Saturday, October 17, 2009

စင်္ကာပူ မြန်မာသံရုံးလုပ်ငန်းဆောင်တာများနှင့် ပါတ်သက်ပြီး မေးချင်နေသူများအတွက် (၁)

မြန်မာသံရုံးမှာ နဲ့ ပါတ်သက်ပြီးမေးချင်နေသူများအတွက် အခွန်ဆောင် ကြမယ်။ ပါတ်စပို့ သက်တမ်းတိုးကြမယ်။ ပါတ်စ်ပို့ စာအုပ် အသစ်လုပ်ကြမယ် အစရှိသဖြင့် ....

နိဒါန်း

မြန်မာကျူးပစ်ဖိုရမ်ထဲတွင် မြန်မာသံရုံး အခွန်ဆောင်ခြင်းနှင့် ပါတ်သက်လို့ မေးခွန်းတွေ မေးကြတယ်လေ။ အခုအချိန်ထိလည်း မေးခွန်းတွေကတော့ ဆက်တိုက်ကိုပဲ မေးလာကြတုံးပါပဲ။ သံရုံးမှာ ဘယ်လိုအခွန်ဆောင်ရသလဲဆိုတာကတော့ သိပ်ပြီး အပြောင်းအလဲမရှိလှပေမဲ့ တချို့သောကိစ္စလေးတွေမှာ သိပ်အရေးမကြီးဘူးလို့ ထင်ရပေမဲ့လဲ အဲဒီအချက်အလက်တွေက သံရုံးမှာမလိုအပ်ပဲ အချိန်တွေကုန် ခွင့်တွေကုန်ဆိုတဲ့ အခြေအနေတွေ ကြုံရကြောင်း ပြောလာရတဲ့သူတွေများလာလို့ စာတတန်ပေတဖွဲ့ ပြန်လည် ဆန်းသစ်လိုက်ရတာပါလို့ ပြောရမှာပါပဲ။

အခုဆက်လက်ရေးသားသော အကြောင်းအရာ သတင်းအချက်အလက်များသည် ကျွန်တော်တို့ တွေ့ကြုံခဲ့ရသော အခြေအနေများကို ပြန်လည်တင်ပြခြင်းဖြစ်သောကြောင့် ထိုအတိုင်း တသတ်မှတ်တည်း ဖြစ်မည်ဟု တရားသေ မပြောလိုပါ။ တခါတလေ အခြေအနေအရ ပြောင်းလဲ နိုင်ပါသည်။ ထိုအပြင် သံရုံးတွင် ပထမအတွင်းဝန် ပြောင်းလဲပါကလည်း ထိုသူ၏ သီးသန့် မူပြောင်းလဲ မှုများကြောင့် အနည်းငယ် မတူညီနိုင်သည်ကို တွေ့ရှိနိုင်ပါသည်။ ယခုတင်ပြ ပြောဆိုမည်မှာ ၂၀၀၈-၉ ခုနှစ်အတွင်း ယာယီမှန်ကန်ပါသည်။ ဤဆောင်းပါးတွင် ရေးသားထားသည်များမှာ နိုင်ငံရေး ဆွေးနွေးရန် အလိုငှာရေးသားခြင်းမျိုးမဟုတ်ပဲ ဗဟုသုတ အနေဖြင့်သာ ရေးသားပါမည်။ ထိုအပြင် ကျောင်းသားများအတွက်ကောင်စစ်ဝန် လုပ်ငန်းများကို အတွေ့အကြုံ နည်းပါသောကြောင့် ထည့်သွင်းမရေးသားနိုင်သည်ကို ခွင့်လွတ်စေလိုပါသည်။


သံရုံးသို့သွားရန် ပြင်ဆင်ခြင်း

စင်္ကာပူနိုင်ငံတွင် လွန်ခဲ့သော ၂၀၀၀ ခုနှစ်ခန့်က အခွန်ထမ်း၊ ကျောင်းသား၊ မှီခို၊ မိဘ အဖြစ်လာရောက်နေထိုင်သော မြန်မာနိုင်ငံသား အရေအတွက် မှာ ၃သောင်း ခန့်သာ ရှိသည်ဟု ခန့်မှန်းနေရာမှ စင်္ကာပူ၏ လူဦးရေးတိုးတက်ရေး စီမံကိန်း၊ စီးပွားရေးတိုးတက်မှု တို့ကြောင့် မြန်မာနိုင်ငံသား ဦးရေ တိုးတက်လာသည်မှာ ယခုနှစ် ၂၀၀၈ တွင် မြန်မာနိုင်ငံသား ဦးရေ ၇သောင်းမှ တစ်သိန်း အထိ သိသိသာသာ တိုးလာသည်ဟု ခန့်မှန်းပြောဆိုလာကြသည်။ (စာကြွင်း- ဖြစ်နိုင်ပါသည်။ လူစည်စည် ပေ ၁၀၀ ခန့် လမ်းလျှောက်လိုက်လျင်ပင် မြန်မာလူမျိုး ၅ ဦးခန့် ကို အလွယ်တကူတွေ့နိုင်ပါသည်။)

ထိုသို့ တိုးတက်လာသော မြန်မာလူဦးရေ ကို ပါတ်စ်ပို့ လုပ်ငန်းနှင့် ပါတ်သက်သော လုပ်ငန်း ဆောင်ရွက်ရန် မြန်မာသံရုံးတွင်ရှိသော
ဝန်ထမ်းလူဦးရေ မှာ ပိုပြီးတိုးလာခြင်း မရှိသောကြောင့် ယခင်က ထိုသို့ ကောင်စစ်ဝန်လုပ်ငန်းများကို နေ့တ၀က် ခန့်ကြာသော
ဝန်ဆောင်မှူများမှာ တစ်နေကုန် မပြီးစီးနိုင်ကာ နေ့စဉ် ၁၀၀ နှင့် အထက် မြန်မာလူမျိုးများအတွက် လုပ်ဆောင်နေရသည်။

ထိုကြောင့် မိမိ အလုပ်မှ ခွင့်တ၀က်ခန့် သာ ယူပြီး သွားရောက်မည် ဆိုပါက မိမိတို့လုပ်ဆောင်လိုသော ကိစ္စများပြီးစီးနိုင်မည် မဟုတ်ပါသဖြင့် တစ်နေကုန် ခွင့်ယူရန်လိုအပ်ပါကြောင်း ပထမဦးစွာ အသိပေးလိုပါသည်။ ထိုအပြင် မိမိသွားလိုသည့် နေ့ မတိုင်ခင် ည ၁၂ နာရီ ခန့်တွင် စာရွက်တရွက်ပေါ်မှာ ကိုယ်ရဲ့ နာမည်နဲ့ လိပ်စာဖြစ်ဖြစ် တယ်လီဖုန်းနံပါတ်ဖြစ်ဖြစ်ရေးထားတာကို သံရုံးမှာ အခွန်ဆောင်သူများက မိမိတို့ကိုယ်တိုင် လုပ်ထားလေ့ ရှိပါတယ်။ (လွန်ခဲ့သော လများ- ၂၀၀၈ စက်တင်ဘာပါတ်ဝန်းကျင် က- ကိုးကား- ည ၁၂နာရီတွင် ထုတ်ပေးလေ့ရှိသော မြန်မာတစ်ယောက်၏ ပြန်လည် တင်ပြချက်။)

ထိုသို့ည ၁၂ နာရီတွင် ထိုစာရွက် မရှိပါက မနက် ၄ နာရီခန့်တွင် သေချာပေါက် ရှိလိမ့်မည် ဟု အကြံပေး ပြောကြားလိုပါသည်။ အဲဒီနောက် မနက် ၈ နာရီမှာ သံရုံးတခါးကို သံရုံးစောင့် (Security) က ဖွင့်လှစ်ပေးတဲ့ အခါမှာ လူအုပ်ထဲမှာ တစ်ယောက်က ည ၁၂နာရီတုန်းကနေ မနက် ၈ နာရီ မထိုးခင်အထိ ရေးထားတဲ့ နာမည်စာရင်းကို ကိုင်ဆောင်ပြီး အခွန်ဆောင်တဲ့ ကောင်တာရှေ့က သံရုံးရဲ့ တရားဝင် စာရွက်ထဲမှာ ပြန်လည်ကူးရေးရတာပေါ့။ အဲဒီမှာ စာရွက်ထဲကနေ သံရုံးစာရွက်ထဲကို ကူးရေးတဲ့နေရာမှာ မှန်မှန်ကန်ကန်ဖြစ်ဖို့လည်း လိုအပ်တာပေါ့လေ။ တခြားသူကို မယုံရင်တော့ ကိုယ်က အဲဒီစာရွက်ကို ယူပြီး အပင်ပန်းခံကာ နာမည်တွေအားလုံးကို ရေးပေးလိုက်ပေါ့။ ထိုကဲသို့ မိမိနာမည် ကို ဖြည့်သွင်းစဉ် အမှတ်စဉ် ကို သေချာစွာ မှတ်ထားပါလေ။ ထိုဂဏန်းမှာ ၂ လုံးထီ ထိုးဖို့မဟုတ်ဘူးနော်။ မိမိကို သံဝန်ထမ်းများမှ ခေါ်ဆိုမည် နံပါတ်ဖြစ်ပါသည်။

ပုံမှန် သံရုံးဖွင့်ချိန် သည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီ နှင့် နေ့လည် ၂ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ပါသည်။ အကယ်၍ မိမိ နံပါတ်သည် နံ့ပါတ် ၁ မှ ၅၀ အတွင်း ဖြစ်ပါက နေ့လည် ၁ နာရီ မတိုင်ခင် ပြီးစီးရန် ဖြစ်နိုင်သော်လည်း နံပါတ် ၅၀ မှ ၁၀၀ အတွင်း ဆိုပါက ညနေပိုင်းမှ သာ ခေါ်နိုင်မည် ဖြစ်ပါသည်။

နံနက် ၅ နာရီ လာရောက်သော်လည်း နံပါတ် ၅၀ နောက်ပိုင်းရောက်ပါက အိမ်သို့ ပြန်၍ အိပ်ပါလေ။ နေ့လည် ၂ နာရီ ခန့် အရောက်ပြန်လာနိုင်ပါက နောက်ထပ် ၄ နာရီခန့် ဆက်လက် ဒုက္ခခံနိုင်ရန် ကျင့်ထားပါ။ တခါတရံ လေအေးပေးစက် အလုပ်လုပ်၍ တခါတရံ အလုပ်မလုပ်ပါ။

နေလည် ၂ နာရီ ခန့်လာပါက ကောင်တာသို့ ချက်ခြင်းသွားရောက်ကာ နံပါတ် ဘယ်လောက်ခေါ်နေပြီလဲဆိုတာ ရဲရဲတင်းတင်း သွားရောက်မေးနိုင်ပါသည်။ ကြောက်စရာမလိုပါ။ ရဲတင်းပါ။ မကြောက်ပါနှင့်။ သို့သော် ရိုင်းစိုင်းသော စကားမသုံးမိစေပါနှင့်။ ထိုကဲသို့ မေးမြန်းရာ မိမိ နံပါတ် ကျော်သွားပါကလည်း ကျော်သွားပြီးဖြစ်ကြောင်း မိမိနံပါတ်မှာ ဘယ်ရွေ့ဘယ်မျှ ဖြစ်ကြောင်း အကျိုးအကြောင်းပြောပြပါ။ သံဝန်ထမ်း (အခုလောလောဆယ် ၀၀ တုတ်တုတ် အန်တီကြီး ) က လုပ်ဆောင်ပေးပါလိမ်မည်။

(ဘလောဂါမှ ဖြည့်စွက်ချက်။ ။ လွန်ခဲ့သော တစ်ပတ်မှ အခွန်ဆောင်လာသူတစ်ဦးက ယခုညဘက်သွား တုံကင်ယူစရာမလိုတော့။ မနက်မှတစ်ခါထဲသွားလျင်လည်း နေ့ချင်းပြီး အခွန်ဆောင်လို့ ရနေပါပြီ ဟုပြောပါသည်။)


(မြန်မာကျူးပစ်ဖိုရမ်တွင် ဦးမောင်ခြိမ့်ရေးထားသည်ကို ပြန်လည်ဖြန့်ဝေပါသည်။)

ဆက်ပါမည်။

No comments:

Post a Comment