သမီးနဲ့ ရယ်စရာအဖြစ်လေးတွေ မရေးရတာကြာလို့ သတိရတာလေး ပြောပြဦးမယ်။
မဆွိတီတို့ ပြီးခဲတဲ့ အခေါက် မြန်မာပြည်ပြန်တော့ အိမ်ကလူကြီးရဲ့ဇာတိမြို့နဲ့ ပုဂံ ဒေသကို အလည်ရောက်ခဲ့တယ်။ အိမ်ကလူကြီးရဲ့ ငယ်သူငယ်ချင်းတစ်ယောက်က (သမီးက ဦးဦးဇော်လို့ခေါ်ပါတယ်) ကားနဲ့ အသွားအပြန်လိုက်ပို့ပေးလို့ အလွန်အဆင်ပြေတဲ့ခရီးတစ်ခု ဖြစ်ခဲ့ပါတယ်။ သွားတဲ့လမ်းကလဲ နေပြည်တော် အမြန်လမ်း ဆိုတော့ လမ်းကဖြူးနေတာပဲ။ မောင်းတာကလည်း တစ်နာရီ ကီလို၁၄၀နှုန်းလောက်ဆိုတော့ အသွားမှာတင် ငါတို့အပြန် အသက်မှပြန်ပါပါ့မလားဆို ကြောက်ကြောက်နဲ့ စီးလိုက်လာခဲ့ရတာပါ။
ဒီလိုနဲ့ကားလေးပေါ် ဦးခြိမ့်ကရှေ့မှာထိုင် မဆွိတီတို့ သားအမိက နောက်မှာထိုင်ပြီး သွားခဲ့ကြတယ်။ သမီးဂျူဂျူလေးကတော့ တစ်ခါတစ်လေလဲ အမေပေါ်လှဲအိပ်လိုက် တစ်ခါတစ်ခါ ရွာသေးသေးလေးတွေဖြတ်သွားရင် ထကြည့်လိုက်နဲ့။ ဂျီတော့ မကျရှာပါဘူး။ လမ်းက ပဲခူးရိုးမကို ဖြတ်ဖောက်ထားတာဆိုတော့ တောင်တွေပဲတွေ့နေရတယ်။ လမ်းကဖေါက်နေဆဲဆိုတော့ လမ်းလုပ်သားတွေလဲ တွေ့ရတယ်ပေါ့။ ရှားရှားပါးပါး ရွာလေးတွေဖြတ်မိရင် မဆွိတီက သမီးအပြင်မှာသိပ်မမြင်ဘူးတဲ့ တိရိစ္ဆာန်တို့ ဘာတို့ ပြရတာပေါ့။ နွားတွေတွေ့ရင် သမီးရေ cow တွေ၊ ၀က်တွေတွေ့ရင် pig တွေ အစရှိသဖြင့် ပြရတာပေါ့။သမီးကလဲ အကောင်တွေ တွေ့တိုင်း လိုက်အော် ပျော်စရာကြီးပေါ့။ ကြံကြံဖန်ဖန် စာခြောက်ရုပ်တွေ့လို့တောင် သမီးက Scare Crow ဆိုအော်နေသေးတယ်။
ဒီလိုနဲ့ခြုံကောင်းကောင်းနေရာ တစ်ခုရောက်တော့ ဦးဦးဇော်က ကျန်းမာရေးဟေ့ဆို ... အော်ပြီး ... ကဲ မဆွိလဲဆင်းချင်ဆင်းလေဆို ပြောတော့ ကိုယ်ကလဲ ကျန်းမာရေးက ကောင်းနေဆဲဆိုတော့ မဆင်းတော့ဘူး။ ဘေးကမဂျူဂျူကတော့ မှိန်းနေရာကနေ ငေါက်ကနဲ ထလိုက်ပြီး ဘေးဘီကြည့်ပြီး မေမေ ဘာလဲဟင်။ ဆိုမေးတော့ ဒေါ်လျှာရှည် မဆွိတီက ရှင်းပြတာပေါ့။
သမီးရယ် ကျန်းမာရေးဆိုတာ ဒီလို ... လူတွေကို ခရီးသွားတုံး ရှူးရှူးပေါက်ချင်ရင် ပေါက်လို့ရအောင် ကားရပ်ပေးတာကိုပြောတာ။ ရှူးရှူးမပေါက်ပဲ အောင့်ထားတာကြာရင် မကောင်းဘူးမဟုတ်လား။ ကျန်းမာရေးထိခိုက်နိုင်တယ် သမီးရဲ့ ... ရှူရှူးတွေကို ဗိုက်ထဲမှာ အကြာကြီး မထားရဘူးနော် ... သိလား ... သမီးလဲ ရှူးရှူးပေါက်ချင်ရင် မေမေ့ကိုပြောနော် ... ဆိုပြီး ရှင်းပြလိုက်ရတာ။ ပြီးတော့မှ မရွှေဂျူဂျူက မကျေမနပ်မျက်နှာနဲ့ လှပ်ထားတဲ့စောင်ပြန်ခြုံပြီး ပြန်လှဲအိပ်ရင်း နောက်ဆုံးဘာပြောသွားတယ်ထင်တုံး ...
"I thought ကြက်မကြီး " တဲ့ ...
ရယ်လိုက်ရတာ။
သူက ကျန်းမာရေးလို့ ဦးဦးဇော်က အော်လိုက်တာကို ကြက်မကြီး လမ်းမှာတွေ့လို့ အော်တယ်ထင်လို့ ကြည့်ဘို့ ငေါက်ကနဲ ထထိုင်တာကိုး ...
Wednesday, June 24, 2009
Friday, June 19, 2009
စင်္ကာပူစတိုင် ငါးခေါင်းဟင်း

လာပြီလာပြီ ဒေါ်ဆွိတီ။
မသက်ဝေရေ ... မအားတဲ့့ကြားက ပရိတ်သတ်က တောင်းဆိုလို့ ... တင်ပေးလိုက်ပြီနော်။
ဟိုနေ့က ငါးခေါင်းတွေ တွေ့လို့ ဝယ်လာခဲ့တယ်။ စင်ကာပူစတိုင် ငါးခေါင်းဟင်းချက်စားချင်လို့ပါ။ ငါးခေါင်းတစ်ခြမ်းကို စလုံး၇ကျပ်ပေးရပါတယ်။
လိုတဲ့ပစ္စည်းတွေက လူ ၃-၄ ယောက်စာလောက်
၁။ ငါးခေါင်း တစ်ခြမ်း (၈၀၀ ဂရမ်လောက်)။ဆား၊နနွင်း၊ အချိုမှုန့် နယ်ထားပါ။ငါးခေါင်း ဘယ်လောက်ကြီးကြီး မခုတ်ပစ်ပါနဲ့.။ အခြမ်းလိုက်ချက်တာကောင်းပါတယ်။ ခုတ်လိုက်ရင် အရိုးတွေနဲ့ ကြေကုန်မစိုးလို့ပါ။ အမြင်လည်းမလှပါဘူး။ အဲနေ့က ချက်တော့ ကြီးလွန်းလို့ဆို ခုတ်လိုက်မိလို့ပါ။
၂။ ကြက်သွန်နီ အလုံးကြီးတစ်လုံး၊ အဖြူ ၁၀မွှာလောက်၊ ဂျင်း လက်၂ဆစ်လောက်၊ စပါးလင် ၁ချောင်းပါးပါးလှီးထားတာ၊ အားလုံးကို တစ်ခုစီကြိတ်ထားပါ။
၃။ ငါးမဆလာ ၃ဇွန်းခန့် (NTUC, Super market တွေမှာ ဒါမှမဟုတ် wet market တွေမှာ ရပါတယ်။ နနွင်းရောင်လေးနဲ့ မဆလာပါ။)
၄။ ခရမ်းသီး အရွယ်တော် ၁လုံး၊ရှစ်စိတ်စိတ်ထားပါ။
၅။ ခရမ်းချဉ်သီး ၂ လုံးလောက်ကို ၄စိတ်စီ စိတ်ထားပါ။
၆။ ရုံးပတီသီး ၃-၄တောင့်၊ခပ်ရွှေရွှေ အပိုင်းလေးတွေ လှီးဖြတ်ထားပါ။
၇။ပျဉ်းတော်သိမ်ရွက် (Curry leaf) ၂ခက် ၃ခက်လောက်ကို အရွက်ချွေထားပါ။
၈။ငရုပ်သီးစိမ်း ၄-၅တောင့်ကို ထပ်ခြမ်းခြမ်းထားပါ။
၉။ ငရုပ်သီး အရောင်တင်မှုန့် တစ်ဇွန်း၊
၁၀။ မန်ကျည်းရေ လက်တစ်ဆုတ်ဖျော်စာလောက်။ရေများများနဲ့ဖျော်ထားပါ။
၁၁။ နိူ့စိမ်း (Unsweetened condensed milk or evaporated milk) ၆ ဇွန်းခန့်။
၁၂။ အုန်းနို့ ခပ်ပျစ်ပျစ်၂ဇွန်း၊
၁၃။ သကြား ၂ဇွန်း၊
၁၄။ဆီ ၅ဇွန်း၊
၁၅။ သံပုရာသီး တစ်လုံး၊ ညှစ်ရလွယ်အောင် လှီးပြီး အစေ့ထုတ်ထားပါ။
၁။ပထမ ငါးခေါင်းကို အိုးတစ်ခုထဲထည့်ပြီး ၅ မိနစ်လောက် Steam လုပ်ထားပါ။ ရေနဲနဲနဲ့ ပြုတ်ရင်လဲ ရပါတယ်။
၂။ဒယ်အိုးဇောက်နက်နက်ကို မီးအနေတော်ထား၊ ဆီထည့် ၊ ဆီကျက်ရင် ဂျင်း၊ကြက်သွန်ဖြူ၊နီ၊ စပါးလင်ထောင်းထားတာကို ထည့်မွှေပါ။
၃။ ကြက်သွန်တွေနွမ်းလာရင်ပျဉ်းတော်သိမ်ထည့်၊ မဆလာထည့်ပြီး ဆက်မွှေပါ။ အရောင် နဲနဲညိုလာလိမ့်မယ်။ ငရုပ်သီးအရောင်တင်မှုန့်ပါ ထပ်ထည့်ပြီး မွှေပေးပါ။မတူးပါစေနှင့်။
၄။ ဆီသတ်လို့ အတော်မွှေးလာပြီဆို နို့စိမ်းထည့်၊အုန်းနို့ထည့်ပြီး မွှေပေးပါ။
၅။ ရေ အနည်းငယ်ထည့်ပြီး ခရမ်းသီးထည့်ပါ။ ပွက်လာရင် မန်ကျည်းရေလောင်းထည့်ပါ။ အဖုံးပိတ်ထားပါ။
၆။ ခရမ်းသီး နပ်ခါနီးလောက်တဲ့အချိန်ကျရင် ရုံးပတီသီးရယ် ၊ငါးခေါင်း steam လုပ်ထားတာရယ်၊ ခရမ်းချဉ်သီးရယ်၊ ငရုပ်သီးစိမ်းရယ် ထည့်။ အပေါ့အငံမြည်း၊ သကြားထည့်၊ဆားထည့် ပြီး အဖုံးဆက်အုပ်ထားပါ။မွှေးအောင် သံပုရာရည်လေး ညှစ်ထည့်ပါဦး။ ငါးခေါင်းမကြေအောင် ဂရုစိုက်ထည့်ပါ။
၇။ ၃-၄မိနစ်လောက်ကြာရင် ချပြီး စားလို့ရပါပြီ။ မချခင် မြည်းကြည့်ပြီး အငံ၊အချို လိုတာထပ်ထည့်ပါ။အနံ့၊ အရသာနဲ့ပြည့်စုံတဲ့ Curry Fish Head ဟင်းရပါပြီ။ သူက အနှစ်ကိုက မွှေးပြီး အလွန်အရသာရှိပါတယ်။ ကန်ဇွန်းရွက်ကြော်၊ဒါမှမဟုတ် ကိုက်လံရွက်ကြော်စိမ်းစိမ်းလေးနဲ့ ထမင်းနဲ့ အလွန်လိုက်ဖက်ပါတယ်ရှင်။
မြန်မာကျူးပစ်တွင်ဖော်ပြပြီး ...
Thursday, June 4, 2009
Thai Basil Chicken-ယိုးဒယားစတိုင် ဘေဆယ်ကြက်သားကြော်

ယိုးဒယားဟင်းတစ်ခွက် ဖြစ်တဲ့ဘေဆယ်ရွက်နဲ့ ကြက်သား ဘယ်လိုချက်ရလဲဆိုတာပြောပြပါမယ် ... ချက်ရတာ မြန်ပြီး လွယ်လဲလွယ်ပါတယ် ... စလုံးကြက်သားတွေက အညှီနံ့တစ်မျိုးရှိလို့ အဲ့လိုချက်စားရင် ဘေဆယ်ရွက်နံ့သင်းသင်းလေးနဲ့ အရသာလဲရှိပါတယ်။
လိုတဲ့ပစ္စည်းတွေက
၁။ ကြက်သားအသားချည်း ၃၀၀ဂရမ် အတုံးသေးလေးတွေတုံးထားပါ။ ပြီးရင် ဆား၊ သကြား၊ ဟင်းချိုမှုန့်၊ ပဲငံပြာရည်၊ ငံပြာရည်တို့နဲ့ နယ်ထားပါ။ ကြက်သားအကြေကြိတ်ထားတာဆိုလည်းရပါတယ်။
၂။ ကြက်သွန်ဖြူ ဥကြီး ၄-၅မွှာ ကြိတ်ထားပါ။ သိပ်မညက်ပါစေနဲ့ ။သေးသေးလေးတွေ chop လုပ်ထားတာဆို ပိုကောင်းပါတယ်။
၃။ ဂျင်း လက်တစ်ဆစ်လောက် အချောင်းသေးသေးလေးတွေလှီး(သို့) ပါးပါးလှီးထားပါ။
၄။ ကြက်သွန်နီ အနေတော် ၁လုံးကို ရှစ်စိတ်စိတ်ပြီး အလွှာလေးတွေ ခွါထားပါ။
၅။ ငရုပ်သီးစိမ်း ၃-၄တောင့်လောက်ကို ပါးပါးလှီးထားပါ။
၆။ ဘေဆယ်ရွက် (sweet basil/common basil/Thai basil) ၃ခက် လောက်ကို အရွက်ချွေထားပါ။
၇။ ငံပြာရည် သင့်သလို
၈။ ပဲငံပြာရည် အနောက် သင့်သလို (အရောင်လှရန်အတွက်)
၉။ သကြားတစ်ဇွန်း
၁၀။ ငရုပ်ကောင်းမှုန့့် အနည်းငယ်
၁၁။ ဆီ ၅ဇွန်း
(မဆွိတီပြောတဲ့ ဇွန်းဆိုတာ ထမင်းစားတဲ့အခါသုံးတဲ့ ခရင်းနဲ့တွဲစားတဲ့ ဇွန်းပါ- Table spoon ခေါ်ပါတယ်။)
ချက်နည်းအဆင့်ဆင့်က
၁။ မီးပျင်းပျင်းနဲ့ ဒယ်အိုးပိုင်းတည်၊ ဆီထည့်ပါ။
၂။ ဆီကျက်ရင် ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်းကြိတ်ထားတာတွေထည့် မွှေပါ။
၃။ ကြက်သွန်ဖြူ ရွှေဝါရောင်လေးသန်းလာပြီဆို ကြက်သားထည့် အဆက်မပျက်မွှေပေးပါ။
ကြက်သားကထွက်လာတဲ့ရေခန်းပြီး ခြောက်လာတဲ့အထိ ၂မိနစ်လောက်ဆက်မွှေပေးပါ။
၅။ ကြက်သွန်နီလှီးထားတာထည့်မွှေ ၊သကြား၊ ပဲငံပြာရည် အနည်းငယ်ထည့်ပြီးဆက်မွှေပါ။
၆။ ကြက်သွန်နီ နဲနဲနွမ်းလာရင် ဘေဆယ်ရွက်၊ ငရုပ်ကောင်းနဲ့ ငရုပ်သီးလှီးထားတာလေးတွေခပ်ပြီး မွှေးလာရင် အပေါ့ အငံ အချိုမြည်း လိုရင်ထပ်ထည့် ချလို့ရပါပြီ။
ဘေဆယ်ရွက်မွှေးမွှေးလေးနဲ့ ကြက်သားဟင်းတစ်ခွက်ရပါပြီ။
ထမင်းဖြူ (သို့) ထမင်းကြော်ရယ် ကြက်ဥ half fried ကြော်ရယ်၊ ငရုပ်သီးငံပြာရည်ရောထားတဲ့ ဆော့စ်ရယ်တွဲစားကြပါတယ်တဲ့။
ငရုပ်သီးငံပြာရည်ဆော့စ် (Chili Fish Sauce)
၁။ ငရုပ်သီး ၂-၃ တောင့် ပါးပါးလှီးထားပါ။
၂။ ကြက်သွန်နီအလုံးသေးလေး၁လုံး ပါးပါးလှီးထားပါ။
၃။ ငံပြာရည် ၂ဇွန်း
၄။ သံပရာရည် (သံပုရာသီးသေးသေး တစ်စိတ်)
အထက်ပါ၄မျိုးကို ပန်းကန်ဲလုဲးထဲရောထည့်ရင် ငရုပ်သီးငံပြာရည်ဆော့စ် ရပါပြီ။

(Chilli fish sauce စပ်တဲ့ပုံကို အင်တာနက်မှ ယူပါသည်)

Monday, June 1, 2009
ငယ္ငယ္တံုးက ၁
ခုချိန် သမီးလေးကိုကြည့်လိုက်ရင် ရှေ့သွားမှာ အပေါက်ဟောင်းလောင်းနဲ့ ပြတင်းပေါက်လိုလေးဖြစ်နေတယ်။ သမီးသွားကိုတွေ့လိုက်တိုင်း မဆွိတီရဲ့ စိတ်ထဲမှာ ငယ်ငယ်က အဖြစ်တစ်ခုကို သတိရမိပြန်တယ်။
သူငယ်တန်းတက်တုံးကအဖြစ်လေးပါ။ အကိုလတ်ကတော့ ၂တန်းပေါ့။ မဆွိတီတို့အတန်းနဲ့ အကိုလတ်တို့ အတန်းက နဲနဲနီးတယ်။ အဲဒီအချိန်ကိုယ်လဲ အပေါ်ရှေ့သွား ၂ချောင်းက ကျိုးနေတော့ သွားဟောင်းလောင်းနဲ့ ရယ်ချင်စရာဖြစ်နေမှာပေါ့။ အဲဒီတော့ အကိုအလတ်နဲ့ သူ့သူငယ်ချင်းတွေက ချစ်စနိုးနဲ့ စကြတာပေါ့။ သွားမှာ ပြတင်းပေါက်ကြီးနဲ့ ဘာညာဆို ... အောင်မာ ... အဲဒီအချိန်ကတည်းက သဘောကောင်းတဲ့ မဆွိတီသေးသေးလေးက အဲဒါကို စိတ်မဆိုးဘူးဗျ။ စိတ်မဆိုးတဲ့အပြင် အကိုတွေအတန်းရှေ့ ငုတ်တုတ်သွားထိုင်ပြီး ညိုမြသွားလုပ်နေသေးတယ်။ ခလေးဆိုတော့ ကျောင်းနေကာစ နားမလည်ပါးမလည်တာလဲပါမှာပေါ့။
အဲလိုသွားထိုင်နေတုံး ... ဒုတ် ... ဆိုတဲ့အသံနဲ့အတူ ခေါင်းက အတော်နာကျင်သွားပြီး ရုတ်တရက် သတိမေ့သလိုတောင်ဖြစ်သွားတယ်။ ဘာဖြစ်လိုက်မှန်းမသိလိုက်ဘူး။ နောက်မှ အကိုလတ်က အတန်းထဲကနေထွက်လာပြီး ဘုတ်အီးမရေ နင့်ခေါင်းမှာ သွေးတွေဟ ... ဆိုထအော်မှ ကျောင်းသားတွေရော ဆရာမတွေရော ပြေးလာကြတယ်။ နောက်တော့ သွေးတွေထွက်လိုက်တာ ... ကိုယ်ဝတ်ထားတဲ့ အင်္ကျီအပြာနုလေး တစ်ခုလုံး သွေးတွေချင်းချင်းနီလို့။ ကျောင်းကရပ်ကွက်နဲ့နီးတော့ ခလေးတစ်ယောက် နောက်ကနေ လေးခွနဲ့ ပစ်တာ ဖြစ်မယ်လို့ပြောကြတယ်။
ဆရာမတွေ ကထိတ်ထိတ်ပြာပြာနဲ့ သွေးတိတ်အောင် မျိုးစုံလုပ်ပေမဲ့ သွေးတွေအရမ်းထွက်နေတုံး။ ဆိုင်မဆိုင်တော့ မသိ၊ နေပူလို့ သွေးတွေအရမ်းထွက်တယ်လို့ ပြောနေကြတယ်။ ကိုယ့်မှာတော့ သွေးမြင်တာလဲ လန့်ရကောင်းမှန်းမသိ လူကအူကြောင်ကြောင်ကို ဖြစ်နေတယ်။ နောက်ဆုံးသွေးတိတ်သွားတော့မှ ဆရာမတွေက သွေးတွေပေနေတဲ့ ကိုယ့်အင်္ကျီလေး ချွတ်ပြီး လျော်ပြီး နေလှန်းထားတယ်။ ကိုယ်ကတော့ တုံးလုံးလေးနေရတာပေါ့။ ဆင်းရဲတဲ့ကျောင်းဆိုတော့ အင်္ကျီတောင်အပို ရှိပုံမပေါ်ဘူး။ အဖြူနဲ့ အစိမ်းလဲမ၀တ်ရဘူးလေ။
ကိုယ်အဲဒီနေ့က ဖော့ခရစ်အပြာရောင်နုအင်္ကျီလေး ၀တ်လာတာ။ဖော့ခရစ်ကို အကွက်လေးတွေ ဖော်ထားပြီး အကွက်လေးတစ်ခုချင်းစီက အဖောင်းလေးတွေနဲ့။ ခုခေတ် ဘာခေါ်မယ်မသိ။ လက်ပြတ်လေးနဲ့ ခါးကတော်တော်တိုတယ်။ ခုထိမှတ်မိနေတယ်။ အောက်ကတော့ ဘောင်းဘီတိုလေး ဖြစ်ဖို့များမယ်။အင်္ကျီခါးအတိုနဲ့ ဘောင်းဘီတိုခပ်ပွပွနဲ့ စတိုင်ကတော့ အတော်လန်းမယ် ... အဖေရော အမေရောရုံးသွားနေချိန် အဖွားလုပ်သူက ဒီခလေး ၅ယောက်ကို ဘယ်အ၀တ်အစားသေချာ ၀တ်ပေးနိုင်မှာတုံး။ ကိုယ့်ကြုံရာကောက်ဝတ်လာတာဖြစ်မယ်။ အင်္ကျီလေးကသေးလဲသေး၊ ဖော့ခရစ်လဲဖြစ်ပြန်ဆိုတော့ နေပူထဲ ခဏနဲ့ခြောက်ပြီး ပြန်ဝတ်ရတာပေါ့။
အိမ်ပြန်ရောက်တော့လဲ အမေတို့သိပြီး ဘာတွေဖြစ်လဲ မမှတ်မိတော့ပါဘူး။ ခေါင်းကအနာကလဲ သွေးတိတ်ပြီးကထဲက ဘာမှမဖြစ်လိုက်ပါဘူး။ သူ့ဟာသူလေးပျောက်သွားတာပါပဲ။
အချိန်တွေများ ကုန်မြန်လိုက်တာ။ ခုတော့ ကိုယ်မွေးတဲ့ ခလေးတောင် သွားပြတင်းပေါက်ဖြစ်လို့။ ကိုယ်စိတ်ထဲတော့ အပြာရောင်ဖော့ခရစ်အင်္ကျီလေးနဲ့ ဘောင်းဘီပွပွ အူတူတူကောင်မလေးကို မြင်ယောင်နေတုံး။

Subscribe to:
Comments (Atom)