးမှာ ငြိနေတာပါ။




မဂျူဂျူက စွန်ကို လွှတ်ပေးပါတယ်ချင်ဗျ။




စွန်နဲ့အတူ မဂျူဂျူပါ ပျံတက်တော့မယ့်အလား။


ဂျူဂျူ့ အဖေဟာ ခလေးဘ၀က တစ်ခါမှ စွန်လွှတ်ဘူးသူ မဟုတ်ပါဘူး။ သူ့သမီးအလှည့်ကျမှ သမီးအလိုကျ လွှတ်ပေးရတာပါ။ လေကငြိမ်နေတော့ သူဘယ်လိုကြိုးစားပေမဲ့ စွန်က အပေါ်ရောက်ပြီးမှ အောက်ပြုတ်ပြုတ်ကျတာ ၁၀ခါလောက်ရှိနေပါပြီ။ ကိုယ်ကတော့ စိတ်လျော့ပြီး ပြန်မလို့ဟာ။ ဂျူဂျူ့ အဖေ ကတော့ ယောကျားတို့ လုံ့လ သေခါမှ လျော့မယ်ဆိုလား ကြိုးစားရင်းနဲ့ လေနဲနဲ တိုက်လာတဲ့ အခါ စွန်လဲ အပေါ်တက်သွားပါတယ်။ စိတ်လျော့ပြီး ဘေးကတောတွေထဲ ပန်းတွေ လိုက်ရှာနေတဲ့ သားအမိ ပျော်လွန်းလို့ လက်ခုတ်လက်ဝါးတီးကြပါတယ်။ စွန်လွှတ်တဲ့သူတွေထဲ ဂျူဂျူတို့အဖေက ပထမဆုံး စတက်တာပါ။


သားအဖ၂ယောက် စွန်လွှတ်ရင်း ဂိုက်ပေးကြမ်းနေပုံတွေပါ။




စွန်ဆိုတာ အပေါ်အမြင့်မရောက်ခင်သာ ကြိုးစားပန်းစားလွှတ်ရတာ ။ အပေါ်အမြင့်တစ်နေရာက လေထုဖိအားကို ကျော်တာနဲ့ သူ့အလိုလိုသူ တက်တော့တာပါပဲ။ ရစ်လုံးကြိုးလေး ထိန်းကိုင်ထားရုံပါပဲ။


ညနေ၆နာရီခွဲလောက်ရှိပါပြီ။ လေစတိုက်လာပြီမှို့ စွန်လွှတ်တဲ့သူတွေ စွန်ရောင်စုံတွေ ကိုင်ပြီး အစီအရီ ရောက်လာပြီး လွှတ်ကြပါပြီ။ ပျားပုံလေးလွှတ်တဲ့ အမျိုးသမီးက တစ်ခါထဲနဲ့ကို တက်သွားပါတယ်။

>


စွန်ရုပ်နဲ့ ပုံကတော့ မသိတဲ့သူဆို တကယ့် သက်ရှိစွန် လေထဲမှာ ၀ဲနေဘိအလားပါပဲ။



လှိုင်းကြီးလှေအောက်တဲ့ ... စွန်ကြီး မြေကြီးရောက်တော့ ...



ညနေ နေ၀င်ခါနီးတော့ ဂျူဂျူတို့ သားအဖ၂ယောက်ပြန်ကြပြီ။ သူတို့နောက်မှာတော့ ကင်မရာကြီးတကားကားနဲ့ ဒေါ်ဆွိတီပါပါတယ်။ မြင်အောင်ကြည့်ကြပါ။ ဘလော့ဂါရဲ့ ဒုတ်ခတွေ။ ....


Wednesday, May 5, 2010

ပြာများနဲ့ တစ်နေ့တာ

မနေ့ကအိပ်ရာထ နောက်ကျသည်။ နိုးတော့ ပြတင်းက နေစူးစူးထိလို့။ နာရီကြည့်တော့ မနက်၈နာရီ။ နောက်ကျတော့ ကမန်းကတမ်း ရေမိုးချိုး၊ ရေချိုးပြီးကာစရှိသေး အိပ်ရာပေါ်အဆင်သင့်တင်ထားတဲ့ ရုံးအိတ်ထဲက ဖုန်းကထမြည်သည်။ ဒီလို စောစောစီးစီးဆို ရုံးကလူတွေဆက်နေကျ။ ဘယ်သူကတော့ MC ၊ ဘယ်သူကတော့ အားဂျင့်လိခ်ဆိုတာ အချင်းချင်း ဆက်ပြောနေကျ။ ရုံးကပဲနေမှာဆို အပြေးလေးထွက်ကာ ကိုင်လိုက်တော့ ကိုယ့်အထက်ကအရာရှိ။ သူပြောတာ ၀ူးဝူးဝါးဝါးနှင့်ဆိုတော့ ပထမ ဘာတွေပြောနေမှန်း ကိုယ်သိပ်နားမလည်လိုက်။ နောက်မှ သေချာနားလည်လိုက်သည်က ရုံးခန်းထဲမှာ ပြာတွေပွနေတာပဲ။ ကြမ်းပြင်မှာလဲ ရေတွေနဲ့ အလုပ်လုပ်လို့တောင် ရပါ့မလား မသိဘူး ဆိုမှ ပထမပြောသွားတာ ဘာလဲဆိုထပ်မေးရတော့သည်။ နောက်မှ တဖြေးဖြေး ဇာတ်ရည်လည်လာသည်။

ဒါနဲ့ ကိုယ်အခု အိမ်မှာပဲ ရှိသေးတယ်။ ဘာပဲဖြစ်ဖြစ် ရုံးကိုလာခဲ့မယ်။ See you there လို့ပဲ ပြောလိုက်သည်။ အိမ်ကထွက်မယ်ကြံတော့ အခန်းထဲမှာလဲ ရေတွေနဲ့ဆိုတာ သတိရသည်။ အမြင့်ဆုံး ဖိနပ်ကို ရွေးစီးလိုက်သည်။ ရုံးရောက်တော့ ကားတံခါးဖွင့်ပြီး အထွက်မှာပဲ မီးခိုးနံ့က စရနေပြီ။ အပေါ်ထပ် ရုံးခန်းရောက်တော့ ရုံးခန်းတစ်ခုလုံးဟာ မီးခိုးရောင် ပြာတွေနဲ့ ဖုံးလို့ မှိုင်းတိုင်းတိုင်းဖြစ်နေသည်။ မီးခိုးနံ့ကတော့ မခံရပ်နိုင်တဲ့ အဆင့်ကို ရောက်နေလို့ အဲကွန်းfan ကို မိုင်ကုန်တင်၊ အခန်းပြတင်းတွေ အကုန်လိုက်ဖွင့်ရသည်။ ကိုယ်ကနောက်ကျသည်သာပြောသည်။ ကိုယ်တို့ အခန်းထဲ မည်သူမှမတွေ့သေး။ ဖုံးဆက်သတင်းပေးတဲ့ဘော့စ်ကလဲ ဘယ်ပျောက်နေသည်မသိ။ အမှတ်တရ ဓာတ်ပုံအချို့ရိုက်လိုက်သည်။

ပစ္စည်းအချို့ဖယ်လိုက်တော့ အဲလို အကွက်တွေ ဖြစ်သွားသည်။


ကိုယ့်ရဲ့ ရေးလက်စ note book လေးလဲ အကွက်လိုက်လေး။


ခဏနေတော့ တဖွဲဖွဲရောက်လာကြ၊ သတင်းမေးကြနှင့်၊ ကဲ နေရာအနှံ့ဖုံးနေတဲ့ ပြာတွေ ဘယ်လိုရှင်းကြမလဲဆို တိုင်ပင်ကြသည်။ ရုံးခန်းမကြီးဖက်က ကိုယ်တို့ထိုင်တဲ့ အခန်းထက် ပိုဆိုသေးသည်။ မီးက ဘေးခန်းက လောင်သည်ကြောင့် သူတို့နဲ့က ကော်ရစ်ဒေါ တစ်ခုသာ ခြားနေသည်ကိုး။ ဘေးခန်းက ကုမ္ပဏီ၂ခုလုံး လောင်သွားတာ ဘာမှ မကျန်ဘူး။တံခါးဖွင့်ကြည့်တော့ အထဲမှာ မဲနေတာပဲ။ ကုမ္ပဏီ၂ခုကြားက နံရံကစလောင်တာဆိုတော့ ဘယ်ဘက်က စလဲဆိုတာ စစ်ဆေးနေတုံးရှိသေးတယ်။ အဲဒီကုမ္ပဏီ၂ခုထဲမှာ တစ်ခုက ကယ်မီကယ်ပစ္စည်းထုတ်တဲ့ကုမ္ပဏီဖြစ်ပြီး ၂ခုလုံးမှာ မီးလောင်လွယ်တဲ့ ကယ်မီကယ်လောင်စာပစ္စည်းတွေ ရှိတယ်။ အစရှိသဖြင့် သတင်းစကားများကြားရသည်။ တစ်ချို့ကလည်း ကိုယ်တို့ ကုမ္ပဏီဘက်ကို မီးမကူးတာကိုပဲ တော်တော် ကံကောင်းနေပါပြီ ဟုဆိုပြန်သည်။

ဘာပဲဖြစ်ဖြစ် ခုလောလောဆယ် အလုပ်လုပ်လို့ မရတော့။ ပထမဆုံး အငယ်အင်ဂျင်နီယာလေး တစ်ယောက်အကူအညီနဲ့ ရေနဲ့ ထိနေတဲ့ ကိုယ့်စားပွဲအောက်က CPU နှစ်လုံးကို ကြိုးတွေဖြုတ်၊ အပြင်ဆွဲထုတ်ပြီး ရေလွတ်ရာ အပေါ်ကို တင်ထားလိုက်သည်။ ဘော့စ်ကတော့ အောက်ကရေတွေကို မောက်တစ်ခုနဲ့တိုက်ပြီး ရေတွေစုတ်ယူညှစ်ချနေသည်။ ကိုယ်တို့လဲစားပွဲပေါ်က ပြာတွေ ဖုံးနေတဲ့ ပစ္စည်းတွေ တစ်ရှူးပေပါနဲ့သုတ်ကာ စက္ကူပုံးအလွတ်ထဲစုပြုံထည့်သည်။ စားပွဲမှာ ကပ်နေသည့်ပြာတွေ သုတ်မယ်လုပ်တော့ သုတ်စရာအ၀တ်ကမရှိ။ ပြာတွေဖုံတွေက ကယ်မီကယ်တွေပါတော့ ဒီတိုင်းလဲ ရေနဲ့ချည်းလဲ သုတ်လို့မရ။ ဒါနဲ့ ဘော့စ်နဲ့တိုင်ပင်ပြီး ရုံးနဲ့ အနီးဆုံးက ဈေးမှာပြေးပြီး ရေသုတ်တဲ့အ၀တ်အချို့ရယ် ကြမ်းတိုက်တဲ့ မောက် ၃ချောင်း ရေပုံးတွေ ဆပ်ပြာရည်တွေ သွားဝယ်ရတော့သည်။

ကိုယ်တို့ CAD Room ရဲ့ ကိုယ်ထူကိုယ်ထ သန့်ရှင်းရေး ။


ဒါနဲ့ တစ်ခန်းလုံးကိုယ်ထူကိုယ်ထ သန့်ရှင်းရေးလုပ်လိုက်ကြတာ နေ့လည်၁နာရီလောက်နေတော့ ဖုံတွေ ပြာတွေလဲ တော်တော်ပြောင်သွားပါသည်။ လူတွေလဲ မျက်နှာတွေရော လက်တွေမှာ မဲတူးနေကြပြီ။ အားလုံးလဲ ပင်ပန်းနေကြတော့ကိုယ်လက်သန့်ရှင်းရေးလုပ်ပြီး ယနေ့အထူးစပ္ပါယ်ရှယ် အစီအစဉ်အနေနှင့် ရက်စတော့ရန့်တစ်ခုမှာ နေ့လည်စာ သွားစားကြသည်။ ပြန်ရောက်တော့ အပြင်က သန့်ရှင်းရေး အလုပ်သမားတွေ ရောက်နေပြီး စက်တွေနဲ့ ရေတွေစုတ်ထုတ်၊ အောက်ကိုလဲ စက်တွေနဲ့ ကြမ်းတိုက်နေကြသည်။ ခန်းမထဲမှာထိုင်တဲ့လူတွေကတော့ မီးခိုးနံ့မခံနိုင်လို့ အပြင်ထွက်နေကြသည်။


သန့်ရှင်းရေးပြီးတော့ အားလုံးက မှတ်ချက်ချသည်။ ကိုယ်တို့တွေ အရင်ကထက် ပိုသန့်ရှင်းလာတယ်။ စမ်းသပ်ပစ္စည်းတွေနဲ့ ရှုတ်ပွနေပြီး အခန်းရှင်းဖို့ အချိန်တောင်မရှိတဲ့သူတွေ ဒီနေ့တော့တစ်နေကုန် သန့်ရှင်းရေးလုပ်တာနဲ့ အချိန်တွေကုန်သွားတယ်။ ညနေ၅နာရီခွဲတော့ လူလဲ ပင်ပန်းနေပြီ။ ခုမှ ပြိုင်းနေပြီ ဆိုသည့် စကားအဓိပါယ်ကို သဘောပေါက်သည်။ အိမ်အမြန်ပြန်။ အိမ်ရောက်တော့ ရေပူပူနဲ့ချိုး၊စားသောက်ပြီး လူက ဖျားချင်သလိုဖြစ်လာလို့ ပါရာရယ်၊ ဘာမီတွန်လေး တစ်ခြမ်းရယ် သောက်ပြီး မှိန်းနေရတော့သည်။ မနက်ကရေထဲမှာ ခြေထောက်ကထိနေရတော့ အအေးပတ်သွားတာဖြစ်မယ်။

သမီးကို စာသင်ပေးတဲ့ တာဝန်တော့ သူ့အဖေကိုလွှဲပြောင်းပေးလိုက်သည်။ သမီးကလဲ မအေစောင်ထဲရောက်လာပြီး မေမေ့ခြေထောက်တွေကလဲ ပူလိုက်တာဆိုပြောနေသေးသည်။ မနက်လင်းတော့ ပါရာတန်ခိုးနဲ့ အပူချိန်မရှိတော့လူကနေလို့ကောင်းသွားပေမဲ့ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေဆဲ။ လူကရေသာခိုပြီး သက်သက်သာသာနဲ့နေလာတာ၊ ကိုယ်လက်လှုတ်ရှားမလုပ်ပဲ နေတာ ကြာခဲ့ပြီမဟုတ်လား။ ငယ်ငယ်ကလဲ အိမ်မှာ မိန်းခလေးတစ်ယောက်တည်းမှို့ ဒီလိုလုပ်ရတာမျိုးတော့ ရိုးနေပါပြီ။ ခုမှဒီလောက်လေးနဲ့ မခံရပ်နိုင်အောင် ပင်ပန်းနေတဲ့ ကိုယ့်ကိုယ်ကိုယ်သာ အံ့သြနေမိတော့သည်။

ယခုအလုပ်လုပ်နေရင်းမှ အရေးပေါ်ကြေငြာသည်။ မီးခိုးနံ့ပြင်းလွန်းသည့်အတွက် ၀န်ထမ်းများကျန်းမာရေးအတွက် အားလုံး အိမ်ပြန်အလုပ်လုပ်ရမည်။ ဒီကြားထဲ ရုံးကို သန့်ရှင်းရေးလုပ်မည်။ ဆာဗာစက်ထဲ ဖုံတွေပြာတွေ ၀င်နေတာရှင်းမည်။ တနင်္လာနေ့မှ ပြန်လာရမည် ... တဲ့။ အိမ်ပြန်ဘို့ ပြင်ဆင်နေပါသည်။

ပြန်ခါနီး မီးလောင်တဲ့နေရာကို သွားရိုက်ထားခြင်းဖြစ်ပါသည်။

Friday, April 30, 2010

ဟမျဘာဂါ ... ဟမျဘာဂါ ...



အဖွင့်ကတော့ ဒယ်အိုးနဲ့ စပါတယ်။ အမှန်က သူတရားခံပါ။ အဲဒီဒယ်အိုး ဝယ်ပြီးကထဲက ဘာလုပ်စားရရင်ကောင်းမလဲ စဉ်းစားနေတာ ... နောက်ဆုံးတော့ ဒေါ်ဆွိတီတို့ အကြံရသွားပါပြီ။ ဂျူဂျူအကြိုက်၊ ဂျူဂျူ့ အဖေအကြိုက် ဟမ်ဘာဂါ လုပ်စားကြဘို့။ အဓိကကတော့ ဟမ်ဘာဂါထဲညှပ်တဲ့ အသားကို ဘာဂါဆိုင်တွေကအတိုင်းတူအောင် ဘယ်လိုလုပ်ရလဲဆိုတာလေး မျှဝေပေးချင်ပါတယ်။ စားတဲ့၂ယောက်က တူတယ်လို့ ပြောလို့ပါ။ (ဤကား ကြော်ငြာ ... )

ပထမဆုံး လိုတဲ့ပစ္စည်းတွေကို အရင်ပြင်ထားဖို့ပါ။

အသားပြားအတွက်
ဝက်သား (သို့) ကြက်သားအကြေ ၄၀၀ ဂရမ်
ကြက်ဥတစ်လုံး
Bread Crumbs (ပေါင်မုန့်အကြေ) (စလုံးမှာဆိုရင် Giant လို စူပါမားကတ်တွေမှာ ရပါတယ်)
ကြက်သွန်အနီ တစ်လုံး သေးသေးလေးတွေ chop လုပ်ထားပါ။
ကြက်သွန်ဖြူ ၅မွှာ-၆မွှာခန့် ညက်နေအောင်ထောင်းထားပါ။
ကြက်သွန်မြိတ် ၃ချောင်းခန့် သေးသေးရိတ်ရိတ်လေးတွေ လှီးထားပါ။
ငရုပ်ကောင်းမှုန့် မညက်တညက်(Black Papper ) လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်
ဆားသင့်ရုံ
သကြား စားပွဲဇွန်း ၂ဇွန်းခန့်
ပဲငံပြာရည် အချိုရည် (အကြည်ရေ) လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်
မွှေးအောင် ပါစတာ spice လေးလဲ နဲနဲထည့်ပါတယ်။
အသားကင်ရန် သံလွင်ဆီ (Olive oil)

Bread Crumbs


ပါစတာ Spices



အထက်ပါပစ္စည်းတွေ အားလုံးရောပြီး နှံ့နေအောင်နယ်ပါတယ်။ ပြီးတော့ မကင်ခင် ၁နာရီခန့် နှပ်ထားပါတယ်။





ဒယ်အိုးကို မီးအနေတော် (Medium) နဲ့ တည်ပါတယ်။
သံလွင်ဆီ စားပွဲဇွန်း တစ်ဇွန်းခန့်ထည့်ပါတယ်။
လက်ကို သံလွင်ဆီ ရွှဲရွှဲသုတ်ပြီး အသားနယ်ထားတာကို လက်တစ်ကုတ်စာလောက်စီ အလုံးကြီးတွေ လုံးပါတယ်။ ပြီးတော့ပြားပါတယ်။ ။ဒယ်အိုးထဲ ထည့်ကင်ပါတယ်။ သံလွင်ဆီသုတ်တာကတော့ အသားတွေ ပြားအပြီးမှာ လက်က ခွါမရပဲ ကပ်နေမှာစိုးလို့ပါ။





ဟမ်ဘာဂါအတွက်
ဟမ်ဘာဂါစားဘူးရင် ဘယ်လိုလုပ်ရမလဲဆိုတာတော့ လူတိုင်းသိကြပါတယ်။ ပြည့်စုံသွားအောင် ဖြည့်ပေးလိုက်ပါတယ်။
ဟမ်ဘာဂါပေါင်မုန့် အလုံး တစ်ထုတ် (၄လုံးပါ ပါတယ်)
မယိုးနိစ် (Mayonnaise) တစ်ပုလင်း
ခရမ်းချဉ်သီး လပ်လပ်၂လုံး၊ အကွင်းလိုက် ပါးပါးလှီးထားပါ။
သခွါးသီး တစ်လုံး ပါးပါးလှီးထားပါ။
ချိစ်ပြား
ဆလပ်ရွက်
ဆော့စ်
French Fry (အာလူးချောင်းကြော်)
Coke အအေးဘူး




ပေါင်မုန့်ကိုအလည်က ခြမ်းပြီး ၂ဖက်စလုံး မရိုးနိစ် များများလေး သုတ်ပါတယ်။





အဲ့လက်ကလေး သေးသေးလေးကတော့ ဒီကားမှာ ... အဲလေ ... ဒီပို့စ်က ဖြတ်လျောက်မင်းသမီး မဂျူဂျူရဲ့ လက်ပါ။


ခရမ်းချဉ်သီး၊ သခွါးသီးတို့ကို တစ်ထပ်ချင်းထည့်၊ ချိစ်ပြားထည့်၊ အသားထည့်၊ ဆလပ်ရွက်အုပ်ပြီး အပေါ်က ပေါင်မုန့်အုပ် စားနိူင်ပါပြီ။ လက်နဲ့မြဲမြဲ ကိုင်ပြီး အားရပါးရ ကိုက်စားဖို့ရာပါ။ ဒီမှာ ဂျူဂျူတို့ ပြသနာစပါပြီ။ သူ့ရှေ့သွားအပေါ်၂ချောင်းလုံးက ကျိုးနေလေတော့ သမီးစားစား ကိုက်စားဆို သူဘယ်လို ကိုက်ပေမဲ့ ဟမ်ဘာဂါကတော့ မပဲ့ပါပြီ။ နောက်မှ "မေမေ ဂျူဂျူ က ကိုက်လို့ရဘူးလေ" ဆိုမှ ဒေါ်ဆွိတီတို့ သဘောပေါက်ပါတယ်။ ဒီတော့ သူ့ကို တစ်ခါစားစာစီ ဓားလေးနဲ့ လှီးပြီး ကျွေူးရပါတယ်။ ဓားနဲ့ လှီးအပြီးမှာ ကိုယ့်ရဲ့ ဟမ်ဘာဂါလဲ ပုံပျက်ပန်းပျက်ဖြစ်ရပါပြီ။ ဟမ်ဘာဂါ အပျိုရည်ပျက်ပြီး တစ်စစီဖြစ်နေတဲ့ ပုံတော့ လာဖတ်တဲ့ ပရိတ်သတ်ကြီး ဘာဂါကို စိတ်ကုန်သွားမှာစိုးလို့ တင်မပေးတော့ပါဘူး။



ဟမ်ဘာဂါတစ်မျိုးနဲ့ မတင်းတိမ်သူအတွက် အပိုလုပ်ပေးရပါသေးတယ်။ ဒီအကြောင်းနောက်မှ ရေးပါမယ်။ (ဟဲဟဲ ... ဒါလဲ ဒီဒယ်အိုးနဲ့ပဲ ...) သွားရေကျပိုကျ လိုသူများ ... အဲလေ ... ပုံကြီးကြီးကြည့်လိုသူများ ပုံကို ကလစ်ပါ။ ရဲရဲကြီး ကလစ်ပါ။ Life size chicken wing ဘာဘီကျူးပုံ တွေ့ရပါမယ်။

Monday, April 19, 2010

မုန့်လုံးရေပေါ် အလှူ

မနေ့က နှစ်သစ်ကူး စတုဒီသာ ကုသိုလ် အနေနဲ့ အိမ်နီးနား ပတ်ဝန်းကျင် မြန်မာအိမ် ၁၅ အိမ်ခန့်ကို မုန့်လုံးရေပေါ် လိုက်ဝေပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ လှူချင်ပေမဲ့ ပစ္စည်းပစ္စယက မဝယ်ရသေးလို့ နောက်တစ်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှ လုပ်ဖြစ်ခဲ့ပါတယ်။

NTUC က ကောက်ညှင်းမှုန့် ၆၀၀ ဂရမ်-၆ထုတ်၊ ဆန်မှုန့် ၆၀၀ ဂရမ်၂ထုတ်ဝယ်ပါတယ်။ ထန်းလျက် ၅ကျပ်ဖိုး ဗမာဆိုင်က သွားဝယ်ထားပါတယ်။ နောက်မုန့်လုံးရေပေါ်ထည့်ဝေရအောင် တစ်ခါသုံး ပုလပ်စတစ်ဘူးလေးတွေနဲ့ အောက်မှာ မကပ်အောင်ခင်းဖို့ ငှက်ပျောဖတ်လဲ ဝယ်ရပါသေးတယ်။ အုန်းသီးခြစ်ပြီးသားကတော့ သိုးလွယ် ချဉ်လွယ်လို့ အဲဒီနေ့ကျမှ မုန့်လုံးနေတုန်း အိမ်နားက wet market မှာ အပြေးကလေး သွားဝယ်ခိုင်းပါတယ်။

မုန့်လုံးရေပေါ်လုပ်နည်းကတော့ မနှစ်က တင်ပေးဘူးပါတယ်။
ဒီလင့်ကို နှိပ်ပါ။

မုန့်ကိုတော့ ညကတည်းက နယ်နှပ်ထားပြီး အဝတ်လေးရေစွပ် အုပ်ထားပါတယ်။ မနက်ကျ အဆင်သင့်ဖြစ်အောင် ထန်းလျက်တွေလဲ ညကတည်းက ကတ်ကျေးနဲ့ ညှပ်ထားပါတယ်။


မနက် ၆နာရီကတည်းက စလုပ်မယ်စိတ်ကူးပေမဲ့ ရုံးပိတ်ရက်မှို့ လုပ်အားပေး မုန့်ကူလုံးမဲ့ အိမ်က လူပျိုကြီး၂ယောက်ရယ်၊ ဦးခြိမ့်ရယ်က အိပ်ရာမနိုးသေးလို့ ၇နာရီလောက်မှ စလုံးဖြစ်ပါတယ်။ မုန့်တွေလုံးပြီး ရေပွက်ပွက်ဆူထဲထည့်၊ ငှက်ပျောရွက်လေးတွေ ခင်းထားတဲ့ တစ်ခါသုံး ပလပ်စတစ်ဘူးလေးတွေထဲ တစ်ထပ်ချင်းထည့်၊ မုန့်လုံးတွေ တစ်ခုနဲ့ တစ်ခု မကပ်အောင် အုန်းသီးခြစ်ထားတာလေးတွေဖြူး တစ်ထပ်ပြီး တစ်ထပ်ထည့်ပြီး ပူပူနွေးနွေး လိုက်ဝေပါတယ်။ လုံးတဲ့သူက အိမ်က ယောက်ျားသား ၃ယောက်၊ မုန့်ပြုတ်တဲ့သူက မဆွိတီတစ်ယောက်တည်းဆိုတော့ မနဲနိူင်အောင် လုပ်နေရပါတယ်။ တစ်အိမ်တက်ဆင်း လိုက်ပို့တဲ့သူကတော့ မဂျူဂျူနဲ့ သူ့ကြီးတော်ရယ်ပါ။


အင်တိုက်အားတိုက် လုံးနေကြတာပါခင်ည။





လိုက်ဝေဖို့ရာ အဆင်သင့်





ဒီမှာ ရယ်စရာတစ်ခုက လိုက်ပို့တဲ့ ကြီးတော်က ပြောပါတယ်။ တို့တွေ စောစောထ လိုက်ဝေလဲ အလကားပဲ။ တစ်အိမ်မှ အိပ်ရာနိူးတဲ့ အိမ်မရှိလို့ နှိုးပြီး ပေးခဲ့ရတာ ချည်းပါပဲတဲ့။ အိပ်ချင်မူးတူးနဲ့ မျက်လုံးတွေ ပွတ်၊ တံခါးထဖွင့်ပြီး ယူတဲ့သူတွေချည်းပဲတဲ့။ လှူတဲ့လူက စေတနာထက်သန်လွန်းတော့ စောစောစီးစီး ပူပူနွေးနွးစားစေချင်တဲ့ စေတနာ၊ ရုံးပိတ်ရက်ကို မေ့နေကြတာ။ စလုံးမှာ တော်တော်များများ ရုံးပိတ်ရက်တွေဆို အိပ်ရာထဲမှာပဲ နားနားနေနေ နှပ်ချင်ကြတာကို မေ့နေကြတာကိုး ။ အင်း ... အိမ်ရှင်တွေ အားနာဖို့ကောင်းနေပြီ။ နောက်နှစ်တွေဆိုရင်တော့ ဝီရိယ နဲနဲ လျော့ဦးမှလို့ တွေးမိပါရဲ့။

ဒါကတော့ ဘလော့လာလည်သူများအတွက် ဒေါင်းလန်းကြီးထဲမှာ ဖက်ခင်းပြီး ထည့်ပေးထားပါတယ်။ စားကြပါဦးနော်။ အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။

Monday, April 5, 2010

တင်ဘူးခဲ့တဲ့ ပို့စ် အပိုင်းအစများ (၁)...

အသစ်မတင်နိုင်သေးလို့ မြန်မာကျူးပစ်ဖိုရမ်မှာ တင်ဘူးတဲ့ ပို့စ် အပိုင်းအစလေးတွေ တင်ပေးလိုက်ပါတယ်။ လာရောက်အားပေးဖတ်ရှုသူများအားလုံး ကျေးဇူးတင်ပါတယ်။

မျှော့တွေ၊ ကျွတ်တွေ ကြောက်တတ်သလား ...
မဆွိတီ ကြောက်တာပြောရရင် ဘောက်ဖတ်ကောင် စိမ်းစိမ်းကြီးတွေ အရမ်းကြောက်တယ်။ မကြောက်ပဲနေရိုးလား။ ငယ်ငယ်က တက်ခူးစားနေကျ သရက်ပင်တို့၊မာကလာပင်တို့မှာ သစ်ရွက်အရောင်နဲ့ တစ်ထပ်တည်းဖြစ်နေတော့ မမြင်ရဘူး။ မတော်လို့များ ထိမိလိုက်ရင် မီးစနဲ့တို့ခံရသလိုကို နာတာကိုး။ တစ်ခါသား စိတ်ကူးလေးယဉ်၊ သီချင်းလေးဆိုပြီး မချစ်စု သရက်ပင်အောက် လျှောက်သွားရင်းနဲ့ ရုတ်တရက် ဘောက်ဖတ်ထိမိတာ ... ဘာဖြစ်မှန်းကို မသိလိုက်ဘူး။ ပူလွန်းနာလွန်းလို့ အေးရာအေးကြောင်း ဘေးက ရေအိုင်လေးထဲ လက်ကလေး စိမ်ကြည့်ရင်း နောက်တော့ လက်က ဘောက်ဖတ် အဆိတ်တက်တော့ ယောင်ကိုင်းလာတာ။ ဘောက်ဖတ်တွေ သစ်ပင်ပေါ်တွေ့ရင်ကို အူတွေ အလိပ်လိုက် အလိတ်လိုက် ယားယားလာတာ။

နောက် မျှော့၊ ကျွတ်လဲ အူယားတာပဲ။ကြောက်တာပဲ။ ငယ်ငယ်က နှင်းဆီခြံထဲ ကျွတ်တွေ သိပ်ပေါတာ။ ငယ်ငယ်က ကျွတ်ဆိုတာတောင်မသိသေးဘူး။ ကျွတ်တွယ်တော့ လက်နဲ့ ဆွဲခွါ။ လက်မှာ တွယ်နေပြန်ရော။ ဒီတော့ နောက်လက်တစ်ဖက်နဲ့ပြန်ဆွဲခွါ။ အဲဒီလက်မှာပြန်တွယ်။ ဒီဘက်လက်ကပ်လိုက်၊ ဟိုလက်ကပ်လိုက်နဲ့ သံတရာလည်နေလို့ အကိုကို အော်ပြီး အကူအညီတောင်းမှ ဟဲ့ အဲဒါ ကျွတ်တွယ်တယ် ခေါ်တယ်ဟဲ့ဆို အကိုဆွဲခွါပေးမှ ကွာတော့တာပဲ။ အဲဒီတုံးက သိမှ မသိသေးတာကို။ နောက်သိလဲ သိရော။ လားလား ... လားလား နဲ့ မြက်တောထဲ သွားနေတဲ့ အကောင်လေးတွေမြင်ရင်ကို အူတွေယားလာပြီး ဘာလုပ်ရမှန်းမသိတော့ဘူး။

မျှော့၊ ကျွတ်ကြောက်တတ်ပါတယ်ဆိုမှ ပြောပြရဦးမယ်။မဆွိတီတို့ အိမ်နဲ့ နှင်းဆီခြံက ခြေလျှင်လျောက်ရင် နာရီဝက်လောက်လျှောက်ရတယ်။ လမ်းမှာ လယ်ကွင်းတွေ၊ ရပ်ကွက်တွေ၊ ရေမြောင်းတွေ၊ ချောင်းတွေလဲ ဖြတ်ရသေးတယ်။ ကျောင်းပိတ်ရက် မနက်ဆို မောင်နှမတွေ ခြံမှာကူလုပ်ဖို့ သွားကြရတယ်။ အဲဒါ မိုးတွင်းတစ်ရက် မိုးရွာထားလို့ လယ်ကွင်းကရေတွေက လမ်းကို ဖြတ်စီးတဲ့ ချောင်းလိုဖြစ်နေတယ်။ အဲဒီချောင်းလေးကို ဖိနပ်ကလေးချွတ်ထည့်ပြီး ကူးလာတာ ရေထဲကနေ လမ်းပေါ် ခြေအချ လားလား ခြေသလုံးမှာ နဲနဲနောနော ကျွဲမျှော့ကြီးတွေ မဟုတ်ဘူး။ မဲမဲကြီးတွေ၊ ၃ကောင်တောင် တွယ်ပြီးပါလာတာ။ ဟမလေး ... အကိုရေ လုပ်ပါဦး ဆို မျက်လုံးစုံမှိတ် ခြေထောက်တွေ ခုန်ပေါက်၊ အာခေါင်ခြစ်အော်တော့တာပဲ။ အကို သူ့လက်ထဲပါတဲ့ ဖိနပ်နဲ့ ခွါချမှ ကျွတ်တော့တာပဲ။ ကြောက်လွန်းလို့ ချူချူတွေတောင် ထွက်ကျမတတ်ပဲ။ အကိုနဲ့ မောင်လေးနဲ့ ၃ယောက်သွားတာ ကြံကြံဖန်ဖန် ကြောက်တတ်တဲ့ကိုယ့်ကိုမှ ရွေးတွယ်ရတယ်လို့ပဲ။

နောက်မှတ်မိတာ။ YIT ထဲမှာ ဆရာမလုပ်တော့ ဆရာမများဆောင်မှာနေရတယ်။ ဂျီဟောအနောက်နားက အဆောင်ပေါ့။ အဲဒီမှာ အဆောင်ရောက်ဖို့ မြက်ခင်းလေးကို ဖြတ်ပြီး ကုန်းပေါ်လေးကိုတော်တော်လျှောက်မှ ရောက်တယ်။ အဲဒီမြက်ခင်းမှာလေ ကျွတ်တွေအများကြီးနေတယ်။ အပြင်ကပြန်လို့ အခန်းပြန်ရောက်ရင် ဒီတိုင်းမနေရဘူး။ တကိုယ်လုံးအောက်ပိုင်းတွေ လှည့်ပတ်ပြီး ကျွတ်တွေ တွယ်ပြီးပါမပါ သေချာစစ်ဆေးရလေ့ရှိတယ်။ သိတယ်မလား။ ကျွတ်၊မျှော့နဲ့ပတ်သတ်တဲ့ ပုံပြင်တွေက လူတိုင်းကြားဘူးနေကျကိုး။
အဲဒါ ဆရာမတွေညနေကျ အဆောင်ပြန်ချိန်ဆို အခန်းထဲ အသံသေး၊ အသံကြောင်နဲ့ စူးစူးဝါးဝါးအော်သံကြားလို့ရတော့ အဲဒီကျွတ်တွေလက်ချက်လို့သာ မှတ်ပေရော့ပဲ။
------------------------------------------------------------------------------

GPS ဟာသ
ကြုံလို့တစ်ခုပြောပြဦးမယ်။ လွန်ခဲ့တဲ့ ၆လလောက်က ဦးခြိမ့်တို့ သူငယ်ချင်း တစ်စု မလက္ကာဖက်သွားကြတာ သတိရတယ်။ သူတို့သူငယ်ချင်း ၆ယောက် မိသားစုတွေနဲ့ ကားမောင်းပြီးသွားကြတာ ပျော်စရာကြီးပါ။ လမ်းကြောင်းကလဲ သေချာမသိတော့ GPS အားကိုးနဲ့ သွားကြတာ။ ရှေ့ဆုံးက GPS ရှိတဲ့ ဦးခြိမ့်က ဦးဆောင်ပြီး မောင်းတာ နောက်ဆုံးက GPS ရှိတဲ့ တခြားသူငယ်ချင်းက နောက်က ပိတ်ပြီး သွားကြတာပေါ့။

ဟို မလက္ကာလဲရောက်ပြီး နောက်အပြန်တစ်ရက်လဲကျရော လမ်းကကားတွေ အရမ်းကျပ်တော့ မလက္ကာအထွက်တင် ကားတွေလမ်းလွဲကုန်ကြရော။ သွားမဲ့နေရာကလဲ GPS ကပြောတဲ့ အတိုင်းသွားရင်းနဲ့ လမ်းတစ်လမ်းကို မှားဝင်လိုက်တာမှာ ဇာတ်လမ်းကစတော့တာပဲ။ GPS တို့ရဲ့ထုံးစံအတိုင်း လမ်းမှားသွားရင်လဲ ဘယ်လိုပဲဖြစ်ဖြစ် လိုတဲ့နေရာတော့ ရောက်အောင်တော့ ညွှန်ပေးပါတယ်။

ကံကောင်းစွာနဲ့ သူငယ်ချင်း ၂ယောက်ကားနဲ့ လမ်းမှာပြန်တွေ့ပြီး ကားသုံးစီးတွဲရက် အတုပြန်ဖြစ်သွားတယ်ပေါ့။ လမ်းကတော့ တ၀ဲလည်လည်ပျောက်နေဆဲပဲ။ တစ်နေရာလဲရောက်ရော ရပ်ကွက်တစ်ခုက လမ်းချိုးကွေ့လေး ။ ကားအသွားအလာ မရှိသလောက် ရှင်းနေတာပဲ။ လမ်းလေးက ကျဉ်းကျဉ်းလေး။ အဲဒီမှာ လမ်းမကိုဖြတ်ပြီး မန်းတဋ်လို ခန်းခန်းနားနား ဆောက်ထားတာ။ အပေါ်မှာလဲ ပိတ်ဖြူမိုးနဲ့ ကာလို့။ ဘုရားထီးဖြူတော်လိုလိုဘာလိုလို အဆင့်အဆင့်တွေနဲ့ဟာကြီးကလဲ အပေါ်မှာ ထူထားတာ ထင်းနေတာပဲ။ စိတ်ထဲနဲနဲ သရိုးသရီတော့ ဖြစ်မိသား။ ဒါပေမဲ့ ကားကလဲ မောင်းရက်သားဖြစ်နေပြီ။ GPS ကလဲ အဲ့လမ်းကိုပဲ ညွှန်နေတော့ ဦးခြိမ့်က ဘာလဲတော့ မသိဘူးဟ ဆိုပြီး အဲဒီ မန်းတဋ်ကို ဖြတ်မောင်းတာ။ မန်းတဋ်ထဲရောက်တော့ စပ်စုပြီး အိမ်ထဲကိုလှမ်းကြည့်လိုက်တော့ ... လားလား ... အသုဘခေါင်းတလားကြီး ပြင်ထားတာကြီး တွေ့တာပါပဲ။

နောက်က ၂ကားကလဲ ဘုမသိ ဘမသိနဲ့ တန်းစီပြီးလိုက်လာတာ။ အဲဒီအိမ်ကျော်ပြီး လမ်းကျတော့ သူတို့တွေ အသုဘအိမ်ကြီးထဲကနေ ကားဖြတ်မောင်းလာတဲ့ အကြောင်းပြောပြီး ရယ်လိုက်ကြတာ။ ဟိုကျန်ခဲ့တဲ့ကားတွေတောင် လမ်းပျောက်နေလို့ အသုဘအိမ်ထဲ
မ၀င်ခဲ့ရတာဆိုပြီး။

ကြံကြံဖန်ဖန် ကြုံလဲကြုံရပါ့။ ကားတွေသွားနေတဲ့ လမ်းကိုဖြတ်ပြီး ကနဖျင်းထိုးထားတာ။ GPS ကလည်း လမ်းညွှန်တတ်ပါ့။

----------------------------------------------------------------------------------

နာမည်ပြောင်များအကြောင်း ....
ဟိုနေ့က အောက်အီးအီးအွတ် ဆိုတော့ တစ်ခုသတိရသွားတယ်။ ရန်ကုန်မှာနေတုန်းက အိမ်နားက မောင်လေးသူငယ်ချင်း နာမည်က ကြက်ဖ တဲ့။ နာမည်အရင်းရှိပေမဲ့ သူ့နာမည်အရင်း ဘယ်သူမှ မခေါ်ကြဘူး။ ရုပ်ကလေး သနားရူပနဲ့ ဘာလို့ကြက်ဖခေါ်တုံး ဆိုတော့ သူ့အဖေကြောင့် ဒီနာမည်ရသတဲ့။ သူ့အဖေဘာလုပ်တုံး မေးတော့ သူ့အဖေလူပျိုဘ၀က အလွန်ကြက်တိုက်သတဲ့။ ရွာကဆိုတော့ ကြက်တိုက်တာကို ဖဲစွဲသလိုစွဲသတဲ့။ ဒါနဲ့ သားလေးမွေးလာတော့ သူငယ်ချင်းတွေက ချစ်စနိုးနဲ့ အဖေအစွဲပြု ကြက်ဖ၊ကြက်ဖနဲ့ခေါ်ရာကနေ ခုကြီးတဲ့အထိ ဒီနာမည်စွဲနေရော။ အဖေ့ဒါဏ်တွေ သားခံရတယ်ပြောရမယ်။ ဒါမှမဟုတ် သားနာမည်ကြားတိုင်း အဖေနောင်တရအောင် ပေးခဲ့လေသလား။

ငယ်ငယ်ကကျောင်းတက်တော့ အတန်းထဲမှာ နွားကြီးဆိုတာရှိတယ်။ တစ်ခါသား ဆရာမင်းသုဝဏ်ရဲ့ ရှင်ပြုပွဲလား နှစ်ဆန်းချိန်ကဗျာလား မမှတ်မိတော့ ။ တစ်တန်းလုံး ကဗျာသံပြိုင်ဆိုရတယ်။ ဆိုရင်းနဲ့
" ... နွားကြီးလဲ ပါသဟေ့ ... " ဆိုတဲ့ အပိုဒ်လည်းရောက်ရော တစ်တန်းလုံး ဆက်မဆိုနိုင်ပဲ တခွီးခွီး နဲ့ရယ်ကြတာ။အုန်းအုန်းထလို့။ ကာယကံရှင် နွားကြီးတော့မသိဘူး။ အဲ့နေ့က ဆရာ စိတ်ဆိုးလို့ တစ်တန်းလုံး ခုံပေါ်တက် မတ်တပ်ရပ်ဆိုပြီး ဒါဏ်ပေးခံရတယ်။ ဒါတောင် မတ်တပ်ရပ်နေရင်းကနေ အဲဒီ "နွားကြီးလဲ ပါသဟေ့" ဆိုတဲ့ အပိုဒ်ကို စဉ်းစားမိတိုင်း စိတ်ထဲ ကြိတ်တခွိခွိဖြစ်တုံးရှိသေး။

နောက်တစ်ယောက်ကျတော့ သွားနဲနဲခေါခေါနဲ့ မျက်လုံးပြူးပြူးနဲ့။ ခေါင်းက ခပ်လုံးလုံးနဲ့။ သူ့ကျတော့ မျောက်ခေါင်းတဲ့ ။ စတတ်နောက်တတ် ခင်တတ်တဲ့ အရွယ်တွေဆိုတော့ သူငယ်ချင်းချင်း ချစ်စနိုး၊ နောက်ပြောင်ခေါ်တဲ့နာမည်တွေက ကိုယ်တွေအတွက်ဆိုရင်တော့ အားနာစရာ။ နောက်တစ်တန်းလုံးက ဒီနာမည်ကြီးခေါ်နေတော့ ကိုယ်ကနာမည်အရင်းခေါ်ရင်ပဲ တစ်ခုခုမှားနေသလိုကိုး။

ဟောတက္ကသိုလ်ရောက်တော့ နွားကြီး တစ်ကောင် ... အဲ နွားကြီးလို့ခေါ်တဲ့ တစ်ယောက်နဲ့ ဆုံရပြန်ရော။ ကိုယ့်သူငယ်ချင်းကတော့ အားနာလို့ဆို နာမည်အရင်းလဲ မသိတော့ နွား ... နွား လို့ ခေါ်တဲ့ အကြောင်းတောင်ရေးမိသေး။ နွားကြီးက အရမ်းသဘောကောင်းတာ။ အဲဒါနဲ့ ဘာလို့ နွားကြီးခေါ်ရသတုံးဆိုတော့ ခိုင်းကောင်းလို့ ဆိုလား။ ပြောကြတာပဲ။ အော် ... သဘောကောင်း ခိုင်းတိုင်းလုပ်ပေးတော့လဲ ချစ်စနိုးနာမည် နွားကြီး ဖြစ်ကရော။

နောက်တစ်ယောက် ကြောင်ကြီးဆိုတာလဲရှိသေးတယ်။ သူငယ်ချင်းတစ်ယောက်က သူတို့ Lab Group ထဲက တစ်ယောက် ကြောင်ကြီး ကဘာဖြစ်တယ်။ ကြောင်ကြီး ... ကြောင်ကြီးနဲ့ ပြောနေတာ ကြာလှပြီ။ ကိုယ်ကလဲ ဒီနာမည်ကြားတော့ စိတ်ဝင်စားတယ်ပေါ့။ ဘာရယ်မဟုတ် ။ ရယ်ချင်တာ။ ပြောင်ချင်တာ အဓိက။ ဒါနဲ့ တစ်ရက် canteen သွားတော့ ကြောင်ကြီးတို့ အဖွဲ့နဲ့ မိတ်ဆက်ပေးတယ်။ အဲသည်တော့မှ ကြောင်ကြီးဆိုတာ အတန်းထဲမှာ ကိုယ်မြင်ဘူးသားကြီးပဲကို။ ဒါပေမဲ့ ကြောင်နဲ့ မစပ်ဆက်မိပါဘူး။ အဲနေ့ကတွေ့ပြီး သူ့နာမည်ကြောင်ကြီးဆိုမှ ... လား ...လား... သူမျက်နှာက ကြောင်နဲ့တော်တော်ကို တူနေပါလား ...ဆိုတာသတိထားမိပြီး ရယ်လိုက်ရတာ။ ခုချိန်ထိ သူ့ကိုမြင်ရင် ရယ်ချင်ပက်ကျိဖြစ်တုံး။

တစ်ချို့နာမည်တွေလဲ ခွေးပုတဲ့ ၊ ၀က်ကြီးတဲ့၊ ဘရာစီယာဆိုတဲ့ နာမည်တောင်ကြားဘူးတယ် ။ မြန်မာလူမျိုးတွေရဲ့ နောက်ပြောင်တတ်၊ ချစ်ခင်တတ် ပျော်တတ်ပြီး နာမည်ပြောင်ပေးတတ်တဲ့ ဓလေ့လေးပါ။ နာမည်တွေ ဘယ်လိုဆိုးပေမဲ့ သူတို့ ဒီနာမည်ခေါ်ခံတယ် ဆိုကတည်းကိုက အတော်သည်းခံပြီး လူချစ်လူခင်ပေါလို့သာဖြစ်ရမယ်။ စိတ်ဆိုး၊စိတ်ဆတ် တတ်တဲ့သူတွေဆို ဒီလိုနာမည်တွေ ဘယ်ခေါ်ခံပါ့မလဲနော့။ အောင့်သက်သက်ဖြစ်စရာ ... နာမည်ပြောင်တွေအကြောင်း တောင်ရောက်မြောက်ရောက်ပါ။