Friday, October 23, 2009

ကြက်သားပလာတာ

ဟိုတလောက မဆွိတီတို့အိမ်မှာ ကြက်သားပလာတာ ချက်စားကြတယ်။ ကြက်သားပလာတာချက်ရတာ လွယ်လို့ တော်တော်များများ သိကြပါတယ်။ ဒါပေမဲ့ တစ်ချိုနိူင်ငံရပ်ခြားမှာ နေသူ တကိုယ်တည်း လူလွတ်တွေ မချက်တတ်ဘူးပြောလာလို့ မဆွိတီရဲ့ ချက်နည်းလေးကို ရှယ်လိုက်ပါတယ်။ ဗမာလို အလွယ်ပဲချက်တာမှို့ ဒိန်ချဉ်တွေ ဘာတွေတော့ မထည့်ပါဘူး။ မဆလာအစား ဇီယာမှုန့်ကို သုံးပါတယ်။ ဇီယာမှုန့်ချည်း သတ်သတ်အနံ့ကို ပိုကြိုက်လို့ပါ။ ဇီယာကို Cumin လို့ ခေါ်ပါတယ်။ အိန္ဒိယ ဆိုင်လေးတွေမှာဖြစ်ဖြစ်၊ NTUC မှာဖြစ်ဖြစ် Cumin powder ဆို ရှာဝယ်ရင်ရပါတယ်။

သုံးတဲ့ spices လေးတွေ
ဇီယာ (Cumin)

သစ်ဂျပိုးခေါက် (cinnamon)

ကရဝေးရွက် (Indian bay leaves, Cinnamomum)


လူ ၈ယောက်စာခန့် ပြင်ဆင်ရန်
ကုလားပဲနို့ဆီတစ်ဗူးခွဲလောက်ကို ညကတည်းက ရေစိမ်ထားပါတယ်။
မနက်မိုးလင်းတော့ ကုလားပဲကို နူးအိနေအောင်ပြုတ်ပါတယ်။

ကြက်တစ်ကောင် ဝယ်ပြီး အတုံးခပ်ကြီးကြီး ဆိုင်မှာ တုံးခိုင်းပါတယ်။ ကုလားပဲအိုးထဲချိုအောင် ကြက်ခြေထောက်ရိုးတွေလဲ ဝယ်ခဲ့သေးတယ်။ အိမ်ရောက်တော့ ကြက်သားကို အရိုးတွေရောအသားတွေရော ရောရက် ဆား၊ဆနွင်း၊ သကြား၊ ပဲငံပြာရည် အကြည်ရည်၊ ဇီယာမှုန့်တို့နဲ့နယ်ပြီး ဆားပြားဝင်အောင် နာရီဝက်လောက် နှပ်ထားပါတယ်။

ကြက်သွန်ဖြူ ၁၀မွှာလောက်၊ ဂျင်း တစ်လက်မလောက်၊ ကြက်သွန်နီဥကြီး ၂ဥလောက်ကို ပါးပါးလှီး အားလုံးထောင်းပါတယ်။ blender နဲ့ကြိတ်လဲရပါတယ်။

သစ်ဂျပိုးခေါက်(cinnamon) ကရဝေးရွက်၊ ဇီယာမှုန့်၊ အရောင်တင်မှုန့်တို့ကို လဲ ဆီသတ်ဖို့ အဆင်သင့်ပြင်ထားပါတယ်။

ထောပတ် (Ghee) နဲ့ ဆီ ဇွန်းကြီး ၂ဇွန်းလောက်စီကိုလည်း အဆင်သင့်ပြင်ထားပါတယ်။ ထောပတ်မရှိလဲ ဆီနဲ့ချည်းလည်းချက်လို့ရပါတယ်။ စလုံးမှာတော့ NTUC မှာ ထောပတ်ဝယ်လို့ရပါတယ်။

အာလူးအလုံးကြီး ၃-၄လုံးလောက်ကိုလည်း အခွံနွှာ၊ အတုံးကြီးကြီး တုံးပြီး ဆား၊ဆနွင်းတို့နဲ့နယ်ထားပါတယ်။

ကြက်သားချက်ခြင်း
မီးအနေတော်ပေါ် ဒယ်အိုး (သို့) ဒန်အိုးတယ် ဆီထည့် ဆီကျက်ရင် အာလူးတုံးထားတာတွေ အရင်ကျက်အောင်ထည့်ကြော်လိုက်ပါ။ အာလူးက ချက်ရင် ကြာလို့ အဲလိုဆီထဲ ထည့်ကြော်လိုက်ရင် အကျက် အလွန်မြန်ပါတယ်။ အာလူးအပေါ်အရေခွံတင်းပြီး ကျက်သွားရင် အသာ ပြန်ကော်ထားပါတယ်။

ခုနက ဆီအကျန်ထဲကို ထောပတ်ထပ်ထည့် ဆီကျက်ရင် ခုနက ဂျင်း၊ကြက်သွန်ဖြူ၊ အနီထောင်းထားတာ အရင်ထည့် ၊ ကျက်ခါနီးရင် သစ်ကြမ်းပိုးခေါက်၊ ကုလားဝေးရွက်၊ ဇီယာမှုန့် တို့ကိုထည့်မွှေးလာပြီး ရွှေဝါရောင်သန်းလာရင် ငရုပ်သီး အရောင်တင်မှုန့် တစ်ဇွန်လောက်ခပ်မွှေပေး၊ ကြက်သားထည့်ပြီး မကပ်အောင်ထပ်မွှေပေးပြီး ကြက်သားကို ဆီသတ်ပါ။ ကြက်သားအတော်မွှေးပြီဆို ရေနဲနဲခပ်ပြီး အဖုံးလုံအောင်အုပ်၊ ကြက်သားနပ်ခါနီးရင် အာလူးထည့်ပြီး ကြက်သားရော အာလူးရောနပ်သည်အထိတည်ပါ။





ကုလားပဲဟင်းချက်ခြင်း
ခုနကကုလားပဲကို ကြက်သားနဲ့ရောရင် ဆီတွေ စုတ်ပြီး ဆီပျောက်လို့ ဟင်းက ကြည့်မကောင်းလို့ ရောမချက်ပါ။ ကုလားပဲကိုလည်း ခုနက ကြက်သားဆီသတ်နည်းအတိုင်း မွှေးနေအာင်ဆီသတ်၊ ဟင်းချိုအောင် ကြက်သားဟင်းထဲက ကြက်ခြေထောက်ရိုးနဲ့ အရိုးအချို့ကို ကုလားပဲအိုးထဲပြောင်းထည့်ပြီး အချိုရည်ထွက်တဲ့ အထိတည်ပါတယ်။ အရည်အပျစ်အကျဲကတော့ ကိုယ့်စိတ်ကြိုက် ချက်ပါ။

အချဉ်
အချဉ်အတွက်တော့ သခွါးသီး၊ ကြက်သွန်နီ၊ ပူတီနာရွက်၊ငရုပ်သီးစိမ်းတို့ကို ပါးပါးလှီး၊ သံပုရာရည်၊ ဆားတို့နဲ့ နယ်ပါတယ်။



ပလာတာ
ပလာတာကတော့ NTUC ကနေ Ready made အထုတ်ကြီးတစ်ထုတ်ဝယ်ပြီး Non-sticker ဒယ်အိုးနဲ့ ဆီပါလေကာထည့် မီးအေးအေးနဲ့ တစ်ချပ်ချင်းကြော်ပါတယ်။ တစ်ထုတ်ကို အခု၃၀ ပါပါတယ်။



အဲလိုစားဖို့ အဆင်သင့်ဖြစ်ပြီ ... အနီးကပ်ကြည့်ချင်ရင် ... ရဲရဲကြီးသာနှိပ်လိုက်ပါ ... ပုံတွေကို။


8 comments:

  1. ရန်ကုန်မှာတော့ ခဏခဏ ချက်စားဖြစ်တယ်
    ဒီမှာတော့ ပလာတာမတွေ့ လို့ မချက်ဖြစ်ဘူး
    မဆွိတီဆီက စားသွားပြီ...

    ReplyDelete
  2. အောင်မလေး စားချင်စရာကြီး
    ဗိုက်စာနေပါတယ်ဆိုနေမှ... လာမိတာမှားပေါ့... :(((((

    ReplyDelete
  3. wayyy....
    i ll search for parata.

    i think india shop can sell.

    thanks,ama

    momiji

    ReplyDelete
  4. မိုက်တယ်… တို့ တော့ဇီယာမှုန့် တခါမှ မသုံးဖူးဘူး… စမ်းကြည့်ဦးမှ… ဆွိရေ… ဇီယာမှုန့် ကို ဘယ်လိုပြောဝယ်လဲဟင်

    ReplyDelete
  5. တန်ခူးရေ ... ဇီယာမှုန့်ဆိုတာ Cumin powder ကိုခေါ်တာလေ ... သူငယ်ချင်းရ။ အပေါ်မှာ ဖြည့်ထားပေးတယ်နော်။ စမ်းရင်လဲ အိမ်လည်ခေါ်ဖို့ မမေ့နဲ့ဦး ... :D

    ReplyDelete
  6. ခါတိုင်းကပဲနဲ့ကြက်သားကိုရောချက်တာ..ခုတော့တီဆွိလိုမျိုးသပ်သပ်စီချက်ကြည့်ဦးမယ်

    ReplyDelete
  7. ပလာတာက အဲ့လိုလေး ရောင်းတယ်လား။ မိုက်တာပေါ့။
    ရှယ်ပဲ။


    မအယ်

    ReplyDelete
  8. တီရေ...
    အိမ်မှာလည်း ချက်စားမလို့ သိလား
    ခုတော့ တီချက်တာပဲ အရင်စားသွားမယ်နော်


    ခင်တဲ့
    မြူးလေး

    ReplyDelete