Saturday, March 20, 2010

ဂျူဂျူ နဲ့ အမွှာ

မှတ်မိကြလားတော့ မသိဘူး။ မဂျူဂျူတစ်ယောက် P1 တက်ဖို့အတွက် ကျောင်း Orientation မှာ ကျွန်ုပ်အကြောင်း ဆိုဖြည့်ခဲ့တာ။ သူ့မှာ အကို (Brothers) ၁၀ယောက်၊ ညီအစ်မ (Sisters) ၃ယောက်ရှိတဲ့အကြောင်း ရေးခဲ့လို့ ဒေါ်ဆွိတီတို့ ၀မ်းရေတွေ စပ်ခဲ့ရတဲ့အကြောင်း။ သူက ၀မ်းကွဲတွေကို အစ်ကို၊ အစ်မ ပြောနေကျဆိုတော့ အင်္ဂလိပ်လို Sibling နဲ့ Cousin ကို မကွဲဘူးဖြစ်နေတာ။

အဲဒီနေ့က ဇာတ်လမ်းက မပြီးသေးဘူးရယ်။ ထုံးစံအတိုင်း မရွှေဂျူဂျူကို နားလည်အောင် ရှင်းပြရတော့တယ်။
" သမီးရဲ့ ... အဲဒါတွေက ၀မ်းကွဲတွေ ... Cousin ခေါ်တယ် ... အကို ၊ အစ်မ အရင်းတွေ မဟုတ်ဘူးလေ ... အရင်းဆိုတာက သမီးလိုပဲ မေမေ့ဗိုက်ဗိုက်ထဲက ထွက်လာတဲ့သူမှ အရင်းခေါ်တာ ... " ဆိုတော့ " အဲဒါဆို ဂျူဂျူက အဲဒီနေရာမှာ zero တွေပဲ ဖြည့်ရမှာလား" တဲ့။ ကဲ ဖအေသမီး ... ကတ်သီး ကပ်သတ် မဂျူဂျူ။ မဖြည့်ပဲထားတော့ ဘာဖြစ်မှာကျလို့။ သူက သူများထက် သာချင်သူဆိုတော့ zero ဆိုတာ တော့ ဖြည့်ချင်ပုံမရဘူး။ ဖြစ်ချင်ပုံလဲမရဘူး။ ၀မ်းသာအားရနဲ့ ၁၀ တို့ဘာတို့ ဖြည့်ခဲ့တာသာ ကြည့်တော့။

ဒါနဲ့ ဒေါ်ဆွိတီကလဲ သူ့ကို သနားသွားတာနဲ့ ...နှစ်သိမ့်ရတော့တယ် ... "သမီးရယ် အဲဒါဆိုလဲ မေမေမွေးပေးမယ်လေ ... သမီးက ဘယ်နှစ်ယောက်လိုချင်တာတုံး ... မောင်လေးလား ... ညီမလေးလား" ဆိုတော့ အရင်ကတော့ သူ့မချစ်တော့မှာကြောက်လို့ မလိုချင်ဘူးချည်းပြောခဲ့တာ။ ခုတော့ zero ဖြစ်မှာ ကြောက်လို့ ၊ ရည်ရွယ်ချက်ရယ် ကြီးမားချက် ... ခဏစဉ်းစားပြီး " ဂျူဂျူက ၂ခုလုံး လိုချင်တာ " တဲ့။ " အဲဒါဆိုလဲ သမီးအတွက် girl ရော၊ boy ရော ၂ယောက်စလုံး တစ်ခါထဲ မွေးပေးမယ် ... အမွှာလေးတွေ မွေးပေးမယ်နော် ...." ဆို မဂျူဂျူ ရုတ်တရက်ကြီး ဘာပြောတယ်ထင်တုန်း ...

" အဲဒါဆိုလဲ ခေါင်းပူးကြီးတွေတော့ မလုပ်နဲ့နော် ... မေမေ" တဲ့။

ပထမတော့ ကိုယ်လဲ နားမလည်ဘူး။ ဘေးက သူ့အဒေါ်မေးကြည့်မှ ရယ်လိုက်ရတာ။

မဂျူဂျူတစ်ယောက် ဟိုတလောလေးတင်ကမှ ခေါင်းချင်းဆက်အမွှာ အကြောင်း တီဗွီမှာ ကြည့်ထားတယ်ဆိုလား ... ဘာလား။

3 comments:

  1. ဘုရားရေ...
    ပြောပုံ ဆိုပုံက ချစ်စရာကောင်းလိုက်တာ...း))

    ReplyDelete
  2. :D သနားပါတယ် မွေးပေးလိုက်ပါ အစ်မရာ..း))

    ReplyDelete