Monday, May 17, 2010

မိုးနဲ့ ရေတွင်း

ရေတွင်းရေရဲ့ သဘောဟာ ဘုံဘိုင်ရေနဲ့တော့ မတူဘူး။ ရေတွင်းရေက နွေသိပ်ပူုတဲ့ အချိန်ဆို စိမ့်စမ်းရေလိုအေးတယ်။ ဆောင်းတွင်းချမ်းစိမ့်စိမ့်ဆို ရေက ခပ်နွေးနွေး။ ကျွန်မ၁၀တန်းလောက်က ကျောင်းပိတ်ရက်ဆို မနက်ခင်း နေမပွင့်မီ ကတည်းက ကျူရှင်တွေ သွားရတယ်။ မိုင်၂၀လောက်ဝေးတဲ့ မြို့လယ်ခေါင်က ကျူရှင်တွေ ပတ်တက်။ ပြန်လာရင် နေ့လည် ၁၂နာရီ၊ တစ်ချက်။ ကားဂိတ်ကနေ အိမ်ကိုလမ်းလျောက်ရတာက မိနစ်၂၀လောက်။ လမ်းမှာလဲ သစ်ပင်ရိပ်က မရှိဆိုတော့ အိမ်ရောက်တော့ လူကချွေးပြိုက်ပြိုက်။ အိမ်ရောက်တာနဲ့ မနားနိုင်သေးဘူး။ နောက်ကျူရှင်တွေက ဆက်တက်ရဦးမှာကိုး။ ပူလွန်းလို့ ရေတွင်းထဲက ရေအေးအေးကို ချက်ချင်းငင်ပြီး စဉ့်အိုးထဲထည့်။ ခေါင်းကနေ တ၀ုန်းဝုန်းနဲ့ လောင်းချချိုးတော့တာပဲ။ အဖွားတွေ အမေတွေက ဟဲ့ကောင်မလေး အပူရှပ်မယ် ဘာမယ် ပြောလဲ ဇွတ်တရွတ်ကျွန်မကတော့ နားမထောင်ရေးချ မထောင်။ ပူလွန်းတော့ ခေါင်းပေါ်က ရေလောင်းချပြီး တကိုယ်လုံးအေးချမ်းသွားမဲ့ အရသာကို လိုချင်တာကိုး။ အဲဒီအချိန်က တဒင်္ဂ အေးချမ်းသွားတဲ့ ကျွန်မကတော့ ရေတွင်းလေးကို သိပ်ကျေးဇူးတင်နေခဲ့တယ်။

ဆောင်းတွင်းဆိုလည်း အပြင်ပတ်ဝန်းကျင်က ချမ်းတဲ့ အချိန်ဆို ကျွန်မတို့တွေ ဘယ်တော့မှ ညသိပ်ရေမချိုးဘူး။ ရေတွင်းက ရေနွေးနွေးကို ချက်ချင်းငင်ပြီး ချိုးကြတာပဲ။ မနက်စောစောသိပ်အေးတဲ့အချိန်ဆို ရေက အငွေ့လေးတွေတောင် တထောင်းထောင်း ထနေသေးတယ်။ အဖေကတော့ သူတင်ရေချိုးရုံမက၊ ဖုန်သိပ်အောင်ဆို ခြံတစ်ခြံလုံးကို ရေပုံးနဲ့ ရေလိုက်ဖြန်းသေးတယ်။ မိုးတွင်းတုံးက ရေတွင်းနဲ့ ပြည့်လုနီးပါးရေတွေဟာ မိုးအကုန် ဆောင်းအကူးကစလို့ ရေတွေလည်း နည်းလာတယ်။ ရေတွင်းကလည်း တဖြေးဖြေးနဲ့ နက်နက်လာတော့တယ်။ ရေနက်တာနဲ့အမျှ ရေခပ်ရတာကလဲ ပင်ပန်းလာတယ်။ စက်သီးတိုင်ကို ရစ်ပတ် ချည်ထားတဲ့ ရေပုံးကြိုးကိုလည်း တစ်ရစ်ပြီး တစ်ရစ် ပြန်ဖြည်ရတော့တယ်။

နွေ၃လထဲမှာ ဧပြီလနဲ့ မေလကတော့ ရေဒုက္ခအရောက်ဆုံးလတွေပေါ့။ တစ်ခါတစ်ရံလဲ နွေကုန်လို့ မိုးကျသည်အထိ ရေဖောဖောသီသီသုံးနိုင်တဲ့ နှစ်တွေလည်းရှိခဲ့ဘူးပါတယ်။ အများအားဖြင့်ကတော့ သင်္ကြန်အချိန်လောက် ကျွန်မတို့တွေ လမ်းထိပ်ထွက် ရေပက်ချင်ပြီဆို ရေတွင်းကရေက ဖင်ကပ်နေပြီ။ အဲဒါဆို ရေစည်ဝယ်ပက်ကြရတယ်။ တစ်ခါတရံလဲ ရေတွင်းဖင်ကပ်ကိုပဲ စောင့်လိုက် ရေထွက်လာရင် ခပ်လိုက်နဲ့ နွေတစ်နွေလုံး မိုးကျသည်အထိ တပိန်ပိန်တလိန်လိန်နဲ့ ရေအသက်ဆက်နေကြရတဲ့နှစ်တွေလည်း ရှိခဲ့ဘူးတာပဲ။ ကံကောင်းတာက အိမ်နားပတ်ဝန်းကျင်ထဲမယ် ကျွန်မတို့ တွင်းလေးက ရေအကြာအခံဆုံး။ အိမ်နားက အိမ်တွေဆို ဆောင်းအကုန်လောက်ကတည်းက ရေစည်တွေ တကျိကျိနဲ့ တွန်းနေကြရပြီ။ တစ်ခါတစ်လေလဲ အိမ်နီးနားချင်းတွေ အိမ်ကတွင်းမှာ ရေလာချိုးကြတယ်။ နောက်ပိုင်းတော့ တစ်ချို့လဲ အ၀ီဇိရေတွင်းတွေတူးကြတယ်။ ရေဖောဖောတော့မရဘူး။ တစ်အိမ်သုံးစာလောက်ပဲရကြသတဲ့။

အဲလို ရေခမ်းပြီဆို ကျွန်မတို့တွေ မိုးကို မျှော်ရတော့တယ်။ ပူရအိုက်ရတဲ့ အထဲ ရေကလည်း ၀အောင် မချိုးရပြီကိုး။ ခပ်ရတဲ့ရေတွေကလဲနောက်ပြီလေ။ ရေကြည်အောင် စောင့်င်္ပြီးမှ လျှော်ရ ချိုးရတယ်။ အဲဒီအချိန်မှာ လျော်တဲ့ အကျီအဖြူတွေကလည်း မဖြူနိုင်တော့ပေ။ ခပ်ညစ်ညစ် ဖြစ်ကုန်ပြီ။ အဖွားကတော့ အိမ်ရှေ့က ဒညင်းပင်ရိပ်အောက်မှာ နှီးရက်တောင်ကြီး တဖျတ်ဖျတ်ခတ်လို့ ညည်းရှာတယ်။ ပူချက်တော့အေ ... ငရဲပြည်ကျနေတာ ပဲတဲ့။ အဖေ့မလည်း အိမ်ပတ်လည်အေးအေးလူလူဖြစ်အောင် ရေဖြန်းချင်ပေမဲ့ ဖြန်းရမဲ့ရေက မရှိပြီကိုး။

မှတ်မှတ်ရရ ဧပြီကတည်းက ရွာရမဲ့ သကြန်မိုးကလည်း မရွာတော့သည်မှာ ကြာပြီ။ မေလလည်လောက်ဆိုရင်တော့ မိုးအရိပ်အရောင်လေး စမြင်ရပြီ။ အမေကတော့ မုတ်သုန်ဝင်ရင် မိုးကရွာတော့မှာလို့ ပြောနေတယ်။ တစ်ခါတစ်ရံ တစ်နေရာ ခပ်ဝေးဝေးဆီက မိုးချိန်းသံသဲ့သဲ့ကြားလိုက်ရရင် ကိုပဲ မျှော်လင့်ချက် ရောင်ခြည်တွေနဲ့။ အပေါ်ကိုမော့ကြည့်ရင်း ကောင်းကင်က မိုးရိပ်တွေနဲ့ ခပ်မှိုင်းမှိုင်းဖြစ်လာပြီဆို ပျော်လိုက်သည့်ဖြစ်ချင်း။ တစ်ခါတစ်လေလဲ လေနဲ့အတူ မိုးကပါသွားတတ်သေးတယ်။ တစ်ပေါက်နှစ်ပေါက်သာကျပြီး ပြီးသွားပြန်တယ်။ မိုးပြေးပေါ့။ တစ်ခါတစ်လေလဲ ဖုံသင်းနံ့ လေး ရ ရုံ။ တကယ့်မှ ဘုရားစူး ရွာတယ်ဆိုရုံလေး။ မိုးဟာ တစ်ခါတစ်ရံခေါင်းသိပ်မာတယ်။ တော်ရုံမရွာဘူး။ တင်းခံနေတယ်။

မျှော်သူမောချိန်လောက်ကျ မိုးတွေ ရွာတဲ့တစ်နေ့တော့ ရောက်လာခဲ့ပါပြီ။ ရွာမဲ့ရွာတော့ လေတွေတိုက် မိုးကြိုးတွေ ပစ်ပြီးကို သည်းကြီးမဲကြီးရွာတာပါ။ ငရဲပြည်တမျှ ပူလောင် အိုက်စပ် နေတဲ့ သြကာသလောကကြီးကို အေးချမ်းစေမဲ့ မိုးရေတွေပါ။ ရေလဲ အတော်ပါပါတယ်။ရွာတာမှအကြာကြီး။ ညဘက်ပါဆက်ရွာတော့မယောင်။ တစ်ခါတစ်ရံနှစ်တွေမှာ မိုးသီးတွေပါ ရွာချတတ်ပါသေးတယ်။ အိမ်ဘေးက ခလေးတစ်သိုက်ကတော့ မိုးရေထဲမှာ ပြေးလွှားအော်ဟစ်လို့။ အမေကတော့ မိုးရေထဲ ထမီရင်ရှားကြီးနဲ့ အကိုတစ်ယောက်အကူနဲ့ ရေခံရအောင် အိမ်ရှေ့တံစက်မြိတ်အောက် စဉ့်အိုးတွေ ပြောင်းချနေတယ်။ ဟော မိုးအတော်ကြာရွာပြီးလို့ မိုးနဲနဲစဲချိန်ကျု အိမ်ရှေ့က ရေတွင်းလေးပြေးကြည့်ကြတယ်။ ချက်ချင်းတော့ ရေက ဘယ်တက်ဦးမလဲ။ တံစက်မြိတ်က မိုးရေတွေစင်ကျတော့ ရေတွေလဲ နောက်ကျိလို့။

နောက်နေ့မနက်စောစောမယ် အိပ်ကောင်းကောင်းနဲ့ နှပ်နေတဲ့ကျွန်မကို အမေကနှိုးပြောတယ်။ သမီးရေ ... ရေတွင်းက ရေပေါက်တွေ ပွင့်ပြီး အခု ရေတွေ ... ရေတွေ ရေတွင်း တစ်ဝက်လောက်ဖြစ်နေပြီတဲ့။ အမေပြောတာမယုံဘူး။ သွားကြည့်တော့ မနေ့ကတင် မိုးမရွာခင်အထိ ရွှံ့ရောင်ရေတွေနဲ့ ဖင်ကပ်သာသာရှိတဲ့ ရေတွင်းဟာ ညတွင်းချင်း ရေတွေ ပြည့်လာလိုက်တာ။ ပြောမယုံ ကြုံဘူးမှသိ။ ဘေးရေတွင်းနံရံက ရေစမ်းပေါက်တွေပွင့်ပြီး ရေတွေ ကျနေတာလဲ မြင်နေရတယ်။ ကျွန်မတို့လဲ စက်သီးကြိုးကို ပြန်တိုကြ။ ရေချိုးကြ။ အိမ်သန့်ရှင်းရေးလုပ်ကြ၊ အ၀တ်တွေ စုလျော်ကြနဲ့ ခြောက်သွေ့နေတဲ့ အိမ်လဲ ပြန်လည်စိုပြည်လာတော့တယ်။ တကယ်တော့ မိုးဟာ အများကြီး မလိုပါဘူး။ တစ်မိုးလောက်သာ ပြည့်ပြည့်၀၀ လိုတာပါ။ ဒါနဲ့များ ဘာကြောင့် ခေါင်းမာနေရသလဲ မိုးမင်းကြီးရယ်။




ပူပြင်းခြောက်သွေ့နေသော မြန်မာပြည်မှာ မိုးအမြန်ရွာပါစေ။ မြန်မာပြည်သူအပေါင်း အေးချမ်းကြပါစေ။

စာကြွင်း ။ ။ ခုလေးတင်ပဲ ရန်ကုန်မှာ မိုးရွာနေပြီဟုကြားရပါသည်။ အလွန်ပျော်နေပါသည်။

4 comments:

  1. အမဆုတောင်းသလိုဘဲ ဆုတောင်းမိပါတယ်။ မိုးအမြန်ရွာပါစေ။ အပူချိန်လျှော့ပါစေ။ မြန်မာပြည်သူအပေါင်းအေးချမ်းပါစေလို့ ။

    ReplyDelete
  2. ခုပဲသတင်းရတယ်.. ရန်ကုန်မှာ မိုးရွာနေပြီတဲ့.. ပျော်စရာကြီး..

    ReplyDelete
  3. သတင်း update အတွက်ကျေးဇူး ညီမလေး။ မနေ့က မိုးလေ၀သမှာကြည့်ထားတာတော့ ည ၁၀နာရီလောက်ကတည်းက စရွာဖို့ပဲ။ ဒီတစ်ပတ်တော့ သေချာပေါက် ရွာလောက်ပါတယ်လို့ မှန်းထားတာ။ အခုရွာပြီဆိုတော့ ၀မ်းသာလိုက်တာ။

    ReplyDelete
  4. မန်းလေး မှာလည်း မနေ့ ညနေက စရွာပြီ မနေ့ည ကလည်း နဲနဲ အပူရော သွားတယ် ဒီနေ့ တော့ အပူ နဲနဲ ရော့သွားပါတယ် ကျေးဇူးပါ

    ရေတွင်းလေး ရေအမြဲပြည့်နေဘို့ ဆုတောင်းပေးပါတယ်

    ReplyDelete